ခလိုဗစ်၏နှစ်ခြင်း ပြင်သစ်နိုင်ငံတွင် အနှစ် ၁,၅၀၀ သက်တမ်းရှိ ကက်သလစ်အယူဝါဒ
ခလိုဗစ်၏နှစ်ခြင်း ပြင်သစ်နိုင်ငံတွင် အနှစ် ၁,၅၀၀ သက်တမ်းရှိ ကက်သလစ်အယူဝါဒ
၁၉၉၆၊ စက်တင်ဘာလက ပုပ်ရဟန်းမင်းဂျွန်ပေါလ် ၂ လည်ပတ်ရောက်ရှိလာမည့် ပြင်သစ်ချာ့ခ်ျတစ်ခု၌ လက်ဖြစ်ဗုံးတစ်လုံးနှင့်အတူ “ပုပ်ရဟန်းမင်း၏အာဏာဖြင့် မြည်ဟည်းသံ” ဟူသော သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရ၏။ ယင်းသည် ပြင်သစ်ပြည်မသို့ သူ၏ငါးကြိမ်မြောက်လာရောက်လည်ပတ်မှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်မှု၏ ပြယုဂ်တစ်ခုဖြစ်သည်။ မည်သို့ပင်ဖြစ်ပါစေ၊ ဖရဲန့်ခ်ဘုရင်ခလိုဗစ်၏ ကက်သလစ်ဘာသာပြောင်းဝင်လာသော အနှစ် ၁,၅၀၀ မြောက် နှစ်ပတ်လည်အခမ်းအနားကို ကျင်းပရန် ထိုနှစ်တွင် ပြင်သစ်နိုင်ငံ၊ ရီမ်းစ်မြို့သို့ ပုပ်ရဟန်းမင်းနှင့်အတူ လူပေါင်း ၂၀၀,၀၀၀ ခန့်ရောက်ရှိလာခဲ့ကြသည်။ သူ၏နှစ်ခြင်းကို ပြင်သစ်နိုင်ငံ၏နှစ်ခြင်းဟု ခေါ်တွင်စေခဲ့သည့် ဤဘုရင်ကား အဘယ်သူနည်း။ ထို့ပြင် ၎င်းအခမ်းအနားသည် အဘယ်ကြောင့် ယင်းသို့သောအချင်းပွားမှုကို ဖြစ်စေခဲ့ရသနည်း။
တန်ခိုးညှိုးမှိန်လာသော အင်ပါယာ
ဆေလီယန် ဖရဲန့်ခ်ဘုရင် ချာလ်တရစ် ၁ ၏သားတော် ခလိုဗစ်ကို စီ.အီး. ၄၆၆ ခုနှစ်ခန့်တွင် ဖွားမြင်ခဲ့၏။ စီ.အီး. ၃၅၈ ခုနှစ်တွင် ဤဂျာမန်အနွယ်သည် ရောမလက်အောက်ခံဖြစ်ပြီးနောက် နယ်စပ်တွင် ခုခံကာကွယ်ပေးကာ ရောမစစ်တပ်အတွက် စစ်သားများကို ထောက်ပံ့ပေးမည်ဟူသည့် စည်းကမ်းချက်ဖြင့် ယခု ဘယ်လ်ဂျီယံဟုခေါ်တွင်သော ဒေသတွင် နေထိုင်ခွင့်ရခဲ့သည်။ ဒေသခံဂါလို-ရောမလူတို့နှင့် အနီးကပ်ပေါင်းသင်းမှုကြောင့် အဆိုပါဖရဲန့်ခ်လူတို့အပေါ် ရောမယဉ်ကျေးမှု တဖြည်းဖြည်းလွှမ်းမိုးလာလေသည်။ ချာလ်တရစ် ၁ သည် ရောမနှင့်မဟာမိတ်ဖွဲ့ကာ ချင်းနင်းဝင်ရောက်လာကြသော ဗစ်ဇဂေါ့သ်နှင့် ဆက္ခဆန်အစရှိသော အခြားဂျာမန်အနွယ်များကို တိုက်ထုတ်ခဲ့၏။ သို့ဖြင့် သူသည် ဂါလို-ရောမလူစု၏ ကျေးဇူးတင်လေးမြတ်မှုကို ခံခဲ့ရသည်။
