ဝေါလ်ဒဲန်းဆီစ် အယူမှားခြင်းမှ ပရိုတက်စတင့်အယူဝါဒသို့
ဝေါလ်ဒဲန်းဆီစ် အယူမှားခြင်းမှ ပရိုတက်စတင့်အယူဝါဒသို့
ယင်းနှစ်သည် ၁၅၄၅ ခုနှစ်ဖြစ်၏။ ဘာသာရေးတစ်ယူသန်မှုကြောင့် ဖြစ်ပွားသည့် ကြောက်မက်ဖွယ်တာဝန်တစ်ခုကို ထမ်းဆောင်ရန် ပြင်သစ်နိုင်ငံတောင်ပိုင်း ပရိုးဗင့်ဒေသ၏ လှပသောလူအီဘဲရောန်သို့ စစ်တပ်တစ်တပ် ရောက်ရှိလာသည်။ တစ်ပတ်ကြာ သွေးထွက်သံယိုမှုဖြစ်ပွားခဲ့၏။
တောရွာများကိုဖျက်ဆီး၍ ရွာသူရွာသားများကို အကျဉ်းချ သို့မဟုတ် သတ်ပစ်ခဲ့ကြသည်။ ဥရောပတစ်ခွင် သွက်သွက်ခါသွားစေသည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ရက်စက်ကြမ်းကြုတ်သောစစ်သားများ ပြုလုပ်ခဲ့ကြ၏။ အမျိုးသမီးများနှင့် ကလေးများစွာ ဆင်းရဲခြင်းအမျိုးမျိုးခံခဲ့ရခြင်းအပြင် အမျိုးသား ၂,၇၀၀ ခန့်အသတ်ခံရပြီး ၆၀၀ မူကား ရှေးခေတ်သင်္ဘောလှော်ခတ်ရန် ပြစ်ဒဏ်စီရင်ခံခဲ့ရလေ၏။ ဤရက်စက်ကြမ်းကြုတ်မှုကိုပြုခဲ့သူ စစ်သေနာပတိသည် ပြင်သစ်ရှင်ဘုရင်နှင့် ပုပ်ရဟန်းမင်းတို့၏ ကောင်းချီးသြဘာပေးခြင်းကိုခံခဲ့ရသည်။
ပရိုတက်စတင့်အယူဝါဒ ပျံ့နှံ့နေခြင်းကို စိုးရိမ်နေသည့် ပြင်သစ်နိုင်ငံ၏ ကက်သလစ်ဘုရင် ဖရန့်စစ် ၁ သည် သူ၏နိုင်ငံရှိ အယူမှားသူများဟု ခေါ်ကြသူတို့အကြောင်း စုံစမ်းစစ်ဆေးချိန်၌ပင် ဂျာမနီနိုင်ငံကို ပြုပြင်ပြောင်းလဲမှုသည် ပြိုကွဲပျက်ယွင်းနေနှင့်ပြီ။ ပရိုးဗင့်အာဏာပိုင်များသည် အယူမှားသူအချို့ကိုသာ တွေ့ရှိမည့်အစား ရွာနှင့်ချီ၍ ဘာသာရေးကွဲလွဲသူများရှိနေသည်ကို တွေ့ရှိခဲ့ကြသည်။ ဤအယူမှားဝါဒကို ဖယ်ရှင်းရေးအမိန့်စာ ထုတ်ဆင့်ခဲ့ရာ နောက်ဆုံးတွင် ၁၅၄၅ ခုနှစ်၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်ပေါ်လာခဲ့သည်။
အဆိုပါအယူမှားသူများကား မည်သူများနည်း။ သူတို့သည် ပြင်းထန်သောဘာသာရေးသည်းမခံနိုင်မှုကို အဘယ်ကြောင့်ခံခဲ့ရသနည်း။
ချမ်းသာခြင်းမှ ဆင်းရဲခြင်းသို့
အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူများသည် ၁၂ ရာစုကတည်းကရှိခဲ့ပြီး ဥရောပတစ်လျှောက်ပျံ့နှံ့ခဲ့သော ဘာသာရေးအဖွဲ့တစ်ခု၏ အဖွဲ့ဝင်များဖြစ်သည်။ ၎င်းအဖွဲ့ ပျံ့နှံ့သွားပုံနှင့် ရာစုနှစ်ချီ တည်တံ့ခဲ့ပုံတို့မှာ ဘာသာရေးသဘောထားကွဲလွဲမှု သမိုင်းဝင်မှတ်တမ်းတွင် တစ်မူထူးခြားစေသည်။ ထိုအဖွဲ့၏လှုပ်ရှားမှုသည် ၁၁၇၀ ပြည့်နှစ်ခန့်တွင် စတင်ခဲ့ကြောင်း သမိုင်းပညာရှင်အများစုက သဘောတူလက်ခံကြသည်။ ပြင်သစ်မြို့တော် လီယွန်မှ ချမ်းသာကြွယ်ဝသော ကုန်သည်ဖြစ်သူ ဗော့ဒီဇ်သည် ဘုရားသခင့်အလိုတော်နှင့်တွေ့ရန် သင်ယူခြင်းကို လွန်စွာစိတ်ဝင်စားလာလေသည်။ မိမိဥစ္စာကို ရောင်းချ၍ ဆင်းရဲသားများကို ပေးကမ်းရန် သူဌေးတစ်ဦးအား ယေရှုခရစ်၏ဆုံးမစကားကြောင့် ဗော့ဒီဇ်သည် သူ၏မိသားစု ငွေကြေးဖူဖူလုံလုံရှိရန် စီမံပေးပြီးနောက် ဝမ်းမြောက်ဖွယ်သတင်းကို ဟောပြောဖို့ သူ၏စည်းစိမ်ဥစ္စာများကို စွန့်ခဲ့၏။ (မဿဲ ၁၉:၁၆-၂၂) များမကြာမီပင် ဝေါလ်ဒဲန်းဆီစ် *ဟု နောက်ပိုင်းတွင် လူသိများလာသော တပည့်နောက်လိုက်များကို သူရရှိလာလေသည်။
ဗော့ဒီဇ်သည် ဆင်းဆင်းရဲရဲနေထိုင်ခြင်း၊ ဟောပြောခြင်းနှင့် သမ္မာကျမ်းစာကို အဓိကထားခဲ့၏။ ခရစ်ယာန်ဘုန်းတော်ကြီးများ၏ ချမ်းသာကြွယ်ဝမှုကို ကန့်ကွက်ခြင်းသည် အသစ်အဆန်းမဟုတ်ချေ။ ခရစ်ယာန်ဘုန်းတော်ကြီးများနှင့် သဘောထားကွဲလွဲသူ အတော်များများသည် ချာ့ခ်ျ၏အကျင့်ပျက်ပြားမှုနှင့် မတော်မတရားပြုကျင့်မှုတို့ကို လူသိရှင်ကြားကြေညာခဲ့သည်မှာ အတန်ကြာပေပြီ။ သို့သော် ဗော့ဒီဇ်သည် သူ၏နောက်လိုက်များစွာနည်းတူ သာမန်လူမျှဖြစ်၏။ ယင်းကြောင့်လည်း အများသုံးတိုင်းရင်းဘာသာစကားဖြင့် ကျမ်းစာရှိဖို့လိုအပ်သည်ဟု သူခံစားရသည့် အကြောင်းရင်းဖြစ်ပေမည်။ ချာ့ခ်ျ၏လက်တင်ဘာသာပြန်ကျမ်းကို ခရစ်ယာန်ဓမ္မဆရာများသာ အသုံးပြုခွင့်ရှိရာ ဗော့ဒီဇ်သည် ပြင်သစ်နိုင်ငံအရှေ့အလယ်ပိုင်းရှိ သာမန်လူတန်းစားများ နားလည်သည့် ဖရန်ကို-ပရာဗန်ကဲလ်ဘာသာစကားဖြင့် ခရစ်ဝင်ကျမ်းများနှင့် အခြားကျမ်းစာစောင်များကို ဘာသာပြန်ဆိုစေခဲ့သည်။ * လီယွန်လူမွဲများသည် ဟောပြောရမည်ဟူသော ယေရှု၏မိန့်မှာချက်ကိုလိုက်နာရန် သူတို့၏သတင်းတရားကို လမ်းများပေါ် ထွက်ဟောပြောခဲ့ကြလေသည်။ (မဿဲ ၂၈:၁၉၊ ၂၀) ဝေါလ်ဒဲန်းဆီစ်တို့၏ဇွဲနပဲနှင့် လူသိရှင်ကြားဟောပြောခြင်းကြောင့် သူတို့အပေါ် ချာ့ခ်ျ၏သဘောထားနှင့်ပတ်သက်၍ အကြီးအကျယ်အငြင်းပွားမှု ဖြစ်လာသည်ဟု သမိုင်းပညာရှင်ဂဲဘရယ်လ် အောဒီစ္စီယိုရှင်းပြသည်။
