“ငါ့နောက်သို့အဆက်မပြတ်လိုက်လော့”
“ငါ့နောက်သို့အဆက်မပြတ်လိုက်လော့”
“အကြောင်းမူကား၊ ထိုသို့အလို့ငှာ သင်တို့ကိုခေါ်တော်မူပြီ။ ခရစ်တော်သည် ငါတို့အတွက်ခံတော်မူသည်ဖြစ်၍၊ ခြေ . . . ရာကိုလျှောက်လိုက်စေခြင်းငှာ ပုံသက်သေကိုထားတော်မူပြီ။”—၁ ပေတရု ၂:၂၁။
၁၊ ၂။ သွန်သင်သူတစ်ဦးအနေနှင့် ယေရှု၏စုံလင်သောပုံသက်သေသည် ကျွန်ုပ်တို့တုပဖို့ အဆင့်မြင့်လွန်းသောအရာ အဘယ်ကြောင့်မဟုတ်သနည်း။
ယေရှုခရစ်သည် အသက်ရှင်ခဲ့ဖူးသမျှတွင် အကြီးမြတ်ဆုံးဆရာဖြစ်တော်မူ၏။ ထို့အပြင် ကိုယ်တော်သည် စုံလင်တော်မူပြီး လူ့ဘဝတစ်လျှောက်လုံး တစ်ခါမျှအပြစ်မပြုခဲ့ချေ။ (၁ ပေတရု ၂:၂၂) သို့သော် ယင်းက သွန်သင်သူတစ်ဦးအဖြစ် ယေရှု၏ပုံသက်သေသည် ကျွန်ုပ်တို့မစုံလင်သူ လူသားများတုပဖို့ အဆင့်မြင့်လွန်းသည်ဟု ဆိုလိုပါသလော။ လုံးဝမဟုတ်ပါ။
၂ ရှေ့ဆောင်းပါး၌ ကျွန်ုပ်တို့သိရှိခဲ့သည့်အတိုင်း ယေရှု၏သွန်သင်မှုအခြေအမြစ်သည် ချစ်ခြင်းမေတ္တာဖြစ်၏။ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့အားလုံး ပြုစုပျိုးထောင်နိုင်သည်။ သမ္မာကျမ်းစာက အခြားသူများအပေါ်ထားသောမေတ္တာကို တိုးပွားများပြားစေဖို့ မကြာခဏတိုက်တွန်းသည်။ (ဖိလိပ္ပိ ၁:၉၊ ၁၀; ကောလောသဲ ၃:၁၄) ယေဟောဝါသည် မိမိ၏ဖန်ဆင်းခံသတ္တဝါများ မတတ်နိုင်ရာကို ဘယ်သောအခါမျှ တောင်းဆိုတော်မမူချေ။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ” ပြီး ကိုယ်တော်၏ပုံသဏ္ဌာန်တော်အတိုင်း ကျွန်ုပ်တို့ကိုဖန်ဆင်းထားသောကြောင့် မေတ္တာပြဖို့ ကျွန်ုပ်တို့ကိုပုံစံပြုထားသည်ဟု ဆိုနိုင်ပါသည်။ (၁ ယောဟန် ၄:၈; ကမ္ဘာဦး ၁:၂၇) ထို့ကြောင့် အဓိကကျမ်းချက်ပါ တမန်တော်ပေတရု၏စကားကို ကျွန်ုပ်တို့ဖတ်ရှုကြသောအခါ ကျွန်ုပ်တို့အောင်မြင်မည်ဟု ယုံကြည်စိတ်ချနိုင်ပါသည်။ ခရစ်တော်၏ခြေရာကို ကျွန်ုပ်တို့အနီးကပ်လိုက်လျှောက်နိုင်ကြပါသည်။ အမှန်အားဖြင့် “ငါ့နောက်သို့အဆက်မပြတ်လိုက်လော့” ဟူသော ယေရှု၏မိန့်မှာချက်ကို ကျွန်ုပ်တို့နာခံနိုင်ကြပါသည်။ (လုကာ ၉:၂၃၊ ကဘ) ဦးဆုံး မိမိသွန်သင်သောအမှန်တရားအပေါ်၊ ထို့နောက် မိမိ၏သွန်သင်မှုကို ခံယူသူများအပေါ် ခရစ်တော်တင်ပြခဲ့သော ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့မည်သို့တုပနိုင်ကြောင်း သုံးသပ်ကြည့်ကြပါစို့။
သင်ယူထားသောအမှန်တရားကို မြတ်နိုးစိတ် ပြုစုပျိုးထောင်ခြင်း
၃။ လူအချို့သည် လေ့လာရန် အဘယ်ကြောင့်အခက်အခဲတွေ့ကြသနည်း၊ သို့သော် နယပုံပြင် ၂:၁-၅ တွင် အဘယ်တိုက်တွန်းချက်ကိုတွေ့ရသနည်း။
၃ သူတစ်ပါးအား ကျွန်ုပ်တို့သွန်သင်ပေးသော အမှန်တရားကို ကိုယ်တိုင်မြတ်နိုးရန် ၎င်းအမှန်တရားကို သင်ယူလိုစိတ်ရှိရကြမည်။ မျက်မှောက်ခေတ်လောကတွင် ထိုသို့သောစိတ်ထားမျိုး အလွယ်တကူပေါ်ပေါက်လာလေ့မရှိချေ။ လူအများသည် ပညာမစုံခြင်းနှင့် ငယ်ရွယ်စဉ်ကရှိလာသော အကျင့်ဆိုးများကြောင့် သင်ယူချင်စိတ်မရှိဖြစ်တတ်သည်။ သို့ရာတွင် ယေဟောဝါထံတော်မှ ကျွန်ုပ်တို့သင်ယူရန်လိုသည်။ နယပုံပြင် ၂:၁-၅ ကဤသို့ဆို၏– “ငါ့သား သင်သည် ပညာစကားကိုနားထောင်၍၊ စေတနာစိတ်နှင့် ဉာဏ်ကိုရှာဖွေ [“ပိုင်းခြားသိမြင်ခြင်းကို နှလုံးညွတ်စေ၊” ကဘ] သည်တိုင်အောင် ငါ့စကားကိုနာခံ [“လက်ခံ၊” ကဘ] ၍ ငါ့ပညတ်တို့ကို ကိုယ်အထဲ၌သွင်းမိ [“သိုမှီး၊” ကဘ] လျှင်လည်းကောင်း၊ သိပ္ပံအတတ်ကိုခေါ်၍ ဉာဏ်နောက်သို့အသံကိုလွှင့်လျှင်လည်းကောင်း၊ ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ၍ ဝှက်ထားသောဘဏ္ဍာကိုစူးစမ်းသကဲ့သို့ ဉာဏ်ကိုစူးစမ်းလျှင်လည်းကောင်း ထာဝရဘုရားကိုကြောက်သောသဘော၌ကျင်လည်၍ ဘုရားသခင်ကိုသိသောဉာဏ်နှင့် ပြည့်စုံလိမ့်မည်။”
