နိုးနိုးကြားကြား၊ ရဲစွမ်းသတ္တိရှိရှိ ရှေ့သို့ချီတက်လော့!
နိုးနိုးကြားကြား၊ ရဲစွမ်းသတ္တိရှိရှိ ရှေ့သို့ချီတက်လော့!
အထူးအစည်းအဝေးများ အပေါ် အစီရင်ခံချက်
“ခဲယဉ်းသောကာလ” တွင် ကျွန်ုပ်တို့အသက်ရှင်နေကြောင်း မည်သူအမှန်ငြင်းဆိုနိုင်သနည်း။ ယေဟောဝါသက်သေများအနေနှင့် ‘နောက်ဆုံးနေ့ရက်များ’ တွင် နေထိုင်ရခြင်း၏ဖိစီးမှုများကို ကျွန်ုပ်တို့မကင်းလွတ်ကြပါ။ (၂ တိမောသေ ၃:၁-၅) သို့သော် လူတို့အကူအညီလိုနေသည်ကို ကျွန်ုပ်တို့အသိအမှတ်ပြုကြပါသည်။ လောကအဖြစ်အပျက်များ၏အဓိပ္ပာယ်ကို သူတို့နားမလည်ကြချေ။ ထို့ကြောင့် နှစ်သိမ့်မှုနှင့် မျှော်လင့်ချက် လိုအပ်နေကြသည်။ လူသားချင်းတို့ကိုကူညီပေးရာတွင် ကျွန်ုပ်တို့၏အဓိကကဏ္ဍကား အဘယ်နည်း။
ဘုရားသခင်၏တည်ထောင်ပြီးသော နိုင်ငံတော်သတင်းကောင်းဝေမျှရန် ဘုရားသခင်ပေးတာဝန်ကို ကျွန်ုပ်တို့ရရှိထားကြသည်။ (မဿဲ ၂၄:၁၄) ဤကောင်းကင်နိုင်ငံတော်သည် လူသားတို့အတွက် တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်ကြောင်း လူတို့သိဖို့လို၏။ သို့သော် ကျွန်ုပ်တို့၏သတင်းတရားကို အစဉ်သဖြင့် တလိုတလားလက်မခံကြပါ။ အချို့နေရာများတွင် ကျွန်ုပ်တို့၏လုပ်ငန်းကို ပိတ်ပင်ထားရုံမက ကျွန်ုပ်တို့၏ညီအစ်ကိုများကို နှိပ်စက်ညှဉ်းပန်းနေကြသည်။ သို့တိုင် ကျွန်ုပ်တို့အရှုံးမပေးကြပါ။ ယေဟောဝါကို ယုံကြည်မှုအပြည့်ဖြင့် သတင်းကောင်းကို မပြတ်ဟောပြောလျက် နိုးနိုးကြားကြား၊ ရဲစွမ်းသတ္တိရှိရှိနှင့် ရှေ့သို့ဆက်၍ချီတက်ရန် ကျွန်ုပ်တို့သန္နိဋ္ဌာန်ချထားကြပါသည်။—တမန်တော် ၅:၄၂။
ထိုခိုင်မာသောသန္နိဋ္ဌာန်ရှိကြောင်း ၂၀၀၁၊ အောက်တိုဘာလတွင်ကျင်းပခဲ့သော အထူးအစည်းအဝေးများတွင် ပေါ်လွင်ထင်ရှားခဲ့သည်။ အောက်တိုဘာ ၆ ရက်၊ စနေ့နေ့တွင် ပဲင်စီလ်ဘေးနီးယား ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း၏ နှစ်ပတ်လည်အစည်းအဝေးကို အမေရိကန်ပြည်ထောင်စု၊ ဂျာစီစီးတီး၊ နယူးဂျာစီရှိ ယေဟောဝါသက်သေများ၏စည်းဝေးခန်းမ၌ ကျင်းပခဲ့ကြသည်။ * နောက်တစ်နေ့တွင် အခြားအစည်းအဝေးများကို လေးနေရာတွင် ထပ်၍ကျင်းပခဲ့ကြသည်၊ ၎င်းတို့ကို အမေရိကန်ပြည်ထောင်စု၌သုံးခု၊ ကနေဒါနိုင်ငံ၌တစ်ခုကျင်းပသည်။ *
နှစ်ပတ်လည်အစည်းအဝေး၌ ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ၊ သဘာပတိ ဆယ်မြူအယ်လ် အက်ဖ်. ဟာ့ဒ်က သူ၏နိဒါန်းတွင် ဆာလံ ၉၂:၁၊ ၄ ကိုညွှန်းပြီး “ကျေးဇူးတင်ကြောင်း ကျွန်တော်တို့တင်ပြလိုကြပါသည်” ဟုဖော်ပြခဲ့သည်။ ကျေးဇူးတင်သင့်သည့်အကြောင်းရင်းများကို ကမ္ဘာတစ်ဝန်းမှ အစီရင်ခံစာငါးခုကဖော်ပြသည်။
နေရာအနှံ့မှအစီရင်ခံစာများ
ယခင်က ဂိုးလ်ကို့စ်ဟုခေါ်ခဲ့ကြသော ဂါနာနိုင်ငံတွင် ဟောပြောခြင်းလုပ်ငန်းတိုးတက်ခြင်းအကြောင်းကို ညီအစ်ကို အဲလ်ဖရဒ် ကွာချီကအစီရင်ခံခဲ့သည်။ ထိုနိုင်ငံတွင် ကျွန်ုပ်တို့၏လုပ်ငန်းကို နှစ်အတန်
ကြာပိတ်ပင်ထားခဲ့သည်။ လူအများက “ဘာလို့ပိတ်ပင်တာလဲ၊ သင်တို့ဘာလုပ်လို့လဲ” ဟုမေးခဲ့ကြ၏။ ယင်းကြောင့် သက်သေခံဖို့အခွင့်အရေးများရသည်ဟု ညီအစ်ကိုကွာချီရှင်းပြသည်။ ၁၉၉၁ ခုနှစ်၌ ပိတ်ပင်မှုကိုရုပ်သိမ်းလိုက်သောအခါ ဂါနာနိုင်ငံတွင် ယေဟောဝါသက်သေ ၃၄,၄၂၁ ဦးရှိ၏။ ၂၀၀၁၊ ဩဂုတ်လတွင် ၉၈ ရာခိုင်နှုန်းတိုးတက်ခဲ့ရာ စုစုပေါင်း ၆၈,၁၅၂ ဦးရှိပါသည်။ ယခု လူ ၁၀,၀၀၀ ဆံ့သော အစည်းအဝေးခန်းမတစ်လုံးဆောက်လုပ်ရန် စီစဉ်လျက်ရှိသည်။ ဂါနာနိုင်ငံရှိ ကျွန်ုပ်တို့၏ဝိညာဉ်ရေးညီအစ်ကိုများသည် ဘာသာရေးလွတ်လပ်ခွင့်ကို အခွင့်ကောင်းယူနေကြသည်မှာ ထင်ရှားပါသည်။အိုင်ယာလန်နိုင်ငံတွင် နိုင်ငံရေးမငြိမ်မသက်မှုကြားမှ ကျွန်ုပ်တို့၏ညီအစ်ကိုများသည် ဓမ္မအမှု၌ တက်ကြွစွာပါဝင်နေကြပြီး သူတို့၏ကြားနေရပ်တည်မှုကြောင့် လေးစားခံနေရကြသည်။ အိုင်ယာလန်တွင် တိုက်နယ် ၆ ခု၌ အသင်းတော် ၁၁၅ ခုရှိကြောင်း ဌာနခွဲကော်မတီဝင် ပီတာအင်ဒရူးစ်ကပြောပြသည်။ ညီအစ်ကိုအင်ဒရူးစ်က ကျောင်းတွင် မကြောက်မရွံ့သက်သေခံခဲ့သော ဆယ်နှစ်သား လီယမ်၏တွေ့ကြုံမှုကိုပြောပြသည်။ လီယမ်သည် အတန်းဖော် ၂၅ ဦးနှင့် ဆရာမဖြစ်သူအား ယေဟောဝါသက်သေများထုတ်ဝေခဲ့သော ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်ကို ဝေငှခဲ့သည်။ လီယမ်သည် နှစ်ခြင်းခံယူလိုသော်လည်း တစ်စုံတစ်ဦးက သူ့အသက်ငယ်လွန်းသည်မဟုတ်လောဟု မေးမြန်းခဲ့သည်။ လီယမ်က ဤသို့ဖြေဆိုခဲ့သည်– “အဆုံးအဖြတ်ပေးရမယ့်အချက်က ကျွန်တော့်ရဲ့အသက်အရွယ်မဟုတ်ဘဲ ယေဟောဝါအပေါ်ထားရှိတဲ့ ကျွန်တော်ရဲ့မေတ္တာပါပဲ။ ကိုယ်တော်ကို ကျွန်တော်ဘယ်လောက်ချစ်တယ်ဆိုတာ ကျွန်တော့်နှစ်ခြင်းက တင်ပြပါလိမ့်မယ်။” လီယမ်၏ပန်းတိုင်မှာ ခရစ်ယာန်သာသနာပြုတစ်ဦးဖြစ်လာရန်တည်း။