ရောမခရိုင် ဂေါလ်နယ်သည် မြောက်ဘက်ရှိ ရိုင်းမြစ်မှ တောင်ဘက်ရှိ ပေရနီဇ်တောင်တန်းအထိ ကျယ်ပြန့်၏။ သို့သော် စီ.အီး. ၄၅၄ ခုနှစ်တွင် ရောမဗိုလ်ချုပ်အီတီးယပ်စ်ကွယ်လွန်ပြီးနောက် တိုင်းပြည်တွင် တန်ခိုးအာဏာမရှိတော့ချေ။ ထို့ပြင် ရောမ၏ နောက်ဆုံးဧကရာဇ် ရောင်မြူးလက်စ် အော်ဂတ်စ်ကျူလာပ်စ်သည် စီ.အီး. ၄၇၆ ခုနှစ်တွင် နန်းချခံရသောအခါ အနောက်ရောမအင်ပါယာ၏ဆုံးခန်းသည် ဒေသတွင်း အကြီးအကျယ်နိုင်ငံရေးမငြိမ်မသက်မှုကို ဖြစ်စေခဲ့၏။ ထို့ကြောင့် ဂေါလ်နယ်သည် ၎င်း၏နယ်စပ်အတွင်း နေထိုင်ကြသော အနွယ်တစ်နွယ်၏ ဆွတ်ခူးခံရဖို့ စောင့်နေသော သဖန်းသီးမှည့်တစ်လုံးနှင့် တူသည်။ ခလိုဗစ်သည် ဖခင်၏အရိုက်အရာကိုဆက်ခံပြီးနောက် သူ့နိုင်ငံတော်၏နယ်နိမိတ်ကို တိုးချဲ့ရန် စတင်ကြိုးစားခဲ့သည်မှာ အံ့ဩစရာမဟုတ်ပေ။ စီ.အီး. ၄၈၆ ခုနှစ်တွင် စွာစော်န်မြို့အနီးရှိ တိုက်ပွဲတွင် ဂေါလ်နယ်ရှိ နောက်ဆုံးရောမကိုယ်စားပြုအဖွဲ့ကို အောင်ပွဲခံခဲ့သည်။ ဤအောင်ပွဲကြောင့် သူသည် မြောက်ဘက်ရှိ စိမ်းမ်မြစ်နှင့် ဗဟိုနှင့်အနောက်ပိုင်းဂေါလ်နယ်ရှိ လဝါမြစ်စပ်ကြား နယ်မြေအားလုံးကို ထိန်းချုပ်ခွင့်ရခဲ့၏။
ရှင်ဘုရင်ဖြစ်လာမည့်သူ
အခြားဂျာမန်အနွယ်များနှင့်မတူဘဲ ဖရဲန့်ခ်အနွယ်သည် အယူမှားဘုရားများကို ဆက်၍ထားရှိခဲ့၏။ သို့သော် ခလိုဗစ်လက်ထပ်လိုက်သော ဘာဂန်ဒီယံမင်းသမီး ကလာဒီလ်ဒါသည် သူ၏ဘဝကို အကြီးအကျယ် ဩဇာလွှမ်းမိုးခဲ့သည်။ ကက်သလစ်ဘာသာတွင်
စိတ်အားထက်သန်သော ကလာဒီလ်ဒါသည် သူ၏ခင်ပွန်း ဘာသာပြောင်းဝင်လာရန် မရမကကြိုးစားသည်။ စီ.အီး. ဆဋ္ဌမရာစုတွင် ထိုးရ်မြို့မှ ဂရက်ဂိုရီ မှတ်တမ်းတင်ခဲ့သောသမိုင်းအရ စီ.အီး. ၄၉၆ ခုနှစ်တွင် အာလာမဲန်နီအနွယ်နှင့်စစ်ဖြစ်ခဲ့သော တိုဘီအာခ် (ဇူးလ်ပီခ်ျ၊ ဂျာမနီ) တိုက်ပွဲအတွင်း ခလိုဗစ်က ကလာဒီလ်ဒါ၏ဘုရားသခင်သည် မိမိအား အောင်ပွဲခံပေးမည်ဆိုလျှင် နတ်ဘုရားကိုးကွယ်မှုကို စွန့်မည်ဟူ၍ ကတိပြုခဲ့သည်ဟုဆို၏။ ခလိုဗစ်၏စစ်သည်တော်များ ရှုံးနိမ့်ခါနီးတွင် အာလာမဲန်နီရှင်ဘုရင် အသတ်ခံရပြီး သူ၏စစ်တပ်က လက်နက်ချခဲ့သည်။ ကလာဒီလ်ဒါ၏ဘုရားသခင်က မိမိကို ဤအောင်ပွဲခံပေးသည်ဟု ခလိုဗစ် ယူမှတ်ခဲ့သည်။ ထုံးတမ်းစဉ်လာစကားအရ စီ.