၄။ နှလုံးကို “ညွတ်စေ” ခြင်းဟူသည် အဘယ်အရာကိုဆိုလိုသနည်း၊ ထိုသို့ပြုဖို့ အဘယ်ရှုမြင်ပုံက ကျွန်ုပ်တို့ကိုထောက်ကူပေးမည်နည်း။
၄ အခန်းငယ် ၁ မှ ၄ တွင် ‘လက်ခံ’ ၍ ‘သိုမှီး’ ရုံမက ‘ဆက်လက်ရှာဖွေ’ ပြီး ‘ဆက်လက်စူးစမ်း’ ရန်ကြိုးပမ်းကြဖို့ ကျွန်ုပ်တို့အား ထပ်ခါတလဲ တိုက်တွန်းထားသည်ကို သတိပြုပါ။ သို့ရာတွင် ယင်းတို့အားလုံးကိုပြုလုပ်ဖို့ အဘယ်အရာက ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးမည်နည်း။ “ပိုင်းခြားသိမြင်ခြင်းကို နှလုံးညွတ်စေ” ဟူသောစကားစုကို သတိပြုပါ။ ၎င်းတိုက်တွန်းနှိုးဆော်ချက်သည် “အာရုံစူးစိုက်ဖို့ မေတ္တာရပ်ခံချက်သာမဟုတ်; စိတ်နေစိတ်ထားတစ်ခုကို မရမနေတောင်းဆိုခြင်း၊ သွန်သင်ချက်များကို ခံယူလိုစိတ်ပြင်းပြခြင်းဖြစ်သည်” ဟုကိုးကားဖော်ပြချက်တစ်ခုကဆို၏။ ယေဟောဝါ၏သွန်သင်ချက်များကို ခံယူပြီး သင်ယူလိုစိတ်ပြင်းပြစေနိုင်သည်ကား အဘယ်နည်း။ ကျွန်ုပ်တို့၏ရှုမြင်ပုံဖြစ်သည်။ “ဘုရားသခင်ကိုသိသောဉာဏ်” ကို “ငွေ” နှင့် “ဝှက်ထားသောဘဏ္ဍာ” အဖြစ် ကျွန်ုပ်တို့ယူမှတ်ဖို့လိုသည်။
၅၊ ၆။ (က) တဖြည်းဖြည်းနှင့် မည်သို့ဖြစ်သွားနိုင်သနည်း၊ ထိုသို့မဖြစ်စေရန် ကျွန်ုပ်တို့မည်သို့တားဆီးနိုင်သနည်း။ (ခ) သမ္မာကျမ်းစာမှ ကျွန်ုပ်တို့တွေ့ရှိခဲ့သော အသိပညာဘဏ္ဍာအပေါ် အဘယ်ကြောင့် ဆက်လက်ထပ်ဆင့်နေသင့်သနည်း။
၅ ထိုသို့ရှုမြင်ဖို့ မခက်ခဲပါ။ ဥပမာ၊ အသင် သင်ယူခဲ့သော “ဘုရားသခင်ကိုသိသောဉာဏ်” တွင် မြေကြီးပရဒိသုအပေါ် တည်ကြည်သောလူသားများ ထာဝစဉ်အသက်ရှင်စေရန် ယေဟောဝါရည်ရွယ်ချက်များဆိုင်ရာ အမှန်တရားပါဝင်နိုင်သည်။ (ဆာလံ ၃၇:၂၈၊ ၂၉) ၎င်းအမှန်တရားကို သင်သိရှိခါစက သင့်စိတ်နှလုံးကို မျှော်လင့်ချက်ရှိစေပြီး ရွှင်လန်းစေသည့်အသိပညာတစ်ခုအဖြစ်၊ တကယ့်ဘဏ္ဍာတစ်ခုအဖြစ် ၎င်းကို သင်ရှုမြင်ခဲ့မည်မှာ သေချာသည်။ ယခုကော။ အချိန်ကုန်လွန်လာသည်နှင့်အမျှ သင်၏ဘဏ္ဍာကို တန်ဖိုးထားလေးမြတ်စိတ် မှေးမှိန်လျော့နည်းသွားပြီလော။ ထိုသို့ဖြစ်လျှင် ဤအရာနှစ်ခုကို ကြိုးစားပြုလုပ်ပါ။ ဦးဆုံး၊ သင်၏တန်ဖိုးထားလေးမြတ်စိတ် ပြန်ရှိလာစေပါ၊ တစ်နည်းအားဖြင့်၊ လွန်ခဲ့သောနှစ်ပေါင်းများစွာက သင်သိရှိလာခဲ့သည့် အမှန်တရားပင်ဖြစ်ပါစေ ယေဟောဝါသွန်သင်ပေးခဲ့သော အမှန်တရားတစ်ခုစီကို သင်အဘယ်ကြောင့်တန်ဖိုးထားကြောင်း သင့်စိတ်ကို မှန်မှန်ပြန်လည်သစ်လွင်စေပါ။
