ခရစ်ယာန်များသည် ဝိညာဉ်နှင့် အမှန်တရားဖြင့် ဝတ်ပြုကိုးကွယ်ကြ
ခရစ်ယာန်များသည် ဝိညာဉ်နှင့် အမှန်တရားဖြင့် ဝတ်ပြုကိုးကွယ်ကြ
“ဘုရားသခင်သည် . . . ဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ . . . ဝိညာဉ်နှင့်လည်းကောင်း၊ [“အမှန်တရား၊” ကဘ] နှင့်လည်းကောင်း ကိုးကွယ်ရမည်။”—ယောဟန် ၄:၂၄။
၁။ ဘုရားသခင်သည် အဘယ်ဝတ်ပြုကိုးကွယ်မှုမျိုးကို နှစ်သက်တော်မူသနည်း။
ယေဟောဝါ၏ တစ်ပါးတည်းသောသားတော် ယေရှုခရစ်သည် မိမိ၏ကောင်းကင်ခမည်းတော်နှစ်သက်သည့် ဝတ်ပြုကိုးကွယ်မှုအကြောင်း အထင်အရှားဖော်ပြခဲ့သည်။ ရှုခါမြို့အနီးရှိရေတွင်း၌ ရှမာရိအမျိုးသမီးတစ်ဦးကို လှိုက်လှဲစွာသက်သေခံနေစဉ် ယေရှုဤသို့မိန့်တော်မူခဲ့သည်– “သင်တို့သည် ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။ ငါတို့သည် ကိုယ်သိသောအရာကို ကိုးကွယ်ကြ၏။ အကြောင်းမူကား၊ ယုဒလူတို့၌ ကယ်တင်ခြင်းအကြောင်းရှိ၏။ ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို . . . ဝိညာဉ်နှင့်လည်းကောင်း၊ [အမှန်] တရားနှင့်လည်းကောင်း ကိုးကွယ်ရမည့်အချိန်ကာလသည်ရောက်လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။ ဘုရားသခင်သည် . . . ဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ . . . ဝိညာဉ်နှင့်လည်းကောင်း၊ [အမှန်တရား] နှင့်လည်းကောင်း ကိုးကွယ်ရမည်။” (ယောဟန် ၄:၂၂-၂၄) ထိုစကားများကို မည်သို့နားလည်ရမည်နည်း။
၂။ ရှမာရိလူမျိုးသည် သူတို့၏ဝတ်ပြုကိုးကွယ်မှုကို အဘယ်အရာအပေါ် အခြေပြုခဲ့ကြသနည်း။
၂ ရှမာရိလူမျိုး၏ ဘာသာရေးရှုမြင်ပုံသည် မှားနေ၏။ သူတို့သည် သမ္မာကျမ်းစာ၏ ပထမကျမ်းငါးကျမ်းကိုသာ မှုတ်သွင်းခံကျမ်းများအဖြစ် လက်ခံကြပြီး ၎င်းကျမ်းများသည် သူတို့တည်းဖြတ်ထားသည့် ရှမာရိပဲန်တကျွတ်ဟုခေါ်သော ကျမ်းအတိုင်းဖြစ်သည်။ ရှမာရိလူမျိုးသည် ဘုရားသခင်ကို အမှန်တကယ်မသိကြချေ၊ ဂျူးလူမျိုးမူကား ကျမ်းစာအသိပညာ ပေးအပ်ခံခဲ့ရသည်။ (ရောမ ၃:၁၊ ၂) တည်ကြည်သောဂျူးများနှင့် အခြားသူတို့သည် ယေဟောဝါ၏စိတ်တော်နှင့် တွေ့နိုင်ကြ၏။ ထိုသို့စိတ်တော်တွေ့နိုင်ဖို့ သူတို့အဘယ်အရာပြုဖို့လိုမည်နည်း။
၃။ ဘုရားသခင်အား ‘ဝိညာဉ်နှင့် အမှန်တရားဖြင့်’ ဝတ်ပြုကိုးကွယ်ရန် အဘယ်အရာလိုသနည်း။
၃ ယေဟောဝါ၏စိတ်တော်နှင့်တွေ့ဖို့ ဂျူးများ၊ ရှမာရိများနှင့် အတိတ်မှ အခြားသူတို့သည် အဘယ်အရာပြုလုပ်ခဲ့ကြသနည်း။ သူတို့သည် ကိုယ်တော်အား ‘ဝိညာဉ်နှင့် အမှန်တရားဖြင့်’ ကိုးကွယ်ခဲ့ကြရ၏။ ကျွန်ုပ်တို့လည်း ထိုသို့ပြုကြရမည်။ ဘုရားသခင်၏အမှုတော်ကို အားကြီးသောမေတ္တာ၊ ယုံကြည်ခြင်းအပြည့်ရှိသောနှလုံး၏ လှုံ့ဆော်ပေးမှုဖြင့် စိတ်အားထက်သန်စွာ ထမ်းဆောင်ကြရမည်ဖြစ်သော်လည်း ဘုရားသခင်အား ဝိညာဉ်ဖြင့်ကိုးကွယ်ရာတွင် ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်ကိုရရှိပြီး ၎င်း၏လမ်းညွှန်မှုကိုခံယူဖို့ အထူးလိုအပ်သည်။ သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာ ကျင့်သုံးခြင်းအားဖြင့် ကျွန်ုပ်တို့၏ဝိညာဉ် သို့မဟုတ် စိတ်နေစိတ်ထားသည် ကိုယ်တော်၏ဝိညာဉ်တော်နှင့်အညီ ဖြစ်ရပေမည်။ (၁ ကောရိန္သု ၂:၈-၁၂) ထို့အပြင် ကျွန်ုပ်တို့၏ဝတ်ပြုကိုးကွယ်မှုကို ယေဟောဝါလက်ခံနိုင်ဖို့ အမှန်တရားအတိုင်းဖြစ်ရမည်။ ကိုယ်တော့်အကြောင်းနှင့် ကိုယ်တော်၏ရည်ရွယ်တော်မူချက်များအကြောင်း ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာ ဖော်ပြထားသည့်အတိုင်း ဖြစ်ရမည်။
အမှန်တရားကို တွေ့ရှိနိုင်
၄။ အမှန်တရားကို အချို့မည်သို့ရှုမြင်ကြသနည်း။
၄ ဒဿနိကဗေဒ လေ့လာသူအချို့က အကြွင်းမဲ့အမှန်တရားကို လူတို့လက်လှမ်းမမီနိုင်ဟု သဘောပိုက်ထားကြသည်။ ဆွီဒင်စာရေးဆရာ အာ့ဖ်အားလ်ဘာဂ်က ဤသို့ရေးသားခဲ့သည်– “ဒဿနိကပညာရပ်ဆိုင်ရာ
မေးခွန်းများအတွက် အဖြေအတိအကျမရှိနိုင်။” အချို့က အခြေအနေအလိုက် နှိုင်းရအမှန်တရားသာရှိသည်ဟု ဆိုကြသော်လည်း တကယ်မှန်ပါသလော။ ယေရှုခရစ်၏စကားအရ ထိုသို့မဟုတ်ပါ။၅။ ယေရှုသည် ဤလောကသို့ အဘယ်ကြောင့်ကြွလာခဲ့သနည်း။
၅ အောက်ပါမြင်ကွင်းကို မြင်ယောင်ကြည့်ကြပါစို့– စီ.အီး. ၃၃ ခုနှစ်အစောပိုင်းဖြစ်သည်၊ ယေရှုသည် ရောမမြို့ဝန်ပုန္တိပိလတ်ရှေ့ ရပ်နေ၏။ ပိလတ်ကို ယေရှုဤသို့မိန့်ဆိုလေသည်– “[အမှန်] တရားဘက်၌သက်သေခံခြင်းငှာ ငါသည် မွေးဖွားခြင်းကိုခံ၍ ဤလောကသို့ကြွလာပြီ။” ပိလတ်က “[အမှန်] တရားကားအဘယ်နည်း” ဟုမေး၏။ သို့သော် ယေရှု၏ဖြေရှင်းချက်ကို သူမစောင့်ခဲ့ချေ။—ယောဟန် ၁၈:၃၆-၃၈။
၆။ (က) ‘အမှန်တရား’ ကို မည်သို့အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပြီနည်း။ (ခ) ယေရှုသည် နောက်တော်လိုက်များကို အဘယ်တာဝန်ပေးခဲ့သနည်း။
၆ ‘အမှန်တရား’ ကို “တကယ့်အရာ၊ ဖြစ်ရပ်မှန်နှင့် အချက်အလက် အလုံးအရင်း” ဟုအဓိပ္ပာယ်ဖွင့်ထားသည်။ (ဝက်ဘ်စတား၏ နဝမအကြိမ်မြောက် အဘိဓာန်သစ်) သို့သော် ယေရှုသည် အမှန်တရားကို အကြမ်းဖျင်းသာ သက်သေခံခဲ့ပါသလော။ မဟုတ်ပါ။ ကိုယ်တော်သည် အမှန်တရားကို သတ်သတ်မှတ်မှတ်တင်ပြခဲ့သည်။ ဤအမှန်တရားကို ကြေညာရန် နောက်တော်လိုက်များအား ကိုယ်တော်တာဝန်ပေးခဲ့သည်၊ အကြောင်းမူကား သူတို့ကို ကိုယ်တော် ဤသို့မိန့်မှာခဲ့သောကြောင့်ဖြစ်သည်– “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ [နှစ်ခြင်း] ပေးကြလော့။ ငါသည် သင်တို့အားပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမ . . . ပေးကြလော့။” (မဿဲ ၂၈:၁၉၊ ၂၀) ဤစနစ်ဆုံးခန်း မတိုင်မီ ယေရှု၏နောက်တော်လိုက် အစစ်အမှန်များသည် “မှန်သောဧဝံဂေလိတရား [“သတင်းကောင်း”၊ ကဘ]” ကိုကမ္ဘာတစ်ဝန်း ကြေညာကြပါလိမ့်မည်။ (ဂလာတိ ၂:၁၄) ယေရှု၏ဤစကားများ ပြည့်စုံသည့်အနေနှင့် ထိုသို့ပြုလုပ်ကြလိမ့်မည်– “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လော[က]နိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှအဆုံးသည်ဖြစ်လတ္တံ့။” (မဿဲ ၂၄:၁၄) ထို့ကြောင့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောခြင်းအားဖြင့် လူမျိုးအပေါင်းအား အမှန်တရား သွန်သင်ပေးနေသူတို့အား ခွဲခြားသိမြင်ဖို့ အရေးကြီးသည်။
