ငရဲသည် အမှန်စင်စစ် အဘယ်နည်း
ငရဲသည် အမှန်စင်စစ် အဘယ်နည်း
“ငရဲ” ဟူသောစကားလုံးကို သင်မည်သို့ပင်မြင်ယောင်ပါစေ ငရဲကို အပြစ်ဒဏ်ခံရာအရပ်ဟု အများအားဖြင့် ထင်မှတ်ကြ၏။ အပြစ်နှင့် အပြစ်၏အကျိုးဆက်အကြောင်း သမ္မာကျမ်းစာက ဤသို့ဆိုသည်– “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။” (ရောမ ၅:၁၂) သမ္မာကျမ်းစာက ဤသို့လည်း ဖော်ပြ၏– “အပြစ်တရား၏အခကား သေခြင်းပေတည်း။” (ရောမ ၆:၂၃) အပြစ်၏အခကား သေခြင်းဖြစ်သောကြောင့် ငရဲ၏အဓိပ္ပာယ်အမှန်ကို သတ်မှတ်ပိုင်းဖြတ်ရန် အခြေခံမေးခွန်းမှာ ကျွန်ုပ်တို့သေဆုံးသောအခါ အဘယ်အရာ ဖြစ်ပျက်သနည်းဟူ၍ ဖြစ်သည်။
သေဆုံးပြီးနောက် ဘဝတစ်မျိုး၊ အသွင်တစ်မျိုးဖြင့် ဆက်တည်ရှိနေသလော။ ငရဲဟူသည် အဘယ်နည်း၊ ထိုနေရာသို့ အဘယ်လူစားများ ရောက်ကြသနည်း။ ငရဲတွင်ရှိသူများအတွက် မျှော်လင့်ချက်တစ်စုံတစ်ရာရှိသလော။ သမ္မာကျမ်းစာက အဆိုပါမေးခွန်းများကို မှန်မှန်ကန်ကန်နှင့် ကျေနပ်ဖွယ်အဖြေများ ပေးထားသည်။
တမလွန်ဘဝ
ဝိညာဉ် [စိုးလ်] သို့မဟုတ် ဝိညာဉ် [စပီးရစ်] ကဲ့သို့သော ကိုယ်ခန္ဓာအတွင်းရှိ တစ်စုံတစ်ရာသည် လူခန္ဓာသေပြီးနောက် ဆက်အသက်ရှင်နေသလော။ ပထမလူသားအာဒံ အသက်ရှင်လာပုံကို သုံးသပ်ကြည့်ပါ။ “ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်တော်မူ” ၏ဟု ကျမ်းစာက ဖော်ပြသည်။ (ကမ္ဘာဦး ၂:၇) အသက်ရှူခြင်းက သူ့ကို အသက်ဆက်ရှင်စေသော်လည်း သူ၏နှာခေါင်းထဲ “ဇီဝအသက်ကိုမှုတ်” သွင်းပေးခြင်းမှာမူ သူ၏အဆုတ်ထဲသို့ လေရောက်ရှိသွားစေရန် မှုတ်ပေးခြင်းမျှမဟုတ်ပါ။ ဘုရားသခင်သည် အာဒံ၏အသက်မဲ့ ခန္ဓာကိုယ်ထဲ အသက်ငွေ့ဖြစ်သော မြေကြီးသတ္တဝါခပ်သိမ်းအား တက်ကြွလှုပ်ရှားစေသည့် “အသက်စွမ်းအား” ထည့်သွင်းပေးခြင်းကို ဆိုလို၏။ (ကမ္ဘာဦး ၆:၁၇၊ ကဘ; ၇:၂၂) သမ္မာကျမ်းစာက ဤသက်ဝင်လှုပ်ရှားစေသည့် စွမ်းအားကို “ဝိညာဉ် [“စပီးရစ်၊” ကဘ]” ဟုရည်ညွှန်း၏။ (ယာကုပ် ၂:၂၆) ထိုဝိညာဉ် [စပီးရစ်] ကို စက်ယန္တရား သို့မဟုတ် ကိရိယာတစ်ခုကို လည်ပတ်လှုပ်ရှားစေနိုင်သည့် လျှပ်စီးနှင့် နှိုင်းယှဉ်နိုင်သည်။ ထိုလျှပ်စီးသည် ယင်းက စွမ်းအင်ပေးသောပစ္စည်း၏ ပုံသဏ္ဌာန်အသွင်ကို ဘယ်သောအခါမျှ မဆောင်နိုင်သကဲ့သို့ ထိုအသက်စွမ်းအားသည်လည်း ယင်းက သက်ဝင်လှုပ်ရှားစေသော မည်သည့်သက်ရှိသတ္တဝါ၏ ပင်ကိုစရိုက်ကိုမျှ မခံယူနိုင်ချေ။ ၎င်းတွင် ဥပဓိရုပ်မရှိ၊ ဆင်ခြင်တွေးခေါ်မှုအစွမ်းလည်း မရှိပါ။
