မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ကျွန်မ ဘာကိုမှပြောင်းလဲမှာ မဟုတ်ဘူး!”

“ကျွန်မ ဘာကိုမှပြောင်းလဲမှာ မဟုတ်ဘူး!”

ဘဝ​အတ္ထုပ္ပတ္တိ

“ကျွန်မ ဘာကိုမှ​ပြောင်းလဲ​မှာ မဟုတ်ဘူး!”

ဂ​လက်​ဒီ​စ် အယ်လင် ပြောပြ​သည်

“သင့်​ဘဝကို ပြန်​စ​လို့​ရ​ရင် ဘာကို​ပြောင်းလဲ​မလဲ” ဆိုပြီး ကျွန်မ​ကို မကြာခဏ​မေးကြတယ်။ အမှန်အတိုင်း​ပြော​ရ​ရင် “ဘာကိုမှ​ပြောင်းလဲ​မှာ မဟုတ်ဘူး!” ဘာဖြစ်​လို့ ဒီလို​ပြော​ရတယ်ဆိုတာ ရှင်းပြပါ​ရစေ။

ကျွန်မ​အသက်​နှစ်နှစ်​အရွယ် ၁၉၂၉၊ နွေ​ရာသီမှာ ကျွန်မ​အဖေ မက်သရူး အယ်လင်​အတွက် အံ့ဩစရာ​တစ်ခု ဖြစ်ပျက်​ခဲ့တယ်။ အဲ့ဒီ​တုန်း​က အပြည်ပြည်ဆိုင်ရာ​ကျမ်းစာ​ကျောင်းသား​တွေ​လို့ လူသိ​များ​ခဲ့​တဲ့ ယေဟောဝါသက်သေ​တွေ ထုတ်ဝေတဲ့ ယနေ့ အသက်ရှင်​သူ သန်းပေါင်း​များစွာ ဘယ်တော့​မျှ​မသေ​တော့ စာအုပ်​ငယ်​ကို အဖေ​ရခဲ့တယ်။ စာမျက်နှာ​အနည်းငယ်​ကို အငမ်းမရ​ဖတ်​ပြီး​တဲ့​နောက်​မှာ အဖေက “ငါ​ဖတ်​ခဲ့​သမျှ​မှာ ဒီ​စာအုပ်​က အကောင်းဆုံး​ပဲ!” ဆိုပြီး ဟစ်ကြွေး​ခဲ့တယ်။

အဲ့ဒီ​နောက် မကြာခင်​မှာ ကျမ်းစာ​ကျောင်းသား​တွေ​ထုတ်ဝေတဲ့ တခြား​စာအုပ်​တွေ​ကိုလည်း အဖေ​ရခဲ့တယ်။ အိမ်နီးချင်း​အားလုံး​ကို အဲ့ဒီ​အကြောင်း​တွေ အဖေ ချက်ချင်း​ပြောပြ​ပါ​လေ​ရော။ ဒါပေမဲ့ ကျွန်မ​တို့​ကျေးလက်​ဒေသမှာ ယေဟောဝါသက်သေ​တွေ​ရဲ့ အသင်းတော်​မရှိဘူး။ ခရစ်ယာန်​ပေါင်းသင်းမှု မှန်မှန်​ပြုလုပ်​ဖို့​လိုတယ်​ဆိုတာ အဖေ သိတဲ့​အတွက် ကနေဒါ​နိုင်ငံ၊ အွန်​တဲ​ရီး​ယို​ပြည်နယ်၊ အော့​အင်​ဗီလ်​မြို့မှာ အသင်းတော်​ရှိတာ​ကြောင့် ၁၉၃၅ ခုနှစ်​မှာ အဲ့ဒီ​ကို မိသားစု​လိုက်​ပြောင်း​ခဲ့​ကြတယ်။

အဲ့ဒီ​တုန်း​က ကလေး​တွေ​ကို အသင်းတော်​အစည်းအဝေးတွေ​တက်​ဖို့ အမြဲ​မတိုက်တွန်း​ခဲ့​ဘူး; ဒါ​ကြောင့် လူကြီးတွေ စည်းဝေး​တက်ပြီး​တဲ့​အထိ ကလေး​တွေ​ဟာ အပြင်မှာ ကစား​နေတတ်​ကြတယ်။ ဒါကို အဖေ သဘောမကျ​ဘူး။ “အစည်းအဝေးတွေ​က ငါ့​အတွက် အကျိုးရှိ​တယ်​ဆိုရင် ငါ့​ကလေး​တွေ​အတွက်​လည်း အကျိုးရှိ​မှာပဲ” ဆိုပြီး အဖေ​ယူဆခဲ့တယ်။ ဒါ​ကြောင့် ပေါင်းသင်း​ခါ​စ​ရှိသေး​ပေမဲ့ အဖေဟာ ကျွန်မ​အစ်ကို ဘော့​ဘ်၊ အစ်မ​အဲ​လာ၊ ရူ​ဘီ​နဲ့ ကျွန်မ​တို့ကို လူကြီးတွေ​နဲ့​အတူ အစည်းအဝေးတွေ တက်​ခိုင်း​ခဲ့တယ်။ မကြာခင် တခြား​သက်သေခံတွေရဲ့ ကလေး​တွေ​လည်း​ပဲ အစည်းအဝေး​တက်လာ​ကြတယ်။ အစည်းအဝေး​တက်ပြီး အဖြေပေး​တာ​ဟာ ကျွန်မ​တို့​ဘဝမှာ အရေးကြီးဆုံး​ကဏ္ဍ​တစ်ခု ဖြစ်လာ​တယ်။

အဖေက ကျမ်းစာ​ကို မြတ်နိုးတယ်၊ ကျမ်းစာ​အဖြစ်အပျက်တွေကို ကောင်းကောင်း​သရုပ်ဆောင်​ပြ​ခဲ့တယ်။ အဲ့ဒီ​လို​နည်းနဲ့ ကျွန်မ​တို့​လူငယ်တွေရဲ့​နှလုံး​ထဲ ရိုက်သွင်း​ပေး​ခဲ့​တဲ့​အတွက် အရေးကြီးသင်ခန်းစာတွေ​ကို ခု​ထိ ကျွန်မ​ကောင်းကောင်း​မှတ်မိ​သေး​တယ်။ ကျွန်မ​မှတ်မိ​တာ တစ်ခု​က​တော့ ယေဟောဝါ​ဟာ နာခံ​တဲ့​သူတွေကို ကောင်းချီး​ပေး​တယ်​ဆိုတာ​ပါ​ပဲ။

ကျွန်မ​တို့​ရဲ့​ယုံကြည်ခြင်းကို ခုခံ​ကာကွယ်​တဲ့​အခါ သမ္မာကျမ်းစာ​ကို အသုံးပြု​တတ်​ဖို့​လည်း အဖေ​သင်ပေးတယ်။ ကျမ်းစာ​ကစား​နည်း​တွေ​လည်း ကစား​ကြတယ်။ အဖေက “အဖေ​သေ​တဲ့​အခါ ကောင်းကင်​သွားမယ်လို့ ယုံကြည်တယ်။ အဲ့​ဒါ​မဟုတ်ဘူးဆိုတာ အခု သမီးတို့​က အဖေ​ကို ရှင်းပြ​ကြ” ဆိုပြီး လေ့ကျင့်ပေး​တယ်။ မှားတယ်​ဆိုတာ ချေပ​နိုင်​ဖို့ ကျမ်းချက်​တွေ​ကို မှန်​ပြ​မာတိကာ​ထဲမှာ ရူ​ဘီ​နဲ့​ကျွန်မ ရှာကြတယ်။ ကျွန်မ​တို့​ရှာတွေ့​တဲ့ ကျမ်းချက်​တွေ​ကို ဖတ်ပြ​ပြီး​တဲ့​အခါ အဖေက “စိတ်ဝင်စားစရာ​ပဲ၊ ဒါပေမဲ့ လက်မခံနိုင်​သေး​ဘူး” လို့​ပြော​တတ်တယ်။ ဒါနဲ့ မှန်​ပြ​မာတိကာ​မှာ ကျွန်မ​တို့ ပြန်​ရှာ​ကြ​ရတာပေါ့။ အဖေ​မကျေနပ်​မချင်း နာရီ​နဲ့​ချီ​ပြီး ကျမ်းချက်​တွေ​ကို ဆက်​ရှာ​ခဲ့​ကြရတယ်။ ရလဒ်​က​တော့၊ ရူ​ဘီ​နဲ့​ကျွန်မ​ဟာ ကျွန်မ​တို့​ရဲ့​ယုံကြည်ချက်တွေကို ကောင်းကောင်း​ရှင်းပြ​ပြီး ယုံကြည်ခြင်းကို ခုခံ​ကာကွယ်​လာနိုင်​ကြတယ်။