အမှန်တရားကို သင်ယူနိုင်ပုံ
၇။ ယေဟောဝါသည် အမှန်တရား၏ရင်းမြစ်ဖြစ်ကြောင်း သင်မည်သို့သက်သေထူမည်နည်း။
၇ ယေဟောဝါသည် ဝိညာဉ်ရေးအမှန်တရား၏ ရင်းမြစ်ဖြစ်တော်မူ၏။ ဆာလံဆရာက ယေဟောဝါအား “[အမှန်] တရား၏ဘုရားသခင်” ဟုခေါ်ဆိုခဲ့သည်။ (ဆာလံ ၃၁:၅၊ ကဘ; ၄၃:၃) ခမည်းတော်၏နှုတ်မြွက်စကားတော်သည် အမှန်တရားဖြစ်ကြောင်း ယေရှုအသိအမှတ်ပြုခဲ့ပြီး ဤသို့လည်းကြေညာသည်– “အနာဂတ္တိကျမ်းစာ၌လာသည်ကား၊ ‘ထိုသူအပေါင်းတို့သည် ဘုရားသခင်ဆုံးမသွန်သင်တော်မူသောသူ ဖြစ်ကြလိမ့်မည်’ ဟု လာသည်နှင့်အညီ၊ ခမည်းတော်ထံ၌နားထောင်၍ နည်းခံသောသူမှန်သမျှတို့သည် ငါ့ထံသို့လာကြ၏။” (ယောဟန် ၆:၄၅; ၁၇:၁၇; ဟေရှာယ ၅၄:၁၃) သို့ဖြစ်၍ အမှန်တရားရှာဖွေနေသူတို့သည် မဟာသွန်သင်ရှင်၊ ယေဟောဝါ၏သွန်သင်ခြင်း ခံရမည်မှာ ထင်ရှား၏။ (ဟေရှာယ ၃၀:၂၀၊ ၂၁) အမှန်တရားရှာဖွေသူများသည် “ဘုရားသခင်ကိုသိသောဉာဏ်” ရှိဖို့လိုသည်။ (သု. ၂:၅) ယေဟောဝါကလည်း အမှန်တရားကို နည်းမျိုးစုံဖြင့် မေတ္တာရှိရှိ သွန်သင် သို့မဟုတ် ကြားသိစေတော်မူပြီ။
၈။ ဘုရားသခင်သည် အမှန်တရားကို အဘယ်နည်းများဖြင့် သွန်သင်ပေး၍ ကြားသိစေခဲ့သနည်း။
၈ ဥပမာ၊ ဘုရားသခင်သည် ကောင်းကင်တမန်များအားဖြင့် ဣသရေလလူမျိုးကို ပညတ်တရားပေးခဲ့သည်။ (ဂလာတိ ၃:၁၉) အိပ်မက်များအားဖြင့် ဘိုးဘေးအာဗြဟံနှင့် ယာကုပ်တို့ကို ကောင်းချီးများပေးမည်ဟု ကိုယ်တော်ကတိပြုခဲ့သည်။ (ကမ္ဘာဦး ၁၅:၁၂-၁၆; ၂၈:၁၀-၁၉) ကောင်းကင်မှပင် ဘုရားသခင်မိန့်မြွက်တော်မူခဲ့၏၊ ယေရှု နှစ်ခြင်းခံစဉ်တွင် “ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း” ဟုစိတ်လှုပ်ရှားဖွယ်စကားများကို မြေကြီးပေါ်၌ကြားခဲ့ရသည်။ (မဿဲ ၃:၁၇) ဘုရားသခင်သည် ကျမ်းရေးသူများကို ဝိညာဉ်တော်မှုတ်သွင်းခြင်းအားဖြင့် အမှန်တရားကို သိရှိစေခဲ့သည့်အတွက်လည်း ကျွန်ုပ်တို့ကျေးဇူးတင်စရာပင်။ (၂ တိမောသေ ၃:၁၆၊ ၁၇) ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ကျွန်ုပ်တို့သင်ယူခြင်းအားဖြင့် “[အမှန်]တရားကိုယုံကြည်” နိုင်ကြသည်။—၂ သက်သာလောနိတ် ၂:၁၃။
အမှန်တရားနှင့် ဘုရားသခင့်သားတော်
၉။ ဘုရားသခင်သည် အမှန်တရားကိုလှစ်ဟဖော်ပြရန် မိမိ၏သားတော်ကို မည်သို့အသုံးပြုခဲ့သနည်း။
၉ ဘုရားသခင်သည် လူသားတို့အား အမှန်တရားဖော်ပြရန် သားတော်ယေရှုခရစ်ကို အထူးသဖြင့်အသုံးပြုခဲ့ပြီ။ (ဟေဗြဲ ၁:၁-၃) စင်စစ်အားဖြင့် ယေရှုသည် အဘယ်လူသားတစ်ဦးမျှ မဟောခဲ့ဖူးသည့်နည်းဖြင့် အမှန်တရားကိုဟောပြောခဲ့သည်။ (ယောဟန် ၇:၄၆) ကောင်းကင်သို့ ကိုယ်တော်တက်ကြွပြီးနောက်၌ပင် ခမည်းတော်ထံမှ အမှန်တရားကို ကိုယ်တော်ဖော်ပြခဲ့သည်။ သာဓကအနေနှင့် “ကာလမကြာမမြင့်မီ ဖြစ်ရမည့်အမှုအရာများကို ယေရှုခရစ်သည် မိမိအစေခံကျွန်တို့အား ပြစေခြင်းငှာ၊ ဘုရားသခင်အပ်ပေးတော်မူသော . . . [အဆင်းအာရုံ]” ကို တမန်တော်ယောဟန်ရရှိခဲ့သည်။—ဗျာဒိတ် ၁:၁-၃။
