ခေါင်းဆောင်မှုကောင်း အဘယ်နေရာတွင် ရှာတွေ့နိုင်မည်နည်း
ခေါင်းဆောင်မှုကောင်း အဘယ်နေရာတွင် ရှာတွေ့နိုင်မည်နည်း
“အိမ်မည်သည်ကား၊ တစ်စုံတစ်ယောက်သောသူ ဆောက်သောကြောင့်ဖြစ်၏။ အလုံးစုံတို့ကိုတည်ဆောက်သောသူကား ဘုရားသခင်ပေတည်း” ဟုသမ္မာကျမ်းစာဆို၏။ (ဟေဗြဲ ၃:၄; ဗျာဒိတ် ၄:၁၁) စစ်မှန်သောဘုရားသခင် ယေဟောဝါသည် ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်ဖြစ်တော်မူသောကြောင့် ကိုယ်တော်သည် “ငါတို့ကိုယ်ခန္ဓာကို သိတော်မူ၏။” (ဆာလံ ၁၀၃:၁၄) ကိုယ်တော်သည် ကျွန်ုပ်တို့၏အကန့်အသတ်ဖြစ်မှုများနှင့် လိုအပ်ချက်များကို သိကျွမ်းတော်မူ၏။ ကိုယ်တော်သည် မေတ္တာရှင်ဘုရားသခင်ဖြစ်သောကြောင့် ထိုလိုအပ်ချက်များကို ဖြည့်ဆည်းပေးလိုစိတ် ရှိတော်မူ၏။ (ဆာလံ ၁၄၅:၁၆; ၁ ယောဟန် ၄:၈) ကျွန်ုပ်တို့သည် ခေါင်းဆောင်မှုကောင်း မလွဲမသွေလိုအပ်သည်။
ပရောဖက်ဟေရှာယမှတစ်ဆင့် ယေဟောဝါ ဤသို့ကြေညာတော်မူ၏– “ကြည့်ရှုလော့။ ထိုသူကို လူအမျိုးမျိုးရှေ့ သက်သေအဖြစ် ခေါင်းဆောင်ဖြစ်စေခြင်းငှာလည်းကောင်း၊ တပ်မှူးဖြစ်စေခြင်းငှာလည်းကောင်း ငါခန့်ထားပြီ။” (ဟေရှာယ ၅၅:၄၊ ကဘ) မျက်မှောက်ခေတ်၏ ခေါင်းဆောင်မှုအကျပ်အတည်းကို ဖြေရှင်းရာတွင် တန်ခိုးနှင့်ပြည့်စုံသော ဘုရားသခင်ကိုယ်တော်တိုင် ခန့်ထားသည့် ထိုခေါင်းဆောင်သည် မည်သူဖြစ်ကြောင်း ခွဲခြားသိမြင်ခြင်းနှင့် သူ၏ဦးဆောင်မှုကိုလက်ခံခြင်းတို့ ပါဝင်ပတ်သက်သည်။ သို့ဖြစ်လျှင် တင်ကြိုဟောထားသော ထိုခေါင်းဆောင်နှင့် တပ်မှူးသည် မည်သူနည်း။ ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း အထောက်အထားများကား အဘယ်နည်း။ အဘယ်နေရာမှ ကျွန်ုပ်တို့ကို ဦးဆောင်ပေးမည်နည်း။ သူ၏ဦးဆောင်မှုမှ အကျိုးခံစားရရန် ကျွန်ုပ်တို့ ဘာလုပ်ရမည်နည်း။
ကတိထားရာခေါင်းဆောင် ပေါ်လာခြင်း