လူတစ်ဦးသေဆုံးသောအခါ ဝိညာဉ် [စပီးရစ်] သည်မည်သို့ဖြစ်သွားသနည်း။ ဆာလံ ၁၄၆:၄ တွင်ဤသို့ဆို၏– “သူသည် အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ခြင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။” လူတစ်ဦး သေဆုံးသောအခါ သူ၏ဥပဓိရုပ်မရှိသော စပီးရစ်သည် . . . ဝိညာဉ်သားတစ်ဦးအနေဖြင့် တခြားတစ်နေရာတွင် ဆက်တည်ရှိမနေပေ။ “ဝိညာဉ် [“စပီးရစ်၊” ကဘ] သည်အရင်ပေးတော်မူသော ဘုရားသခင့်ထံသို့ . . . ပြန်သွား” ၏။ (ဒေ. ၁၂:၇) ယင်းက ထိုသူ၏အနာဂတ်အသက်ရရှိရန် မျှော်လင့်ချက်သည် ဘုရားသခင်အပေါ် လုံးဝမူတည်ကြောင်းကို ဆိုလို၏။
ရှေးခေတ် ဂရိအတွေးအခေါ်ပညာရှင် ဆိုကရေးတီးနှင့် ပလေတိုတို့က လူသေသည့်အခါ သူ့ကိုယ်ခန္ဓာအတွင်းရှိ ဝိညာဉ်စိုးလ်သည် မသေဘဲ အသက်ရှင်ကျန်ရစ်ပြီး ဘယ်တော့မျှသေမည်မဟုတ်ဟု ယုံကြည်ခဲ့ကြသည်။ သမ္မာကျမ်းစာက စိုးလ်နှင့်ပတ်သက်၍ အဘယ်အရာကို သွန်သင်ပေးသနည်း။ ကမ္ဘာဦး ၂:၇ က အာဒံသည် “အသက် ရှင်သော သတ္တဝါ [“စိုးလ်၊” ကဘ] ဖြစ်လေ၏” ဟုဆိုသည်။ သူသည် စိုးလ်ရရှိသည်မဟုတ်; သူသည် စိုးလ်—လူတစ်ယောက်လုံး—ဖြစ်၏။ စိုးလ်သည် အလုပ်လုပ်ကြောင်း၊ စားလိုစိတ်ရှိကြောင်း၊ ပြန်ပေးဆွဲခံရကြောင်း၊ အိပ်မရကြောင်း အစရှိသည်တို့ကို သမ္မာကျမ်းစာက ဖော်ပြသည်။ (ဝတ်ပြုရာ ၂၃:၃၀; တရားဟောရာ ၁၂:၂၀; ၂၄:၇; ဆာလံ ၁၁၉:၂၈) လူကိုယ်နှိုက်သည် စိုးလ်ဖြစ်၏။ လူတစ်ဦးသေသောအခါ ထိုစိုးလ်လည်း သေ၏။—ယေဇကျေလ ၁၈:၄။
သို့ဖြစ်လျှင် သေလွန်သူ၏အခြေအနေကား အသို့နည်း။ အာဒံကို အပြစ်စီရင်သောအခါ ယေဟောဝါက “သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။” (ကမ္ဘာဦး ၃:၁၉) ဘုရားသခင်သည် အာဒံကို မြေမှုန့်ဖြင့်ပြုလုပ်၍ အသက်မပေးမီ သူအဘယ်မှာ ရှိခဲ့သနည်း။ သူသည် လုံးဝမရှိခဲ့ပါ! အာဒံသေဆုံးသောအခါ သူသည် လုံးဝအသက်မဲ့အခြေအနေသို့ ပြန်ရောက်သွားလေသည်။ သေလွန်သူ၏ အခြေအနေအကြောင်းကို ဒေ. ၉:၅၊ ၁၀ ကဤသို့ရှင်းလင်းစွာ ဖော်ပြထား၏– “သေသောသူမူကား အဘယ်အရာကိုမျှမသိ။ . . . သင်ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသော မရဏာနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။” သမ္မာကျမ်းစာအရ သေခြင်းသည် မတည်ရှိခြင်းဖြစ်၏။ လူသေတို့တွင် အသိစိတ်မရှိ၊ ခံစားချက်မရှိ၊ စဉ်းစားတွေးခေါ်မှုမရှိပါ။
ထာဝရညှဉ်းဆဲရာအရပ်လော၊ သာမန်သင်္ချိုင်းလော
လူသေ၌ အသိစိတ်မရှိသောကြောင့် ငရဲသည် လူဆိုးသေဆုံးပြီးနောက် ညှဉ်းဆဲခံရမည့် မီးလောင်ကျွမ်းရာအရပ် မဖြစ်နိုင်ချေ။ သို့ဆိုလျှင် ငရဲဟူသည် အဘယ်နည်း။ ယေရှုကွယ်လွန်သောအခါ မည်သို့ဖြစ်သွားသည်ကို ဆန်းစစ်ကြည့်ရာတွင် ထိုမေးခွန်း၏အဖြေကိုရ၏။ ကျမ်းရေးသူလုကာက “ထိုခရစ်တော် . . . ကိုမရဏာနိုင်ငံ [“ငရဲ၊” ဂျိမ်းစ်ဘုရင်ဘာသာပြန်ကျမ်း] ၌ပစ်ထားတော်မမူ။ အသားသည်လည်း ပုပ်စပ်ခြင်းသို့မရောက်” ဟုဖော်ပြ၏။ * (တမန်တော် ၂:၃၁) ယေရှုကိုယ်တော်တိုင် ရောက်ခဲ့သောငရဲသည် အဘယ်နေရာဖြစ်သနည်း။ တမန်တော်ပေါလုက “သင်တို့အား . . . ပေးအပ်သော အကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။ သင်္ဂြိုဟ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏” ဟုရေးသားခဲ့သည်။ (၁ ကောရိန္သု ၁၅:၃၊ ၄) ထို့ကြောင့် ယေရှုသည် ငရဲဖြစ်သည့် သင်္ချိုင်းသို့ရောက်ခဲ့၏၊ သို့သော်လည်း ထိုနေရာတွင် စွန့်ပစ်ခြင်းမခံခဲ့ရချေ၊ အကြောင်းမှာ ကိုယ်တော်သည် ရှင်ပြန်ထမြောက်ခဲ့၏။
ဆင်းရဲဝေဒနာအတော်လေး ခံစားခဲ့ရသည့် ဖြောင့်မတ်သူယောဘ၏အဖြစ်အပျက်ကိုလည်း သုံးသပ်ကြည့်ပါ။ သူ၏အခြေအနေဆိုးမှ လွတ်မြောက်လို၍ ဤသို့အသနားခံခဲ့သည်– “ကိုယ်တော်သည် အကျွန်ုပ်ကို သင်္ချိုင်းတွင်း [“ငရဲ၊” ဒူးဝေးဘာသာပြန်ကျမ်း] ၌ဝှက်ထားတော်မူပါစေ။ အမျက်တော်မလွန်မီတိုင်အောင် ကွယ်ကာတော်မူပါစေ။” * (ယောဘ ၁၄:၁၃) ကွယ်ကာမှုရရှိရန် မီးတောက်လောင်နေသောအရပ်သို့ ယောဘသွားလိုခဲ့သည်ဟု ထင်မှတ်ခြင်းသည် ယုတ္တိမရှိလိုက်လေခြင်း! ယောဘရောက်လိုသော “ငရဲ” သည် သူခံစားနေရသည့် ဆင်းရဲဝေဒနာပပျောက်မည့် သင်္ချိုင်းမျှသာဖြစ်၏။ ထို့ကြောင့် ကျမ်းစာငရဲသည် လူကောင်းရော၊ လူဆိုးပါ ရောက်ရလိမ့်မည့် သာမန်သင်္ချိုင်းပင်ဖြစ်သည်။