၁၀၊ ၁၁။ (က) ယေရှုသက်သေခံခဲ့သော အမှန်တရားသည် အဘယ်အရာနှင့် ဆက်နွှယ်သနည်း။ (ခ) ယေရှုသည် အမှန်တရားကို မည်သို့အစစ်အမှန်ဖြစ်လာစေခဲ့သနည်း။
၁၀ ယေရှုက မိမိသည် အမှန်တရားကိုသက်သေခံဖို့ မြေကြီးပေါ်သို့ကြွလာကြောင်း ပုန္တိပိလတ်အားပြောခဲ့သည်။ ယေရှု ဓမ္မအမှုဆောင်ချိန်အတွင်း ကိုယ်တော်က ၎င်းအမှန်တရားသည် ဘုရင်အဖြစ် ခရစ်တော်အုပ်စိုးသော ဘုရားသခင့်နိုင်ငံတော်အားဖြင့် ယေဟောဝါ၏ပိုင်သအုပ်စိုးမှုအပေါ် သံသယကင်းရှင်းစေခြင်းနှင့် ဆက်နွှယ်ကြောင်း ဖော်ပြခဲ့သည်။ သို့သော် အမှန်တရားကိုသက်သေခံဖို့ ဟောပြောသွန်သင်ခြင်းထက်မက ယေရှုပြုခဲ့ရသည်။ ယေရှုသည် ထိုအမှန်တရားကိုပြည့်စုံစေခြင်းအားဖြင့် ယင်းကို အစစ်အမှန်ဖြစ်စေခဲ့သည်။ ယင်းကြောင့် တမန်တော်ပေါလုဤသို့ရေးသားခဲ့၏– “စားသောက်ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကိုစောင့်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှမစစ်ကြောမစီရင်စေနှင့်။ ထိုအရာတို့သည် နောက်ဖြစ်လတ္တံ့သောအရာတို့၏ အရိပ်ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ကိုယ်ဖြစ်၏။”—ကောလောသဲ ၂:၁၆၊ ၁၇။
၁၁ အမှန်တရားသည် အစစ်အမှန်ဖြစ်လာသောနည်းတစ်နည်းမှာ ဗက်လင်မြို့၌ ယေရှုမွေးဖွားခဲ့ခြင်းဖြင့်ဖြစ်သည်။ (မိက္ခာ ၅:၂; လုကာ ၂:၄-၁၁) ၆၉ ‘သီတင်းနှစ်’ အကုန်ပိုင်းတွင် မေရှိယပေါ်လာမည်ဟူသော ဒံယေလ၏ပရောဖက်ပြုစကားများ ပြည့်စုံလာ၍လည်း အမှန်တရားသည် အစစ်အမှန်ဖြစ်လာခဲ့သည်။ ကြိုဟောထားသည့်အတိုင်း စီ.အီး. ၂၉ ခုတွင် ယေရှုသည် ဘုရားသခင်ထံ မိမိကိုယ်ကိုဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံ၍ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ခန့်အပ်ခံရသောအခါ ၎င်းပရောဖက်ပြုချက် ပြည့်စုံခဲ့သည်။ (ဒံယေလ ၉:၂၅; လုကာ ၃:၁၊ ၂၁၊ ၂၂) ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူတစ်ဦးအဖြစ် အလင်းပေးသော ယေရှု၏ဓမ္မအမှုဆောင်ခြင်းအားဖြင့်လည်း အမှန်တရားသည် အစစ်အမှန်ဖြစ်လာပြန်သည်။ (ဟေရှာယ ၉:၁၊ ၂၊ ၆၊ ၇; ၆၁:၁၊ ၂; မဿဲ ၄:၁၃-၁၇; လုကာ ၄:၁၈-၂၁) ကိုယ်တော်၏သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့်လည်း အစစ်အမှန်ဖြစ်လာခဲ့သည်။—ဆာလံ ၁၆:၈-၁၁; ဟေရှာယ ၅၃:၅၊ ၈၊ ၁၁၊ ၁၂; မဿဲ ၂၀:၂၈; ယောဟန် ၁:၂၉; တမန်တော် ၂:၂၅-၃၁။
၁၂။ ယေရှုက ‘ငါသည် အမှန်တရားဖြစ်၏’ ဟုအဘယ်ကြောင့်ဆိုနိုင်ခဲ့သနည်း။
၁၂ အမှန်တရားသည် ယေရှုခရစ်၌ ဗဟိုပြုသောကြောင့် “ငါသည်လမ်းခရီးဖြစ်၏။ [အမှန်] တရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှခမည်းတော်ထံသို့မရောက်ရ” ဟုကိုယ်တော်မိန့်ဆိုနိုင်ခဲ့သည်။ (ယောဟန် ၁၄:၆) ဘုရားသခင့်ရည်ရွယ်ချက်တွင် ယေရှု၏အခန်းကဏ္ဍကို လူတို့အသိအမှတ်ပြုခြင်းအားဖြင့် မိမိတို့ကိုယ်ကို “[အမှန်] တရားနှင့်စပ်ဆိုင်” စေသောအခါ သူတို့သည် ဝိညာဉ်ရေးအရ လွှတ်ခြင်းခံရကြသည်။ (ယောဟန် ၈:၃၂-၃၆; ၁၈:၃၇) သိုးကဲ့သို့သောသူများသည် အမှန်တရားကိုလက်ခံ၍ ယုံကြည်ခြင်းဖြင့် ခရစ်တော်နောက်လိုက်ကြသောကြောင့် ထာဝရအသက်ရကြလိမ့်မည်။—ယောဟန် ၁၀:၂၄-၂၈။