၁၉၆၈ ခုနှစ်တွင် ဗင်နီဇွဲလားနိုင်ငံတွင် သတင်းကောင်းကြေညာသူ ၅,၄၀၀ ရှိခဲ့သည်။ သို့သော် ယခု ၈၈,၀၀၀ ကျော်ပြီဟု ဌာနခွဲကော်မတီညှိနှိုင်းရေးမှူး စတီဖန် ဂျိုဟန်စဲန်ကဖော်ပြသည်။ ၂၀၀၁ ခုနှစ်တွင် အောက်မေ့ရာပွဲသို့ ၂၉၆,၀၀၀ ကျော်တက်ရောက်ခဲ့ရာ နောက်ထပ်တိုးတက်ဖို့ အလားအလာရှိသေးသည်။ ၁၉၉၉၊ ဒီဇင်ဘာလတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ရွှံ့များလျှောစီးသဖြင့် သက်သေခံများစွာအပါအဝင် လူပေါင်း ၅၀,၀၀၀ ခန့်သေဆုံးခဲ့သည်။ ကျွန်ုပ်တို့၏ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခုလုံးသည် မျက်နှာကြက်ရောက်ဖို့နှစ်ပေအကွာအထိ ရွှံ့များပြည့်နေခဲ့သည်။ တစ်ယောက်က ထိုအဆောက်အဦကို ပစ်ထားလိုက်ဖို့ အကြံပေးသောအခါ ညီအစ်ကိုများက ဤသို့တုံ့ပြန်ခဲ့ကြသည်– “လုံးလုံးမပစ်ထားနိုင်ဘူး! ဒါဟာ ကျွန်တော်တို့ရဲ့နိုင်ငံတော်ခန်းမ၊ စွန့်ပစ်မထားနိုင်ဘူး။” ရွှံ့များ၊ ကျောက်ခဲများနှင့် အခြားအကျိုးအပဲ့အစအန တန်ချိန်ပေါင်းများစွာကို သူတို့ထုတ်ပစ်ခဲ့ကြသည်။ ထိုအဆောက်အဦကို ပြန်လည်ပြုပြင်ဆောက်လုပ်ခဲ့ကြရာ ဘေးဒဏ်မကျရောက်မီကထက် ယခုပို၍လှပနေသည်ဟု ညီအစ်ကိုများကဆိုသည်။
ဖိလစ်ပိုင်နိုင်ငံတွင် ဘာသာစကားနှင့် ဒေသန္တရဘာသာစကား ၈၇ ခုပြောဆိုကြသည်ဟု ဌာနခွဲကော်မတီညှိနှိုင်းရေးမှူး ညီအစ်ကို ဒဲန်တင် ဟော့ပ်ကင်စင်ကဆို၏။ လွန်ခဲ့သောလုပ်ငန်းတော်နှစ်အတွင်း ၎င်းနိုင်ငံ၏အဓိကဘာသာစကားသုံးမျိုးဖြစ်သော စေဘွာနို၊ အီလိုကိုနှင့် တာဂါးလော့ဂ်ဘာသာစကားများဖြင့် သန့်ရှင်းသောကျမ်းစာစောင်များ၏ ကမ္ဘာသစ်ဘာသာပြန်ကျမ်းအပြည့်အစုံကို ထုတ်ဝေခဲ့၏။ ယေဟောဝါသက်သေများထုတ်ဝေခဲ့သော သင့်ကိုပျော်ရွှင်စေမည့်—သတင်းကောင်း [လိပ်] စာအုပ်ကိုဖတ်ရှုခဲ့သည့် ကိုးနှစ်အရွယ်
လူငယ်တစ်ဦး၏တွေ့ကြုံမှုကို ညီအစ်ကိုဟော့ပ်ကင်စင်ပြောပြခဲ့သည်။ သူသည် ဌာနခွဲမှ အခြားစာပေစာတမ်းများကိုလည်း ယူဖတ်ခဲ့သည်၊ သို့သော် သူ့မိသားစုက အတိုက်အခံလုပ်ခဲ့သည်။ နှစ်များကုန်လွန်ပြီးနောက် ဆေးကျောင်းတက်နေစဉ် သူသည် ဌာနခွဲနှင့်အဆက်အသွယ်ပြုလုပ်၍ ကျမ်းစာသင်အံမှုတောင်းဆိုခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် သူနှစ်ခြင်းခံယူခဲ့ပြီး မကြာမီပင် အချိန်ပြည့်ဓမ္မအမှုလုပ်ငန်းတွင် ပါဝင်ခဲ့သည်။ ယခုသူသည် ဇနီးသည်နှင့်အတူ ဌာနခွဲရုံး၌အမှုထမ်းနေပါသည်။‘ပွာတီရီကိုကျွန်းသည် “သက်သေခံတင်ပို့” ရေးလုပ်ငန်းကိုလုပ်ဆောင်နေသည်’ ဟုဌာနခွဲကော်မတီညှိနှိုင်းရေးမှူး ရော်နယ်လ် ပါကင်ကရှင်းပြသည်။ ထိုကျွန်းပေါ်တွင် ကြေညာသူ ၂၅,၀၀၀ ခန့်ရှိပြီး ၎င်းအရေအတွက်သည် နှစ်အတန်ကြာ တန့်နေသည်။ အဘယ်ကြောင့်နည်း။ ပွာတီရီကိုကျွန်းသည် အမေရိကန်ပြည်ထောင်စုသို့ ခန့်မှန်းချက်အရ နှစ်စဉ်ကြေညာသူ ၁,၀၀၀ ခန့် “တင်ပို့” ကြောင်း၊ ထိုသူအများမှာ စီးပွားရေးအတွက် ပြောင်းရွှေ့ခဲ့ကြကြောင်းသိရှိရသည်။ သွေးကင်ဆာရောဂါသည် ၁၇ နှစ်အရွယ် လူဝစ္စအမည်ရှိ သက်သေခံတစ်ဦး၏ အလွန်ထူးခြားသည့် တရားရုံး၏ဆုံးဖြတ်ချက်တစ်ခုအကြောင်း ညီအစ်ကိုပါကင်ပြောပြခဲ့သည်။ လူဝစ္စသည် သွေးသွင်းခြင်းကို ငြင်းပယ်ခဲ့သောကြောင့် သူ့အမှုကို တရားရုံးသို့ပို့ခဲ့သည်။ တရားသူကြီးကိုယ်တိုင် သူနှင့်စကားပြောဆိုလိုသောကြောင့် ဆေးရုံသို့သွားရောက်တွေ့ဆုံခဲ့သည်။ လူဝစ္စက သူ့ကိုဤသို့မေးခဲ့သည်– “ကြီးလေးတဲ့ရာဇဝတ်မှုတစ်ခုကို ကျွန်တော်ကျူးလွန်မယ်ဆိုရင် ကျွန်တော့်ကို လူကြီးတစ်ယောက်လို တရားစီရင်မယ်မဟုတ်လား၊ ဘုရားသခင့်စကားကို ကျွန်တော်နားထောင်ချင်တာကိုကျတော့ ဘာဖြစ်လို့ ကျွန်တော့်ကို အရွယ်မရောက်သေးတဲ့သူလို ဆက်ဆံရတာလဲ။” လူဝစ္စသည် အရွယ်မရောက်သေးသော်လည်း ရင့်ကျက်မှုရှိသောကလေးဖြစ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်သူဖြစ်ကြောင်း တရားသူကြီးယုံကြည်စိတ်ချခဲ့သည်။