၆ ဒုတိယအနေနှင့် သင်၏ဘဏ္ဍာကို တိုးပွားစေပါ။ သင်သည် အဖိုးတန်ကျောက်မျက်တစ်လုံး တူးဖော်ရရှိခဲ့လျှင် ၎င်းကိုအိတ်ကပ်ထဲထည့်ပြီး ကျေနပ်စွာ ထွက်သွားမည်လော။ သို့မဟုတ် နောက်ထပ်ရှိမရှိသိရန် ဆက်တူးကြည့်မည်လော။ သမ္မာကျမ်းစာတွင် ငွေနှင့် ဝှက်ထားသောဘဏ္ဍာကဲ့သို့ တန်ဖိုးဖြတ်၍မရသော အမှန်တရား အပြည့်ရှိသည်။ မည်မျှပင် သင်တွေ့ရှိထားပြီးဖြစ်ပါစေ နောက်ထပ်တွေ့ရှိနိုင်ပါသေးသည်။ (ရောမ ၁၁:၃၃) အမှန်တရား၏ရှုထောင့်အသစ်တစ်ခုကို သင်သိရှိလာသောအခါ သင့်ကိုယ်သင် ဤသို့မေးပါ– ‘ယင်းကို အဘယ်အရာက အဖိုးတန်စေသနည်း။ ၎င်းသည် ယေဟောဝါ၏ ဂုဏ်ရည်တော် သို့မဟုတ် ကိုယ်တော်၏ရည်ရွယ်တော်မူချက်များကို အတွင်းကျကျ ထိုးထွင်းသိမြင်စေပါသလော။ ယေရှု၏ခြေရာကိုလိုက်စေဖို့ ကျွန်ုပ်ကို လက်တွေ့ကျလမ်းညွှန်ချက်ပေးပါသလော။’ ဤသို့သောမေးခွန်းများကို ကျွန်ုပ်တို့စဉ်းစားဆင်ခြင်ခြင်းဖြင့် ယေဟောဝါသွန်သင်ပေးခဲ့သော အမှန်တရားကိုမြတ်နိုးစိတ် ပြုစုပျိုးထောင်စေနိုင်ပါလိမ့်မည်။
ကျွန်ုပ်တို့သွန်သင်ပေးသော အမှန်တရားကို ချစ်မြတ်နိုးကြောင်းတင်ပြခြင်း
၇၊ ၈။ သမ္မာကျမ်းစာမှ သင်ယူခဲ့ရာ အမှန်တရားကို ကျွန်ုပ်တို့မြတ်နိုးကြောင်း သူတစ်ပါးကိုတင်ပြနိုင်သည့် နည်းအချို့ကား အဘယ်နည်း။ ဥပမာပေးပါ။
၇ သူတစ်ပါးကို ကျွန်ုပ်တို့သွန်သင်ပေးသောအခါ ဘုရားသခင့်နှုတ်မြွက်စကားတော်မှ ကျွန်ုပ်တို့သင်ယူခဲ့သောအမှန်တရားကို မြတ်နိုးကြောင်း မည်သို့တင်ပြနိုင်သနည်း။ ကျွန်ုပ်တို့သည် ယေရှု၏ပုံသက်သေကိုလိုက်ပြီး သမ္မာကျမ်းစာကို အမှီပြုကာ ဟောပြောသွန်သင်ကြသည်။ မကြာသေးမီအချိန်က ကမ္ဘာတစ်ဝန်းရှိ ဘုရားသခင့်လူမျိုးတော်သည် ဓမ္မအမှုဆောင်ရာတွင် သမ္မာကျမ်းစာကို များများအသုံးပြုရန် တိုက်တွန်းခံခဲ့ကြရပြီ။ သင်သည် ထိုအကြံပြုချက်ကို ကျင့်သုံးစဉ် သမ္မာကျမ်းစာမှ သင်တင်ပြပြောဆိုနေသောအကြောင်းကို အသင်ကိုယ်တိုင်တန်ဖိုးထားကြောင်း အိမ်ရှင်အားသိစေရန် နည်းလမ်းများရှာယူပါ။—မဿဲ ၁၃:၅၂။
၈ သာဓကအနေနှင့်၊ လွန်ခဲ့သောနှစ်၊ နယူးယောက်မြို့တွင် အကြမ်းဖက်တိုက်ခိုက်ခံရပြီးမကြာမီ ခရစ်ယာန်ညီအစ်မတစ်ဦးသည် ဓမ္မအမှု၌တွေ့ဆုံသောသူများအား ဆာလံ ၄၆:၁၊ ၁၁ ကိုဖတ်ပြခဲ့သည်။ ဘေးဒဏ်သင့်ပြီးနောက်တွင် လူတို့ မည်သို့နေကြကြောင်း သူ ဦးဆုံးမေးမြန်းခဲ့သည်။ သူတို့၏တုံ့ပြန်မှုကို အသေအချာနားထောင်၍ အသိအမှတ်ပြုပြီးနောက် “ဒီလိုခက်ခဲတဲ့အချိန်မှာ ကျွန်မကိုတကယ်နှစ်သိမ့်မှုပေးတဲ့ ကျမ်းချက်တစ်ချက်ကို ဖတ်ပြလို့ရမလား” ဟုသူပြောသည်။ ငြင်းပယ်သူအလွန်နည်းပါသည်၊ လူများစွာနှင့် ကောင်းစွာဆွေးနွေးနိုင်ခဲ့သည်။ လူငယ်များနှင့် စကားပြောဆိုရာတွင် ထိုညီအစ်မက ဤသို့ဆိုလေ့ရှိသည်– “ကျွန်မကျမ်းစာသင်ပေးနေတာ အခုဆိုရင် အနှစ် ၅၀ လောက်ရှိပြီ။ ဒီစာအုပ်ဟာ မဖြေရှင်းပေးနိုင်တဲ့ ပြဿနာတစ်ခုမှ မရှိသေးဘူး။” စိတ်ရင်းမှန်ဖြင့် စိတ်အားထက်သန်စွာ လူတို့ထံချဉ်းကပ်ခြင်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်မြွက်စကားတော်မှ သင်ယူခဲ့ရာများကို တန်ဖိုးထား၊ မြတ်နိုးကြောင်း တင်ပြကြသည်။—ဆာလံ ၁၁၉:၉၇၊ ၁၀၅။
၉၊ ၁၀။ ကျွန်ုပ်တို့၏ယုံကြည်ချက်များနှင့်ပတ်သက်သော မေးခွန်းများကိုဖြေဆိုသောအခါ သမ္မာကျမ်းစာကိုအသုံးပြုဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။