၁၃။ ကျမ်းစာဆိုင်ရာ အမှန်တရားနှင့်စပ်လျဉ်း၍ အဘယ်ကဏ္ဍသုံးရပ်ကို ကျွန်ုပ်တို့ဆန်းစစ်ကြည့်ကြမည်နည်း။
၁၃ ယေရှုနှင့် ကိုယ်တော်၏ထက်သန်သောနောက်တော်လိုက်များ ဟောပြောတင်ပြခဲ့သည့် အမှန်တရားအစုအဝေးသည် ခရစ်ယာန်ယုံကြည်ခြင်းအစစ်အမှန်ဖြစ်သည်။ သို့ဖြင့် “ယုံကြည်ခြင်းတရားတော်ကို တမန်တော် ၆:၇ သမ္မာ; ၃ ယောဟန် ၃၊ ၄) သို့ဖြစ်၍ ယနေ့ မည်သူတို့သည် အမှန်တရားအတိုင်း လျှောက်လှမ်းကြသနည်း။ လူမျိုးအပေါင်းအား အမှန်တရားကို မည်သူတို့အမှန်တကယ် သွန်သင်ပေးနေကြသနည်း။ ဤမေးခွန်းများကိုဖြေဆိုရာတွင် အစောပိုင်းခရစ်ယာန်များကို အာရုံစိုက်၍ (၁) ယုံကြည်ချက်များ၊ (၂) ဝတ်ပြုကိုးကွယ်ပုံ (၃) ကိုယ်ပိုင်အမူအကျင့်တို့နှင့် ပတ်သက်ပြီး ကျမ်းစာကအမှန်အတိုင်းမည်သို့ဖော်ပြကြောင်း ကျွန်ုပ်တို့ဆန်းစစ်ကြည့်ကြမည်။
လိုက်နာကြ” သူတို့သည် ‘အမှန်တရား၌လျှောက်လှမ်း’ ကြ၏။ (အမှန်တရားနှင့် ယုံကြည်ချက်များ
၁၄၊ ၁၅။ သမ္မာကျမ်းစာနှင့်ပတ်သက်သော အစောပိုင်းခရစ်ယာန်များနှင့် ယေဟောဝါသက်သေများ၏သဘောထားကို သင်အဘယ်သို့ဆိုမည်နည်း။
၁၄ အစောပိုင်းခရစ်ယာန်များသည် ယေဟောဝါ၏မှတ်တမ်းတင်ထားသော နှုတ်မြွက်စကားတော်ကို အထူးကြည်ညိုလေးစားခဲ့ကြသည်။ (ယောဟန် ၁၇:၁၇) သူတို့၏ယုံကြည်ချက်များ၊ အမူအကျင့်များနှင့်ပတ်သက်၍ ၎င်းကို သူတို့စံထားခဲ့ကြသည်။ ဒုတိယနှင့် တတိယရာစုနှစ်များတွင် အလက်ဇန္ဒြီးယားမြို့သားဖြစ်သူ ကလဲမင့်ကဤသို့ဆိုခဲ့သည်– “အမှန်တရားကို စူးစမ်းရှာဖွေရာတွင် အထူးမြတ်ဆုံး၊ အကောင်းဆုံးကိုရရှိရန် ကြိုးစားအားထုတ်သူများသည် သူတို့၏ယုံကြည်ချက်များအတွက် ကျမ်းစာအထောက်အထားမရမချင်း ကျေနပ်မည်မဟုတ်ချေ။”
၁၅ ယေဟောဝါသက်သေများသည်လည်း အစောပိုင်းခရစ်ယာန်များကဲ့သို့ သမ္မာကျမ်းစာကို အလွန်ကြည်ညိုလေးမြတ်ကြသည်။ “ကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ . . . သွန်သင်ခြင်းကျေးဇူးများကို ပြုတတ်” ကြောင်း သူတို့ယုံကြည်ကြသည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) သို့ဖြစ်၍ သမ္မာကျမ်းစာကို အဓိကပြဋ္ဌာန်းစာအုပ်အဖြစ် အသုံးပြုကြသောကြောင့် ယေဟောဝါ၏ မျက်မှောက်ခေတ်ကျေးကျွန်များ သိရှိလာကြသည့် အစောပိုင်းခရစ်ယာန်များ၏ ယုံကြည်ချက်အချို့ကို သုံးသပ်ကြည့်ကြစို့။
စိုးလ်နှင့်ပတ်သက်သောအမှန်တရား
၁၆။ စိုးလ်နှင့်ပတ်သက်သောအမှန်တရားကား အဘယ်နည်း။
၁၆ ကနဦးခရစ်ယာန်များသည် ကျမ်းစာမိန့်ဆိုရာကို ယုံကြည်ကြသောကြောင့် စိုးလ်နှင့်ပတ်သက်သောအမှန်တရားကို သွန်သင်ပေးခဲ့ကြ၏။ ဘုရားသခင်သည် လူကိုဖန်ဆင်းသောအခါ “လူသည် အသက်ရှင်သောသတ္တဝါ [“စိုးလ်၊” ကဘ] ဖြစ်” လာကြောင်း သူတို့သိကြသည်။ (ကမ္ဘာဦး ၂:၇) ထို့အပြင် လူ့စိုးလ် သေသည်ကို သူတို့ အသိအမှတ်ပြုခဲ့ကြသည်။ (ယေဇကျေလ ၁၈:၄; ယာကုပ် ၅:၂၀) “သေသောသူမူကား အဘယ်အရာကိုမျှမသိ” ကြောင်းကိုလည်း သူတို့သိခဲ့ကြသည်။—ဒေ. ၉:၅၊ ၁၀။