ဝေးလံသောတိုင်းပြည်များမှ အစီရင်ခံစာများကိုတင်ပြပြီးနောက် ယူ.အက်စ်. ဌာနခွဲကော်မတီဝင် ဟယ်ရယ်လ် ကော့ကဲန်က ယေဟောဝါ၏ သက်တမ်းရင့်ကျေးကျွန်လေးဦးကို လူတွေ့ခေါ်မေးမြန်းခဲ့သည်။ အာသာဘိုနိုသည် အချိန်ပြည့်လုပ်ငန်းတွင် ၅၁ နှစ်ပါဝင်ခဲ့ပြီဖြစ်၍ ယခု အီကွေဒေါဌာနခွဲကော်မတီတွင် အမှုထမ်းလျက်ရှိသည်။ အန်းဂျလို ကာတန်ဇာရိုသည် အချိန်ပြည့်လုပ်ငန်း၌ ၅၉ နှစ်ပါဝင်ခဲ့ပြီ၊ ထိုနှစ်များတစ်လျှောက် အများစုမှာ နယ်လှည့်ကြီးကြပ်မှူးအဖြစ်ဖြစ်သည်။ ရစ်ချက်ဒ် အေဗရာဟမ်စမ်သည် ၁၉၅၃ ခုနှစ်တွင် ဂိလဒ်ကျောင်းဆင်းခဲ့ပြီး ဘရွတ်ကလင်ဗေသလသို့ ပြန်မလာမီ ဒိန်းမတ်နိုင်ငံ၏လုပ်ငန်းကို ၂၆ နှစ်တိုင် ကြီးကြပ်ခွင့်ရရှိခဲ့သည်။ နောက်ဆုံးတွင် ၉၆ နှစ်အရွယ်ရှိ ကယ်ရီ ဒဗလျူ. ဘာဘာကို အားလုံးနားထောင်ရခြင်းကို ဝမ်းမြောက်ခဲ့ကြသည်။ ၁၉၂၁ ခုနှစ်တွင် နှစ်ခြင်းခံခဲ့သော ညီအစ်ကိုဘာဘာသည် အချိန်ပြည့်ဓမ္မအမှုကို ၇၈ နှစ်တိုင်ထမ်းဆောင်ခဲ့ပြီး ၁၉၇၈ ခုနှစ်မှစ၍ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သည်။
လှုံ့ဆော်သောဟောပြောချက်များ
နှစ်ပတ်လည်အစည်းအဝေးတွင် စဉ်းစားမှုကိုလှုံ့ဆော်ပေးသော အခန်းဆက်ဟောပြောချက်များကြားခဲ့ရသည်။ ညီအစ်ကို ရောဘတ် ဒဗလျူ. ဝေါ်လဲန်က “မိမိနာမအဖို့လူမျိုးတော်” အကြောင်းဟောပြောခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်နာမတော်အဖို့လူမျိုးတော်ဖြစ်ပြီး နိုင်ငံ ၂၃၀ ကျော်တွင်ရှိသည်။ ယေဟောဝါသည် ကျွန်ုပ်တို့ကို “နောင်အဖို့မျှော်လင့်ရာ” ပေးသနားထားပြီ။ (ယေရမိ ၂၉:၁၁၊ သမ) နှစ်သိမ့်မှုနှင့် စိတ်သက်သာမှုပေးသော တကယ်ကောင်းသောဘုရားသခင့်နိုင်ငံတော်သတင်းကို ကျွန်ုပ်တို့ဆက်၍ကြေညာကြရမည်။ (ဟေရှာယ ၆၁:၁) ညီအစ်ကို ဝေါ်လဲန်ဤသို့နိဂုံးချုပ်သည်– “ယေဟောဝါသက်သေများဆိုတဲ့ နာမည်နဲ့အညီ နေ့စဉ်နှင့်အမျှ ဆက်လက်အသက်ရှင်ကြပါစို့။”—ဟေရှာယ ၄၃:၁၀။
အစီအစဉ်၏နောက်ဆုံးအပိုင်းမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်သုံးဦး၏ အခန်းဆက်ဟောပြောချက်ဖြစ်သည်။ ၎င်း၏ခေါင်းစဉ်မှာ “ယခုအချိန်သည် နိုးကြား၊ မြဲမြံ၍ အစွမ်းခွန်အားတိုးပွားရမည့်အချိန်” ဟူ၍ဖြစ်သည်။—၁ ကောရိန္သု ၁၆:၁၃။
ဦးဆုံး၊ “ဤဆုံးခန်းချိန်၌ နိုးကြားနေ” အကြောင်းကို ညီအစ်ကို စတီဗင် လက်တ်ကဟောပြောသည်။ ပကတိအိပ်စက်ခြင်းသည် ဆုကျေးဇူးတစ်ခုဖြစ်သည်ဟု ညီအစ်ကိုလက်တ်ရှင်းပြသည်။ ယင်းက ကျွန်ုပ်တို့ကိုပြန်လည်အားရှိစေသည်။ သို့သော် ဝိညာဉ်ရေးအိပ်စက်ခြင်းသည် အကျိုးမပြုပါ။ (၁ သက်သာလောနိတ် ၅:၆) သို့ဖြစ်၍ ဝိညာဉ်ရေးအရ မည်သို့နိုးကြားနေနိုင်ကြမည်နည်း။ ညီအစ်ကိုလက်တ်က ဤဝိညာဉ်ရေး “ဆေးလုံး” သုံးမျိုးကိုဖော်ပြခဲ့သည်– “(၁) သခင်အရှင်၏လုပ်ငန်းတော်၌ အလုပ်များနေပါ။ (၁ ကောရိန္သု ၁၅:၅၈) (၂) ဝိညာဉ်ရေးလိုအပ်ရာကို သတိပြုပါ။ (မဿဲ ၅:၃) (၃) ပညာရှိစွာပြုမူဖို့ ကျမ်းစာအခြေပြုအကြံပေးချက်ကို တုံ့ပြန်ရန်အသင့်ရှိပါ။—သု. ၁၃:၂၀။
ညီအစ်ကို သီအိုဒေါရ်ဂျဲရက်စ်က “စမ်းသပ်မှုအောက် အခိုင်အမာရပ်တည်” ခေါင်းစဉ်ရှိ တက်ကြွသောဟောပြောချက်ကိုပေးခဲ့သည်။ ညီအစ်ကိုဂျဲရက်စ်က ဗျာဒိတ် ၃:၁၀ ကိုကိုးကားပြီး “‘စမ်းသပ်ရာအချိန်’ ကားအဘယ်နည်း” ဟုမေးမြန်းခဲ့သည်။ ထိုစမ်းသပ်မှုသည် ယခုကျွန်ုပ်တို့ရောက်ရှိနေသော “သခင့်နေ့တော်” ၌ဖြစ်ပျက်နေသည်။ (ဗျာဒိတ် ၁:၁၀၊ ကဘ) ထိုစမ်းသပ်မှုက ကျွန်ုပ်တို့သည် ဘုရားသခင့်တည်ထောင်ပြီးသောနိုင်ငံတော်ဘက်မှာရှိသလော၊ စာတန်၏အစီအစဉ်စနစ်ဆိုးဘက်မှာရှိသလောဟူသည့် အဓိကအရေးကိစ္စအပေါ် မူတည်သည်။ ထိုစမ်းသပ်ရာအချိန်မကုန်မဆုံးမချင်း စုံစမ်းနှောင့်ယှက်မှုများ၊ အခက်အခဲများ ရင်ဆိုင်နေကြရမည်။ ကျွန်ုပ်တို့သည် ယေဟောဝါနှင့် ကိုယ်တော်၏အဖွဲ့အစည်းကို ဆက်လက်တည်ကြည်ကြမည်လော။ ‘ထိုတည်ကြည်မှုကို ကျွန်ုပ်တို့တစ်ဦးချင်းစီ တင်ပြကြရမည်’ ဟုညီအစ်ကိုဂျဲရက်စ်ကဖော်ပြခဲ့သည်။
