လူ့ပြဿနာများ အဆုံးတိုင်ပါဦးမည်လော
လူ့ပြဿနာများ အဆုံးတိုင်ပါဦးမည်လော
“ကမ္ဘာ့လူဦးရေ လေးပုံတစ်ပုံသည် ဆင်းရဲချို့ငဲ့နေကြသည်၊ လူဦးရေ ၁.၃ ဘီလီယံမှာ တစ်ရက်လျှင် ယူ.အက်စ်. တစ်ဒေါ်လာပင်မရှိသည့်ငွေဖြင့် အသက်ဆက်နေကြရသည်၊ ၁ ဘီလီယံမှာ စာမဖတ်တတ်ချေ၊ ၁.၃ ဘီလီယံမှာ ရေသန့်မသောက်ရကြ၊ ၁ ဘီလီယံမှာ နေ့စဉ်ငတ်ပြတ်လျက်ရှိသည်။” ကမ္ဘာ့အခြေအနေနှင့်ပတ်သက်၍ အိုင်ယာလန်မှ သတင်းတစ်ပုဒ်က ထိုသို့ဖော်ပြသည်။
ကမ္ဘာ့ပြဿနာများအတွက် ဖြေရှင်းချက်များ လူတို့ရှာမတွေ့နိုင်ခြင်းသည် ဝမ်းနည်းဖွယ် အဖြစ်ဆိုးပါတကား! အဆိုပါသတင်းတွင် ဖော်ပြခံရသူအများစုမှာ ခိုကိုးရာမဲ့ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြောင်း သိရသည့်အခါ ထိုပြဿနာများသည် ပို၍ပင်ဝမ်းနည်းဖွယ်ကောင်းသည်။ ဤ ၂၁ ရာစု၊ ယခုအချိန်၌ပင် သူတို့၏ လူ့အခွင့်အရေးများသည် “နေ့စဉ် မရေမတွက်နိုင်အောင် ချိုးဖောက်ခံနေရဆဲရှိ” ခြင်းမှာ ထိတ်လန့်တုန်လှုပ်စရာ မကောင်းပေလော။—၂၀၀၀ ပြည့်နှစ် ကမ္ဘာ့ကလေးများအခြေအနေ။
“လူမျိုးတစ်ဆက်အတွင်း ကမ္ဘာသစ်”
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့က “ကမ္ဘာတစ်လွှား လူတို့၏အသက်တာများကို လွှမ်းမိုးထားသည့် . . . ဤမတော်မတရားပြုခြင်းကို ဖယ်ရှားနိုင်မည်” ဟုယုံကြည်ကြောင်း ဖော်ပြခဲ့သည်။ ၎င်းအဖွဲ့အစည်းက ဤအကြောင်းမလှသူ သန်းပေါင်းများစွာတို့ ခံစားနေရသော ကြောက်မက်ဖွယ်အခြေအနေများသည် “မလွှဲမရှောင်သာဖြစ်သကဲ့သို့ မပြောင်းလဲနိုင်ပေ” ဟုဆို၏။ အမှန်အားဖြင့် ယင်းသည် “လူမျိုးတစ်ဆက်အတွင်း ကမ္ဘာသစ်တစ်ခု အကောင်အထည်ပေါ်လာရန် လူအားလုံး အသိအမှတ်ပြုရန်” လိုအပ်သည်ဟုဆိုခဲ့ပြီ။ ၎င်းကား လူသားအားလုံးကို “ဆင်းရဲနွမ်းပါးခြင်းနှင့် ခွဲခြားဆက်ဆံခြင်းတို့မှ လွတ်မြောက်စေပြီး၊ အကြမ်းဖက်မှုနှင့် အနာရောဂါတို့မရှိ” စေမည့်ကမ္ဘာတစ်ခုဖြစ်ရမည်ဟု ထိုအဖွဲ့ကမျှော်လင့်သည်။