၁၇။ သေလွန်သူအတွက် မျှော်လင့်ချက်ကို သင်မည်သို့ရှင်းပြမည်နည်း။
၁၇ ယေရှု၏ အစောပိုင်းနောက်တော်လိုက်များက ဘုရားသခင့်မှတ်ဉာဏ်၌ရှိသော သေလွန်သူများသည် ရှင်ပြန်ထမြောက်လာကြမည်၊ သို့မဟုတ် အသက်ပြန်ရှင်လာကြမည်ဟု ယုံကြည်မျှော်လင့်ကြသည်။ ထိုယုံကြည်ချက်ကို ပေါလုဤသို့အထင်အရှားဖော်ပြခဲ့သည်– “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်ဟူ၍၊ သူတို့မျှော်လင့်သည်နည်းတူ၊ အကျွန်ုပ်လည်း ဘုရားသခင်ကိုအမှီပြု၍ မျှော်လင့်ပါ၏။” (တမန်တော် ၂၄:၁၅) နောက်ပိုင်းတွင် ခရစ်ယာန်အမည်ခံ မီနူးကီးယပ်စ်ဖီးလစ္စက ဤသို့ရေးသားခဲ့သည်– “အစအဦး၌ ဘုရားသခင်ပုံစံပြု ဖန်ဆင်းခဲ့သော လူကို အသစ်တစ်ဖန် ပြန်၍မပြုလုပ်နိုင်ဟု အသိဉာဏ်ကင်းမဲ့စွာ မည်သူအခိုင်အမာပြောဝံ့သနည်း။” ကနဦးခရစ်ယာန်များနည်းတူ ယေဟောဝါသက်သေများသည် လူ့စိုးလ်၊ သေခြင်း၊ ရှင်ပြန်ထမြောက်ခြင်းတို့နှင့်ပတ်သက်၍ ကျမ်းစာအမှန်တရားကို အခိုင်အမာစွဲကိုင်ထားကြသည်။ ဘုရားသခင်နှင့် ခရစ်တော် မည်သူမည်ဝါဖြစ်ကြောင်း ယခုသုံးသပ်ကြည့်ကြစို့။
အမှန်တရားနှင့် သုံးပါးပေါင်းတစ်ဆူ
၁၈၊ ၁၉။ သုံးပါးပေါင်းတစ်ဆူသည် ကျမ်းစာသွန်သင်ချက်မဟုတ်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။
၁၈ ကနဦးခရစ်ယာန်များသည် ဘုရားသခင်၊ ခရစ်တော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့ကို သုံးပါးပေါင်းတစ်ဆူအဖြစ် မယူမှတ်ခဲ့ကြချေ။ ဗြိတဲန်နီကာစွယ်စုံကျမ်းက ဤသို့ဆိုသည်– “သုံးပါးပေါင်းတစ်ဆူဟူသော စကားလုံးကိုဖြစ်စေ၊ တိကျပြတ်သားသော ထိုအယူဝါဒကိုဖြစ်စေ ဓမ္မသစ်ကျမ်းတွင် မတွေ့ရပါ၊ ယေရှုနှင့် နောက်တော်လိုက်များသည်လည်း ‘အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် တစ်ဆူတည်းသောထာဝရဘုရားဖြစ်တော်မူ၏’ (တရား. ၆:၄) ဟူသော ဓမ္မဟောင်းကျမ်းပါ ရှီမာ [ဟေဗြဲဆုတောင်းချက်] ကိုဖီဆန်ဖို့ မကြံရွယ်ကြပါ။” ခရစ်ယာန်များသည် ရောမတို့၏ သုံးပါးပေါင်းတစ်ဆူဘုရားကိုဖြစ်စေ၊ အခြားဘုရားများကိုဖြစ်စေ မကိုးကွယ်ခဲ့ကြချေ။ ယေဟောဝါတစ်ပါးတည်းကိုသာ ဝတ်ပြုကိုးကွယ်ရမည်ဟူသော ယေရှု၏မိန့်ဆိုချက်ကို သူတို့လက်ခံခဲ့ကြသည်။ (မဿဲ ၄:၁၀) ထို့ပြင် “ငါ့ခမည်းတော်သည် ငါ့ထက်သာ၍ကြီးမြတ် တော်မူ၏” ဟူသော ခရစ်တော်၏စကားကို သူတို့ယုံကြည်ကြသည်။ (ယောဟန် ၁၄:၂၈) ယေဟောဝါသက်သေများသည် ယနေ့ ထိုအတိုင်းရှုမြင်ကြသည်။
၁၉ ဘုရားသခင်၊ ခရစ်တော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့သည် ကွဲပြားခြားနားကြောင်း ယေရှု၏အစောပိုင်းနောက်တော်လိုက်များ သိမြင်ခဲ့ကြသည်။ သူတို့သည် ယေရှု၏နောက်တော်လိုက်များကို သုံးပါးပေါင်းတစ်ဆူ၏နာမ၌မဟုတ်ဘဲ (၁) ခမည်းတော်၏နာမ၊ (၂) သားတော်၏နာမနှင့် (၃) သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ နှစ်ခြင်းပေးခဲ့ကြသည်။ ထိုနည်းတူ ယေဟောဝါသက်သေများသည် ကျမ်းစာမှအမှန်တရားကို သွန်သင်ပေးကြရာ ဘုရားသခင်၊ ကိုယ်တော်၏သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့ကို ခွဲခြားသိမြင်စေကြသည်။—မဿဲ ၂၈:၁၉။