အီး. ၄၉၆၊ ဒီဇင်ဘာ ၂၅ ရက်တွင် ရီမ်းစ်ဘုရားရှိခိုးကျောင်း၌ “စိန့်” ရာမီအီယပ်စ်က ခလိုဗစ်ကို နှစ်ခြင်းပေးခဲ့သည်ဟု ဆိုသည်။ သို့သော် နှစ်ခြင်းခံခြင်းသည် နောက်ပိုင်းနေ့စွဲဖြစ်သော စီ.အီး. ၄၉၈/၉ ခုနှစ်တွင် ပိုဖြစ်နိုင်ဖွယ်ရှိသည်ဟု အချို့က ယုံကြည်ကြ၏။ဘာဂန်ဒီယံနိုင်ငံတော်ကို အရှေ့တောင်ပိုင်းအထိ သိမ်းယူရန် ခလိုဗစ်၏ကြိုးစားအားထုတ်မှုကြီး မအောင်မြင်ခဲ့ချေ။ သို့သော် စီ.အီး. ၅၀၇ ခုနှစ်တွင် ပေါတီယာစ်အနီးရှိ ဗူးယီမြို့တွင် ဗစ်ဇဂေါ့သ်လူမျိုးကို အနိုင်ရသောအခါ သူ၏စစ်ဆင်ရေးသည် အောင်မြင်ခဲ့ရာ အနောက်တောင်ပိုင်း ဂေါလ်နယ်အများစုကို ထိန်းချုပ်ခွင့်ရခဲ့လေသည်။ ဤအောင်ပွဲကို အသိအမှတ်ပြုသည့်အနေနှင့် အရှေ့ရောမအင်ပါယာဧကရာဇ်မင်း အာနာစတဲဇီယပ်စ်သည် ခလိုဗစ်အား ကောင်စစ်ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်လိုက်၏။ သို့ဖြင့် သူသည် အနောက်ပိုင်းမှ အခြားရှင်ဘုရင်အားလုံးထက် ရာထူးကြီးခဲ့ပြီး သူ၏အုပ်ချုပ်မှုကို ဂါလို-ရောမလူမျိုးစု၏အမြင်တွင် တရားဝင်ဖြစ်ခဲ့သည်။
အရှေ့ပိုင်းအထိကျယ်ပြန့်သော ရိုင်းဖရဲန့်ခ်နယ်မြေကို မိမိ၏ဩဇာအောက် သွတ်သွင်းပြီးနောက် ခလိုဗစ်သည် ပါရီကိုမြို့တော်အဖြစ် သတ်မှတ်ခဲ့သည်။ သူ့အသက်တာ၏ နောက်ဆုံးနှစ်အနည်းငယ်တွင် ရေးသားထားသော လက်စ်ဆေလီကာ ကိုဓဥပဒေစုကျမ်းကို စီရင်ပြဋ္ဌာန်းခြင်းနှင့် ချာ့ခ်ျနှင့်အစိုးရကြား ဆက်ဆံရေးကို သတ်မှတ်ရန် အော်လင်းစ်မြို့တွင် ချာ့ခ်ျကောင်စီတစ်ရပ်ကို ဆင့်ခေါ်ခြင်းတို့ဖြင့် သူ၏နိုင်ငံတော်ကို တောင့်တင်းခိုင်မာစေခဲ့၏။ ဖြစ်နိုင်ဖွယ်ရှိသော စီ.အီး. ၅၁၁၊ နိုဝင်ဘာ ၂၇ ရက်တွင် သူကွယ်လွန်သည့်အထိ ဂေါလ်နယ်လေးပုံသုံးပုံ၏ တစ်ဦးတည်းသော အုပ်စိုးရှင်ဖြစ်ခဲ့၏။
ခလိုဗစ်၏ ကက်သလစ်ယုံကြည်ခြင်းသို့ ပြောင်းဝင်ခြင်းကို “အနောက်ဥရောပ၏သမိုင်းတစ်ကွေ့” ဟု ဗြိတဲန်နီကာစွယ်စုံကျမ်းသစ်က ကင်ပွန်းတပ်ခဲ့သည်။ အယူမှားဘုရားကိုးကွယ်သော ဤရှင်ဘုရင်၏ ဘာသာပြောင်းခြင်းသည် အဘယ်ကြောင့် ဤမျှအရေးပါရသနည်း။ ဤအရေးပါမှုသည် အာရိယန်အယူဝါဒကို ဆန့်ကျင်သည့်အနေဖြင့် ကက်သလစ်ဘာသာကို ခလိုဗစ်ရွေးလိုက်သည့်အချက်အပေါ် မူတည်၏။
