“နည်းနည်း နာလိမ့်မယ်”
“နည်းနည်း နာလိမ့်မယ်”
ထိုစကားများကို သင်ကြားဖူးပါသလော။ ကုသနည်းတစ်ခုကို မဆောင်ရွက်မီ ဆရာဝန် သို့မဟုတ် သူနာပြုတစ်ဦးဦးက ထိုသို့ပြောဆိုပေမည်။
နာကျင်မည်ကို ကြိုတင်သိသည့်အတွက် ကုသမခံဘဲမနေခဲ့ပေ။ ယင်းအစား ကျန်းမာလာဖို့အတွက် နာကျင်မှုဒဏ်ကို သင်ခံရပ်ခဲ့သည်။ ရောဂါပြင်းထန်သောအခါများတွင် နာကျင်မည့် ရောဂါကုသနည်းကိုလက်ခံခြင်း၊ သို့မဟုတ် ငြင်းဆန်ခြင်းသည် သေရေးရှင်ရေးကိစ္စတစ်ရပ်ပင်ဖြစ်နိုင်သည်။
ကျွန်ုပ်တို့သည် ဆရာဝန်တစ်ဦးထံ အမြဲသွားစရာလိုမည်မဟုတ်သော်လည်း မစုံလင်သောလူသားများအနေနှင့် ကျွန်ုပ်တို့အားလုံးသည် နာကျင်စေမည့် ဆုံးမသွန်သင်၊ ပဲ့ပြင်မှုကို ရံဖန်ရံခါခံရဖို့လိုပေမည်။ (ယေရမိ ၁၀:၂၃) ကလေးငယ်များအနေနှင့် ၎င်းကိုလိုအပ်ကြောင်း သမ္မာကျမ်းစာက ဤသို့အလေးပေးဖော်ပြထားသည်– “မိုက်သောသဘောသည် သူငယ်၏စိတ်နှလုံးထဲမှာ ထုပ်ထားလျက်ရှိ၏။ သို့သော်လည်း ဆုံးမသောကြိမ်လုံးသည် ထိုသဘောကိုဝေးစွာနှင်တတ်၏။”—သု. ၂၂:၁၅။
ဤကျမ်းချက်တွင်ဖော်ပြသောကြိမ်လုံးသည် မိဘအခွင့်အာဏာကိုတင်စားသည်။ ဆုံးမခြင်းကိုနှစ်သက်သည့်ကလေး မရှိသလောက်ပင်ဖြစ်သည်မှာမှန်၏။ အပြစ်ပေးခံရလျှင် သူတို့သာ၍စိတ်နာကြပေမည်။ သို့ရာတွင် မေတ္တာရှိသော အမြော်အမြင်ရှိမိဘများသည် ကလေး၏ နာကြည်းမှုများထက် နောက်ပိုင်းတွင် သူတို့ရရှိမည့်ကောင်းကျိုးများကို ကြိုမြင်ကြ၏။ ခရစ်ယာန်မိဘများသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ပါ ဤစကားများမှန်ကန်ကြောင်းသိကြ၏– “ဆုံးမခြင်းမည်သည်ကား၊ ခံရစဉ်အခါ ဝမ်းမြောက်စရာမထင်၊ ဝမ်းနည်းစရာထင်တတ်၏။ သို့သော်လည်း၊ ဆုံးမခြင်းကိုခံရသောသူတို့သည်၊ နောက်မှ ငြိမ်သက်ခြင်းနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။”—ဟေဗြဲ ၁၂:၁၁; သု. ၁၃:၂၄။
ကလေးများသာ ဆုံးမသွန်သင်မှုလိုအပ်သည် မဟုတ်ပါ။ လူကြီးများလည်း ဆုံးမခံရဖို့လို၏။ သမ္မာကျမ်းစာက လူကြီးများကို ဤသို့ဆိုသည်– “ဆုံးမသွန်သင်ခြင်းကို ကိုင်ဆွဲလော့။ မလွှတ်နှင့်။ စောင့်ထိန်းလော့။ သင့်အသက်ရှင်ခြင်းအကြောင်းဖြစ်၏။” (သု. ၄:၁၃၊ သမ္မာ) မှန်ပါသည်၊ ပညာရှိသောသူ—ပျိုပျိုအိုအို—တို့သည် သမ္မာကျမ်းစာအခြေပြု ဆုံးမသွန်သင်မှုကို လက်ခံကြမည်ဖြစ်သည်၊ အကြောင်းမှာ ယင်းသို့ ပြုခြင်းသည် အဆုံး၌ အသက်ကိုကာကွယ်ပေးလိမ့်မည်ဖြစ်သည်။