၉ ကျွန်ုပ်တို့၏ယုံကြည်ချက်များအကြောင်း လူတို့မေးမြန်းလာသောအခါ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ကျွန်ုပ်တို့မြတ်နိုးသု. ၃:၅၊ ၆) ယင်းအစား သမ္မာကျမ်းစာကိုအသုံးပြုပြီး အဖြေပေးကြသည်။ သင်မဖြေဆိုနိုင်မည့် မေးခွန်းတစ်ခု တစ်ဦးတစ်ယောက်က မေးမည်ကို သင်စိုးရိမ်သလော။ သင်ယူနိုင်သော လက်တွေ့ကျခြေလှမ်းနှစ်ခုကို သုံးသပ်ကြည့်ပါ။
ကြောင်းတင်ပြဖို့ အခွင့်ထူးရရှိသည်။ ယေရှု၏ပုံသက်သေကိုလိုက်ပြီး ကျွန်ုပ်တို့၏အဖြေများကို ကိုယ်ပိုင်အယူအဆများအပေါ် အခြေမပြုကြပါ။ (၁၀ တတ်နိုင်သ၍ ပြင်ဆင်ထားပါ။ တမန်တော်ပေတရုက ဤသို့ရေးသားခဲ့သည်– “စိတ်နှလုံးထဲ၌ ထာဝရအရှင်ဘုရားသခင်ကို ရိုသေခြင်းရှိကြလော့။ သင်တို့မျှော်လင့်ခြင်း၏အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား၊ နူးညံ့သောသဘော၊ ကြောက်ရွံ့သော [“ရိုသေလေးစားသော၊” ကဘ] သဘောနှင့်ပြန်ပြောခြင်းငှာ၊ ကာလအစဉ်မပြတ် အသင့်ရှိနေကြလော့။” (၁ ပေတရု ၃:၁၅) သင့်ယုံကြည်ချက်များကို ခုခံဖြေဆိုဖို့ အသင့်ရှိပါသလော။ ဥပမာ၊ တစ်စုံတစ်ဦးက ကျမ်းစာနှင့်မညီသော ဓလေ့ထုံးစံအချို့၌ သင်အဘယ်ကြောင့်မပါဝင်ကြောင်း သိလိုသောအခါ “အဲဒါက ကျွန်တော့်ဘာသာနဲ့ဆန့်ကျင်တယ်” ဟုဆိုရုံမျှနှင့် မကျေနပ်ပါနှင့်။ ထိုသို့ဖြေခြင်းက သင့်အတွက် အခြားသူများ ဆုံးဖြတ်ပေးသည်ဖြစ်၍ သင်သည် ဂိုဏ်းတစ်ဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု ယူမှတ်သွားစရာဖြစ်နိုင်သည်။ “ဘုရားသခင့်နှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာက ဒါကိုတားမြစ်ထားတယ်” သို့မဟုတ် “အဲဒါကို ကျွန်တော်ကိုးကွယ်တဲ့ဘုရားသခင် ကြိုက်မှာမဟုတ်ဘူး” ဟုဆိုခြင်းက ပိုသင့်လျော်ပေမည်။ ထို့နောက် အကြောင်းရင်းကို အကျိုးသင့်အကြောင်းသင့်ရှင်းပြပါ။—ရောမ ၁၂:၁။
၁၁။ ကျမ်းစာအမှန်တရားနှင့်ပတ်သက်သော မေးခွန်းများကို ဖြေဆိုရန်အသင့်ရှိဖို့ အဘယ်သုတေသနပြုကိရိယာက ကျွန်ုပ်တို့ကို ကူညီပေးနိုင်သနည်း။
၁၁ အသင့်မရှိဟု သင်ခံစားရလျှင် ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်းစာအုပ်ကို သင့်ဘာသာစကားဖြင့်ရနိုင်ပါက အချိန်ယူလေ့လာပါလေ။ * လူတို့မေးတတ်သော အကြောင်းအရာအချို့ရွေးထုတ်ပြီး ကျမ်းချက်အချို့ကို အလွတ်မှတ်ထားပါ။ ကျိုးကြောင်းဆင်ခြင်စာအုပ်နှင့် ကျမ်းစာကို အသင့်ဆောင်ထားပါ။ ကျမ်းစာမှအဖြေရှာယူရန် သင်အသုံးပြုလိုသော သုတေသနပြုသည့်ကိရိယာတစ်ခုရှိကြောင်း မေးခွန်းမေးသူအား ပြောပြပြီး ၎င်းစာအုပ်နှစ်အုပ်စလုံးကိုအသုံးပြုပါ။
၁၂။ ကျမ်းစာမေးခွန်းတစ်ခု၏အဖြေကို ကျွန်ုပ်တို့မသိပါက မည်သို့တုံ့ပြန်နိုင်သနည်း။
၁၂ အစိုးရိမ်မလွန်ပါနှင့်။ မစုံလင်သူ အဘယ်လူသား၌မျှ အဖြေအားလုံးမရှိပါ။ ထို့ကြောင့် သင်မဖြေဆိုနိုင်သော ကျမ်းစာမေးခွန်းတစ်ခု အမေးခံရသောအခါ ဤသို့အစဉ်ဖြေဆိုနိုင်ပါသည်– “ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းမျိုးမေးလို့ ကျေးဇူးတင်ပါတယ်။ အမှန်ပြောရရင် အဖြေကို ကျွန်တော်မသိဘူး၊ ဒါပေမဲ့ ဒီကိစ္စကို ကျမ်းစာက ဖြေဆိုပေးနိုင်တာတော့ သေချာတယ်။ ကျမ်းစာထဲ ရှာဖွေလေ့လာတာကို ကျွန်တော်နှစ်သက်တယ်၊ ခင်ဗျားရဲ့မေးခွန်းအတွက်အဖြေကိုရှာပြီး ပြန်လာဖြေပေးပါ့မယ်။” ဤသို့ပွင့်ပွင့်လင်းလင်း၊ နှိမ့်ချမှုရှိရှိ ဖြေဆိုခြင်းက နောက်ထပ်ဆွေးနွေးနှီးနှောဖို့ လမ်းဖွင့်ပေးနိုင်ပေသည်။—သု. ၁၁:၂။