ကောင်းကင်တမန် ဂါဗြေလသည် လွန်ခဲ့သောနှစ်ပေါင်း ၂,၅၀၀ ခန့်က ပရောဖက်ဒံယေလရှေ့ ပေါ်လာ၍ ဤသို့ဆို၏– “ယေရုရှလင်မြို့ကို တစ်ဖန်ထူထောင်၍ ပြန်လည်တည်ဆောက်စေခြင်းငှာ အမိန့်တော် ထုတ်ဆင့်သည့်နေ့မှစ၍ ဦးစီးခေါင်းဆောင် မေရှိယ ပေါ်ထွန်းသည့်တိုင်အောင်၊ ခုနစ်သီတင်းအပြင် ခြောက်ဆယ့်နှစ်သီတင်း ကြာလိမ့်မည်အကြောင်း သိမှတ်၍ ထိုးထွင်းသိမြင်လော့။ ထိုမြို့တော်သည် ပြည်သူ့ရင်ပြင်၊ ကျုံးနှင့်တကွ တစ်ဖန် တည်ထောင်လိမ့်မည်ဖြစ်သော်လည်း အကျပ်အတည်းကာလ၌ ဖြစ်လိမ့်မည်။”—ဒံယေလ ၉:၂၅၊ ကဘ။
ရှင်းနေသည်မှာ ကောင်းကင်တမန်က ယေဟောဝါ ရွေးချယ်သောခေါင်းဆောင် ကြွလာမည့်အချိန်အတိအကျကို ဒံယေလအား အသိပေးနေခြင်းဖြစ်သည်။ ယေရုရှလင်မြို့ပြန်လည်တည်ဆောက်ရန် အမိန့်ထုတ်ပြန်ခဲ့ချိန် ဘီ.စီ.အီး. ၄၅၅ မှစ၍ရေတွက်သော် ၆၉ သီတင်း သို့မဟုတ် ၄၈၃ နှစ်ကုန်ဆုံးချိန်၌ “ဦးစီးခေါင်းဆောင်မေရှိယ” ပေါ်ထွန်းလိမ့်မည်ဖြစ်သည်။ * (နေဟမိ ၂:၁-၈) ထိုကာလအဆုံးပိုင်း၌ အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။ ခရစ်ဝင်ကျမ်းရေးသူ လုကာက ဤသို့ဖော်ပြသည်– “ကဲသာဘုရင်တိဗေရိနန်းစံ တစ်ဆယ့်ငါးနှစ်တွင်၊ ယုဒပြည်၌ ပုန္တိပိလတ်သည်မြို့ဝန်အရာ၊ ဂါလိလဲပြည်၌ ဟေရုဒ်သည်စော်ဘွားအရာ [စီ.အီး. ၂၉]၊ . . . အသီးအသီးရှိကြသောအခါ တော၌ရှိသော ဇာခရိ၏သားယောဟန်သည် ဘုရားသခင်၏ဗျာဒိတ်တော်ကိုခံရ၏။ . . . ယောဟန်သည် ယော်ဒန်မြစ်နား၌ အနှံ့အပြားလှည့်လည်၍ အပြစ်လွှတ်ခြင်းအဖို့အလိုငှာ နောင်တနှင့်စပ်ဆိုင်သော ဗတ္တိဇံတရားကို ဟောလေ၏။” ထိုအချိန်တွင် ခေါင်းဆောင်မေရှိယကို “လူများတို့သည်မျှော်လင့်” နေကြသည်။ (လုကာ ၃:၁-၃၊ ၆၊ ၁၅) ယောဟန်ထံသို့ လူအုပ်စုများ လာရောက်ခဲ့ကြသော်လည်း သူသည် ခေါင်းဆောင်မဟုတ်ချေ။
စီ.အီး. ၂၉၊ အောက်တိုဘာလခန့်တွင် နာဇရက်မြို့သားယေရှုသည် နှစ်ခြင်းခံရန် ယောဟန်ထံ ရောက်လာခဲ့သည်။ “ဝိညာဉ်တော်သည် ကောင်းကင်မှချိုးငှက်ကဲ့သို့ဆင်းသက်၍ ထိုသူ၏အပေါ်၌နားတော်မူသည်ကို ငါမြင်ရပြီ။ အစက ထိုသူကိုငါမသိ။ ရေ၌ဗတ္တိဇံကိုပေးစေခြင်းငှာ ငါ့ကိုစေလွှတ်တော်မူသောသူက၊ ‘အကြင်သူ၏အပေါ်၌ ဝိညာဉ်တော်ဆင်းသက်၍ နားတော်မူသည်ကို သင်သည်မြင်လျှင်၊ ထိုသူကား၊ သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံကိုပေးသောသူပေတည်း’ ဟုမိန့်တော်မူသည်နှင့်အညီ၊ ငါသည်မြင်၍ ဤသူသည် ဘုရားသခင်၏သားတော်ဖြစ်တော်မူကြောင်းကို သက်သေခံသည်” ဟု ယောဟန်ဆိုလေ၏။ (ယောဟန် ၁:၃၂-၃၄) နှစ်ခြင်းယူချိန်တွင် ယေရှုသည် ဘိသိက်ခံခေါင်းဆောင်—မေရှိယ သို့မဟုတ် ခရစ်တော်—ဖြစ်လာသည်။