လူ​ကြောက်​ခြင်း​ကို အောင်မြင်​ကျော်လွှား​ခြင်း

အိမ်မှာ​ရော၊ အသင်းတော်​အစည်းအဝေးတွေမှာ​ပါ လေ့ကျင့်မှု​ကောင်းကောင်း​ရခဲ့ပေမဲ့ ခရစ်ယာန်​တစ်ယောက်​ရဲ့ အချို့​အခန်းကဏ္ဍ​တွေ​ဟာ ကျွန်မ​အတွက် စိန်ခေါ်ချက်​ဖြစ်တယ်​လို့ ဝန်ခံ​ရမယ်။ တခြား​လူငယ်တွေ​လို​ပဲ ကျွန်မ​လည်း တခြား​သူတွေ၊ အထူးသဖြင့် အတန်းဖော်​တွေ​နဲ့ မတူတာ​ကို မကြိုက်ဘူး။ ကျွန်မ​ရဲ့​ယုံကြည်ခြင်း​အတွက် အစောပိုင်းက စမ်းသပ်မှု​ဖြစ်​ခဲ့​တာ​ဟာ ကျွန်မ​တို့​ခေါ်​ခဲ့​ကြ​တဲ့  ကြော်ငြာ​ချီတက်​ပွဲ​တွေ​နဲ့  ပတ်သက်​နေတယ်။

အဲ့ဒီ​အချိန်​မှာ ဆောင်ပုဒ်​တွေ​ရေးထားတဲ့ ဆိုင်းဘုတ်​တွေ​ကို ညီအစ်ကို၊ ညီအစ်မ​တစ်စု​က သယ်ဆောင်​ပြီး မြို့​လမ်းမကြီး​တွေ​ပေါ်မှာ ဖြည်းဖြည်း​လျှောက်​သွား​ကြဖို့​ဖြစ်တယ်။ လူဦးရေ ၃,၀၀၀ လောက်​ပဲ​ရှိတဲ့ ကျွန်မ​တို့​မြို့မှာ အားလုံး​က တစ်ယောက်​နဲ့​တစ်ယောက် သိနေ​ကြတယ်။ အဲ့ဒီ​ကြော်ငြာ​ချီတက်​ပွဲ​တစ်ခု​မှာ “ဘာသာ​တရားသည် ထောင်ချောက်​တစ်ခု​နှင့် မ​သ​မာ​နည်းဖြင့် စီးပွား​ရှာ​မှု​တစ်ခု​ဖြစ်သည်” ဆို​တဲ့​ဆောင်ပုဒ်​ကို သယ်ဆောင်​ပြီး တန်း​စီး​လျှောက်​နေတဲ့​အထဲမှာ ကျွန်မ​က နောက်ဆုံး​မှာ​ရှိနေတယ်။ ကျွန်မ​ရဲ့​ကျောင်းနေ​ဖက်​တချို့က ကျွန်မ​ကို မြင်​လိုက်တာနဲ့ ကျွန်မ​နောက်ကနေ “ဘုရင်​ကို ဘုရားသခင် ကယ်​တော်​မူ​ပါ” သီချင်းကို​ဆိုပြီး လိုက်​လာ​ကြ​ပါ​လေ​ရော။ ကျွန်မ ဘာလုပ်ခဲ့​သလဲ။ ဆက်သွား​နိုင်​ဖို့ ခွန်အား​ပေး​ပါ​လို့ စိတ်အား​ထက်သန်​စွာ ဆုတောင်း​လိုက်တယ်။ ချီတက်​ပွဲ​ပြီး​တာ​နဲ့ ဆိုင်းဘုတ်​ကို ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​မှာ အမြန်​ပြန်အပ်​ပြီး အိမ်ပြန်​ဖို့​ပဲ။ ဒါပေမဲ့ တာဝန်ခံ​က ချီတက်​ပွဲ​နောက်တစ်ခု​ရှိသေးတယ်၊ ဆိုင်းဘုတ်​တစ်ခု​သယ်ဆောင်​ဖို့ လူတစ်ယောက်​လို​နေတယ်လို့ ကျွန်မ​ကို​ပြော​တယ်။ ဒါနဲ့​ပဲ အရင်ကထက် ပို​အားစိုက်​ဆုတောင်း​ပြီး ကျွန်မ​လိုက်သွား​ခဲ့တယ်။ ဒါပေမဲ့ ဒီ​တစ်ခါ​တော့ ကျွန်မ​ရဲ့​အတန်းဖော်​တွေ​က မော​ပြီး အိမ်​ပြန်သွား​ကြပြီ။ ဒါနဲ့ ခွန်အား​ပေး​ပါ​လို့​တောင်း​ခဲ့​တဲ့ ကျွန်မ​ရဲ့​ဆုတောင်းချက်​တွေ​ဟာ ကျေးဇူး​တင်​တယ်​ဆို​တဲ့ ဆုတောင်းချက်​တွေ ဖြစ်သွား​တာပေါ့!—သု. ၃:၅