နောက်ဆုံးတွင် ညီအစ်ကိုဂျွန် အီး. ဘားရ်က “ဝိညာဉ်ရေးပုဂ္ဂိုလ်လုကာ ၁၃:၂၃-၂၅ ကိုညွှန်းလျက် “ကျဉ်းမြောင်းသောတံခါးဝကိုဝင်ခြင်းငှာ” ကျွန်ုပ်တို့ကြိုးစားအားထုတ်ကြရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ လူအများသည် အစွမ်းခွန်အားတိုးပွားရန် မကြိုးစားခဲ့ကြသောကြောင့် မအောင်မြင်ကြပါ။ ရင့်ကျက်သောခရစ်ယာန်များ ဖြစ်လာကြရန် ကျွန်ုပ်တို့၏ဘဝကဏ္ဍအားလုံးတွင် ကျမ်းစာမူများကို ကျင့်သုံးတတ်ကြရမည်။ ညီအစ်ကိုဘားရ်က ဤသို့တိုက်တွန်းခဲ့သည်– “ယခုအချိန်သည် (၁) ယေဟောဝါအား ပထမဆုံးနှင့် ရှေ့ဆုံးထားရန်; (၂) အစွမ်းခွန်အားတိုးပွားရန်နှင့် (၃) ယေဟောဝါ၏အလိုတော်ကိုဆောင်ရာတွင် ကြိုးပမ်းအားထုတ်ရန်အချိန်ဖြစ်ကြောင်း သင်တို့သဘောတူကြပေမည်။ ဤနည်းဖြင့် အဆုံးမဲ့အသက်သို့ပို့ဆောင်မည့် ကျဉ်းမြောင်းသောတံခါးကို ကျွန်ုပ်တို့ဝင်နိုင်ကြပါလိမ့်မည်။”
တစ်ဦးအဖြစ် အစွမ်းခွန်အားတိုးပွား” ဟူသော အဓိကအချက်ပေါ်မူတည်၍ ဟောပြောခဲ့သည်။နှစ်ပတ်လည်အစည်းအဝေး ပြီးဆုံးချိန်နီးလာသည်နှင့် အဖြေမရသေးသော မေးခွန်းတစ်ခုရှိပါသေးသည်၊ ၎င်းမှာ ၂၀၀၂ လုပ်ငန်းတော်နှစ်အတွက် နှစ်ချုပ်ကျမ်းချက်ကား အဘယ်နည်းဖြစ်သည်။ ထိုမေးခွန်းကို နောက်တစ်ရက်တွင် ဖြေဆိုခဲ့သည်။
နောက်ဆက်တွဲအစည်းအဝေး
တနင်္ဂနွေနေ့နံနက်ပိုင်းတွင် နောက်ဆက်တွဲအစည်းအဝေးအစီအစဉ်ကို စတင်သောအခါ အကြီးအကျယ်မျှော်လင့်စောင့်စားနေခဲ့ကြသည်။ ထိုအပတ်၏ကင်းမျှော်စင်သင်တန်းအကျဉ်းချုပ်နှင့် စတင်ပြီးနောက် နှစ်ပတ်လည်အစည်းအဝေး၏ ပေါ်လွင်ချက်အချို့ကို အကျဉ်းချုပ်တင်ဆက်ခဲ့သည်။ ထို့နောက် “ငါ့ထံသို့လာကြလော့။ ငါသည် လန်းဆန်းစေမည်” ဟူသော ၂၀၀၂ ခုနှစ်အတွက် နှစ်ချုပ်ကျမ်းချက်ကိုအခြေပြုသည့် ဟောပြောချက်ကို ကြားနာခဲ့ကြရ၍ အားလုံးပျော်ရွှင်ခဲ့ကြသည်။ (မဿဲ ၁၁:၂၈၊ ကဘ) ထိုဟောပြောချက်သည် ၂၀၀၁၊ ဒီဇင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင်သင်တန်းဆောင်းပါးများအပေါ် အခြေပြုပါသည်။
ထို့နောက် ၂၀၀၁၊ ဩဂုတ်လတွင် ပြင်သစ်နှင့် အီတလီနိုင်ငံ “ဘုရားသခင့်စကားတော်သွန်သင်သူများ” အထူးစည်းဝေးကြီးများကိုတက်ရောက်ခဲ့ကြသော ကိုယ်စားလှယ်အချို့က သူတို့စွဲမှတ်ခဲ့ရာများကို တင်ပြပြောဆိုခဲ့ကြသည်။ * နောက်ဆုံးတွင် ဘရွတ်ကလင်ဗေသလမှ ဧည့်ဟောပြောသူများက နောက်ဆုံးဟောပြောချက်နှစ်ခုကို ထိုနေ့အစီအစဉ်၏ပေါ်လွင်ချက်အဖြစ် ဟောခဲ့ကြသည်။
ပထမဟောပြောချက်၏ခေါင်းစဉ်မှာ “ဤခဲယဉ်းသောကာလအတွင်း ယေဟောဝါကို ရဲစွမ်းသတ္တိဖြင့် ယုံကြည်ကိုးစားခြင်း” ဖြစ်သည်။ ဟောပြောသူက အောက်ပါအဓိကအချက်များကို အကျယ်တဝင့်ရှင်းပြခဲ့သည်– (၁) ယေဟောဝါကို ရဲစွမ်းသတ္တိဖြင့် ယုံကြည်ကိုးစားခြင်းသည် ဘုရားသခင့်လူမျိုးတော်အတွက် အစဉ်အရေးပါခဲ့ပြီ။ အတိုက်အခံပြုခြင်းများကို ရင်ဆိုင်ရလျက်ကယ် ရဲစွမ်းသတ္တိနှင့် ယုံကြည်ခြင်းတင်ပြခဲ့ကြသူတို့၏ ပုံသက်သေမြောက်မြားစွာ သမ္မာကျမ်းစာတွင်ပါရှိသည်။ (ဟေဗြဲ ၁၁:၁–၁၂:၃) (၂) ယေဟောဝါကို လုံးလုံးလျားလျား ယုံကြည်ကိုးစားဖို့ ကျွန်ုပ်တို့အတွက် ခိုင်လုံသောအကြောင်းရင်း ပေးထားတော်မူသည်။ ကိုယ်တော်၏အမှုတော်များနှင့် ကိုယ်တော်၏စကားတော်က ကိုယ်တော်သည် မိမိ၏ကျေးကျွန်များကိုဂရုစိုက်တော်မူပြီး သူတို့ကိုဘယ်သောအခါမျှ မေ့လျော့မည်မဟုတ်ကြောင်း အာမခံသည်။ (၃) ယနေ့ ရဲစွမ်းသတ္တိနှင့် ယုံကြည်ကိုးစားမှု အထူးလိုအပ်သည်။ ယေရှုကြိုပြောခဲ့သည့်အတိုင်း ကျွန်ုပ်တို့သည် ‘အမုန်းခံရကြ’ ၏။ (မဿဲ ၂၄:၉) ကျွန်ုပ်တို့သည် ခံရပ်တည်ကြည်နိုင်ဖို့ ဘုရားသခင့်စကားတော်ကို အားကိုးရန်၊ ကိုယ်တော်၏ဝိညာဉ်တော်ကို ကျွန်ုပ်တို့ရရှိထားကြောင်း စိတ်ချရန်နှင့် သတင်းကောင်းကို ဆက်လက်ကြေညာရန် ရဲစွမ်းသတ္တိရှိဖို့လိုသည်။ (၄) ယခုပင် အတိုက်အခံပြုခြင်းကြုံတွေ့နေရကြောင်း သာဓကများကဖော်ပြသည်။ အာမီးနီးယား၊ ပြင်သစ်၊ ဂျော်ဂျီယာ၊ ကာဇက်စတန်၊ ရုရှားနှင့် တာ့ခ်မင်းနစ္စတန်နိုင်ငံများတွင် ကျွန်ုပ်တို့၏ညီအစ်ကိုများ ခံနေရသောအရာများကို ဟောပြောသူက ပြန်ပြောပြသောအခါ အားလုံးက အလွန်စိတ်ထိခိုက်ခဲ့ကြသည်။ ယခုအချိန်သည် အမှန်တကယ် ရဲစွမ်းသတ္တိတင်ပြ၍ ယေဟောဝါကိုယုံကြည်ကိုးစားရမည့်အချိန်ပင်!