ယခုအချိန်၌ပင် စာနာတတ်သူတို့သည် “အဆုံးမရှိပုံပေါ်သည့် ပဋိပက္ခများနှင့် အကျပ်အတည်းများ” ကြောင့်ဖြစ်ပေါ်လာသည့် ဝမ်းနည်းဖွယ်ရာများကို လျော့နည်းစေရန် များစွာကြိုးပမ်းလုပ်ဆောင်နေကြသည်ကိုထောက်၍ အဆိုပါထင်မြင်ယူဆချက်များ အကောင်အထည်ပေါ်လာခြင်းဖြစ်သည်။ ဥပမာ၊ လွန်ခဲ့သော ၁၅ နှစ်ကျော်အတွင်း ချာနိုဘိုင်းလ် ကလေးငယ်များ၏စီမံကိန်းသည် “နျူကလီးယားပေါက်ကွဲမှုမှ ထွက်ပေါ်လာသော ရေဒီယိုသတ္တိကြွ အမှုန်များကြောင့် ကင်ဆာရောဂါများ ရရှိကြသည့်ကလေးငယ် ရာပေါင်းများစွာ၏ဝေဒနာကို လျော့ပါးစေခဲ့ပြီ။” (သည် အိုင်းရစ်ရှ် အက်ဇဲန်မင်နာ၊ ဧပြီ ၄၊ ၂၀၀၀) ကယ်ဆယ်ရေးအဖွဲ့ ကြီးငယ်မဟူတို့သည် စစ်နှင့် သဘာဝဘေးဒဏ်ကြောင့် ဆင်းရဲခြင်းဝေဒနာ ခံရသူတို့၏အသက်တာကို များစွာထောက်ကူနေကြသည်မှာ မှန်ပါသည်။
သို့သော် လူလူချင်းစာနာထောက်ထားသည့် ဤလုပ်ဆောင်မှုများကို ပြုလုပ်ဆောင်ရွက်သူများသည် အရှိကိုအရှိအတိုင်း ရှုမြင်ကြသူများဖြစ်ကြ၏။ ယင်းပြဿနာများသည် “လွန်ခဲ့သောဆယ်စုနှစ်ကထက်ပင် ပို၍ကျယ်ပြန့်လာပြီး အမြစ်စွဲနေကြောင်း” သူတို့သိကြသည်။ မိုဇမ်ဘစ်နိုင်ငံတွင် ရုတ်တရက် ရေလွှမ်းမိုးဘေးကြီးဆိုက်ရောက်ခဲ့သောအခါ “အမှုထမ်းများ၊ ထောက်ပံ့သူများနှင့် အလှူရှင်များတို့သည် ရက်ရက်ရောရောတုံ့ပြန် ထည့်ဝင်ခဲ့ကြ” သည်ဟု အိုင်းရစ်ရှ်လှူဒါန်းထောက်ပံ့ရေး အာရုံစိုက်ရာအဖွဲ့၏ အမှုဆောင်လူကြီး ဒေးဗစ် ဘက်ကဆို၏။ “သို့သော် ဤမျှများပြားလှသော ဘေးဒဏ်များကို ကျွန်ုပ်တို့ဒိုင်ခံမဖြေရှင်းနိုင်ပါ” ဟုသူထပ်ဆင့်ပြောသည်။ အာဖရိကတွင် ကယ်ဆယ်ရေးဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ဤသို့ပွင့်ပွင့်လင်းလင်း သူဝန်ခံသည်– “ရှိထားသော မျှော်လင့်စရာအကြောင်းအချို့သည် မှိတ်တုတ်မှိတ်တုတ်သာရှိသော ဖယောင်းတိုင်များနှင့်တူသည်။” သူ၏ကောက်ချက်သည် ကမ္ဘာ့အခြေအနေကိုပါ အမှန်ပင် အကျဉ်းရုံးဖော်ပြသည်ဟု လူအများယူမှတ်ကြပေမည်။
မျှော်လင့်ထားကြသည့် “လူမျိုးတစ်ဆက်အတွင်း ကမ္ဘာသစ်တစ်ခု” ကို ကျွန်ုပ်တို့ အမှန်တွေ့မြင်နိုင်ပါမည်လော။ လက်ရှိပြုလုပ်နေကြသော လူလူချင်းစာနာသည့် အကျိုးဆောင်လုပ်ငန်းများသည် အမှန်ပင်ချီးမွမ်းစရာကောင်းသော်လည်း တရားမျှတ၍ ငြိမ်းချမ်းသည့်ကမ္ဘာသစ်တစ်ခု ရှိလာနိုင်ဖို့ နောက်မျှော်လင့်ချက်တစ်ခုကို သုံးသပ်ခြင်းသည် အမှန်ပင်ကျိုးကြောင်းညီညွတ်ပေသည်။ နောက်ဆောင်းပါးတွင် သုံးသပ်မည့် ထိုမျှော်လင့်ချက်ကို သမ္မာကျမ်းစာက ညွှန်ပြပါသည်။
[Picture Credit Line on page 2]
Page 3, children: UN/DPI Photo by James Bu