သင်သည် ဤကမ္ဘာ၏ ဆုံးခန်းတွင် မည်သို့ ကယ်တင်ခံရနိုင်မည်နည်း
သင်သည် ဤကမ္ဘာ၏ ဆုံးခန်းတွင် မည်သို့ ကယ်တင်ခံရနိုင်မည်နည်း
သမ္မာကျမ်းစာက ဤလက်ရှိအစီအစဉ်စနစ်၏ဆုံးခန်းကို “အမျက်ထွက်သောနေ့၊ ဆင်းရဲပူပန်ခြင်းကိုခံရသောနေ့၊ သုတ်သင်ပယ်ရှင်းဖျက်ဆီးရာနေ့၊ အလင်းကွယ်၍ မှောင်မိုက်သောနေ့၊ မိုးအုံ့၍ထူထပ်သော မှောင်မိုက်ဖုံးလွှမ်းသောနေ့” ဟုဖော်ပြသည်။ (ဇေဖနိ ၁:၁၅) ယင်းနေ့သည် ပုံမှန်အားဖြင့် သင်မျှော်လင့်နေကျ နေ့နှင့်တူမည်မဟုတ်သည်မှာ သေချာ၏! သို့တိုင် တမန်တော်ပေတရုက “မိုးကောင်းကင်သည် မီးနှင့်ပျက်၍ လောကဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကိုခံရသောနေ့တည်းဟူသော ဘုရားသခင်၏နေ့ရောက်လိမ့်မည်ဟု သင်တို့သည် မျှော်လင့်တောင့်တလျက် သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းအားဖြင့် အဘယ်သို့သောသူဖြစ်အပ်ကြသနည်း။ ယခုရှိသမျှသောအရာတို့သည် ပျက်ရသော်လည်း ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီ မျှော်လင့်ကြ” ရန်မိမိ၏ခရစ်ယာန်ချင်းများကို သတိပေးခဲ့သည်။—၂ ပေတရု ၃:၁၂၊ ၁၃။
ဤတွင် ပကတိမိုးကောင်းကင်နှင့် မြေကြီး ပျက်စီးခြင်းအကြောင်းကို ပေတရုပြောနေခြင်းမဟုတ်ချေ။ ဤကျမ်းချက်၏ရှေ့နောက်စကား၌ ပေတရုညွှန်းသည့် “မိုးကောင်းကင်” နှင့် “မြေကြီး” သည် ယိုယွင်းဖောက်ပြန်သော လက်ရှိလူ့အုပ်ချုပ်မှုများနှင့် ဘုရားတရားမဲ့လူ့ဘောင်တို့ကို ရည်ညွှန်းနေခြင်းဖြစ်သည်။ ‘ယေဟောဝါ၏နေ့ကြီး’ တွင် ကမ္ဘာမြေကြီးကိုယ်နှိုက်ကို မဖျက်ဆီးဘဲ “အပြစ်ကြီးသော ပြည်သူပြည်သားတို့ကို သုတ်သင်ပယ်ရှင်း” မည်ဖြစ်၏။ (ဟေရှာယ ၁၃:၉) မျက်မှောက်ခေတ် ဆိုးညစ်သောလူ့ဘောင်တွင် ဖြစ်ပျက်နေသော “စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့် ညည်းတွားငိုကြွေး” နေသူများအတွက် ယေဟောဝါ၏နေ့ကြီးသည် ကယ်တင်ရာနေ့ဖြစ်လိမ့်မည်။—ယေဇကျေလ ၉:၄။
သို့ဖြစ်လျှင် တစ်ဦးတစ်ယောက်သည် ‘ယေဟောဝါ၏ကြောက်မက်ဖွယ်သောနေ့ကြီး’ တွင် မည်သို့ကယ်တင်ခံရနိုင်မည်နည်း။ “ထာဝရဘုရား၏[စကား]တော်” က ကိုယ်တော်၏ပရောဖက်တစ်ဦးအား ထိုမေးခွန်းကို ဤသို့အဖြေပေးခဲ့၏– “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏နာမတော်ကို [ခေါ်]သူတိုင်း ဘေးလွတ်ခွင့်ရလတ္တံ့။” (ယောလ ၁:၁; ၂:၃၁၊ ၃၂၊ သမ) ယေဟောဝါ၏နာမတော်ကိုခေါ်ခြင်းသည် အဘယ်အရာကိုဆိုလိုကြောင်းသိရှိရန် သင့်အား ယေဟောဝါသက်သေများက ဝမ်းသာအားရကူညီပေးပါလိမ့်မည်။