. . . မှ အယူမှားသူများသို့
ထိုအချိန်က ခရစ်ယာန်ဓမ္မဆရာများသာ ဟောပြောကြ၍ ချာ့ခ်ျကခွင့်ပြုမှသာ ဟောပြောကြရသည်။ ဓမ္မဆရာများက ဝေါလ်ဒဲန်းဆီစ်များကို အသိဉာဏ်နည်းပါးပြီး စာမတတ်သူများဟု ထင်မှတ်ကြသော်လည်း ၁၁၇၉ ခုနှစ်တွင် ဗော့ဒီဇ်သည် ပုပ်ရဟန်းမင်းအလက်ဇန္ဒား ၃ ထံမှ တရားဝင်ဟောပြောခွင့်အမိန့်ရရှိရန် ကြိုးစားခဲ့၏။ ခွင့်ပြုခဲ့သည်—သို့သော် ဒေသခံခရစ်ယာန်ဘုန်းကြီးများ၏ သဘောတူညီချက်အပေါ် မူတည်သည်။ ယင်းက “လုံးဝငြင်းဆိုသည့်သဘောပင်” ဟုသမိုင်းပညာရှင် မာလ်ကမ် လမ်ဘတ်က ဖော်ပြ၏။ သူပြောသည့်အတိုင်းပင် လီယွန်မြို့မှ ဂိုဏ်းချုပ်ယန်း ဘဲလ်မဲန်သည် သာမန်လူများ ဟောပြောခွင့်မရှိဟု တင်းကျပ်စွာတားမြစ်လေသည်။ ဗော့ဒီဇ်က တမန်တော် ၅:၂၉ ကိုကိုးကား၍ “လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏” ဟုပြောဆိုခဲ့၏။ ဗော့ဒီဇ်သည် တားမြစ်ချက်ကိုမလိုက်နာသောကြောင့် ၁၁၈၄ ခုနှစ်တွင် ချာ့ခ်ျမှနှင်ထုတ်ခံလိုက်ရသည်။
ဝေါလ်ဒဲန်းဆီစ်များကို လီယွန်မြို့၊ ဂိုဏ်းအုပ်၏နယ်ပယ်မှ မောင်းထုတ်၍ မြို့ပြင်အထိ လိုက်၍နှောင့်ယှက်ခဲ့ကြသော်လည်း ကနဦးပြစ်တင်ဝေဖန်မှုက သဘောတရားမျှသာဖြစ်ပုံရ၏။ သာမန်လူတန်းစားများစွာသည် ဝေါလ်ဒဲန်းဆီစ်များ၏စိတ်ရင်းမှန်မှုနှင့် ဘဝလမ်းစဉ်ကို ချီးကျူးခဲ့ကြပြီး ဘိရှော့များပင် သူတို့နှင့် စကားစမြည်ဆက်ပြောဆိုကြ၏။
သမိုင်းပညာရှင် ယူအာန်ကဲန်မရွန်း၏အဆိုအရ ဝေါလ်ဒဲန်းဆီယန်တရားဟောဆရာများသည် “ရောမချာ့ခ်ျကိုယ်နှိုက်ကို ဆန့်ကျင်ခြင်း” မဟုတ်ကြောင်း ထင်ရှားပါသည်။ သူတို့သည် “ဟောပြောသွန်သင်လို၍” သာဖြစ်သည်။ ဆက်တိုက်ထွက်လာသောအမိန့်စာများက ထိုအဖွဲ့၏လှုပ်ရှားမှုကို အယူမှားမှုအဖြစ် တဖြည်းဖြည်းသတ်မှတ်စေပြီး ၎င်းတို့၏သြဇာကိုလျော့နည်းစေခဲ့သည်ဟု သမိုင်းပညာရှင်များက ဆိုကြ၏။ စတုတ္ထမြောက်လက်တရင်ကောင်စီသည် ၁၂၁၅ ခုနှစ်တွင် ဝေါလ်ဒဲန်းဆီစ်များကို ဆန့်ကျင်ရှုတ်ချမှုဖြင့် ချာ့ခ်ျ၏ပြစ်တင်ဝေဖန်မှုများ အထွတ်အထိပ်သို့ရောက်ရှိလာခဲ့သည်။ ၎င်းက သူတို့၏ဟောပြောခြင်းကို မည်သို့ထိခိုက်ခဲ့သနည်း။