အာရိယန်ပဋိပက္ခ
စီ.အီး. ၃၂၀ ပြည့်နှစ်ခန့်တွင် အီဂျစ်နိုင်ငံ၊ အလက်ဇန္ဒြီးယားမြို့မှ ခရစ်ယာန်ဘုန်းကြီး အာရိယပ်စ်သည် သုံးပါးပေါင်းတစ်ဆူနှင့်ပတ်သက်၍ အလွန်ကွဲပြားသည့်ယုံကြည်ချက်ကို စတင်ဖြန့်လေသည်။ သားတော်သည် ခမည်းတော်ကဲ့သို့ ဘုရားဇာတိတစ်မျိုးတည်းဖြစ်သည်ဟူသည့်အဆိုကို အာရိယပ်စ်ငြင်းပယ်ခဲ့၏။ သားတော်သည် အစရှိသောကြောင့် ဘုရားသခင်မဖြစ်နိုင် သို့မဟုတ် ခမည်းတော်ကောလောသဲ ၁:၁၅) သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်တစ်ပါးဖြစ်သော်လည်း ခမည်းတော်နှင့် သားတော်တို့ထက် အဆင့်နိမ့်သည်ဟု အာရိယပ်စ်ယုံကြည်သည်။ လူအများကြိုက်နှစ်သက်မှုရရှိခဲ့သော ဤသွန်သင်ချက်ကြောင့် ချာ့ခ်ျအတွင်း ပြင်းထန်သောဆန့်ကျင်မှုဖြစ်ပေါ်လာခဲ့၏။ စီ.အီး. ၃၂၅ ခုနှစ်တွင် နိုက်စီရာကောင်စီတွင် အာရိယပ်စ်ကို ပြည်နှင်ဒဏ်ပေးလိုက်ပြီး သူ၏သွန်သင်ချက်များကို ပယ်ချလိုက်ကြသည်။ *
နှင့်တန်းတူမဖြစ်နိုင်ပေ။ (သို့သော် ယင်းသည် ဤပဋိပက္ခကို မရပ်တန့်သွားစေခဲ့ချေ။ နောက်ဆက်ခံဧကရာဇ်မင်းများသည် ဆန့်ကျင်ဘက်တစ်ဖွဲ့ဖွဲ့တွင်ပါကြရာ အယူဝါဒဆိုင်ရာအချင်းဖြစ်ပွားမှုသည် အနှစ် ၆၀ ခန့်ရှည်ကြာခဲ့၏။ နောက်ဆုံး၌ စီ.အီး. ၃၉၂ ခုနှစ်တွင် ဧကရာဇ်မင်းသီအိုဒိုးရှပ်စ်သည် သုံးပါးတစ်ဆူအယူဝါဒကို ယုံကြည်သည့် ဩသဒေါက်စ်ကက်သလစ်အယူဝါဒကို ရောမအင်ပါယာ၏အစိုးရဘာသာအဖြစ် သတ်မှတ်လိုက်၏။ ထိုအချိန်အတောအတွင်း ဂျာမန်ဘိရှော့ ဥဖလပ်စ်ကြောင့် ဂေါ့သ်လူမျိုးများသည် အာရိယန်ဘာသာသို့ ပြောင်းဝင်လာခဲ့ကြသည်။ အခြားဂျာမန်အနွယ်များသည် ဤ “ခရစ်ယာန်ဘာသာတရား” ပုံစံကို ချက်ချင်းခံယူလိုက်ကြ၏။ *
ခလိုဗစ်ခေတ်တိုင်လေသော် ဂေါလ်နယ်ရှိ ကက်သလစ်ချာ့ခ်ျသည် အကျပ်အတည်းနှင့်ကြုံတွေ့ခဲ့ရ၏။ အာရိယန်ဗီဇီဂေါ့သ်လူမျိုးများသည် ကွယ်လွန်သွားသောဘိရှော့များနေရာတွင် အစားထိုးခြင်းကို ငြင်းပယ်ကြကာ ကက်သလစ်ဘာသာပျောက်သွားစေရန် ကြိုးစားခဲ့ကြသည်။ ထို့ပြင် ချာ့ခ်ျတွင် ကက်သလစ်ဂိုဏ်းနှစ်ဂိုဏ်းကွဲနေပြီး ရောမတွင် ထိုဂိုဏ်းနှစ်ဂိုဏ်းမှ ခရစ်ယာန်ဘုန်းကြီးများသည် တစ်ဦးကိုတစ်ဦး သတ်ဖြတ်နေကြသည်။ ကက်သလစ်စာရေးသူအချို့က စီ.