နောက်ဆုံးဟောပြောသူက “ယေဟောဝါ၏အဖွဲ့အစည်းနှင့် စည်းလုံးစွာ ရှေ့သို့ချီတက်နေ” ဟူသောအဓိကအချက်ကို အကျယ်တဝင့်ရှင်းပြခဲ့သည်။ ထိုဟောပြောချက်တွင် အခန့်သင့်ဖော်ပြချက်များစွာပါသည်။ (၁) ယေဟောဝါ၏လူမျိုးတော်သည် ရှေ့သို့ချီတက်နေကြောင်းကို နေရာအနှံ့အပြားတွင် လူတို့သတိပြုကြသည်။ ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းနှင့် စည်းဝေးကြီးများက အများပြည်သူ အာရုံစိုက်စရာဖြစ်ခဲ့ပြီ။ (၂) စည်းလုံးသောအဖွဲ့အစည်းတစ်ခုကို ယေဟောဝါတည်ထောင်ခဲ့ပြီ။ ယေဟောဝါ၏စည်းလုံးသောမိသားစုထဲသို့ “ရှိရှိသမျှတို့” ဖြစ်သည့် ကောင်းကင်မျှော်လင့်ချက်ရှိသူများနှင့် မြေကြီးမျှော်လင့်ချက်ရှိသူများကို ယူဆောင်လာဖို့ ယေရှုသည် စီ.အီး. ၂၉ ခုနှစ်တွင် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ခန့်အပ်ခံခဲ့ရသည်။ (ဧဖက် ၁:) (၃) စည်းဝေးကြီးများသည် နိုင်ငံတကာစည်းလုံးမှု၏ ထူးခြားသော သာဓကများဖြစ်သည်။ ၎င်းကို လွန်ခဲ့သောသြဂုတ်လတွင် ပြင်သစ်နှင့် အီတလီနိုင်ငံ၌ ကျင်းပခဲ့သော အထူးစည်းဝေးကြီးများတွင် ပေါ်လွင်ထင်ရှားသည်။ (၄) ပြင်သစ်နှင့် အီတလီနိုင်ငံများတွင် စိတ်အားတက်ကြွဖွယ် အဓိဋ္ဌာန်တစ်ခုပြုခဲ့ကြသည်။ ဟောပြောသူက စိတ်အားတက်ဖွယ်အဓိဋ္ဌာန်ပြုချက်မှ ကောက်နုတ်ချက်အချို့ကို ဝေမျှခဲ့သည်။ အဓိဋ္ဌာန်ပြုချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။ ၈-၁၀
နောက်ဆုံးဟောပြောချက်၏နိဂုံးပိုင်းတွင် ဧည့်ဟောပြောသူက အုပ်ချုပ်ရေးအဖွဲ့ ပြင်ဆင်ပေးထားသော စိတ်လှုပ်ရှားဖွယ်ကြေညာချက်တစ်ခုကို ဖတ်ပြခဲ့သည်။ ၎င်းကြေညာချက်တစ်စိတ်တစ်ပိုင်းမှာ ဤသို့ဖြစ်၏– “ယခုအချိန်သည် ကမ္ဘာ့မြင်ကွင်းပေါ် အဖြစ်အပျက်များ မည်သို့ဖြစ်ပေါ်လာနေသည်ကို သိမြင်နားလည်ရန် နိုးနိုးကြားကြားနှင့် သတိဖြင့်စောင့်ကြည့်နေရမည့်အချိန်ဖြစ်သည်။ . . . အသင်နှင့် ဘုရားသခင့်လူမျိုးတော်မှ အခြားသူအားလုံးတို့အတွက် အုပ်ချုပ်ရေးအဖွဲ့၏ မေတ္တာပါသောဂရုစိုက်မှုကို သိစေလိုပါသည်။ ကိုယ်တော်၏အလိုတော်ကို စိုးလ်အကြွင်းမဲ့လုပ်ဆောင်နိုင်ရန် သင်တို့အပေါ်သို့ ကြွယ်ဝသောကောင်းချီးများ သွန်းလောင်းပေးပါလေစေ။” နေရာအနှံ့အပြားရှိ ယေဟောဝါ၏လူမျိုးတော်သည် ဤခဲယဉ်းသောကာလတွင် နိုးနိုးကြားကြားရှိပြီး ယေဟောဝါ၏စည်းလုံးသောအဖွဲ့အစည်းနှင့်အတူ ရဲစွမ်းသတ္တိရှိရှိ ရှေ့သို့ဆက်၍ချီတက်ရန် သန္နိဋ္ဌာန်ချထားကြပါသည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 5 နှစ်ပတ်လည်အစည်းအဝေးအစီအစဉ်ကို နေရာအတော်များများသို့ အီလက်ထရွန်နစ်စနစ်ဖြင့် ဆက်သွယ်ထားရာ စုစုပေါင်းတက်ရောက်သူ ၁၃,၇၅၇ ဦးရှိခဲ့သည်။
^ အပိုဒ်၊ 5 ထပ်၍ကျင်းပသောအစည်းအဝေးများကို ကယ်လီဖိုးနီးယားပြည်နယ်၊ လောင်းဘိခ်ျမြို့; မီချီဂန်ပြည်နယ် ပေါန်တီအက်ခ်မြို့; နယူးယောက်ပြည်နယ်၊ ယူနီယံဒေးလ်နှင့် အွန်တဲရီယိုပြည်နယ်၊ ဟမ်မင်တန်မြို့တို့တွင် ကျင်းပခဲ့ကြသည်။ အီလက်ထရွန်နစ်စနစ်ဖြင့် ဆက်သွယ်ထားသော နေရာများအပါအဝင် စုစုပေါင်းတက်ရောက်သူ အရေအတွက်မှာ ၁၁၇,၈၈၅ ဦးဖြစ်သည်။
^ အပိုဒ်၊ 23 အထူးအစည်းအဝေးကြီးသုံးခုကို ပြင်သစ်နိုင်ငံ—ပါရီမြို့၊ ဘောဒိုးမြို့နှင့် လီယွန်မြို့တို့၌ကျင်းပခဲ့ကြသည်။ အီတလီနိုင်ငံတွင် အစည်းအဝေးကိုးခုကို တစ်ပြိုင်နက်ကျင်းပခဲ့ကြသော်လည်း အမေရိကန်ပြည်ထောင်စုမှ ကိုယ်စားလှယ်များကို ရောမမြို့နှင့် မီလန်မြို့သို့သွားရန် တာဝန်ပေးအပ်ခဲ့သည်။
[စာမျက်နှာ ၂၉-၃၁ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
အဓိဋ္ဌာန်ပြုချက်
၂၀၀၁၊ ဩဂုတ်လတွင် ပြင်သစ်နိုင်ငံနှင့် အီတလီနိုင်ငံ၌ “ဘုရားသခင့်စကားတော်ကို သွန်သင်သူများ” အထူးစည်းဝေးကြီးများကို ကျင်းပခဲ့သည်။ ထိုစည်းဝေးကြီးများတွင် စိတ်အားတက်ဖွယ်အဓိဋ္ဌာန်ပြုချက်တစ်ခုကို တင်ဆက်ခဲ့၏။ ထိုအဓိဋ္ဌာန်ပြုချက်၏စာသားမှာ အောက်ပါအတိုင်းဖြစ်သည်။