ကျွန်မ​တို့​အိမ်မှာ အချိန်ပြည့်​အမှုဆောင်​တွေ အမြဲတမ်း ဝင်ထွက်​သွားလာ​ကြတယ်။ သူတို့တွေဟာ တကယ်​ပျော်ရွှင်​တဲ့​သူတွေ​ဖြစ်​ကြ​ပြီး သူတို့ကို ဧည့်ခံ​ရတာ ပျော်စရာ​ကောင်းတယ်။ ကျွန်မ​မှတ်မိ​သလော​က်​ပြော​ရ​ရင်​တော့ ကျွန်မ​တို့​မိဘတွေက အချိန်ပြည့်​ဓမ္မ​အမှုဆောင်တာ​ကို အကောင်းဆုံး​အလုပ်​ဖြစ်တယ်​ဆိုတာ ပြောပြ​ပြီး အဲ့ဒီ​အလုပ်ကို ရွေးချယ်​ကြဖို့ သားသမီးတွေကို အမြဲတမ်း​အားပေးခဲ့တယ်။

မိဘတွေရဲ့​အားပေးမှုကို လက်ခံ​ပြီး ၁၉၄၅ ခုနှစ်​မှာ အချိန်ပြည့်​ဓမ္မ​အမှုမှာ ကျွန်မ​စတင်​ပါဝင်​ခဲ့တယ်။ နောက်ပိုင်း​မှာ အွန်​တဲ​ရီး​ယို​ပြည်နယ်၊ လန်ဒန်​မြို့မှာ အမှုဆောင်​နေတဲ့ ကျွန်မ​အစ်မ​အဲ​လာ​နဲ့​အတူ ပူးပေါင်း​ခဲ့တယ်။ အဲဒီမှာ ကျွန်မ ဘယ်တော့မှ လုပ်နိုင်မှာ​မဟုတ်ဘူးလို့​ထင်​ခဲ့​တဲ့ လုပ်ငန်းတော်​ကဏ္ဍ​တစ်ခု​အကြောင်း ကြားသိခဲ့ရတယ်။ ညီအစ်ကို​တွေ​က ဒေသန္တရ​အရက်​ဆိုင်​မှာ စားပွဲ​တစ်ခု​ကနေ​တစ်ခု​ကို​သွားပြီး သောက်သုံး​နေသူတွေကို ကင်းမျှော်စင်​နဲ့ နှစ်သိမ့်မှု (အခု နိုးလော့!) စာစောင်​တွေ ဝေငှကြ​တယ်။ စ​နေ,နေ့လယ်ခင်း​တွေ​မှာပဲ​သွား​လို့ တော်​သေး​တယ်၊ အဲ့ဒီ​ကို​သွားဖို့ သတ္တိ​ပေး​ပါ​ဆိုပြီး တစ်ပတ်လုံး​ဆုတောင်း​ခဲ့​ရတယ်! အဲ့ဒီ​အလုပ်​က ကျွန်မ​အတွက် မလွယ်ပေမဲ့ အကျိုးရှိ​ခဲ့တယ်။