မှန်ပါသည်၊ ‘လူအမျိုးမျိုးရှေ့ ခေါင်းဆောင်ဖြစ်စေခြင်းငှာလည်းကောင်း၊ တပ်မှူးဖြစ်စေခြင်းငှာလည်းကောင်း’ ကတိပြုထားသူသည် ယေရှုခရစ်ဖြစ်ကြောင်း သက်သေထူခဲ့သည်။ ခေါင်းဆောင်တစ်ဦးအနေနှင့် ကိုယ်တော်၏အရည်အသွေးများကို ဆန်းစစ်ကြည့်သောအခါ ကိုယ်တော့်ခေါင်းဆောင်မှုအရည်အသွေးသည် မျက်မှောက်ခေတ် စံပြခေါင်းဆောင်တစ်ဦးကို တောင်းဆိုထားချက်များထက် များစွာသာလွန်ကြောင်း ကျွန်ုပ်တို့ အလွယ်တကူသိမြင်နိုင်သည်။
မေရှိယ—စံထားအပ်သောခေါင်းဆောင်
ခေါင်းဆောင်ကောင်းတစ်ဦးသည် ရှင်းလင်းသော ညွှန်ကြားချက်ကိုပေးကာ မိမိအုပ်ထိန်းမှုအောက်ရှိလူတို့ကို ကိုယ်ပိုင်အစွမ်းခွန်အားများရရှိစေရန် ထောက်မပေးခြင်းဖြင့် သူတို့သည် ပြဿနာများကို အောင်မြင်စွာဖြေရှင်းနိုင်ပေမည်။ ၂၁ ရာစုခေါင်းဆောင်မှု– ထိပ်သီးခေါင်းဆောင် ၁၀၀ နှင့်စကားပြောဆိုခြင်း စာအုပ်က ‘ယင်းသည် အောင်မြင်သော ၂၁ ရာစုခေါင်းဆောင်တစ်ဦး မဖြစ်မနေလိုအပ်သည်’ ဟုဆိုသည်။ ယေရှုသည် မိမိ၏တရားနာသူများအား နေ့စဉ်အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန် ကောင်းစွာစီမံပေးခဲ့ပါသည်တကား! ကိုယ်တော်၏အကျော်ကြားဆုံး ဟောပြောချက်ဖြစ်သော တောင်ပေါ်တရားတော်ကိုသာ သုံးသပ်ကြည့်ပါ။ လက်တွေ့ကျသောအကြံပြုချက် အမြောက်အမြားကို မဿဲအခန်းကြီး ၅ မှ ၇ တစ်လျှောက်တွင် မှတ်တမ်းတင်ထားသည်။
ဥပမာ၊ ပုဂ္ဂိုလ်ရေးသဘောထားကွဲလွဲမှုများကို ဖြေရှင်းခြင်းနှင့်စပ်လျဉ်းသည့် ယေရှုအကြံပြုချက်ကို သုံးသပ်ပါ။ ကိုယ်တော်ဤသို့မိန့်ဆိုသည်– “ထို့ကြောင့် သင်သည် ပူဇော်သကာကို ယဇ်ပလ္လင်သို့ဆောင်ယူခဲ့လျက် သင်၏ညီအစ်ကိုသည် သင်၌အပြစ်တင်ခွင့်တစ်စုံတစ်ခုရှိသည်ဟု အောက်မေ့သတိရလျှင်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သကာကိုထား၍သွားလော့။ ညီအစ်ကိုနှင့်သင့်တင့်ပြီးမှ ပြန်၍ပူဇော်သကာကိုတင်လော့။” (မဿဲ ၅:၂၃၊ ၂၄) အခြားသူများနှင့်အသင့်အတင့်ဖြစ်စေဖို့ အစပြုလုပ်ဆောင်ခြင်းသည် ပထမဦးစားထားရာဖြစ်သည်၊ ယင်းသည် မောရှေပညတ်က တောင်းဆိုထားသည့်အတိုင်း ယေရုရှလင်မြို့ရှိ ဗိမာန်တော်ယဇ်ပလ္လင်တွင် ပူဇော်သကာဆက်သခြင်းကဲ့သို့သော ဘာသာရေးဝတ္တရားတစ်ခုကို ဆောင်ရွက်ခြင်းထက်ပင် သာ၍အရေးပါသည်။ ထိုသို့မပြုလျှင် ဝတ်ပြုကိုးကွယ်မှုကို ဘုရားသခင်လက်ခံမည်မဟုတ်ပေ။ ယေရှု၏အကြံပြုချက်သည် ရာစုနှစ်များစွာလွန်ခဲ့သည့်တိုင် ယနေ့ထက်ထိ လက်တွေ့ကျဆဲဖြစ်သည်။
ယေရှုသည် မိမိ၏တရားနာသူများအား အကျင့်ယိုယွင်းခြင်းကျော့ကွင်းကို ရှောင်ရန်လည်း ကူညီပေးခဲ့သည်။ “‘သူ့မယားကိုမပြစ်မှားရဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။’ ငါပညတ်သည်ကား [တပ်မက်သော]စိတ်နှင့် သူ့မယားကိုကြည့်သောသူသည်မဿဲ ၅:၂၇၊ ၂၈) သင့်မြတ်လျော်ကန်လှသည့် သတိပေးချက်ပင်! သူ့သားအိမ်ရာပြစ်မှားခြင်းအကြောင်း တွေးတောခြင်းဖြင့် ယင်းကိုကျူးလွန်မည့်လမ်းကို အဘယ်အကြောင်းကြောင့် စလျှောက်မည်နည်း။ မတရားမေထုန်ပြုခြင်းနှင့် သူ့သားအိမ်ရာပြစ်မှားခြင်းသည် နှလုံးထဲမှထွက်လာသည်ဟု ယေရှုဆို၏။ (မဿဲ ၁၅:၁၈၊ ၁၉) ကျွန်ုပ်တို့၏နှလုံးကိုစောင့်ရှောက်ခြင်းသည် ပညာရှိရာရောက်၏။—သု. ၄:၂၃။
စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့်ပြစ်မှားပြီ” ဟုသူတို့အား ကိုယ်တော်သတိပေးဆုံးမခဲ့သည်။ (တောင်ပေါ်တရားတော်တွင် ရန်သူများကိုချစ်ခြင်း၊ ရက်ရောမှုတင်ပြခြင်း၊ ရုပ်ပစ္စည်းနှင့် ဝိညာဉ်ရေးရာများအပေါ် သဘောထားမှန်ရှိခြင်း စသည်တို့နှင့်စပ်လျဉ်းသည့် အကောင်းဆုံးအကြံပြုချက်များလည်း ပါဝင်သည်။ (မဿဲ ၅:၄၃-၄၇; ၆:၁-၄၊ ၁၉-၂၁၊ ၂၄-၃၄) ယေရှုသည် မိမိ၏ပရိသတ်များကို မည်သို့ဆုတောင်းရမည်ကိုသင်ပေးခြင်းဖြင့် ဘုရားသခင်၏ကူညီမစမှု ရှာယူနိုင်ပုံကိုပင် ပြသပေးခဲ့သည်။ (မဿဲ ၆:၉-၁၃) ခေါင်းဆောင်မေရှိယသည် လူသားတို့ကြုံရလေ့ရှိသော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းတတ်ရန် မိမိနောက်တော်လိုက်များကို ခွန်အားပေးကာ ပြင်ဆင်ပေးခဲ့သည်။