အီး. ၅၀၀ ပြည့်နှစ်တွင် ကမ္ဘာကုန်ဆုံးမည်ဟူသော ယုံကြည်ချက်ကို ရှေ့တန်းတင်ရေးသားလာကြရာ သာ၍ရှုပ်ထွေးသွားစေသည်။ သို့ဖြင့် ဖရဲန့်ခ်အောင်နိုင်သူက ကက်သလစ်ဘာသာပြောင်းဝင်ခြင်းကို အတိတ်နိမိတ်ကောင်းတစ်ခုအဖြစ် ရှုမြင်ကာ “စိန့်များ၏ ထောင်စုနှစ်သစ်” ဟုကြေညာခဲ့သည်။
သို့သော် ခလိုဗစ်၏ရည်ရွယ်ချက်ကား အဘယ်နည်း။ ဘာသာရေးရည်ရွယ်ချက်များကို ထည့်မစဉ်းစားလျှင်မရနိုင်သော်လည်း သူ့စိတ်တွင် နိုင်ငံရေးပန်းတိုင်များရှိ၏။ ကက်သလစ်ဘာသာကို ခလိုဗစ်ရွေးချယ်လိုက်ခြင်းဖြင့် ကြီးစိုးနေသော ကက်သလစ်ဘာသာဝင် ဂလို-ရောမလူစု၏ မျက်နှာသာနှင့် ကြီးမားသောချာ့ခ်ျအာဏာပိုင်အဖွဲ့၏ ထောက်ပံ့မှုကို သူရရှိခဲ့သည်။ ၎င်းက သူ၏နိုင်ငံရေးပြိုင်ဘက်များအပေါ် မလွဲမသွေအသာစီးရစေသည်။ “ဂေါလ်နယ်တွင် သူ၏အောင်ပွဲသည် မုန်းတီးနေသော အာရိယန်အယူကွဲလွဲသူများ၏ ထမ်းပိုးအောက်မှ လွတ်မြောက်စေသည့်စစ်ပွဲ ဖြစ်သွားလေသည်” ဟု ဗြိတဲန်နီကာစွယ်စုံကျမ်းသစ်ကဖော်ပြ၏။
တကယ်တွင် ခလိုဗစ်သည် မည်သို့သောသူနည်း
နိဒါန်းပိုင်းတွင်ဖော်ပြထားသော ၁၉၉၆ အခမ်းအနားတွင် ရီမ်းစ်မြို့မှဂိုဏ်းချုပ် ဇာရာရ်ဒီဖ်ဝါးက “သေချာစွာစီစဉ်ပြီး စဉ်းစားချင့်ချိန်ထားသော ဘာသာပြောင်းဝင်ခြင်း အထိမ်းအမှတ်” အဖြစ် ခလိုဗစ်ကို ရုပ်လုံးဖော်ပြခဲ့၏။ သို့သော် ပြင်သစ်သမိုင်းပညာရှင် အာနက်စ် လက်ဗီစ်က “ခလိုဗစ် ဘာသာပြောင်းဝင်ခြင်းသည် သူ့အကျင့်စရိုက်ကို မပြောင်းလဲစေခဲ့ချေ; ခရစ်ဝင်ကျမ်းတွင်ပါရှိ
သော ထောက်ထားစာနာပြီး အေးဆေးသည့်အမူအကျင့်က သူ့နှလုံးကို မထိမိခဲ့ပေ” ဟုဖော်ပြခဲ့သည်။ သမိုင်းပညာရှင်နောက်တစ်ဦးက ဤသို့ကြေညာခဲ့၏– “သူသည် အိုဒင်း [နော့စ်နတ်ဘုရား] ကိုဆုတောင်းမည့်အစား ခရစ်တော်ကိုဆုတောင်းပြီး သူ့ယခင်ပုံစံအတိုင်းပင် ဆက်နေသည်။” ခလိုဗစ်သည် ခရစ်ယာန်ဘာသာသို့ အမည်ခံပြောင်းဝင်ပြီးနောက် ကွန်စတင်တိုင်း၏လုပ်ဆောင်ပုံကို ပြန်အမှတ်ရကာ သူသည် ပြိုင်ဘက်အာဏာရှင်အားလုံးကို