၂၀၀၃ ခုနှစ်တွင်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာစည်းဝေးကြီး
၂၀၀၃ ခုနှစ်တွင်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာစည်းဝေးကြီး
၂၀၀၁ ခုနှစ် အောက်တိုဘာ ၆ ရက် စနေနေ့တွင် ပဲင်စီလ်ဘေးနီးယား ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်း အဖွဲ့ဝင်များ၏ နှစ်ပတ်လည်အစည်းအဝေးကို ယူ.အက်စ်.အေ နယူးဂျာစီပြည်နယ် ဂျာစီစီးတီးတွင် ကျင်းပခဲ့ကြသည်။ ထိုအစည်းအဝေးပြီးနောက် အဖွဲ့ဝင်များနှင့် ဧည့်သည်များသည် အထူးအစီအစဉ်တစ်ခုကြောင့် အံ့သြဝမ်းမြောက်ခဲ့ကြ၏။ နောက်တစ်နေ့တွင် ကနေဒါနှင့် ယူနိုက်တက်စတိတ်ရှိ မြို့ကြီးလေးမြို့တွင် ကျင်းပခဲ့သော နောက်ဆက်တွဲအစည်းအဝေးများ၌ ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် နိဂုံးချုပ်ဟောပြောချက်ပြီးနောက် အောက်ပါကြေညာချက်ကို ထုတ်ပြန်ခဲ့ကြသည်–
“အနာဂတ်ကိုစောင့်မျှော်စဉ် ဘုရားသခင့်လူမျိုးတော်အားလုံးသည် အတူတကွစုဝေးခြင်းအမှုကို မရှောင်လွှဲကြဖို့ အလွန်အရေးကြီးသည်။ ယေဟောဝါ၏ ကြောက်မက်ဖွယ်ရာနေ့ကြီး ရောက်လုနီးသည်ကို သိမြင်သဖြင့် အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ခြင်းနှင့် စည်းဝေးခြင်းအမှုကို သာ၍ကြိုးစားပြုလုပ်ရမည်ဟု တမန်တော်ပေါလု တိုက်တွန်းခဲ့သည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ဤကျမ်းစာအမိန့်နှင့်အညီ လာမည့်နှစ် [၂၀၀၂] တွင် ကမ္ဘာ့ဒေသအားလုံး၌ ခရိုင်စည်းဝေးကြီးများ ကျင်းပရန် ကျွန်ုပ်တို့မျှော်လင့်သည်။ ထို့နောက် ၂၀၀၃ ခုနှစ်တွင် ယေဟောဝါအလိုရှိမည်ဆိုပါက ကမ္ဘာ့ဒေသအချို့တွင် အထူးအပြည်ပြည်ဆိုင်ရာစည်းဝေးကြီးများ ကျင်းပနိုင်ပေမည်။ ကမ္ဘာ့အခြေအနေများ မည်သို့ဖြစ်ပျက်လာမည်ကို ပိုင်းခြားသိမြင်ကာ နိုးနိုးကြားကြားနှင့် စောင့်နေကြရမည့်အချိန်ကား ယခုအချိန်ပင်ဖြစ်၏။”
လက်ရှိအစီအစဉ်စနစ်၏အဆုံး နီးလာသည်နှင့်အမျှ မရေရာမသေချာမှုများနှင့် တင်းမာမှုများ တိုးပွားများပြားနေလင့်ကစား ဘုရားသခင့်လူမျိုးတော်၏ လှုပ်ရှားဆောင်ရွက်မှုမှာ ရှေ့သို့တိုးတက်ရမည်ဖြစ်သည်။ ‘ဘုရားသခင်၏ တရားစီရင်ရာအချိန်သည် နီးသည်ထက်နီးကပ်လာပြီဖြစ်သောကြောင့် ကိုယ်တော်ကိုကြောက်ရွံ့ပြီး ချီးမွမ်း’ ကြရန် သမ္မာကျမ်းစာ၏ သတိပေးချက် သတင်းတရားအပါအဝင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို လူမျိုးအသီးသီး၊ ဘာသာစကားအမျိုးမျိုးပြောဆိုသော လူအပေါင်းတို့အား ကြေညာရမည်ဖြစ်သည်။ (ဗျာဒိတ် ၁၄:၆၊ ၇၊ ကဘ) ထို့ကြောင့် ကျွန်ုပ်တို့၏ ကောင်းကင်ခမည်းတော်၏အလိုတော်နှင့် နှစ်လိုဖွယ်အရ ၂၀၀၃ ခုနှစ်၌ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးများကို ကမ္ဘာ့ဒေသအသီးသီးတွင် ကျင်းပရန် စီစဉ်နေသည်။