အမှန်တရားနှင့် နှစ်ခြင်း
၂၀။ နှစ်ခြင်းခံလိုသူများသည် အဘယ်အသိပညာရှိဖို့လိုသနည်း။
၂၀ အမှန်တရားသင်ကြားပေးခြင်းဖြင့် လူတို့အား တပည့်ဖြစ်စေဖို့တာဝန်ကို မိမိ၏နောက်လိုက်များအား ယေရှုပေးခဲ့သည်။ နှစ်ခြင်းခံဖို့ အရည်အချင်းပြည့်မီရန် သူတို့သည် ကျမ်းစာအခြေခံအသိပညာရှိဖို့လိုသည်။ ဥပမာ၊ သူတို့သည် ခမည်းတော်နှင့် သားတော်ယေရှုခရစ်တို့၏ ရာထူး၊ သူတို့၏အခွင့်အာဏာကို အသိအမှတ်ပြုကြရမည်။ (ယောဟန် ၃:၁၆) သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်တစ်ပါးမဟုတ်ဘဲ ဘုရားသခင်၏တက်ကြွလှုပ်ရှားသော စွမ်းအားဖြစ်ကြောင်းကိုလည်း နှစ်ခြင်းခံလိုသူများ သိရှိနားလည်ကြရမည်။—ကမ္ဘာဦး ၁:၂၊ ကဘ၊ အောက်ခြေမှတ်ချက်။
၂၁၊ ၂၂။ နှစ်ခြင်းသည် ယုံကြည်သူများအတွက်ဖြစ်သည်ဟု အဘယ်ကြောင့်သင်ဆိုရသနည်း။
၂၁ အစောပိုင်းခရစ်ယာန်များသည် ဘုရားသခင့်အလိုတော်ဆောင်ရန် အကြွင်းမဲ့ဆက်ကပ်အပ်နှံထားကြသော အသိအမြင်များ၍ နောင်တရသူများကိုသာ နှစ်ခြင်းပေးခဲ့ကြသည်။ စီ.အီး. ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် ယေရုရှလင်မြို့၌စုရုံးခဲ့ကြသော ဂျူးများနှင့် ဘာသာပြောင်းလာသူတို့သည် ဟေဗြဲကျမ်းစာစောင်များကို သိရှိနားလည်ထားနှင့်သူများဖြစ်ကြ၏။ မေရှိယသခင် ယေရှုအကြောင်း တမန်တော်ပေတရု၏ဟောပြောချက်ကို ကြားနာပြီးနောက် “အသင့်နှလုံးသွင်းမိသောသူ” ၃,၀၀၀ ခန့်သည် ‘နှစ်ခြင်းခံခဲ့ကြ’ သည်။—တမန်တော် ၂:၄၁; ၃:၁၉–၄:၄; ၁၀:၃၄-၃၈။
၂၂ ခရစ်ယာန်နှစ်ခြင်းသည် ယုံကြည်သူများအတွက်ဖြစ်သည်။ ရှမာရိမြို့ရှိလူတို့သည် အမှန်တရားကိုလက်ခံခဲ့ကြပြီးနောက် “ဖိလိပ္ပုသည် ဘုရားသခင်၏နိုင်ငံတော်နှင့်လည်းကောင်း၊ ယေရှုခရစ်၏နာမတော်နှင့်လည်းကောင်း စပ်ဆိုင်သောဧဝံဂေလိတရားကိုဟောပြော၍ ထိုသူတို့သည်ယုံကြည်သောအခါ၊ ယောက်ျားမိန်းမတို့သည် [နှစ်ခြင်း]ခံကြ၏။” (တမန်တော် ၈:၁၂) ယေဟောဝါအားသိကျွမ်းသော ကြည်ညိုသည့် ဘာသာပြောင်းဝင်လာသူ အဲသယောပိအမတ်သည် မေရှိယဆိုင်ရာပရောဖက်ပြုချက် ပြည့်စုံခဲ့ပြီဖြစ်ကြောင်း ဖိလိပ္ပုဖော်ပြသည်ကို လက်ခံပြီးနောက် နှစ်ခြင်းခံယူခဲ့သည်။ (တမန်တော် ၈:၃၄-၃၆) ထို့နောက် ပေတရုက “ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရ” ၍ ယေရှုခရစ်ကို ယုံကြည်သူရှိသမျှတို့သည် အပြစ်လွှတ်ခြင်းခံရမည်ဖြစ်ကြောင်း ကော်နေလိနှင့် အခြားတစ်ပါးအမျိုးသားများကို ပြောခဲ့သည်။ (တမန်တော် ၁၀:၃၅၊ ၄၃; ၁၁:၁၈) ၎င်းတို့အားလုံးသည် ‘တပည့်ဖြစ်စေလျက်၊ ကိုယ်တော်ပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ သွန်သင်ပေး’ ခြင်းနှင့်ပတ်သက်သော ယေရှု၏မိန့်မှာချက်နှင့်ကိုက်ညီသည်။ (မဿဲ ၂၈:၁၉၊ ၂၀; တမန်တော် ၁:၈) ယေဟောဝါသက်သေများသည်လည်း ထိုစံအတိုင်းလိုက်သည်၊ ကျမ်းစာဆိုင်ရာအခြေခံအသိပညာရှိပြီး ဘုရားသခင်အား မိမိကိုယ်ကိုဆက်ကပ်အပ်နှံထားသူများကိုသာ နှစ်ခြင်းပေးကြပါသည်။