စနစ်တကျလုပ်ကြံခြင်းအားဖြင့် သူ၏အုပ်ချုပ်မှုကို ခိုင်ခံ့တည်တံ့ရန် ကြံစည်ခဲ့သည်။ သူသည် “ဆွေနီးမျိုးစပ်ပင်မကျန်အောင် ဆွေစဉ်ခြောက်ဆက်အထိ” အဆုံးစီရင်ခဲ့၏။ခလိုဗစ်ကွယ်လွန်ပြီးနောက် သူ့အား ရက်စက်သောစစ်သားတစ်ဦးအခြေအနေမှ နာမည်ကျော် စိန့်တစ်ပါးဖြစ်လာစေသည့် လုပ်ဇာတ်ခင်းမှုတစ်ရပ်ကို စတင်လိုက်လေသည်။ အနှစ်တစ်ရာနီးပါးကြာမှ ရေးသားခဲ့သော ဂရယ်ဂိုရီ၏ ထူးမြို့မှတ်တမ်းသည် “ခရစ်ယာန်ဘာသာ” ကိုလက်ခံရန် ပထမရောမဧကရာဇ်မင်း ကွန်စတင်တိုင်းနှင့်ယှဉ်၍ ခလိုဗစ်ကို ပူးတွဲဖော်ပြဖို့ တမင်ကြိုးစားအားထုတ်မှုတစ်ခုအဖြစ် ရှုမြင်ခံရ၏။ ဂရက်ဂိုရီသည် အသက် ၃၀ တွင်ခလိုဗစ် နှစ်ခြင်းခံကြောင်း ထောက်ခံပြောဆိုခြင်းဖြင့် ခရစ်တော်နှင့်နှိုင်းယှဉ်ရန် ကြိုးစားနေပုံရသည်။—လုကာ ၃:၂၃။
ရီမ်းစ်မြို့မှ ဘိရှော့ဟဲန်မာရ်သည် နဝမရာစုတွင် ဤလမ်းစဉ်ကို ဆက်လိုက်ခဲ့၏။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများသည် ဘုရားဖူးများအတွက် ဂုဏ်တုဂုဏ်ပြိုင်ဖြစ်လာချိန်တွင် သူ့အရင် “စိန့်” ရာမီအီယပ်စ်အကြောင်း ရေးခဲ့သော အတ္ထုပ္ပတ္တိသည် သူ၏ချာ့ခ်ျနာမည်ကျော်ကြားရန်၊ ကြွယ်ဝလာစေရန် ရည်ရွယ်ခဲ့ဖွယ်ရှိ၏။ ခလိုဗစ်နှစ်ခြင်းခံချိန်၌ ချိုးဖြူတစ်ကောင်သည် ဘိသိက်ပေးရန် ဆီဘူးတစ်ဘူးယူဆောင်လာသည်ဟု သူ၏မှတ်တမ်းတွင် ဖော်ပြသည်—ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ယေရှုအားဘိသိက်ပေးခြင်းကို ရည်ညွှန်းနေသည်မှာ ထင်ရှားပါသည်။ (မဿဲ ၃:၁၆) ထိုသို့ဖြင့် ဟဲန်မာရ်သည် ခလိုဗစ်၊ ရီမ်းစ်မြို့နှင့် ဧကရာဇ်မင်းအာဏာစက်တို့၏ ကွင်းဆက်တစ်ခုကို ဖန်တီးဆက်ပေးခဲ့ပြီး ခလိုဗစ်သည် သခင်၏ဘိသိက်ခံဖြစ်သည်ဟူသော ယုံကြည်ချက်ကို သက်ဝင်စေခဲ့သည်။ *
အငြင်းပွားစရာအခမ်းအနားတစ်ခု