ယေရှုသည် တောင်ပေါ်တရားတော်တွင် ခြောက်ကြိမ်တိုင်အောင် “သင်တို့ကြားရပြီ၊” သို့မဟုတ် “ပညတ်စကားရှိပြီ” ဟူသောအသုံးအနှုန်းဖြင့် မြွက်ဆိုချက်ကို အစပြုခဲ့သည်၊ သို့သော် “ငါပညတ်သည်ကား” ဟုဆိုကာ အခြားအယူအဆကို တင်ပြခဲ့သည်။ (မဿဲ ၅:၂၁၊ ၂၂၊ ၂၇၊ ၂၈၊ ၃၁-၃၄၊ ၃၈၊ ၃၉၊ ၄၃၊ ၄၄) ယင်းက ကိုယ်တော်၏ပရိသတ်သည် နှုတ်တိုက်ပို့ချသော ဖာရိရှဲထုံးတမ်းစဉ်လာအရ လမ်းစဉ်အချို့ကို ပြုမူကျင့်ကြံလေ့ရှိကြောင်း ညွှန်ပြသည်။ သို့သော် ယေရှုသည် မောရှေပညတ်၏ဆိုလိုရင်းကို ထင်ဟပ်ပြသည့် ခြားနားသောလမ်းစဉ်ကို ပြသခဲ့သည်။ ယင်းကြောင့် ယေရှုသည် အပြောင်းအလဲတစ်ခုကို စတင်သင်ကြားပေးကာ ၎င်းကိုမိမိ၏နောက်တော်လိုက်များ လက်ခံဖို့ လွယ်ကူမည့်နည်းဖြင့် မိန့်တော်မူခဲ့သည်။ မှန်ပါသည်၊ ယေရှုသည် လူအများ မိမိတို့အသက်တာကို ဝိညာဉ်ရေးအရရော ကျင့်ဝတ်ပိုင်းအရပါ သိသိသာသာပြောင်းလဲပစ်ရန် လှုံ့ဆော်ပေးခဲ့သည်။ ယင်းသည် ခေါင်းဆောင်ကောင်းတစ်ဦး၏ အမှတ်လက္ခဏာပင်။
ထိုသို့သောပြောင်းလဲမှုကို ဖြစ်မြောက်စေခြင်းသည် မည်မျှခက်ခဲကြောင်း အုပ်ချုပ်မှုပြဋ္ဌာန်းစာအုပ်က ထောက်ပြသည်။ ၎င်းကဤသို့ဆိုသည်– “ပြောင်းလဲမှုဖြစ်ပေါ်စေသည့် စွမ်းဆောင်သူ[ခေါင်းဆောင်] တစ်ဦးသည် လူမှုဝန်ထမ်းတစ်ဦး၏ နားလည်ခံစားမှု၊ စိတ်ပညာရှင်တစ်ဦး၏ ထိုးထွင်းသိမြင်တတ်မှု၊ မာရသွန်အပြေးသမားတစ်ဦး၏ သက်လုံကောင်းမှု၊ ခွေးဘီလူးတစ်ကောင်၏ ဇွဲကောင်းမှု၊ ရသေ့တစ်ဦး၏ ကိုယ့်အားကိုယ်ကိုးရပ်တည်မှုနှင့် သူတော်စင်တစ်ဦး၏ သည်းခံနိုင်မှုအစွမ်းတို့ ရှိဖို့လိုသည်။ ထိုအရည်အသွေးအားလုံးရှိသည့်တိုင် အောင်မြင်မှုအတွက် အာမခံချက်မရှိချေ။”