သူတို့ တောခိုကြ
၁၂၁၇ ခုနှစ်တွင် ဗော့ဒီဇ် ကွယ်လွန်သွားပြီးနောက် ညှဉ်းပန်းနှိပ်စက်မှုကြောင့် သူ၏တပည့်နောက်လိုက်များသည် ပြင်သစ်အယ်လပိုင်း
တောင်ကြားများ၊ ဂျာမနီ၊ မြောက်ပိုင်းအီတလီနှင့် ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်းသို့ ကွဲလွင့်သွားကြလေသည်။ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဝေါလ်ဒဲန်းဆီစ်များသည် တောရွာများတွင် အခြေချနေထိုင်ခဲ့ကြရာ ဒေသများစွာတွင် သူတို့၏ဟောပြောခြင်းလုပ်ငန်း အရှိန်လျော့နည်းသွားသည်။၁၂၂၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံတောင်ဘက်ရှိ ကက်သရိုင်း သို့မဟုတ် အယ်လ်ဘဂျင်စ္စ တို့ကိုတိုက်ခိုက်သည့် ချာ့ခ်ျ၏ဘာသာရေးစစ်ပွဲ အဆုံးတိုင်ခဲ့၏။ * ပြီးနောက် ဝေါလ်ဒဲန်းဆီစ်များကို တိုက်ခိုက်လေသည်။ မကြာမီတွင် ချာ့ခ်ျကိုဆန့်ကျင်သူရှိရှိသမျှ မညှာမတာ စစ်ဆေးမေးမြန်းခံကြရတော့မည်။ ဝေါလ်ဒဲန်းဆီစ်များသည် ကြောက်ရွံ့ကာ တောခိုသွားကြ၏။ ၁၂၃၀ ပြည့်နှစ်တွင် သူတို့သည် လူသိရှင်ကြား မဟောပြောကြတော့ချေ။ “သူတို့သည် သိုးသစ်များကို လိုက်ရှာဖွေမည့်အစား . . . ဘာသာပြောင်းဝင်လာသူများကို ပြင်ပမှဖိအားပေးမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုကြားမှ သူတို့၏ယုံကြည်ခြင်းကို ထိန်းသိမ်းထားရန် ကြည့်ရှုစောင့်ရှောက်ခဲ့ကြသည်” ဟုအောဒီစ္စီယိုက ရှင်းပြ၏။ “ဟောပြောခြင်းသည် အရေးကြီးဆဲဖြစ်သော်လည်း လက်တွေ့ကျင့်သုံးခြင်းတွင် လုံးဝပြောင်းလဲသွားသည်” ဟုသူထပ်ဆင့်ဆိုသည်။
သူတို့၏ယုံကြည်ချက်များနှင့် အမူအကျင့်များ
ဟောပြောခြင်းလုပ်ငန်းတွင် အမျိုးသားများရော အမျိုးသမီးများပါ ပါဝင်စေမည့်အစား ၁၄ ရာစုတိုင်သော် ဝေါလ်ဒဲန်းဆီစ်များသည် ဟောပြောသူများနှင့် ယုံကြည်သူများဟူ၍ ခွဲခြားလာလေသည်။ ထိုအချိန်တွင် ကောင်းစွာလေ့ကျင့်ပေးထားသော အမျိုးသားများသာ တရားဟောခြင်းလုပ်ငန်း၌ ပါဝင်လုပ်ဆောင်ကြသည်။ ဤလှည့်လည်ဟောပြောကြသော အဆိုပါအမှုဆောင်များကို နောက်ပိုင်းတွင် ဘာဘ်စ် (ဦးလေးများ) ဟုလူသိများလာခဲ့ကြသည်။