မီးငရဲ—လုံးဝဖျက်ဆီးခြင်းလော
မီးငရဲသည် လုံးဝပျက်စီးခြင်းကို ပုံဆောင်ခြင်း ဖြစ်နိုင်သလော။ မီးကို ဟေးဒီးစ် သို့မဟုတ် ငရဲနှင့် ကွဲပြားထင်ရှားစွာဖော်ပြရန် ဗျာ. ၂၀:၁၄။
ကျမ်းစာက ဤသို့ဆိုသည်– “မရဏာ [“သေခြင်း၊” ကဘ] နှင့်မရဏာနိုင်ငံ [“ဟေးဒီးစ်၊” ကဘ] ကိုမီးအိုင်ထဲသို့ ချပစ်လေ၏။” ဤတွင်ဖော်ပြထားသော “မီးအိုင်” သည် ပုံဆောင်ချက်မျှဖြစ်၏၊ အကြောင်းမှာ ၎င်းအထဲသို့ပစ်ချသော သေခြင်းနှင့် ငရဲ (ဟေးဒီးစ်) တို့ကို ပကတိစာသားအတိုင်း မီးရှို့၍မရနိုင်သောကြောင့်ဖြစ်၏။ “ထိုသေခြင်း [မီးအိုင်] ကား ဒုတိယသေခြင်းဖြစ်သတည်း”၊ ထိုသေခြင်းမှ အသက်ပြန်ရှင်လာမည့် မျှော်လင့်ချက်မရှိချေ။—ထိုမီးအိုင်သည် ယေရှုမိန့်ဆိုခဲ့သည့် “ဂေဟင်္နာ၌ မီးရှို့ခြင်း [“မီးငရဲ၊” သမ္မာ]” နှင့်အဓိပ္ပာယ်တူ၏။ (မဿဲ ၅:၂၂; မာကု ၉:၄၇၊ ၄၈) ခရစ်ယာန်ဂရိကျမ်းစာစောင်များတွင် ဂေဟင်္နာစကားလုံး ၁၂ ကြိမ်ပါရှိပြီး ယင်းက ယေရုရှလင်မြို့ရိုးအပြင်ဘက်ရှိ ဟိန္နုံချိုင့်ကို ရည်ညွှန်း၏။ ယေရှု ကမ္ဘာပေါ်ရှိစဉ် ဤချိုင့်ကို အမှိုက်ကျင်းအဖြစ် အသုံးပြုခဲ့သည်၊ “၎င်းအထဲသို့ ရာဇဝတ်ကောင်တို့၏ ရုပ်ကလာပ်များ၊ တိရစ္ဆာန်အသေကောင်များမှစ၍ အခြားအညစ်အကြေးများကို စွန့်ပစ်ကြ၏။” (စမစ်၏သမ္မာကျမ်းစာအဘိဓာန်) အမှိုက်ကျင်းတွင် မီးမပြတ်လောင်ကျွမ်းနေရန် ကန့်ကို ထပ်ထည့်ပေးလေ့ရှိသည်။ ထာဝရဖျက်ဆီးခြင်းကို လျောက်ပတ်စွာပုံဆောင်ရန် ထိုချိုင့်ကို ယေရှုအသုံးပြုခဲ့သည်။
ဂေဟင်္နာကဲ့သို့ပင် မီးအိုင်သည်လည်း ထာဝရဖျက်ဆီးခြင်းကို ပုံဆောင်၏။ လူတို့သည် အပြစ်နှင့် သေဒဏ်ခံရခြင်းမှ လွတ်မြောက်သောအခါ သေခြင်းနှင့် ဟေးဒီးစ်တို့သည် မီးအိုင်ထဲ “ချပစ်” ခံရမည်ဖြစ်ရာ ၎င်းတို့လုံးဝပပျောက်သွားလိမ့်မည်။ ခေါင်းမာပြီး နောင်တမရသော အပြစ်ပြုသူတို့သည်လည်း ထိုမီးအိုင်တွင် သူတို့ “အဖို့” ကိုရကြလိမ့်မည်။ (ဗျာ. ၂၁:၈) သူတို့လည်း ထာဝရဖျက်ဆီးခံရကြလိမ့်မည်။ သာမန်သင်္ချိုင်းဖြစ်သည့် ငရဲ၌ရှိ ဘုရားသခင်မှတ်ထားသူများအတွက်မူကား ဝမ်းသာအားရစရာ အနာဂတ် ရှိကြပါလိမ့်မည်။
ငရဲ ဗလာကျင်းဖြစ်အံ့!