“နောက်လိုက်နောက်ပါများကို ပြုမူကျင့်ကြံစေလိုသည့်အတိုင်း ခေါင်းဆောင်များသည် ပြုမူရမည်” ဟု “ခေါင်းဆောင်မှု– ပင်ကိုစရိုက်သည် အကြောင်းလော” ခေါင်းစဉ်ရှိဆောင်းပါးတစ်ခု၌ ရေးထားသည်။ အမှန်သော် ခေါင်းဆောင်ကောင်းတစ်ဦးသည် သူဟောပြောရာများကို လက်တွေ့လုပ်ဆောင်သည်။ ယေရှုခရစ်နှင့် အလွန်ကိုက်ညီလှသည်တကား! မှန်၏၊ ကိုယ်တော်သည် မိမိနှင့်အတူရှိသူများကို နှိမ့်ချရန်သင်ကြားပေးခဲ့သည်၊ သို့သော် သူတို့၏ခြေကိုဆေးပေးခြင်းဖြင့် လက်တွေ့ကျသင်ခန်းစာတစ်ခုကိုလည်း ပေးခဲ့သည်။ (ယောဟန် ၁၃:၅-၁၅) ဘုရားသခင့်နိုင်ငံတော်နှင့်ယှဉ်သော သတင်းကောင်းကိုဟောရန် တမန်တော်များကိုသာ စေလွှတ်ခဲ့ခြင်းမဟုတ်ဘဲ ထိုလုပ်ငန်းတွင် ကိုယ်တော်တိုင် အားသွန်ခွန်စိုက်ပါဝင်ခဲ့သည်။ (မဿဲ ၄:၁၈-၂၅; လုကာ ၈:၁-၃; ၉:၁-၆; ၁၀:၁-၂၄; ယောဟန် ၁၀:၄၀-၄၂) ခေါင်းဆောင်မှုကို တုံ့ပြန်သည့်ကိစ္စရပ်တွင် ယေရှုသည် စံနမူနာချမှတ်ပေးခဲ့သည်။ မိမိကိုယ်တိုင်အကြောင်း ဤသို့ဆိုသည်– “ခမည်းတော်ပြုတော်မူသောအမှုကို သားတော်သည် မြင်၍သာပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်။”—ယောဟန် ၅:၁၉။
အထက်ဆိုခဲ့ပြီးသော ယေရှုမိန့်တော်မူရာနှင့် ပြုတော်မူခဲ့ရာများကို ထည့်သွင်းစဉ်းစားသော် ကိုယ်တော်သည် စံထားအပ်သော ခေါင်းဆောင်ဖြစ်ကြောင်း ထင်ရှားသည်။ ကိုယ်တော်သည် ခေါင်းဆောင်ကောင်းများအတွက် လူ့စံနှုန်းရှိသမျှထက် သာလွန်သည်။ ယေရှုသည် စုံလင်တော်မူ၏။ သေဆုံး၍ ရှင်ပြန်ထမြောက်ပြီးနောက် ကိုယ်တော်သည် မသေနိုင်သောအဖြစ်ကိုရရှိကာ ထာဝရအသက်နှင့်ပြည့်စုံ၏။ (၁ ပေတရု ၃:၁၈; ဗျာဒိတ် ၁:၁၃-၁၈) အဘယ်လူသားခေါင်းဆောင်သည် ထိုအရည်အချင်းများကို မီနိုင်မည်နည်း။
ကျွန်ုပ်တို့ ဘာလုပ်ရမည်နည်း
စိုးစံလျက်ရှိသော ဘုရားသခင့် နိုင်ငံတော်ဘုရင် “ခေါင်းဆောင်မေရှိယ” သည် နာခံမှုရှိသောလူသားများအပေါ် ကောင်းချီးမင်္ဂလာ သွန်းလောင်းမည်ဖြစ်သည်။ ဤအချက်နှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာ၌ ကတိပြုသည်– “ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့ မြေကြီးသည် ထာဝရဘုရားကိုသိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။” (ဟေရှာယ ၁၁:၉) “စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။” (ဆာလံ ၃၇:၁၁) “လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တစ်ယောက်မျှမရှိရ။” (မိက္ခာ ၄:၄) “ဘုရားသခင်သည် ကိုယ်တော်တိုင်သူတို့နှင့်အတူရှိနေ . . . တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”—ဗျာဒိတ် ၂၁:၃၊ ၄။