ဝေါလ်ဒဲန်းဆီယန်မိသားစုများ၏အိမ်များသို့ လည်ပတ်ကြသော ဘာဘ်စ်တို့သည် အဖွဲ့အစည်းကျယ်ပြန့်မှုထက် မပျောက်မပျက်ဆက်တည်ရှိစေရန် လုပ်ဆောင်ခဲ့ကြသည်။ ဘာဘ်စ်အားလုံးသည် ဖတ်နိုင်၊ ရေးနိုင်ကြပြီး သူတို့တက်ကြရသည့် ခြောက်နှစ်ကြာသင်တန်းမှာ ကျမ်းစာအပေါ်အခြေပြု၏။ တိုင်းရင်းဘာသာစကားဖြင့် ကျမ်းစာကိုအသုံးပြုကြသည့်အတွက် သူတို့၏သိုးတော်စုများကို ကျမ်းစာရှင်းပြနိုင်ခဲ့ကြသည်။ ဝေါလ်ဒဲန်းဆီစ်များကို ဆန့်ကျင်သူများကပင် ဝေါလ်ဒဲန်းဆီစ်အားလုံးသည် သူတို့၏ကလေးများအပါအဝင် ကျမ်းစာအခြေခံသည့် ယဉ်ကျေးမှုရှိပြီး ကျမ်းပိုဒ်အတော်များများကို ကိုးကားဖော်ပြနိုင်သည်ဟု ဝန်ခံကြသည်။
အစောပိုင်းဝေါလ်ဒဲန်းဆီစ်များသည် အခြားသွန်သင်ချက်များအပြင် မုသာသုံးခြင်း၊ ငရဲကလေး၊ လူသေများအတွက် မတ်စ်ပွဲကျင်းပခြင်း၊ ဘုန်းကြီးများထံ အာပတ်ဖြေ ခွင့်လွှတ်မှုရယူခြင်းနှင့် မာရိ သို့မဟုတ် “စိန့်များ” အား ကိုးကွယ်ခြင်းတို့ကို ငြင်းပယ်ကြသည်။ ထို့ပြင် သခင့်ညစာစားပွဲဖြစ်သည့် နောက်ဆုံးညစာစားပွဲကိုလည်း သူတို့နှစ်စဉ်ကျင်းပကြ၏။ လမ်ဘတ်၏အဆိုအရ သူတို့၏ဝတ်ပြုမှုပုံစံသည် “သာမန်လူတန်းစား၏ ဘာသာရေး” ပုံစံဖြစ်သည်ဟုဆို၏။
“နှစ်ဘဝစံ”
ဝေါလ်ဒဲန်းဆီစ်အသိုင်းအဝိုင်းသည် နီးနီးကပ်ကပ်ရှိကြသည်။ အဖွဲ့ဝင်အချင်းချင်း အိမ်ထောင်ပြုကြကာ နှစ်များတစ်လျှောက်တွင် ဝေါလ်ဒဲန်းဆီယန်မျိုးနွယ်အမည်များ ထွက်ပေါ်လာသည်။ သို့သော် ဝေါလ်ဒဲန်းဆီစ်များ ဆက်တည်ရှိရေးအတွက် သူတို့၏ခံယူချက်များကို ကြိုးစားလျှို့ဝှက်ခဲ့ကြရသည်။ သူတို့၏ဘာသာရေးခံယူချက်များ၊ အလေ့အထများကို လျှို့ဝှက်ထားခဲ့ခြင်းကြောင့် အတိုက်အခံပြုသူများအတွက် သူတို့ကို မဟုတ်မမှန်စွပ်စွဲပြောဆိုရန် လွယ်ကူသွားစေခဲ့သည်၊ ဥပမာ၊ သူတို့သည် စာတန်ကိုဝတ်ပြုသည်ဟု ပြောဆိုကြ၏။ *
