အမည်မသိနတ်ဘုရား အတွက်ယဇ်ပလ္လင်
အမည်မသိနတ်ဘုရား အတွက်ယဇ်ပလ္လင်
တမန်တော်ပေါလုသည် စီ.အီး. ၅၀ ပြည့်နှစ်ခန့်တွင် ဂရိနိုင်ငံ၊ အေသင်မြို့သို့ လည်ပတ်ခဲ့သည်။ ထိုတွင် အမည်မသိနတ်ဘုရားအတွက် ယဇ်ပလ္လင်တစ်ခုကို သူတွေ့ ခဲ့ရာ နောက်ပိုင်းတွင် ယေဟောဝါအကြောင်း ကောင်းကောင်းသက်သေခံစဉ် ၎င်းယဇ်ပလ္လင်ကို ရည်ညွှန်းခဲ့၏။
မားစ်တောင်ကုန်း သို့မဟုတ် အာရေတောင်ပေါ်တွင် ပေါလုသည် ဤသို့နိဒါန်းပျိုးပြီး ဟောပြောခဲ့သည်– “အချင်းအာသင်လူတို့၊ သင်တို့သည် ခပ်သိမ်းသောအရာတို့ ၌ နတ်ဘုရားတို့ကို အလွန်ရိုသေတတ်ကြသည်ကို ငါမြင်ပါ၏။ လမ်း၌သွား၍ သင်တို့၏ဘုရားများကို ကြည့်ရှုသည်တွင် ငါတို့မသိသောဘုရားသခင်အဖို့ဟူ၍ အက္ခရာတင်သော ယဇ်ပလ္လင်တစ်ခုကို တွေ့ပါ၏။ သင်တို့သည် မသိဘဲလျက် ကိုးကွယ်သောဘုရားသခင်၏အကြောင်းကို ငါဟောပြော၏။”—တမန်တော် ၁၇:၂၂-၃၁။
အေသင်မြို့မှ ထိုယဇ်ပလ္လင်ကို ပြန်မတွေ့သော်လည်း ဂရိနိုင်ငံ၏အခြားဒေသများတွင် အလားတူယဇ်ပလ္လင်များကို တွေ့ ရှိခဲ့သည်။ ဥပမာ၊ ဒုတိယရာစုမှ ဂရိပထဝီပညာရှင် ပေါ်စေးနီးယပ်စ်က အေသင်မြို့နှင့် မဝေးလှသော ဖာလီရွန်မြို့တွင် “အမည်မသိသောနတ်ဘုရားများ” အတွက် ယဇ်ပလ္လင်များရှိကြောင်း ဖော်ပြခဲ့သည်။ (ဂရိနိုင်ငံ၏စာပန်းချီ၊ အတီကာ ၁၊ ၄) ၎င်းစာစောင်က အိုလင်ပီယာဒေသတွင် “လူသိနည်းသောနတ်ဘုရားများ၏ ယဇ်ပလ္လင်တစ်ခု” ရှိသည်ဟု ဖော်ပြ၏။—အီလီအာ ၁၊ ၁၄၊ ၈။
ဂရိစာရေးဆရာ ဖာလာစ်တာရ်တာစ် (စီ.အီး. ၁၇၀ ခန့်-၂၄၅ ခန့်) သည် မိမိ၏စာအုပ် တစ်အာနာ၏အာပေါလောနိယပ်စ်အသက်တာ (၆၊ ၃) တွင် အေသင်မြို့၌ “လူသိနည်းသောနတ်ဘုရားများကိုပင် ဂုဏ်ပြုသည့်အနေဖြင့် ယဇ်ပလ္လင်များဆောက်လုပ်ထား၏” ဟုဆိုသည်။ အတွေးအခေါ်ပညာရှင်များ၏အသက်တာ (၁၊ ၁၁၀) စာအုပ်တွင် ဒိုင်အော်ဂျီနီ လေအာရှ်ဟပ်စ် (စီ.အီး. ၂၀၀ ခန့်-၂၅၀) က “အမည်မသိယဇ်ပလ္လင်များကို” အေသင်မြို့တစ်လျှောက် တွေ့ မြင်နိုင်သည်ဟု ရေးသားခဲ့၏။
ရောမတို့သည်လည်း အမည်မသိနတ်ဘုရားများအတွက် ယဇ်ပလ္လင်များ တည်ဆောက်လေ့ရှိ၏။ အီတလီနိုင်ငံ၊ ရောမမြို့ ပါလက်တိုင်းပြတိုက်တွင် ထိန်းသိမ်းပြသထားသည့် ဘီ.စီ.အီး. ပထမရာစုနှင့် ဒုတိယရာစုမှ ယဇ်ပလ္လင်တစ်ခုကို ဤတွင်ဖော်ပြထားသည်။ အဆိုပါယဇ်ပလ္လင်ကို “နတ်ဘုရား သို့မဟုတ် နတ်ဘုရားမ” အားဆက်ကပ်ထားသည်ဟု ၎င်း၏လက်တင်ကမ္ပည်းစာက ဖော်ပြသည်၊ နတ်ဘုရား သို့မဟုတ် နတ်ဘုရားမဟူသော စကားစုကို “ကမ္ပည်းစာများနှင့် ကျမ်းဂန်စာပေတို့တွင်ပါသည့် ဆုတောင်းချက်များ သို့မဟုတ် ဆက်သစကားများတွင် တစ်ခါတစ်ရံတွေ့ရတတ်သည်။”
“လောကဓာတ်မှစ၍ လောကဓာတ်၌ ရှိလေသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်” အား ယခုအထိပင် မသိသူများစွာရှိသေးသည်။ သို့သော် ဤဘုရားသခင် ယေဟောဝါသည် “အဘယ်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်” ကြောင်း အေသင်မြို့သားများကို ပေါလုပြောသကဲ့သို့ပင်ဖြစ်၏။—တမန်တော် ၁၇:၂၄၊ ၂၇။
[Picture Credit Line on page 32]
Altar: Soprintendenza Archeologica di Roma