ကျွန်ုပ်တို့သွန်သင်ပေးသူများကို ချစ်မြတ်နိုးခြင်း
၁၃။ ကျွန်ုပ်တို့ဟောပြောသောတရားကို နားထောင်သူများနှင့်ပတ်သက်၍ အဘယ်ကြောင့် အပြုသဘောထား ဆက်ရှိသင့်သနည်း။
၁၃ ယေရှုသည် မိမိသွန်သင်ပေးသူများကို ချစ်မြတ်နိုးကြောင်း တင်ပြခဲ့သည်။ ဤကိစ္စတွင် ကိုယ်တော်အား ကျွန်ုပ်တို့ မည်သို့တုပနိုင်သနည်း။ ကျွန်ုပ်တို့ဝန်းကျင်ရှိလူတို့အပေါ် အကြင်နာကင်းမဲ့သည့်စိတ်သဘောထား ဘယ်သောအခါမျှ မမွေးမြူသင့်ပါ။ “[အတိုင်းအဆမဲ့] တန်ခိုးရှင်ဘုရားသခင်၏နေ့ကြီးစစ်ပွဲ” သည် နီးသည်ထက်နီးကပ်လာနေပြီး သန်းပေါင်းများစွာသောလူများ အမှန်တကယ်ပင် ဖျက်ဆီးခံကြရမည်။ (ဗျာ. ၁၆:၁၄၊ ကဘ; ယေရမိ ၂၅:၃၃) သို့တိုင် မည်သူ အသက်ရှင်မည်၊ သေမည်ကို ကျွန်ုပ်တို့မသိကြပါ။ ထိုတရားစီရင်မှုသည် အနာဂတ်တွင် ဖြစ်ပျက်မည်ဖြစ်ပြီး ထိုအမှုကို ယေဟောဝါခန့်ထားတော်မူသော ယေရှုခရစ် ဆောင်ရွက်ပါလိမ့်မည်။ အဆိုပါတရားစီရင်ချိန် မရောက်မချင်း လူတိုင်းကို ယေဟောဝါ၏ကျေးကျွန်ဖြစ်ရန် အလားအလာရှိသူများအဖြစ် ကျွန်ုပ်တို့ရှုမြင်ကြ၏။—မဿဲ ၁၉:၂၄-၂၆; ၂၅:၃၁-၃၃; တမန်တော် ၁၇:၃၁။
၁၄။ (က) လူတို့အပေါ် ကျွန်ုပ်တို့စာနာမှုရှိမရှိ မိမိတို့ကိုယ်ကို မည်သို့ဆန်းစစ်ကြည့်နိုင်သနည်း။ (ခ) သူတစ်ပါးကိုစာနာမှုရှိပြီး စိတ်ဝင်စားကြောင်း အဘယ်လက်တွေ့ကျ နည်းများဖြင့် ကျွန်ုပ်တို့တင်ပြနိုင်ကြသနည်း။
၁၄ သို့ဖြစ်၍ ကျွန်ုပ်တို့သည် ယေရှုနည်းတူ လူတို့အပေါ် စာနာမှုကြိုးစားပြကြသည်။ မိမိတို့ကိုယ်ကို ဤသို့မေးနိုင်ပါသည်– ‘ကမ္ဘာ့ဘာသာရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအင်အားစုများ၏ ပါးနပ်သောလိမ်လည်၊ လှည့်ဖြားမှုတို့ဖြင့် အလှည့်စားခံနေရသူများကို ကျွန်ုပ်စာနာမှုရှိသလော။ ကျွန်ုပ်တို့ဟောပြောသောသတင်းတရားကို သူတို့စိတ်ဝင်စားဟန်မရှိလျှင် အဘယ်ကြောင့်ထိုသို့ဖြစ်ရကြောင်း နားလည်ဖို့ကြိုးစားသလော။ လောလောဆယ် ယေဟောဝါ၏အမှုတော် ထမ်းနေကြသော ကျွန်ုပ်ဖြစ်စေ၊ အခြားသူများဖြစ်စေ တစ်ချိန်က အလားတူယူဆခဲ့ကြောင်း မှတ်မိပါသလော။ ကျွန်ုပ်၏ချဉ်းကပ်ပုံကို အလိုက်သင့်ပြုပြင်ပြောင်းလဲခဲ့ပြီလော။ သို့မဟုတ် မျှော်လင့်ချက်မရှိတော့သူများအဖြစ် သူတို့ကို ကျွန်ုပ်ပစ်ပယ်ထားသလော။’ (ဗျာ. ၁၂:၉) ကျွန်ုပ်တို့သည် စိတ်ရင်းမှန်ဖြင့် စာနာမှုရှိကြောင်း လူတို့သိလာသောအခါ ကျွန်ုပ်တို့၏သတင်းတရားကို ပို၍တုံ့ပြန်လိုကြပေမည်။ (၁ ပေတရု ၃:၈) စာနာမှုရှိခြင်းသည် ဓမ္မအမှုတွင် ကျွန်ုပ်တို့ဆုံတွေ့ရသူများကို စိတ်ဝင်စားမှုပြဖို့ လှုံ့ဆော်ပေးနိုင်သည်။ သူတို့၏မေးခွန်းများ၊ စိုးရိမ်ပူပန်မှုများကို မှတ်သားထားလိုပေမည်။ သူတို့ထံပြန်သွားသည့်အခါ ယခင်အခေါက် လည်ပတ်စဉ်က သူတို့ပြောဆိုခဲ့ရာများကို ကျွန်ုပ်တို့အမှတ်ရကြောင်း တင်ပြနိုင်သည်။ လောလောဆယ် သူတို့၌ လတ်တလောသိလိုသည့်အကြောင်းတစ်ခုခု ရှိမည်ဆိုလျှင် လက်တွေ့ကျနည်းဖြင့် သူတို့ကို ကူညီပေးနိုင်ပေမည်။
၁၅။ ကျွန်ုပ်တို့သည် လူတို့၏ကောင်းကွက်ကို အဘယ်ကြောင့်ကြည့်သင့်သနည်း၊ ယင်းကို မည်သို့ပြုနိုင်သနည်း။