တစ်ချိန်က ပြင်သစ်သမ္မတဟောင်း ချားလ်စ် ဒီ ဂေါလ်သည် ဤသို့ပြောခဲ့ဖူး၏– “ကျုပ်အမြင်အရဆိုရင် ပြင်သစ်ရဲ့သမိုင်းကို ခလိုဗစ်နဲ့စခဲ့တာပါ၊ သူ့ကို ပြင်သစ်ဆိုတဲ့အမည်ပေးတဲ့ ဖရဲန့်ခ်အနွယ်က ပြင်သစ်ဘုရင်အဖြစ်ရွေးလိုက်တာပါ။” သို့သော် လူတိုင်းက ထိုသို့မမြင်ကြချေ။ ခလိုဗစ်နှစ်ခြင်းခံခြင်း၏ အနှစ် ၁,၅၀၀ မြောက် နှစ်ပတ်လည်အခမ်းအနားသည် အချင်းပွားစရာဖြစ်နေခဲ့သည်။ ၁၉၀၅ ခုနှစ်ကတည်းက ချာ့ခ်ျနှင့် အစိုးရဟူ၍ တရားဝင် သီးခြားဖြစ်သွားသောနိုင်ငံမှ ပြည်သူအများက ဘာသာရေးအခမ်းအနားဟု ယူမှတ်ထားသည့်အရာတွင် အစိုးရ၏ပါဝင်ပတ်သက်မှုကို ပြစ်တင်ဝေဖန်ကြ၏။ ရီမ်းစ်မြို့တော်ကောင်စီသည် ပုပ်ရဟန်းမင်းရောက်ရှိချိန်အတွင်း အသုံးပြုရန် တရားဟောစင်မြင့်အတွက် အလှူငွေအစီအစဉ်ကို ကြေညာသောအခါ အသင်းအဖွဲ့တစ်ဖွဲ့က အခြေခံဥပဒေနှင့်မကိုက်ညီဟု တရားရုံးတွင် ပယ်ချရန် ဆုံးဖြတ်ကြသည်။ ချာ့ခ်ျသည် ပြင်သစ်နိုင်ငံအပေါ် ယင်း၏ကိုယ်ကျင့်တရားနှင့် အုပ်ချုပ်ရေးအာဏာလွှမ်းမိုးရန် ကြိုးစားနေသည်ဟု အချို့ကယူဆကြ၏။ ထို့ပြင် အခမ်းအနားကို ပို၍ရှုပ်ထွေးသွားစေသည့်အရာမှာ ခလိုဗစ်အား လက်ယာအစွန်းရောက်ဝါဒီအမျိုးသားတပ်ဦးနှင့် ရှိရင်းစွဲဝါဒီ ကက်သလစ်အုပ်စုများ၏ အမှတ်လက္ခဏာတစ်ခုအဖြစ် အသုံးပြုထားခြင်းဖြစ်သည်။
တခြားသူများသည် သမိုင်းဆိုင်ရာရှုထောင့်အရ ထိုအခမ်းအနားကို ပြစ်တင်ဝေဖန်ကြ၏။ ကက်သလစ်ဘာသာတရားသည် ဂါလို-ရောမလူတို့၏နှလုံးတွင် အခိုင်အမာအမြစ်စွဲနေပြီဖြစ်သောကြောင့် ခလိုဗစ်၏နှစ်ခြင်းသည် ပြင်သစ်နိုင်ငံကို ထိုဘာသာတရားသို့ မပြောင်းဝင်စေခဲ့ဟု သူတို့ပြောကြသည်။ ခလိုဗစ်၏နှစ်ခြင်းက နိုင်ငံတစ်နိုင်ငံအဖြစ် ပြင်သစ်ဖြစ်ပေါ်လာစေသည့် အမှတ်အသားမဟုတ်ဟုလည်း သူတို့ဆိုကြ၏။ စီ.အီး. ၈၄၃ ခုနှစ်တွင် ရှားလမိန်း၏နိုင်ငံတော်ပြိုကွဲသွားခြင်းကြောင့် ပြင်သစ်နိုင်ငံဖြစ်ပေါ်လာသည်မှာ ပို၍မှန်ကန်ကြောင်း၊ ပြင်သစ်နိုင်ငံ၏ဦးဆုံးဘုရင်မှာ ခလိုဗစ်မဟုတ်ဘဲ ဘောလ်ဖြစ်သည်ဟု ချားလ်စ်ဖော်ပြသင့်ကြောင်း သူတို့ယူဆကြသည်။
အနှစ် ၁,၅၀၀ သက်တမ်းရှိ ကက်သလစ်အယူဝါဒ