“ယေဟောဝါသက်သေများအဖြစ် ဤ ‘ဘုရားသခင့်စကားတော်ကိုသွန်သင်သူများ’ စည်းဝေးကြီးတွင် စုရုံးလာကြသူကျွန်ုပ်တို့အားလုံးသည် အလွန်အကျိုးပြုသောသွန်သင်ချက်ဖြင့် သွန်သင်ခံရကြပြီ။ ဤသွန်သင်ချက်၏ရင်းမြစ်ကို အထင်အရှားဖော်ပြခဲ့ပြီ။ ၎င်းသွန်သင်ချက်သည် လူ့သွန်သင်ချက်မဟုတ်ပါ။ ယင်းသည် ရှေးပရောဖက်ဟေရှာယဖော်ပြသည့် ကျွန်ုပ်တို့၏ ‘ကြီးမြတ်သောသွန်သင်ပေးရှင်’ ထံမှ သွန်သင်ပေးချက်ဖြစ်သည်။ (ဟေရှာယ ၃၀:၂၀) ဟေရှာယ ၄၈:၁၇ တွင်ဖော်ပြထားသော ယေဟောဝါ၏ဤသတိပေးချက်ကို သတိပြုပါ– “ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကိုသွန်သင်၍ သင်သွားအပ်သောလမ်းဖြင့်ပို့ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။” ၎င်းအမှုကို ကိုယ်တော်မည်သို့ ပြီးမြောက်အောင်မြင်စေသနည်း။ အဓိကနည်းလမ်းမှာ ကမ္ဘာပေါ်တွင် ဘာသာအများဆုံးပြန်ဆိုထား၍ အနှံ့အပြားဝေရသောစာအုပ်ဖြစ်သည့် သမ္မာကျမ်းစာမှတစ်ဆင့်ဖြစ်၏၊ ထိုတွင် ဤသို့ရှင်းလင်းပြတ်သားစွာဖော်ပြထားသည်– ‘ကျမ်းစာရှိသမျှသည် ဘုရားသခင်ဝိညာဉ်တော်မှုတ်သွင်းထား၍ . . .အကျိုးရှိ၏။’—၂ တိမောသေ ၃:၁၆၊ ကဘ။
“ယနေ့၊ ထိုသို့အကျိုးပြုသောသွန်သင်ချက်ကို လူသားတို့ အလွန်လိုအပ်လျက်ရှိသည်။ အဘယ်ကြောင့် ထိုသို့ဆိုနိုင်သနည်း။ ဤလောက၏ပြောင်းလဲနေသော၊ စိတ်ရှုပ်ထွေးဖွယ်မြင်ကွင်းကို သုံးသပ်ကြည့်ရာတွင် ပိုင်းခြားသိမြင်တတ်သူတို့သည် အဘယ်အရာကို အသိအမှတ်ပြုကြသနည်း။ ဤသို့ပင်ဖြစ်သည်– လူသန်းပေါင်းများစွာသည် ဤလောက၏ပညာရေးစနစ်များဖြင့် ပညာဆည်းပူးထားသော်လည်း ဝမ်းနည်းစရာမှာ တန်ဖိုးအမှန်ထားသင့်ရာကိုမသိဘဲ အမှားနှင့်အမှန်ကို ခွဲခြားဝေဖန်နိုင်စွမ်းမရှိကြခြင်းဖြစ်သည်။ (ဟေရှာယ ၅:၂၀၊ ၂၁) နေရာအနှံ့အပြားတွင် ကျမ်းစာအသိပညာမရှိကြချေ။ စက်မှုအတတ်ပညာက ကွန်ပျူတာများမှတစ်ဆင့် သတင်းအချက်အလက် လှိုင်လှိုင်ပေးနိုင်သော်လည်း ဘဝ၏ရည်ရွယ်ချက်ကား အဘယ်နည်း၊ ကျွန်ုပ်တို့ခေတ်၏အဖြစ်အပျက်များကို မည်သို့နားလည်ရမည်နည်း၊ အနာဂတ်အတွက် ခိုင်လုံသောမျှော်လင့်ချက်ရှိပါသလော၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသည် အမှန်တကယ်ရှိလာမည်လောစသည့် အရေးပါသောမေးခွန်းများ၏အဖြေ အဘယ်မှာနည်း။ ထို့ပြင် စာကြည့်တိုက်များရှိ စာအုပ်စင်များပေါ်တွင် လူ့ကြိုးပမ်းမှုကဏ္ဍရပ် အားလုံးနီးပါးနှင့်ဆိုင်သော ကိုးကားဖော်ပြချက်စာတွဲ သန်းပေါင်းများစွာကို တွေ့ရှိရသည်။ သို့တိုင် လူသားသည် အတိတ်ကအမှားများကို တစ်ဖန်ပြန်ပြုကြသည်။ ရာဇဝတ်မှုတိုးများလာသည်။ တစ်ကြိမ်က ပျောက်ကွယ်သွားပြီဟုထင်ခဲ့ကြရသော အနာရောဂါများ ပြန်ပေါ်လာပြီး အေအိုင်ဒီအက်စ်ကဲ့သို့ရောဂါများမူ ထိတ်လန့်ဖွယ်ကောင်းစွာ ပျံ့နှံ့လျက်ရှိသည်။ မိန်းမောတွေဝေစေသောနှုန်းဖြင့် မိသားစုဘဝ ဖရိုဖရဲပြိုကွဲနေသည်။ ပတ်ဝန်းကျင်ညစ်ညမ်းလျက်ရှိသည်။ အကြမ်းဖက်မှုနှင့် အစုလိုက်အပြုံလိုက်ချေမှုန်းသောလက်နက်များက ငြိမ်းချမ်းမှုနှင့် လုံခြုံမှုကိုခြိမ်းခြောက်နေသည်။ ဖြေရှင်း၍မရသောပြဿနာများ စုပုံလာလျက်ရှိသည်။ ဤခဲယဉ်းသောအချိန်၌ လူလူချင်းအားကူညီပေးရာတွင် ကျွန်ုပ်တို့၏သင့်လျော်သောကဏ္ဍကားအဘယ်နည်း။ လူသား၏အဖြစ်ဆိုးဖြစ်ရသည့်အကြောင်းရင်းကို ရှင်းပြပေးပြီး ယခုပင် သာ၍ကောင်းသောဘဝသို့ လမ်းညွှန်ပေးနိုင်ရုံမက အနာဂတ်အတွက် ကောင်းမွန်၊ သေချာသည့်မျှော်လင့်ချက်ကို ကမ်းလှမ်းပေးသည့် သွန်သင်ချက်ရှိပါသလော။
“ကျွန်ုပ်တို့၏ကျမ်းပေးတာဝန်မှာ ‘သွား၍ လူမျိုးတကာတို့ကို တပည့်ဖြစ်စေလျက်၊ ခရစ်တော်ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမပေးကြ’ ရန်ဖြစ်သည်။ (မဿဲ ၂၈:၁၉၊ ၂၀) ယေရှုခရစ်သည် ဤတာဝန်ကို မိမိသေဆုံး၍ ရှင်ပြန်ထမြောက်ပြီးနောက် ကောင်းကင်နှင့်မြေကြီးပေါ်ရှိ အခွင့်အာဏာရှိရှိသမျှတို့ကို ရရှိပြီးသောအခါ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ထိုလုပ်ငန်းသည် လူသားတို့၏ လုပ်ဆောင်မှုအားလုံးထက် သာလွန်ထူးမြတ်သည်။ ဘုရားသခင့်ရှုထောင့်မှဆိုလျှင် ဖြောင့်မတ်ခြင်းတရား ဆာမွတ်သူများ၏ ဝိညာဉ်ရေးလိုအပ်ရာများအပေါ် အာရုံစူးစိုက်သော ကျွန်ုပ်တို့၏တာဝန်သည် ဦးစားပေးရမည့်အလုပ်ဖြစ်သည်။ ထိုတာဝန်ကို အလေးအနက်သဘောထားရန် ကျမ်းစာဆိုင်ရာခိုင်လုံသောအကြောင်းရင်းများ ကျွန်ုပ်တို့၌ရှိ၏။