ယနေ့ ကမ္ဘာလောကသည် ခေါင်းဆောင်မှု အကျပ်အတည်းနှင့် တွေ့ကြုံနေကြရသည်။ သို့သော် ယေရှုခရစ်သည် စိတ်နှိမ့်ချသူများကို ငြိမ်းချမ်းသောကမ္ဘာသစ်သို့ ဦးဆောင်နေသည်၊ ထိုတွင် နာခံသောလူသားတို့သည် ယေဟောဝါဘုရားသခင်အားဝတ်ပြုရေးတွင် ပေါင်းစည်းလာကြမည်ဖြစ်ကာ စုံလင်ခြင်းအဖြစ်သို့ တက်လှမ်းကြမည်ဖြစ်သည်။ စစ်မှန်သောဘုရားသခင်နှင့် ကိုယ်တော်ခန့်အပ်ထားသော ခေါင်းဆောင်ကိုသိကျွမ်းရန် အချိန်ယူကာ ထိုအသိပညာနှင့်အညီ ပြုမူနေထိုင်ခြင်းသည် မည်မျှအရေးကြီးလှသည်တကား!—လူတစ်ဦးကို ကျွန်ုပ်တို့ချီးမွမ်းဂုဏ်ပြုနိုင်သည့် အကောင်းဆုံးနည်းတစ်နည်းကား သူ့အားတုပခြင်းဖြစ်သည်။ ထို့ကြောင့် လူ့သမိုင်းတွင် အကြီးမြတ်ဆုံးခေါင်းဆောင် ယေရှုခရစ်ကို တုပရန် မကြိုးစားသင့်ပေလော။ ကျွန်ုပ်တို့ မည်သို့တုပနိုင်မည်နည်း။ ကိုယ်တော်၏အုပ်ချုပ်မှုကို လက်ခံခြင်းက ကျွန်ုပ်တို့အသက်တာအပေါ် အဘယ်အကျိုးသက်ရောက်မှုရှိမည်နည်း။ ထိုမေးခွန်းများနှင့် အခြားမေးခွန်းများကို နောက်ဆောင်းပါးနှစ်ခုတွင် ဆွေးနွေးတင်ပြပါလိမ့်မည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 6 ယေဟောဝါသက်သေများ ထုတ်ဝေသည့် ဒံယေလ၏ပရောဖက်ပြုချက်ကို ဂရုပြုလော့! စာအုပ်၊ စာမျက်နှာ ၁၈၆-၉၂ ကိုရှု။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ဘုရားသခင်ရွေးချယ်သောခေါင်းဆောင် ကြွလာမည်ကို ဒံယေလတင်ကြိုပရောဖက်ပြုခဲ့
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ယေရှု၏သွန်သင်ချက်များက ဘဝပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် လူတို့ကို ပြင်ဆင်ပေး
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ယေရှုသည် နာခံသောလူသားများကို ငြိမ်းချမ်းသောကမ္ဘာသစ်သို့ ဦးဆောင်တော်မူမည်