၂၃၊ ၂၄။ နည်းမှန်လမ်းကျ ခရစ်ယာန်နှစ်ခြင်းကား အဘယ်နည်း။
၂၃ ရေတွင်စုံးစုံးနှစ်မြှုပ်ခြင်းသည် ယုံကြည်သူများအတွက် သင့်လျော်သောနှစ်ခြင်းခံနည်းဖြစ်၏။ ယေရှုသည် ယော်ဒန်မြစ်တွင်နှစ်ခြင်းခံပြီးနောက် ကိုယ်တော်သည် “ရေမှပေါ်ထ” ခဲ့သည်။ (မာကု ၁:၁၀) အဲသယောပိအမတ်သည် “ရေ [“အစုအဝေး၊” ကဘ] ရှိရာ” ၌နှစ်ခြင်းခံခဲ့သည်။ သူနှင့် ဖိလိပ္ပုသည် “ရေထဲသို့ဆင်း” ပြီးနောက် ရေထဲက ‘တက်လာကြ’ ၏။ (တမန်တော် ၈:၃၆-၄၀) နှစ်ခြင်းကို ပုံဆောင်သင်္ဂြိုဟ်ခြင်းနှင့် ဆက်စပ်တင်ပြသည့် ကျမ်းစာဖော်ပြချက်ကလည်း ရေတွင် စုံးစုံးနှစ်မြှုပ်ခြင်းကို ထောက်ပြသည်။—ရောမ ၆:၄-၆; ကောလောသဲ ၂:၁၂။
၂၄ သည်အောက်စဖို့ဒ် သမ္မာကျမ်းစာ အဖော်မွန် စာအုပ်ကဤသို့ဆို၏– “ဓမ္မသစ်ကျမ်းပါ နှစ်ခြင်းဆိုင်ရာဖော်ပြချက်များက ရေအောက်သို့ လူတစ်ဦးအားနှစ်မြှုပ်လိုက်ခြင်းကို ဖော်ပြသည်။” နာမည်ကျော်ပြင်သစ်စာစောင် ၂၀ ရာစုလိုရုစ် စီအဲကယ်လ် (ပဲရစ်၊ ၁၉၂၈) အရ “ကနဦးခရစ်ယာန်များသည် ရေရှိရာ အဘယ်နေရာတွင်မဆို ရေထဲနှစ်မြှုပ်ခံခြင်းဖြင့် နှစ်ခြင်းယူခဲ့ကြသည်။” ယေရှုနောက်ပိုင်း—ခရစ်ယာန်ဘာသာအောင်ပွဲခံဟူသော စာအုပ်ကဤသို့ဖော်ပြသည်– “နှစ်ခြင်းခံလိုသူသည် ယုံကြည်သက်ဝင်ကြောင်းဝန်ခံပြီးနောက် ယေရှု၏
နာမ၌ ရေတွင် စုံးစုံးနှစ်မြှုပ်ခံခြင်းသည် နှစ်ခြင်း၏ အခြေခံအကျဆုံးနည်းစနစ်ဖြစ်သည်။”၂၅။ နောက်ဆောင်းပါးတွင် အဘယ်အကြောင်း ဆွေးနွေးမည်နည်း။
၂၅ ကနဦးခရစ်ယာန်များ၏ အထက်ဖော်ပြပါ ကျမ်းစာအခြေပြု ယုံကြည်ချက်များနှင့် အမူအကျင့်များသည် နမူနာမျှသာဖြစ်သည်။ သူတို့၏ယုံကြည်ချက်များနှင့် ယေဟောဝါသက်သေများ၏ ယုံကြည်ချက်များ တူညီမှုများကို တင်ပြနိုင်ပါသေးသည်။ နောက်ဆောင်းပါးတွင် လူတို့ကို အမှန်တရားသွန်သင်ပေးနေသူများအား ခွဲခြားသိမြင်နိုင်သည့် ထပ်ဆင့်နည်းများကို ဆွေးနွေးတင်ပြပါမည်။
သင်မည်သို့တုံ့ပြန်မည်နည်း
• ဘုရားသခင်သည် အဘယ်ဝတ်ပြုမှုမျိုးကို တောင်းဆိုသနည်း။
• အမှန်တရားသည် ယေရှုခရစ်အားဖြင့် မည်သို့အစစ်အမှန်ဖြစ်လာသနည်း။
• စိုးလ်၊ သေခြင်းနှင့်ပတ်သက်၍ အမှန်တရားကား အဘယ်နည်း။
• ခရစ်ယာန်နှစ်ခြင်းကို မည်သို့လုပ်ဆောင်ကြသနည်း၊ နှစ်ခြင်းခံလိုသူများထံမှ အဘယ်အရာတောင်းဆိုသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
‘အမှန်တရားဘက်၌ သက်သေခံခြင်းငှာ ငါကြွလာပြီ’ ဟု ပိလတ်ကို ယေရှုမိန့်ဆိုခဲ့
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ယေရှုက ‘ငါသည် အမှန်တရားဖြစ်၏’ ဟု အဘယ်ကြောင့်ဆိုခဲ့ကြောင်း သင်ရှင်းပြနိုင်သလော
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ခရစ်ယာန်နှစ်ခြင်းနှင့်ဆိုင်သော အမှန်တရားကား အဘယ်နည်း