“ထို့ကြောင့် ကျွန်ုပ်တို့၏ဘဝအသက်တာတွင် ဤလုပ်ငန်းကို ရှေးဦးထားဖို့လိုသည်။ ဤကမ္ဘာချီသွန်သင်ခြင်းအစီအစဉ် တိုးတက်ရေးကို နှောင့်နှေးစေဖို့ ရည်ရွယ်ထားသည့် ဘာသာရေးနှင့် နိုင်ငံရေးအင်အားစုများထံမှ အာရုံပျံ့လွင့်စေသောလွှမ်းမိုးမှုများ၊ အတားအဆီးများနှင့် အတိုက်အခံပြုမှု အများအပြားရှိသော်လည်း ဘုရားသခင်၏ကောင်းချီးနှင့် အကူအညီဖြင့် ထိုလုပ်ငန်းပြီးမြောက်အောင်မြင်ရပါလိမ့်မည်။ ဤလုပ်ငန်းသည် ဆက်လက်တိုးတက်ပြီး ပြီးဆုံးခန်းရောက်လိမ့်မည်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပါသည်။ အဘယ်ကြောင့် ဤမျှစိတ်ချနိုင်သနည်း။ အကြောင်းမှာ ဤအစီအစဉ်စနစ်ဆုံးခန်းရောက်သည့်အထိ ဘုရားသခင်ပေးအပ်သောဓမ္မအမှုတွင် ကျွန်ုပ်တို့နှင့်အတူ သခင်ယေရှုခရစ်ပါဝင်မည်ဟု ကတိပြုခဲ့သောကြောင့်တည်း။
“စိတ်ဓာတ်ကျနေသောလူသားများအဖို့ အချိန်ကုန်လုနီးပြီ။ ဆုံးခန်းချိန်မတိုင်မီ ကျွန်ုပ်တို့၏လက်ရှိတာဝန် ပြီးမြောက်ရပေမည်။ ထို့ကြောင့် ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့အဓိဋ္ဌာန်ပြုကြသည်မှာ–
“ပထမ– ဆက်ကပ်အပ်နှံထားသော ဓမ္မအမှုဆောင်များအနေနှင့် ကျွန်ုပ်တို့၏ဘဝအသက်တာတွင် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ဦးစားထား၍ ဝိညာဉ်ရေးဘက် ဆက်တိုးတက်ဖို့ စိတ်ပိုင်းဖြတ်ထားကြပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ဆုတောင်းချက်သည် ‘အလိုတော်သို့လိုက်စေမည်အကြောင်း သွန်သင်တော်မူပါ၊ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၏’ ဟူသော ဆာလံ ၁၄၃:၁၀ ပါစကားများနှင့် သဘောတူညီပါသည်။ ထိုသို့ဖြစ်ဖို့ ကျောင်းသားကောင်းများဖြစ်ရန်၊ ကျမ်းစာကိုနေ့စဉ်ကြိုးစားဖတ်ရှုရန်၊ ကိုယ်ပိုင်လေ့လာမှုပြုလုပ်ပြီး သုတေသနပြုလုပ်ရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့၏တိုးတက်မှုကို လူအပေါင်းရှေ့ထင်ရှားစေဖို့ အသင်းတော်အစည်းအဝေးများ၊ တိုက်နယ်၊ ခရိုင်၊ ပြည်လုံးကျွတ်နှင့် အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးများတွင် ရရှိနိုင်သော သီအိုကရက်တစ်ပညာရေးအတွက် ကြိုတင်ပြင်ဆင်၍ ၎င်းတို့မှ အကျိုးအပြည့်အဝရယူဖို့ အတတ်နိုင်ဆုံးကြိုးစားကြပါမည်။—၁ တိမောသေ ၄:၁၅; ဟေဗြဲ ၁၀:၂၃-၂၅။
“ဒုတိယ– ဘုရားသခင်၏သွန်သင်ခြင်းကိုခံရဖို့ ကိုယ်တော်၏စားပွဲတော်၌သာစားသုံးပြီး လှည့်ဖြားတတ်သောနတ်ဆိုးတို့၏ သွန်သင်သင်ချက်များနှင့်ပတ်သက်သည့် ကျမ်းစာသတိပေးချက်များကို ဂရုပြုပါမည်။ (၁ ကောရိန္သု ၁၀:၂၁; ၁ တိမောသေ ၄:၁) ဘာသာရေးမှားယွင်းမှုများ၊ အချည်းနှီးဖြစ်သောကျိုးကြောင်းဖော်ပြချက်များ၊ ရှက်ဖွယ်ကောင်းသောလိင်ဆိုင်ရာဖောက်ပြန်မှုများ၊ အပြာရုပ်ပုံနှင့်စာပေကပ်ဆိုက်မှု၊ ယုတ်ညံ့သောဖျော်ဖြေမှုနှင့် ‘ကျန်းခံ့ရေးတရား’ နှင့်မညီညွတ်သောအရာမှန်သမျှအပါအဝင် အန္တရာယ်ဖြစ်စေသော အကြောင်းအရာအားလုံးကို ရှောင်ကြဉ်ရန် ကျွန်ုပ်တို့အထူးသတိပြုကြပါမည်။ (ရောမ ၁:၂၆၊ ၂၇; ၁ ကောရိန္သု ၃:၂၀; ၁ တိမောသေ ၆:၃; ၂ တိမောသေ ၁:၁၃) ကျန်းခံ့သောတရားကိုသွန်သင်ပေးဖို့ အရည်အချင်းပြည့်မီသော ‘လူ့အသွင်ဆုလာဘ်များ’ ကိုလေးစားသောကြောင့် သူတို့၏ကြိုးပမ်းမှုများကို ကျွန်ုပ်တို့အမှန်လေးမြတ်ပြီး ဘုရားသခင့်စကားတော်၏ သန့်ရှင်းဖြောင့်မတ်သော ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးစံနှုန်းများကို သူတို့နှင့်အတူစွဲကိုင်ထားကြပါမည်။—ဧဖက် ၄:၇၊ ၈၊ ၁၁၊ ၁၂; ၁ သက်သာလောနိတ် ၅:၁၂၊ ၁၃; တိတု ၁:၉။
“တတိယ– ခရစ်ယာန်မိဘများအနေနှင့် ကျွန်ုပ်တို့၏သားသမီးများကို စကားဖြင့်သာမက ပုံသက်သေဖြင့်သွန်သင်ပေးရန် စိတ်နှလုံးအကြွင်းမဲ့ကြိုးပမ်းကြပါမည်။ ကျွန်ုပ်တို့အဓိကအာရုံစိုက်ရာမှာ ‘ကယ်တင်ခြင်းအလိုငှာ ပညာကိုပေးနိုင်သော သမ္မာကျမ်းစာကို’ နို့စို့အရွယ်မှစ၍ သူတို့ကို ‘သင်ကြား’ ပေးဖို့ဖြစ်သည်။ (၂ တိမောသေ ၃:၁၅) သူတို့ကို ယေဟောဝါ၏အလိုတော်နှင့်အညီ ဆုံးမသွန်သင်ခြင်းသည် ‘သူတို့ကောင်းစား၍ မြေကြီးပေါ်၌ အသက်တာရှည်မည်’ ဟူသော ဘုရားသခင့်ကတိတော်ကို သူတို့တွေ့ကြုံခံစားခွင့်ရစေရန်ဖြစ်ကြောင်း ကျွန်ုပ်တို့စိတ်စွဲမှတ်ထားကြပါမည်။—ဧဖက် ၆:၁-၄။