ဦးဆုံးအနေနှင့် မြောက်အမေရိကရှိ မြို့ကြီးအချို့တွင် ကျင်းပပြီးနောက် ဥရောပတွင် ဆက်ကျင်းပရန် စီစဉ်ထား၏။ ၂၀၀၃ ခုနှစ်နှောင်းပိုင်းတွင် စည်းဝေးကြီးကိုယ်စားလှယ်များသည် အာရှရှိမြို့အချို့သို့ အုပ်စုလိုက်သွားနိုင်ရန် စီစဉ်နေသည်; ထိုနှစ်၏အဆုံးပိုင်းတွင် နောက်ထပ်အုပ်စုများက အာဖရိက၊ တောင်အမေရိကနှင့် ပစိဖိတ်ဒေသများသို့ သွားကြမည်။ ဌာနခွဲအချို့သည် သတ်မှတ်ထားသော စည်းဝေးကြီးကျင်းပရာနေရာများသို့ ကိုယ်စားလှယ်အရေအတွက် အကန့်အသတ် စေလွှတ်နိုင်ပေလိမ့်မည်၊ ယင်းကြောင့် လူတိုင်းတက်နိုင်လိမ့်မည်မဟုတ်။ သို့ဖြစ်စေကာမူ နေရာတစ်နေရာစီတွင် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်အုပ်စု အကန့်အသတ်ရှိခြင်းသည် အားရှိစရာဖြစ်ပါလိမ့်မည်။
ယေဟောဝါသက်သေများ၏ အသင်းတော်များသည် ဤစည်းဝေးကြီးများအကြောင်း မကြာမီ သတင်းရပါလိမ့်မည်။ ဖိတ်ခေါ်ခံရသူ ကိုယ်စားလှယ်များ တက်ရောက်နိုင်မည့် မြို့အမည်များနှင့် ရက်စွဲအတိအကျကို သက်ဆိုင်ရာဌာနခွဲများက ကြေညာပေးပါလိမ့်မည်။ သို့ဖြစ်၍ ဤအချိန်တွင် ယင်းနှင့်ပတ်သက်၍ စာရေးမေးမြန်းစုံစမ်းခြင်း မပြုကြရန် မေတ္တာရပ်ခံပါသည်။
ရွေးချယ်ခံရမည့် ကိုယ်စားလှယ်များသည် ပုံသက်သေကောင်းပြီး ဒေသခံညီအစ်ကိုများကို ညီအစ်ကိုချင်းမေတ္တာပြကြမည့် ဆက်ကပ်အပ်နှံ နှစ်ခြင်းခံပြီးသူများဖြစ်မည်။ ဒေသခံညီအစ်ကိုများဘက်မှလည်း ဧည့်သည်များကို နွေးထွေးစွာကြိုဆိုကြပြီး ဧည့်ဝတ်ပြုခွင့် ရရှိကြပါလိမ့်မည်။ (ဟေဗြဲ ၁၃:၁၊ ၂) ဤသို့အားဖြင့် “အချင်းချင်းအားရသက်သာ” စေနိုင်ပါလိမ့်မည်။ (ရောမ ၁:၁၁၊ ၁၂) နိုင်ငံတစ်နိုင်ငံ သို့မဟုတ် နိုင်ငံများစွာသို့ ကိုယ်စားလှယ်များစေလွှတ်ရန် ဖိတ်ခေါ်ခံရသည့် ဌာနခွဲများသည် ဤအစီအစဉ်များနှင့်စပ်လျဉ်း၍ အသေးစိတ်အချက်အလက်များကို ထပ်ဆင့်ကြေညာပေးပါလိမ့်မည်။
၂၀၀၃ ခုနှစ်အတွက် သုံးရက်ကြာ ခရိုင်စည်းဝေးကြီးများကို ယခင်အတိုင်း နိုင်ငံအများစုတွင် ကျင်းပရန် စီစဉ်သွားပါမည်။ အားလုံး အတူတကွစုဝေးကြခြင်းအားဖြင့် ‘ကြား၍ သင်ယူပြီး အားပေးတိုက်တွန်းခံရ’ ကြလိမ့်မည်။ (တရားဟောရာ ၃၁:၁၂; ၁ ကောရိန္သု ၁၄:၃၁) ဤသို့အားဖြင့် ဘုရားသခင့်လူမျိုးတော်အားလုံး “[ယေဟောဝါ] သည် ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်း၍သိ” မြင်ခွင့်ရရှိကြလိမ့်မည်။ (ဆာလံ ၃၄:၈) အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးများနှင့် ခရိုင်စည်းဝေးကြီး အတော်များများတွင် သာသနာပြုများ ရောက်ရှိနေကြမည်ဖြစ်ပြီး တချို့မှာမူ အစီအစဉ်တွင် ပါဝင်ကြပေလိမ့်မည်။
ဤပြက္ခဒိန်နှစ်အတွင်း ပို၍ကျယ်ကျယ်ပြန့်ပြန့် သက်သေခံရန် လှုံ့ဆော်ပေးမည့် “စိတ်ထက်သန်သော ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများ” ခရိုင်စည်းဝေးကြီးများကို ကျွန်ုပ်တို့တက်ရောက်ကြပေမည်။ ဤသို့ပြုကြရာတွင် လာမည့်နှစ်အတွက် ယေဟောဝါပြင်ဆင်ပေးထားသည့်အစီအစဉ်ကို ကျွန်ုပ်တို့ပိုစောင့်မျှော်နေကြပါလိမ့်မည်။ သို့ပြုခြင်းဖြင့် ဤခဲယဉ်း၍ အရေးကြီးသောအချိန်ကြောင့် ကျွန်ုပ်တို့သည် ‘ဆက်၍စောင့်နေကာ နိုးကြားနေရုံမက အသင့်ပြင်ဆင်လျက်နေ” ရန် အကူအညီရပေလိမ့်မည်။—မဿဲ ၂၄:၄၂-၄၄။