၁၅ ကျွန်ုပ်တို့သည် ယေရှုကဲ့သို့ လူတို့၏ကောင်းကွက်ကိုကြည့်ကြသည်။ ဥပမာ၊ ကြင်ဖော်မဲ့မိဘတစ်ဦးသည် ချီးမွမ်းဖွယ်ကောင်းလောက်အောင် သူ၏သားသမီးများကို ပြုစုကျွေးမွေးဖို့ ကြိုးပမ်းလျက်ရှိကောင်းရှိမည်။ အမျိုးသားတစ်ဦးသည် မိသားစုကိုထောက်ပံ့ကျွေးမွေးဖို့ ရုန်းကန်နေပေမည်။ သက်ကြီးရွယ်အိုတစ်ဦးသည် ဝိညာဉ်ရေးရာများကို စိတ်ဝင်စားမှုတင်ပြသည်။ ကျွန်ုပ်တို့တွေ့ဆုံသူတို့၌ ဤအရည်အသွေးများကို သတိပြုမိပြီး အထိုက်အလျောက်ချီးမွမ်းပါသလော။ ထိုသို့ပြုရာတွင် နှစ်ဦးနှစ်ဖက်အကျိုးပြုရာကို ကျွန်ုပ်တို့အလေးပေးကာ ဘုရားသခင့်နိုင်ငံတော်အကြောင်း သက်သေခံဖို့ လမ်းစဖွင့်ပေးနိုင်ပါသည်။—တမန်တော် ၂၆:၂၊ ၃။
မေတ္တာပြရာ၌ နှိမ့်ချမှုမရှိမဖြစ်
၁၆။ ကျွန်ုပ်တို့ဟောပြောသည့်အခါ နူးညံ့သိမ်မွေ့၊ လေးစားစွာဟောပြောဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။
၁၆ ကျွန်ုပ်တို့သွန်သင်ပေးသူများကို ချစ်မြတ်နိုးခြင်းက “ဉာဏ်သည်ထောင်လွှားစေတတ်၏။ မေတ္တာမူကား တည်ဆောက်တတ်၏” ဟူသောကျမ်းစာ၏ ပညာရှိသတိပေးချက်ကိုဂရုပြုရန် လှုံ့ဆော်ပေးပါလိမ့်မည်။ (၁ ကောရိန္သု ၈:၁) ယေရှုသည် အသိပညာကြွယ်ဝသူဖြစ်သော်လည်း ဘယ်သောအခါမျှ ဘဝင်မမြင့်ခဲ့ပါ။ ထို့ကြောင့် သင်၏ယုံကြည်ချက်များကို အခြားသူများအား ပြောပြသည့်အခါ ငြင်းခုံပြောဆိုသောလေသံ၊ သို့မဟုတ် အထက်စီးလေသံမျိုးကိုရှောင်ပါ။ ကျွန်ုပ်တို့၏ပန်းတိုင်မှာ သူတစ်ပါး၏နှလုံးကိုထိမိဖို့နှင့် ကျွန်ုပ်တို့အလွန်မြတ်နိုးသော အမှန်တရားကို လူတို့မြတ်နိုးလာရန် ဆွဲဆောင်ပေးဖို့ဖြစ်သည်။ (ကောလောသဲ ၄:၆) ပြန်ဖြေဆိုဖို့အသင့်ရှိရန် ခရစ်ယာန်များကို ပေတရုအကြံပြုသောအခါ “နူးညံ့သောသဘော၊ ကြောက်ရွံ့သော [“ရိုသေလေးစားသော၊” ကဘ] သဘောနှင့်” ပြန်ပြောဆိုသင့်သည်ဟု သတိပေးခဲ့ကြောင်း သတိရပါ။ (၁ ပေတရု ၃:၁၅) ကျွန်ုပ်တို့သည် နူးညံ့သိမ်မွေ့ပြီး လေးလေးစားစားပြောဆိုမည်ဆိုလျှင် ကျွန်ုပ်တို့ကိုးကွယ်သောဘုရားသခင်ထံ လူတို့ကို ဆွဲဆောင်နိုင်ပါလိမ့်မည်။
၁၇၊ ၁၈။ (က) ဓမ္မအမှုဆောင်များအဖြစ် ကျွန်ုပ်တို့၏အရည်အချင်းနှင့်ပတ်သက်၍ အပြစ်ရှာသည့်သဘောထားများကို ကျွန်ုပ်တို့မည်သို့တုံ့ပြန်သင့်သနည်း။ (ခ) သမ္မာကျမ်းစာဆိုင်ရာ ရှေးခေတ်ဘာသာစကားများကို တတ်ကျွမ်းထားခြင်းသည် ကျမ်းစာသင်သားများအတွက် အဘယ်ကြောင့်အရေးမကြီးသနည်း။
၁၇ ကျွန်ုပ်တို့၏အသိပညာ၊ ကျွန်ုပ်တို့၏ပညာအရည်အချင်းကို လူတို့အထင်ကြီးစေရန် ပြုလုပ်စရာမလိုပါ။ သင့်ရပ်ကွက်ရှိသူအချို့က တက္ကသိုလ်ပညာဘွဲ့တစ်စုံတစ်ရာမရှိသူတစ်ဦးတစ်ယောက်ကို နားမထောင်လိုပါက ယင်းကြောင့် စိတ်ဓာတ်မကျပါနှင့်။ ယေရှုသည် ထိုခေတ်ရှိ နာမည်ကြီးရဗ္ဗိကျောင်းများ မတက်ခဲ့ဟူသည့် အကြောင်းပြပြောဆိုချက်ကို အရေးမစိုက်ခဲ့ပါ; ထို့ပြင် ကိုယ်တော်သည် မိမိ၏ကြီးမားကျယ်ပြောသောပညာကို လူတို့အထင်ကြီးစေရန် ကြိုးစားခြင်းအားဖြင့် လူအများကြိုက်စိတ်စွန်းကွက်မှု၏ လွှမ်းမိုးခြင်းကိုလည်း အညံ့မခံခဲ့ပါ။—ယောဟန် ၇:၁၅။