ဤသို့သောစွပ်စွဲချက်များကို ဝေါလ်ဒဲန်းဆီစ်များ ဟန့်တားသည့်နည်းတစ်နည်းမှာ ကက်သလစ်ဝတ်ပြုရေးနှင့် ညှိနှိုင်းပြုမူခြင်းဖြစ်ရာ ထိုသို့ပြုမူခြင်းကို သမိုင်းပညာရှင် ကဲန်မရွန်းက “စတိလောက်လုပ်ဆောင်ခြင်း” ဟုခေါ်ဆိုသည်။ ဝေါလ်ဒဲန်းဆီစ်များစွာသည် ကက်သလစ်ဘုန်းကြီးများထံသွား၍ အပြစ်ဝန်ခံ အာပတ်ဖြေကြသည်၊ မတ်စ်ပွဲတော်တက်ကြသည်၊ ပရိတ်ရေကိုအသုံးပြုကြသည့်အပြင် ဘုရားဖူးပင်သွားကြသည်။ “သူတို့၏ကက်သလစ်အိမ်နီးချင်းများ ပြုမူကြသကဲ့သို့ အတော်များများပြုလုပ်ကြသည်” ဟုလမ်ဘတ်က ဖော်ပြ၏။ နောက်ဆုံးတွင် ဝေါလ်ဒဲန်းဆီစ်များသည် “နှစ်ဘဝစံကြသည်” ဟု အောဒီစ္စီယိုက ပွင့်ပွင့်လင်းလင်းဖော်ပြသည်။ “တစ်ဖက်တွင် သူတို့အတော်အသင့်အေးဆေးငြိမ်သက်စွာ နေထိုင်နိုင်ရန် ကက်သလစ်များအတိုင်း ပြုမူကျင့်ကြံကြသော်လည်း နောက်တစ်ဖက်တွင်မူ သူတို့အသိုင်းအဝိုင်း ဆက်တည်ရှိရေးအတွက် သူတို့၏ဘာသာရေးဓလေ့ထုံးစံ အတော်များများကို ပြုမူဆောင်ရွက်ကြသည်” ဟုဖြည့်စွက်ပြောပြသည်။
အယူမှားခြင်းမှ ပရိုတက်စတင့်အယူဝါဒသို့
၁၆ ရာစုတွင် ပြုပြင်ပြောင်းလဲရေးက ဥရောပနိုင်ငံ၏ ဘာသာရေးအခြေအနေကို အကြီးအကျယ်ပြုပြင်ပြောင်းလဲခဲ့သည်။ ဘာသာရေးသည်းမခံနိုင်မှုကို ခံရသူများသည် မိမိတို့၏နိုင်ငံတွင် တရားဝင်အသိအမှတ်ပြုခံရရန် ကြိုးစားနိုင်လျှင်ကြိုးစား၊ သို့မဟုတ် ပို၍အခွင့်သာ
သော တိုင်းတစ်ပါးသို့ပြောင်းရွှေ့နေထိုင်နိုင်ကြသည်။ လူအများသည် အခြေကျပြီးဖြစ်သော ဘာသာရေးအယူအဆများကို စောဒကတက်လာကြရာ အယူမှားခြင်းကိုလည်း ယခင်လောက် ရေးကြီးခွင့်ကျယ် မပြုကြတော့ချေ။၁၅၂၃ ခုနှစ်ကတည်းက နာမည်ကြီးပြုပြင်ပြောင်းလဲရေးသမား မာတင်လူသာသည် ဝေါလ်ဒဲန်းဆီစ်များအကြောင်း ဖော်ပြပြောဆိုခဲ့သည်။ ၁၅၂၆ ခုနှစ်တွင် ဝေါလ်ဒဲန်းဆီယန် ဘာဘ်စ်တစ်ဦးသည် ဥရောပတွင် ဘာသာတရားအခြေအနေ တိုးတက်နေသည့်သတင်းကို အဲ့လ်ပ်တောင်တန်း၌ ပြန်လာပြောပြသည်။ ထိုသို့ဖြစ်ပြီးနောက် ပရိုတက်စတင့်လူစုများသည် ဝေါလ်ဒဲန်းဆီစ်များနှင့် ယုံကြည်ချက်ချင်း ဆွေးနွေးနှီးနှောခဲ့ကြ၏။ မူရင်းဘာသာစကားများမှ ပြင်သစ်ဘာသာစကားသို့ ဦးဆုံးဘာသာပြန်ကျမ်းကို