အနှစ် ၁,၅၀၀ ကျော်ကြာပြီးနောက် “ချာ့ခ်ျ၏အကြီးဆုံးသမီး” အဖြစ် ယနေ့ ပြင်သစ်နိုင်ငံမှ ကက်သလစ်အယူဝါဒသည် မည်သည့်အခြေအနေတွင် ရှိနေသနည်း။ ပြင်သစ်နိုင်ငံသည် ၁၉၃၈ ခုနှစ်အထိ ကမ္ဘာပေါ်တွင် နှစ်ခြင်းခံပြီးသော ကက်သလစ်အရေအတွက် အများဆုံးဖြစ်ခဲ့၏။ ယခု ဖိလစ်ပိုင်နှင့် အမေရိကန်ပြည်ထောင်စုအစရှိသော နိုင်ငံများ၏နောက်တွင် ဆဋ္ဌမနေရာ၌ရှိနေသည်။ ပြင်သစ်နိုင်ငံတွင် ကက်သလစ် ၄၅ သန်းရှိသော်လည်း ၆ သန်းမျှသာ ပွဲတော်ကို မှန်မှန်တက်ရောက်ကြသည်။ မကြာသေးမီက ပြင်သစ်ကက်သလစ်များအား စစ်တမ်းကောက်ယူချက်အရ ၆၅ ရာခိုင်နှုန်းသည် “လိင်နှင့်ပတ်သက်၍ ချာ့ခ်ျ၏သွန်သင်ချက်ကို ဥပေက္ခာပြုထားကြောင်း” နှင့် ၅ ရာခိုင်နှုန်းအတွက်မူ ယေရှုသည် “လုံးဝအရေးမပါကြောင်း” ဖော်ပြ၏။ ဤသို့သောအပျက်သဘောထားက ၁၉၈၀ ပြည့်နှစ်တွင် ပြင်သစ်နိုင်ငံသို့ ပုပ်ရဟန်းမင်းလည်ပတ်ရောက်ရှိစဉ် သူ့ကို ဤသို့မေးခွန်းထုတ်စေသည်– “ပြင်သစ်တို့၊ သင်တို့၏နှစ်ခြင်းကတိကဝတ်တွေကို ဘယ်လိုများလုပ်လိုက်ကြပါလိမ့်။”
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 12 ၁၉၈၄၊ ဩဂုတ် ၁ ရက်ထုတ် ကင်းမျှော်စင် [လိပ်] စာမျက်နှာ ၂၄ ကိုရှု။
^ အပိုဒ်၊ 13 ၁၉၉၄၊ မေ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၈-၉ ကိုရှု။
^ အပိုဒ်၊ 19 (လူဝီ ၁၇ နှင့် လူဝီ-ဖီလီပ်အပါအဝင်) ပြင်သစ်ဘုရင် ၁၉ ဦးကို အမည်တပ်ခဲ့သော လူဝီဟူသောအမည်သည် ခလိုဗစ်မှ ဆင်းသက်လာခြင်းဖြစ်၏။
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
(ကားချက်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ဆက္ခဆန်
ရိုင်းမြစ်
စိမ်းမ်မြစ်
စွာစော်န်
ရီမ်းစ်
ပါရီ
ဂေါလ်
လဝါမြစ်
ဗူးယီ
ပေါတီယာစ်
ပေရနီဇ်
ဗီဇီဂေါ့သ်
ရောမ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
၁၄ ရာစု လက်ရေးစာမူတစ်စောင်တွင် ခလိုဗစ်၏နှစ်ခြင်းကို ဖော်ပြခဲ့
[Credit Line]
© Cliché Bibliothèque nationale de France, Paris
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
ပြင်သစ်နိုင်ငံ၊ ရီမ်းစ်ဘုရားရှိခိုးကျောင်းအပြင်တွင် ခလိုဗစ်နှစ်ခြင်းခံနေသော (အလယ်ပုံ) ပန်းပုရုပ်
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
ခလိုဗစ်၏နှစ်ခြင်းအခမ်းအနားကျင်းပရန် ပြင်သစ်နိုင်ငံသို့ ဂျွန်ပေါလ် ၂ လည်ပတ်ရောက်ရှိခြင်းက အချင်းဖြစ်ပွားစေ