၁၈ ခရစ်ယာန်ဓမ္မအမှုဆောင်များအတွက် စိတ်နှိမ့်ချခြင်းနှင့် ချစ်ခြင်းမေတ္တာတို့သည် အဘယ်မည်သော လောကပညာရေးထက်မဆို သာ၍အရေးပါ၏။ မဟာပညာပေးရှင် ယေဟောဝါသည် ဓမ္မအမှုတွင် ကျွန်ုပ်တို့ကို အရည်အချင်းရှိစေတော်မူသည်။ (၂ ကောရိန္သု ၃:၅၊ ၆) ခရစ်ယာန်ဘောင်ဓမ္မဆရာအချို့ မည်သို့ပင်ဆိုပါစေ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို သွန်သင်ပေးသူများဖြစ်ရန် ရှေးခေတ်ကျမ်းစာဘာသာစကားကို သင်ယူစရာမလိုပါ။ ယေဟောဝါသည် သမ္မာကျမ်းစာကို ရှင်းလင်း၊ ပြတ်သားသည့် အသုံးအနှုန်းများဖြင့် ရေးသားရန် မှုတ်သွင်းတော်မူခဲ့ရာ ၎င်း၏ အဖိုးတန်အမှန်တရားများကို လူတိုင်းနီးပါး နားလည်နိုင်ကြပါသည်။ ၎င်းကို ဘာသာစကားရာပေါင်းများစွာသို့ ဘာသာပြန်ဆိုသည့်အခါ၌ပင် ထိုအမှန်တရားများ မပြောင်းလဲပေ။ ထို့ကြောင့် ရှေးခေတ်ဘာသာစကားများကို တတ်ကျွမ်းခြင်းသည် တစ်ခါတစ်ရံ အကျိုးဖြစ်ထွန်းသော်လည်း မရှိမဖြစ်လိုအပ်ရာမဟုတ်ပါ။ ထို့အပြင် ဘာသာစကားအမျိုးမျိုး တတ်ထားခြင်းကြောင့် စိတ်နေမြင့်ခြင်းသည် လူတစ်ဦးကို ခရစ်ယာန်စစ်များ၌ မရှိမဖြစ်လိုအပ်သော အရည်အချင်းဖြစ်သည့် သွန်သင်မှုခံယူလွယ်ခြင်းမရှိဘဲ ဖြစ်စေနိုင်သည်။—၁ တိမောသေ ၆:၄။
၁၉။ ကျွန်ုပ်တို့၏ခရစ်ယာန်ဓမ္မအမှုသည် အဘယ်သဘောဖြင့် အကျိုးသယ်ပိုးမှုတစ်ခုဖြစ်သနည်း။
၁၉ ကျွန်ုပ်တို့၏ခရစ်ယာန်ဓမ္မအမှုသည် နှိမ့်ချသောသဘောထားလိုအပ်သည့် လုပ်ငန်းတစ်ခုဖြစ်သည်မှာ ယုံမှားဖွယ်မရှိချေ။ ကျွန်ုပ်တို့သည် အတိုက်အခံပြုမှု၊ ဥပေက္ခာပြုမှုနှင့် နှိပ်စက်ညှဉ်းပန်းမှုတို့ကိုပင် ခံရသောအခြေအနေမျိုး၌ မိမိတို့ကိုယ်ကိုရှိစေကြသည်။ (ယောဟန် ၁၅:၂၀) သို့တိုင် ဓမ္မအမှုကို ကျွန်ုပ်တို့တည်ကြည်စွာဆောင်ရွက်ကြခြင်းအားဖြင့် အရေးပါသောလုပ်ငန်းကို ကျွန်ုပ်တို့ထမ်းဆောင်နေကြပါသည်။ ဤလုပ်ငန်းတွင် သူတစ်ပါးအကျိုးကို ကျွန်ုပ်တို့နှိမ့်ချစွာ သယ်ပိုးကြမည်ဆိုလျှင် လူတို့အား ယေရှုခရစ်တင်ပြခဲ့သော ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့တုပနေရာရောက်သည်။ စဉ်းစားကြည့်ပါ– သိုးကဲ့သို့သောသူတစ်ဦးထံ ရောက်ရန်အလို့ငှာ စိတ်ဝင်စားမှုမပြ၊ အတိုက်အခံပြုသူတစ်ထောင်ကို ဟောပြောခဲ့ရမည်ဆိုလျှင်ပင် ယင်းသည် ကြိုးပမ်းရကျိုးနပ်သည်မဟုတ်ပေလော။ ဧကန်မုချပင်! ထို့ကြောင့် ဘယ်သောအခါမျှအရှုံးမပေးဘဲ ဇွဲနှင့်လုပ်ဆောင်နေခြင်းအားဖြင့် ကျွန်ုပ်တို့တွေ့ရှိရဦးမည့် သိုးကဲ့သို့သောသူများ၏အကျိုးကို တည်ကြည်စွာ သယ်ပိုးနေကြသည်။ ယေဟောဝါနှင့် ယေရှုတို့သည် အဆုံးမတိုင်မီ ထိုကဲ့သို့သော အဖိုးတန်သူများစွာကိုရှာတွေ့ပြီး ကူညီစေဦးမည်မှာ သေချာသည်။—ဟဂ္ဂဲ ၂:၇။
၂၀။ ပုံသက်သေအားဖြင့် သွန်သင်ပေးနိုင်သော နည်းလမ်းအချို့ကား အဘယ်နည်း။
၂၀ သူတစ်ပါးအကျိုးသယ်ပိုးလိုကြောင်း တင်ပြသည့် အခြားနည်းတစ်နည်းမှာ ပုံသက်သေဖြင့်သွန်သင်ခြင်းဖြစ်သည်။ ဥပမာ၊ “ပျော်ရွှင်သောဘုရားသခင်” ယေဟောဝါ၏အမှုထမ်းခြင်းသည် အကောင်းဆုံး၊ စိတ်အချမ်းသာဆုံး အသက်ရှင်နည်းဖြစ်ကြောင်း လူတို့ကို ကျွန်ုပ်တို့သိစေလိုကြသည်။ (၁ တိမောသေ ၁:၁၁၊ ကဘ) ကျွန်ုပ်တို့၏အမူအကျင့်နှင့် အိမ်နီးချင်းများ၊ ကျောင်းနေဖက်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ကျွန်ုပ်တို့ဆက်ဆံပုံကိုကြည့်ပြီး ကျွန်ုပ်တို့သည် ပျော်ရွှင်၍ ကျေနပ်ရောင့်ရဲကြောင်း သူတို့တွေ့မြင်နိုင်ကြပါသလော။ အလားတူ၊ ခရစ်ယာန်အသင်းတော်သည် စိမ်းကားရက်စက်သောလောကတွင် အိုအေစစ်တစ်ခုဖြစ်သည်ဟု ကျမ်းစာသင်သားများကို ကျွန်ုပ်တို့သွန်သင်ပေးကြသည်။ ကျွန်ုပ်တို့သည် အသင်းတော်သားအားလုံးကိုချစ်ပြီး အချင်းချင်းအသင့်အတင့်ရှိဖို့ ကြိုးပမ်းကြောင်း ကျွန်ုပ်တို့၏သင်သားများ တွေ့မြင်နိုင်ပါသလော။—၁ ပေတရု ၄:၈။
