‘ကျွန်တော်တို့ရဲ့မေတ္တာ ပိုနက်ရှိုင်းခဲ့ပြီ’
‘ကျွန်တော်တို့ရဲ့မေတ္တာ ပိုနက်ရှိုင်းခဲ့ပြီ’
ဂျပန်နိုင်ငံ၊ ဟော့ခ်ကိုင်ဒိုကျွန်းပေါ်ရှိ အူဆူတောင်သည် ၂၃ နှစ်ကြာအထိ မြုံနေပြီးနောက် ၂၀၀၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက် သောကြာနေ့တွင် ပေါက်ကွဲခဲ့သည်။ ထိုအန္တရာယ်နယ်မြေမှ ကျွန်းသားထောင်နှင့်ချီ ထွက်ပြေးခဲ့ကြရ၏။ သူတို့အများစုသည် အိမ်များနှင့် လုပ်ငန်းများ ဆုံးရှုံးခဲ့ကြရသော်လည်း ဝမ်းသာစရာမှာ မည်သူမျှ အသက်မဆုံးရှုံးခဲ့ကြချေ။ ထွက်ပြေးခဲ့ရသူတို့တွင် ယေဟောဝါသက်သေ ၄၆ ဦးပါဝင်သည်၊ သို့သော် ဤသူတို့သည် အကူအညီမဲ့မဖြစ်ခဲ့ချေ။
မီးတောင်ပေါက်ကွဲသည့်နေ့၌ပင် ထိုဒေသမှ နယ်လှည့်ခရစ်ယာန်အမှုဆောင်တစ်ဦး၏အကူအညီဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို စီစဉ်ခဲ့သည်။ မကြာမီပင် အနီးအနားအသင်းတော်များမှ ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိလာသည်။ ဂျပန်ဌာနခွဲ၏ကြီးကြပ်မှုအောက်တွင် ကယ်ဆယ်ရေးကော်မတီတစ်ခုကို အလျင်အမြန်ဖွဲ့စည်းလိုက်ပြီးနောက် ဂျပန်နိုင်ငံတစ်ဝန်းရှိ ယေဟောဝါသက်သေများထံမှ ကယ်ဆယ်ရေးရန်ပုံငွေအတွက် အလှူငွေများရရှိခဲ့ကြ၏။ ဝိညာဉ်ရေးလုပ်ဆောင်မှုများ ထောက်ပံ့ပေးရန် ပို၍ထိခိုက်ပျက်စီးသောအသင်းတော်သို့ ယေဟောဝါသက်သေများ၏ အချိန်ပြည့်အမှုဆောင်များကို စေလွှတ်ပေးခဲ့သည်၊ တိုက်နယ်ကြီးကြပ်မှူးကလည်း စိတ်ဓာတ်ရေးနှင့် ဝိညာဉ်ရေးကို ထောက်မကူညီပေးရန် ထိုဒေသသို့ အကြိမ်ကြိမ် သွားရောက်လည်ပတ်ခဲ့သည်။
ထိခိုက်ပျက်စီးသောဒေသရှိ သက်သေခံများသည် ထိုခက်ခဲချိန်အတွင်း ဘေးကင်းသောဒေသမှ ကိုယ်ပိုင်အိမ်များတွင် ခရစ်ယာန်အစည်းအဝေးများကို အဆက်မပြတ်ကျင်းပခဲ့ကြ၏။ ဘုရားသခင့်နိုင်ငံတော်ခန်းမရှိသည့်ဒေသမှ ပြောင်းရွှေ့ရန်အမိန့်ကို ရုပ်သိမ်းလိုက်သောအခါ ညီအစ်ကိုများပြန်ရောက်လာကြရာ ပြိုကျပျက်စီးနေသော အဆောက်အဦကိုသာတွေ့လိုက်ရသည်။ ဘုရားသခင့်နိုင်ငံတော်ခန်းမမှ မနီးမဝေးအရပ်ရှိ ပေါက်ကွဲခါစမီးတောင်သည် ထူပိန်းသောမီးခိုးများ မှုတ်ထုတ်လျက်ရှိသေးသည်။ သက်သေခံများက ‘ဤနေရာတွင် အစည်းအဝေးများဆက်ကျင်းပခြင်းသည် ပညာရှိရာရောက်မည်လော။ ဘုရားသခင့်နိုင်ငံတော်ခန်းမကို ပြန်ပြုပြင်နိုင်မည်လော’ ဟုစဉ်းစားနေကြသည်။
အနီးအနားရှိ ဘေးကင်းသည့်ဒေသတစ်ခုတွင် ဘုရားသခင့်နိုင်ငံတော်ခန်းမသစ်တစ်ခုကို ဆောက်လုပ်ရန် ဆုံးဖြတ်ချက်ချလိုက်ကြသည်။ လိုအပ်သည့်အကူအညီကို ဒေသန္တရဆောက်လုပ်ရေးကော်မတီကပေးခဲ့၏။ နိုင်ငံတစ်ဝန်းမှ သက်သေခံများ လှူဒါန်းသောငွေများကို ဤဆောက်လုပ်ရေးအတွက် အသုံးပြုခဲ့သည်။ မြေနေရာကို အလျင်အမြန်ရရှိခဲ့ပြီး စေတနာ့ဝန်ထမ်းရာနှင့်ချီ၏ အကူအညီဖြင့် ဘုရားသခင့်နိုင်ငံတော်ခန်းမသစ်တစ်ခုကို အချိန်တိုအတွင်း ဆောက်လုပ်ပြီးစီးခဲ့သည်။ ၂၀၀၀၊ ဇူလိုင် ၂၃ ရက်၊ တနင်္ဂနွေနေ့တွင် ဆောက်လုပ်ပြီးစီးခါစ ဤဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ကျင်းပသော ဦးဆုံးအကြိမ်အစည်းအဝေးကို လူပေါင်း ၇၅ ဦးတက်ရောက်ခဲ့သည်။ တက်ရောက်ကြသူအများသည် ဝမ်းသာမျက်ရည်ကျခဲ့ကြ၏။ ထိုနှစ်အောက်တိုဘာလတွင် ဘုရားသခင့်နိုင်ငံတော်ခန်းမကို အပ်နှံသောအခါ ဒေသန္တရအသင်းတော်မှ အကြီးအကဲတစ်ဦးက “မီးတောင်ပေါက်ကွဲမှုကြောင့် ဆင်းရဲခက်ခဲကြရတယ်။ ဒါပေမဲ့ ဒီဆောက်လုပ်ရေးကြောင့် ကျွန်တော်တို့ရဲ့ ကြောက်ရွံ့တုန်လှုပ်မှုတွေဟာ ပျော်ရွှင်စရာတွေဖြစ်လာခဲ့တယ်။ ယေဟောဝါနဲ့ ချစ်ခင်စရာကောင်းတဲ့ ခရစ်ယာန်ညီအစ်ကိုတွေအပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့မေတ္တာဟာ ပိုပြီးနက်ရှိုင်းလာခဲ့ပါတယ်” ဟုပြောဆိုရန် လှုံ့ဆော်ခံခဲ့ရ၏။
[Picture Credit Line on page 19]
Eruption of Mount Usu: AP Photo/Koji Sasahara