“စတုတ္ထ– ‘အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည်’ ကျွန်ုပ်တို့ကိုကာကွယ်ပေးမည်ဟူသော အာမခံချက်ရရှိထားရာ စိုးရိမ်ပူပန်မှုများ သို့မဟုတ် ကြီးလေးသောပြဿနာများကို ကျွန်ုပ်တို့တွေ့ကြုံရသောအခါ ဦးဆုံးအနေနှင့် ‘အသနားခံလိုသောအချက်များကို ဘုရားသခင်ထံကြားလျှောက်ကြ’ ပါမည်။ (ဖိလိပ္ပိ ၄:၆၊ ၇) ခရစ်တော်၏ထမ်းပိုးအောက် ကျွန်ုပ်တို့ရောက်လာကြရာ လန်းဆန်းမှုတွေ့ရှိကြပါမည်။ ကျွန်ုပ်တို့ကို ဘုရားသခင်ဂရုစိုက်တော်မူကြောင်းသိထားကြ၍ ကျွန်ုပ်တို့၏စိုးရိမ်ပူပန်မှုများကို ကိုယ်တော်ထံ၌ချထားရန် တုံ့ဆိုင်းကြမည်မဟုတ်ပါ။—မဿဲ ၁၁:၂၈-၃၀; ၁ ပေတရု ၅:၆၊ ၇။
“ပဉ္စမ– ဘုရားသခင့်စကားတော် သွန်သင်သူများဖြစ်ခွင့်ရသည့်အတွက် ယေဟောဝါအား ကျေးဇူးတင်ကြောင်းဖော်ပြရာ၌ ‘သမ္မာတရားကို မှန်ကန်စွာပိုင်းခြားတတ်’ ရန်နှင့် ‘ကျွန်ုပ်တို့၏ဓမ္မအမှုကို အပြည့်အဝကျေပွန်စေ’ ရန် ကျွန်ုပ်တို့အသစ်တစ်ဖန်ကြိုးစားကြပါမည်။ (၂ တိမောသေ ၂:၁၅; ၄:၅) ပါဝင်ပတ်သက်ရာများကို အကင်းပါးပါးသိရှိထားကြသဖြင့် ကျွန်ုပ်တို့၏ပြင်းပြသောဆန္ဒမှာ ထိုက်တန်သူများကိုရှာဖွေ၍ ကြဲထားသောမျိုးစေ့ကို ပြုစုပျိုးထောင်ဖို့ဖြစ်သည်။ ထို့အပြင် အိမ်တွင်းကျမ်းစာသင်အံမှုများကို သာ၍ထိရောက်စွာကျင်းပခြင်းဖြင့် ကျွန်ုပ်တို့၏သွန်သင်ခြင်းကို တိုးတက်စေပါမည်။ ဤသို့ပြုခြင်းက ‘လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရား၏ တိကျမှန်ကန်သောအသိပညာကို သိလာစေ’ ရန်ဟူသော ဘုရားသခင့်အလိုတော်နှင့် ကျွန်ုပ်တို့ကို ပို၍ကိုက်ညီစေပါမည်။—၁ တိမောသေ ၂:၃၊ ၄။
“ဆဋ္ဌမ– လွန်ခဲ့သောရာစုနှစ်တစ်လျှောက်နှင့် ဤရာစုနှစ်အထိ နိုင်ငံများစွာမှ ယေဟောဝါသက်သေများသည် ဆန့်ကျင်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုမျိုးစုံကို တွေ့ကြုံခံစားခဲ့ကြရပြီ။ သို့သော် ကျွန်ုပ်တို့နှင့်အတူ ယေဟောဝါရှိတော်မူကြောင်း ကိုယ်တော်သက်သေထူခဲ့ပြီ။ (ရောမ ၈:၃၁) ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းကို တားဆီးနှောင့်ယှက်ရန်၊ သို့မဟုတ် ရပ်တန့်စေရန် ‘ကျွန်ုပ်တို့တစ်ဖက်၌လုပ်သော လက်နက်တစ်စုံတစ်ခုမျှ’ အောင်မြင်မည်မဟုတ်ကြောင်း ကိုယ်တော်၏မမှားနိုင်သော နှုတ်မြွက်စကားတော်က ကျွန်ုပ်တို့ကိုစိတ်ချစေပါသည်။ (ဟေရှာယ ၅၄:၁၇) အခွင့်သာသည့်အချိန်၌ဖြစ်စေ၊ ခက်ခဲသောအချိန်၌ဖြစ်စေ အမှန်တရားအကြောင်း ကျွန်ုပ်တို့မပြောဆိုဘဲ မနေနိုင်ပါ။ ကျွန်ုပ်တို့၏အဓိဋ္ဌာန်မှာ ကျွန်ုပ်တို့၏ဟောပြောခြင်းနှင့် သွန်သင်ခြင်းတာဝန် ပြီးမြောက်ရန် အရေးတကြီးလုပ်ဆောင်ဖို့ဖြစ်သည်။ (၂ တိမောသေ ၄:၁၊ ၂) ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို လူမျိုးအပေါင်းမှလူတို့အား အတတ်နိုင်ဆုံး အပြည့်အဝဝေမျှပေးဖို့ဖြစ်သည်။ သို့ဖြင့် ဖြောင့်မတ်သောကမ္ဘာသစ်တွင် ထာဝရအသက်ရရှိဖို့ ပြင်ဆင်ပေးချက်အကြောင်းကို သူတို့ဆက်လက်သင်ယူခွင့်ရကြလိမ့်မည်။ ဘုရားသခင့်စကားတော်ကိုသွန်သင်သော စည်းလုံးညီညွတ်သည့်အုပ်စုကြီးအနေနှင့် ကြီးမြတ်သောဆရာ၊ ယေရှုခရစ်၏ပုံသက်သေကို ဆက်အတုယူကာ ကိုယ်တော်၏ ဘုရားသခင်ရေးရာအရည်အချင်းများကို ရောင်ပြန်ဟပ်ဖို့ ကျွန်ုပ်တို့စိတ်ပိုင်းဖြတ်ထားကြပါသည်။ ကျွန်ုပ်တို့၏မဟာသွန်သင်ရှင်နှင့် အသက်ပေးရှင် ယေဟောဝါဘုရားသခင်ကို ဂုဏ်တင်၊ ချီးမွမ်းဖို့ ဤအရာအားလုံးတို့ကို ကျွန်ုပ်တို့ပြုလုပ်ကြပါမည်။
“ဤခရိုင်စည်းဝေးကြီးကို တက်ရောက်ကြသူအားလုံး ဤအဓိဋ္ဌာန်ပြုချက်ကို သဘောတူကြပါက ကျေးဇူးပြု၍ တူပါတယ် ဟုပြောဆိုပါ!”
ပြင်သစ်နိုင်ငံတွင် စည်းဝေးကြီးသုံးခု၌စုရုံးနေခဲ့ကြသူ ၁၆၀,၀၀၀ နှင့် အီတလီနိုင်ငံတွင် ကိုးနေရာ၌စုရုံးခဲ့ကြသူ ၂၈၉,၀၀၀ တို့အား ဤအဓိဋ္ဌာန်ပြုချက်၏ နိဂုံးချုပ်စကားကို တင်ဆက်သောအခါ တက်ရောက်လာကြသော ကိုယ်စားလှယ်များက မိမိတို့၏ဘာသာစကားများစွာဖြင့် “တူပါတယ်” ဟုမိုးချုန်းသံပမာ ကြွေးကြော်ခဲ့ကြသည်။