၂၁၊ ၂၂။ (က) မိမိတို့ဓမ္မအမှုနှင့်ပတ်သက်၍ ကိုယ်ကိုကိုယ် ဆန်းစစ်ကြည့်ခြင်းက အဘယ်အခွင့်အရေးများကို အခွင့်ကောင်းယူစေမည်နည်း။ (ခ) နောက်ဆက်တွဲကင်းမျှော်စင်ပါ ဆောင်းပါးများတွင် အဘယ်အကြောင်းကို ဆွေးနွေးတင်ပြမည်နည်း။
၂၁ တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ခရစ်ယာန်ဓမ္မအမှုကို တလိုတလားဆောင်ရွက်လိုစိတ်က မိမိတို့ကိုယ်ကိုပြန်စစ်ဆေးစေပေမည်။ ယင်းကို ရိုးသားသောစိတ်ဖြင့်ပြုလျှင် မိမိတို့သည် အချိန်ပြည့်ဓမ္မအမှု၌ပါဝင်ခြင်းဖြင့်၊ သာ၍လိုအပ်သောနေရာသို့ ပြောင်းရွှေ့အမှုထမ်းခြင်းဖြင့် လုပ်ငန်းတော်ကို တိုးချဲ့နိုင်ကြောင်း တွေ့ရှိကြသူများစွာရှိ၏။ အခြားသူတို့မှာမူ မိမိတို့နယ်မြေဒေသတွင်ပင် တိုင်းတစ်ပါးမှရောက်လာသူများ၏ အကျိုးကိုသယ်ပိုးဖို့ နိုင်ငံခြားဘာသာစကားကို သင်ယူရန် ဆုံးဖြတ်ခဲ့ကြပြီ။ ဤသို့အခွင့်အလမ်းများရှိနေပါက အသေအချာစဉ်းစားသုံးသပ် ဆုတောင်းပြုလုပ်ပါ။ ဤအကျိုးသယ်ပိုးသည့်လုပ်ငန်းမှ ကြီးမားသောပျော်ရွှင်မှု၊ ကျေနပ်မှုနှင့် စိတ်ငြိမ်သက်မှု ရရှိပါလိမ့်မည်။—ဒေ. ၅:၁၂။
၂၂ ကျွန်ုပ်တို့သွန်သင်ပေးသောအမှန်တရားနှင့် ကျွန်ုပ်တို့သွန်သင်မှုကိုခံယူသူများအား ချစ်မြတ်နိုးစိတ် တိုးပွားစေခြင်းဖြင့် ယေရှုခရစ်ကို ဆက်လက်အတုယူကြပါစို့။ ဤကဏ္ဍနှစ်ရပ်၌ ကျွန်ုပ်တို့၏ချစ်ခြင်းမေတ္တာကို ပြုစုပျိုးထောင်ပြီး တင်ပြခြင်းအားဖြင့် ခရစ်တော်ကဲ့သို့သော သွန်သင်သူများဖြစ်ဖို့ အခြေအမြစ်ကောင်းကို ချပေးနေပါလိမ့်မည်။ သို့သော် ထိုအခြေအမြစ်ပေါ်တွင် ကျွန်ုပ်တို့မည်သို့အခြေချနိုင်မည်နည်း။ ယေရှုအသုံးပြုခဲ့သော သွန်သင်နည်းအချို့ကို နောက်ဆက်တွဲကင်းမျှော်စင်တွင်ပါသော အခန်းဆက်ဆောင်းပါးများက ဆွေးနွေးတင်ပြပါလိမ့်မည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 11 ယေဟောဝါသက်သေများထုတ်ဝေ။
သင်မည်သို့ဖြေဆိုမည်နည်း
• သွန်သင်သူတစ်ဦးအဖြစ် ယေရှု၏ပုံသက်သေသည် ကျွန်ုပ်တို့တုပဖို့ အဆင့်မမြင့်လွန်းကြောင်း အဘယ်အာမခံချက်ရှိသနည်း။
• သမ္မာကျမ်းစာမှ သင်ယူခဲ့သော အမှန်တရားများကို မြတ်နိုးကြောင်း ကျွန်ုပ်တို့မည်သို့တင်ပြနိုင်သနည်း။
• ကျွန်ုပ်တို့သည် အသိပညာတိုးပွားလာသည်နှင့်အမျှ နှိမ့်ချမှုဆက်ရှိဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။
• ကျွန်ုပ်တို့ကြိုးစားသွန်သင်ပေးသူများကို ချစ်မြတ်နိုးကြောင်း ဖော်ပြနိုင်သောနည်းလမ်းအချို့ကား အဘယ်နည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
တတ်နိုင်သ၍ ပြင်ဆင်ထားပါ
[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]
“ဘုရားသခင်အားသိသောဉာဏ်” ကို သင်မြတ်နိုးလျှင် သမ္မာကျမ်းစာကို ထိရောက်စွာ အသုံးပြုနိုင်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
သတင်းကောင်းဟောပြောခြင်းအားဖြင့် လူတို့ကိုချစ်ကြောင်း ကျွန်ုပ်တို့တင်ပြကြ