ဗျာ. ၂၀:၁၃ တွင်ဤသို့ဖော်ပြသည်– “သမုဒ္ဒရာသည် မိမိ၌ရှိသောလူသေတို့ကို အပ်ပေး၏။ မရဏာနှင့်မရဏာနိုင်ငံသည်လည်း မိမိတို့၌ရှိသောလူသေတို့ကို အပ်ပေးကြ၏။” မှန်ပါသည်၊ ကျမ်းစာငရဲသည် ဗလာကျင်းဖြစ်တော့မည်! ယေရှု ကတိပေးခဲ့သည့်အတိုင်း “သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် [ယေရှု]၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လတ္တံ့။” (ယောဟန် ၅:၂၈၊ ၂၉) မည်သည့်ပုံသဏ္ဌာန်မျိုးဖြင့်မျှ ယခုမရှင်နေကြသော်လည်း ယေဟောဝါဘုရားသခင်၏မှတ်ဉာဏ်ထဲတွင် မှတ်မိခံရသူ သန်းပေါင်းများစွာသည် ပြန်လည်တည်ထောင်လာမည့် မြေကြီးပရဒိသုတွင် ရှင်ပြန်ထမြောက်လာလိမ့်မည်။—လုကာ ၂၃:၄၃; တမန်တော် ၂၄:၁၅။
ဘုရားသခင်၏ကမ္ဘာသစ်တွင် ကိုယ်တော်၏ဖြောင့်မတ်သောပညတ်များကို လိုက်လျှောက်ကြသော ထမြောက်လာကြသူများသည် နောက်တစ်ဖန် သေရတော့မည်မဟုတ်။ (ဟေရှာယ ၂၅:၈) ယေဟောဝါသည် “သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။” (ဗျာ. ၂၁:၄) “သင်္ချိုင်းများ” ဖြစ်သည့် ငရဲတွင် ရှိသူများအတွက် သိုထားသော ကောင်းချီးတစ်ရပ်ပါတကား! ဤကောင်းချီးကြောင့်ပင် ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်၏သားတော် ယေရှုခရစ်တို့အကြောင်း ပိုမိုသိကျွမ်းဖို့ ကြိုးစားရန် အကြောင်းကောင်းဖြစ်၏။—ယောဟန် ၁၇:၃။
[အောက်ခြေမှတ်များ]
^ အပိုဒ်၊ 10 ဂျိမ်းစ်ဘုရင်ဘာသာပြန်ကျမ်း၏ ခရစ်ယာန်ဂရိကျမ်းစာစောင်များတွင် ဂရိစကားလုံး ဟေးဒီးစ် ပါသည့် ဆယ်ကြိမ်စလုံးတွင် ၎င်းကို “ငရဲ” ဟုဘာသာပြန်ဆိုထား၏။ လုကာ ၁၆:၁၉-၃၁ ၏ဘာသာပြန်ဆိုချက်တွင် ဝေဒနာခံရခြင်းအကြောင်း ဖော်ပြသော်လည်း ၎င်းသည် ပုံဆောင်ချက်ဖြစ်၏။ ယေဟောဝါသက်သေများ ပုံနှိပ်ထုတ်ဝေထားသော အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား စာအုပ်၏ အခန်း ၈၈ ကိုရှု။
^ အပိုဒ်၊ 11 ဟေဗြဲစကားလုံး ရှီးအိုးလ် သည် ဟေဗြဲကျမ်းစာစောင်များတွင် ၆၅ ကြိမ်ပါရှိပြီး ဂျိမ်းစ်ဘုရင်ဘာသာပြန်ကျမ်းတွင် “ငရဲ၊” “သင်္ချိုင်း၊” နှင့် “တွင်း” ဟုပြန်ဆိုထား၏။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ငရဲတွင်ဝှက်ထားပေးပါရန် ယောဘဆုတောင်းခဲ့
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
မီးတောက်လောင်နေသော ဂေဟင်္နာကား ထာဝရဖျက်ဆီးခြင်း၏ ပုံဆောင်ချက်ဖြစ်
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
‘သင်္ချိုင်းများမှာရှိသော သူတို့သည် ထွက်ရမည့် အချိန်ကာလရောက်လတ္တံ့’