တာဝန်ယူထုတ်လုပ်ရန် ဝေါလ်ဒဲန်းဆီစ်များကို ပရိုတက်စတင့်တို့က အားပေးခဲ့၏။ ယင်းကျမ်းစာကို ၁၅၃၅ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့ပြီး နောက်ပိုင်းတွင် ၎င်းကို အော့လီဗဲတာန်ကျမ်းဟု လူအများက ခေါ်ဝေါ်ခဲ့ကြသည်။ သို့သော် ထူးဆန်းသည်မှာ ဝေါလ်ဒဲန်းဆီစ်အများစုသည် ပြင်သစ်ဘာသာစကား နားမလည်ကြခြင်းဖြစ်သည်။
ချာ့ခ်ျက အဆက်မပြတ်ညှဉ်းပန်းနှိပ်စက်သောကြောင့် ဝေါလ်ဒဲန်းဆီစ်အတော်များများသည် ပြည်ပမှဝင်ရောက်နေထိုင်လာကြသော ပရိုတက်စတင့်များကဲ့သို့ ပြင်သစ်တောင်ဘက်ရှိ ပို၍လုံခြုံသော ပရိုးဗင့်ဒေသတွင် အခြေချနေထိုင်ခဲ့ကြ၏။ မကြာမီ ပြည်ပမှ ဤသို့ဝင်ရောက်နေထိုင်လာခြင်းအကြောင်းကို အာဏာပိုင်များ သိရှိသွားကြသည်။ ဝေါလ်ဒဲန်းဆီစ်များ၏ ဘဝပုံစံနှင့် သူတို့၏ကိုယ်ကျင့်တရားတို့ကို လူများစွာ ချီးမွမ်းပြောဆိုနေကြသော်လည်း အချို့က သူတို့၏သစ္စာစောင့်သိမှုကို စစ်ဆေးမေးမြန်းလာကြပြီး သူတို့သည် ငြိမ်ဝပ်ပိပြားရေးကို ခြိမ်းခြောက်နေကြသည်ဟု စွပ်စွဲခဲ့ကြသည်။ မဲရီန်ဒိုလ်အမိန့်ထွက်လာပြီးနောက် ဤဆောင်းပါး၏ နိဒါန်းပိုင်းတွင်ဖော်ပြထားသည့် ကြောက်မက်ဖွယ်သွေးထွက်သံယိုမှု ဖြစ်ပေါ်ခဲ့၏။
ကက်သလစ်များနှင့် ဝေါလ်ဒဲန်းဆီစ်များစပ်ကြား ဆက်ဆံရေးအခြေအနေသည် မကောင်းတော့ချေ။ ဝေါလ်ဒဲန်းဆီစ်များသည် တိုက်ခိုက်ခံရသည့်အတွက် မိမိတို့ကိုယ်ကို ကာကွယ်ရန် စစ်လက်နက်ကိုပင် အသုံးပြုခဲ့ကြသည်။ ဤပဋိပက္ခကြောင့် သူတို့သည် ပရိုတက်စတင့်သိုးခြံထဲသို့ ရောက်သွားခဲ့ကြသည်။ သို့ဖြင့် ဝေါလ်ဒဲန်းဆီစ်များသည် ပရိုတက်စတင့်အယူဝါဒနှင့် ပေါင်းမိလေ၏။
ရာစုနှစ်များတစ်လျှောက် ဝေါလ်ဒဲန်းဆီယန်ချာ့ခ်ျများကို ပြင်သစ်နိုင်ငံမှဝေးလံသော ယူရုဂွေးနှင့် အမေရိကန်ပြည်ထောင်စုအစရှိသော နိုင်ငံများတွင် တည်ထောင်ခဲ့သည်။ သို့သော် ပရိုတက်စတင့်အယူဝါဒ၏ “လွှမ်းမိုးမှု” ကိုခံခဲ့ရသည့် “ပြုပြင်ပြောင်းလဲရေးအချိန်ကာလတွင် ဝေါလ်ဒဲန်းဆီယန်အယူဝါဒ အဆုံးတိုင်လေတော့သည်” ဟုအောဒီစ္စီယို၏အဆိုကို သမိုင်းပညာရှင်အများစုက သဘောတူကြသည်။ အမှန်မှာ၊ ဝေါလ်ဒဲန်းဆီယန်လှုပ်ရှားမှုသည် အစောပိုင်းရာစုနှစ်များတွင်ရှိခဲ့သော ၎င်း၏ကနဦးဇွဲလုံ့လ ပျောက်ဆုံးခဲ့ပေပြီ။ ၎င်းအဖွဲ့ဝင်များသည် ကျမ်းစာဟောပြောခြင်းနှင့် သွန်သင်ခြင်းကို ကြောက်ရွံ့စွာစွန့်ပယ်ခဲ့ချိန်က ထိုသို့ဖြစ်ပျက်ခဲ့၏။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 7 ဗော့ဒီဇ်ကို ဗာလ်ဒီဇ်၊ ဗာလ်ဒီဇီအာစ်၊ ဝါလ်ဒိုဟု အမျိုးမျိုးခေါ်ကြသည်။ နောက်ဆုံးအမည်ကြောင့် “ဝေါလ်ဒဲန်းဆီစ်” ဟုအမည်တွင်လေသည်။ ဝေါလ်ဒဲန်းဆီစ် သို့မဟုတ် ဝေါလ်ဒဲန်းဆီယန်တို့ကို လီယွန်လူမွဲများဟုလည်း လူသိများခဲ့ကြ၏။
^ အပိုဒ်၊ 8 ၁၁၉၉ ခုနှစ်ကတည်းက ပြင်သစ်အရှေ့မြောက်ပိုင်းရှိ မက်စ်ဘိရှော့က လူတို့သည် တိုင်းရင်းဘာသာစကားဖြင့် ကျမ်းစာကို ဖတ်ရှုဆွေးနွေးနေကြသည်ဟု ပုပ်ရဟန်းမင်းအင်နိုးစင့် ၃ ကိုတိုင်ကြားခဲ့၏။ ဝေါလ်ဒဲန်းဆီစ်တို့ကို ဘိရှော့ဆိုလိုနေခြင်း ဖြစ်နိုင်ဖွယ်ရှိသည်။
^ အပိုဒ်၊ 15 ၁၉၉၅၊ စက်တင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၇-၃၀ ပါ “ကက်သရိုင်းများ—သူတို့သည် ခရစ်ယာန်အာဇာနည်းများလော” ကိုရှု။
^ အပိုဒ်၊ 21 ဝေါလ်ဒဲန်းဆီစ်များကို အဆက်မပြတ်အသရေဖျက်ခြင်းကြောင့် (ပြင်သစ်စကားလုံး ဗောဒဝါ မှဆင်းသက်သည့်) ဗော့ဒါရီ ဟူသော အသုံးအနှုန်းဖြစ်ပေါ်လာသည်။ ၎င်းစကားလုံးကို မသင်္ကာဖွယ်အယူမှားသူများ သို့မဟုတ် စာတန်ကိုဝတ်ပြုသူများနှင့်ပတ်သက်၍ အသုံးပြု၏။
[စာမျက်နှာ ၂၃ ပါ မြေပုံ/ ရုပ်ပုံ]
(ကားချက်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ဩဇာရှိခဲ့သော ဒေသများ
ပြင်သစ်
လီယွန်
ပရိုးဗင့်
လူဘဲရောန်
စထရာ့စ်ဘာ့ဂ်
မီလန်
ရောမ
ဘာလင်
ပရားဂ်
ဗီယင်နာ
[ရုပ်ပုံ]
၁၅၃၅ ခုနှစ်တွင်ထုတ်ဝေခဲ့သော အော့လီဗဲတာန်ဘာသာပြန်ကျမ်းကို ဝေါလ်ဒဲန်းဆီစ်များက တာဝန်ယူထုတ်ခဲ့
[Credit Line]
Bible: © Cliché Bibliothèque nationale de France, Paris
[စာမျက်နှာ ၂၀၊ ၂၁ ပါ ရုပ်ပုံ]
ဗော့ဒီဇ်
သက်ကြီးရွယ်အို ဝေါလ်ဒဲန်းဆီယန်အမျိုးသမီးနှစ်ဦးကို မီးရှို့ခြင်း
[Credit Line]
Pages 20 and 21: © Landesbildstelle Baden, Karlsruhe