နာဇီ​ချွေး​တပ်​စခန်း​တွေ​မှာ​ရှိတဲ့ ညီအစ်ကို​တွေ​ရဲ့ ညှဉ်းပန်းမှု​အကြောင်းပါ​တဲ့ အထူးထုတ် နှစ်သိမ့်မှု စာစောင်​တွေ​ကို အထူးသဖြင့် ကော်ပိုရေးရှင်း​ကြီး​တွေ​ရဲ့ ဥက္ကဋ္ဌ​တွေ​အပါအဝင် အရေးပါတဲ့ ကနေဒါ​စီးပွားရေး​သ​မား​တွေ​ဆီ​သွားပြီး ဝေငှ​ခဲ့​ရ​သေး​တယ်။ ခွန်အား​ရှိဖို့ ယေဟောဝါ​ကို အားထား​မယ်​ဆိုရင် ကိုယ်တော် အမြဲတမ်း​ထောက်ပံ့​ပေး​တယ်​ဆိုတာ​ကို နှစ်တွေ​တစ်လျှောက် ကျွန်မ​သိခဲ့ရတယ်။ အဖေ ပြော​သလိုပဲ၊ ယေဟောဝါ​ဟာ ကိုယ်တော့်​အပေါ် နာခံမှု​ရှိသူတွေကို ကောင်းချီး​ပေး​တယ်။

ကွိ​ဘက်​ပြည်နယ်​မှာ​အမှုဆောင်ရန် ဖိတ်ခေါ်ချက်​ကို လက်ခံခြင်း

၁၉၄၀၊ ဇူလိုင် ၄ ရက်​နေ့မှာ ယေဟောဝါသက်သေ​တွေ​ရဲ့ လုပ်ငန်း​ကို ကနေဒါ​နိုင်ငံ​မှာ ပိတ်ပင်​လိုက်တယ်။ နောက်ပိုင်း​မှာ ပိတ်ပင်​မှု​ကို ရုပ်သိမ်း​လိုက်​ပေမဲ့ ကွိ​ဘက်​ပြည်နယ်​က ရိုမန်ကက်သလစ်​ပိုင်နက်​မှာ ကျွန်မ​တို့ နှိပ်စက်​ခံ​နေရ​တုန်း​ပဲ။ ပြင်းထန်​တဲ့​စကားလုံး​တွေ​ပါ​တဲ့ ဘုရားသခင်​နှင့် ခရစ်တော်​ကို ကွိ​ဘက် အပြင်းအထန်​မုန်းတီးခြင်း​နှင့် လွတ်လပ်မှု​သည် ကနေဒါ​လူမျိုး​အတွက် ရှက်ဖွယ်​ဖြစ် ဆို​တဲ့ ဝေစာ​ကို အသုံးပြုပြီး အဲ့ဒီ​မှာ​ရှိတဲ့ ညီအစ်ကို​တွေ​ကို ညှဉ်းပန်း​နှိပ်စက်​နေတာကို အာရုံစိုက်​လာအောင် အထူးကင်ပိန်း​တစ်ခု လုပ်ဆောင်ခဲ့တယ်။ ယေဟောဝါသက်သေ​တွေ​ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် နေသန် အိပ်ခ်ျ. နောရ်​က မွန်​တ​ရီ​ရော​လ်​မြို့က ရာနဲ့ချီ​ရှေ့ဆောင်​တွေ​နဲ့ တွေ့ဆုံ​ပြီး ကျွန်မ​တို့​ပြုလုပ်​ကြ​တော့​မယ့် လုပ်ငန်း​အကြောင်း ရှင်းပြခဲ့တယ်။ တကယ်လို့ အဲ့ဒီ​ကင်ပိန်း​မှာ ကျွန်မ​တို့​ပါဝင်​ဖို့ သဘောတူ​ကြ​မယ်​ဆိုရင် အဖမ်း​ခံရ​ပြီး ထောင်ကျ​နိုင်တယ်​လို့ ညီအစ်ကို​နောရ်​က ပြောပြ​တယ်။ အဲ့ဒီ​အတိုင်း ဖြစ်ပျက်​လာတာ​ပဲ! အတော်လေး​ကြာ​တော့ ၁၅ ခါ​တောင် ကျွန်မ အဖမ်းခံ​ခဲ့​ရတယ်။ လယ်ကွင်း​အမှုဆောင်ထွက်​တိုင်း တကယ်လို့ ထောင်ကျ​မယ်​ဆိုရင် အသုံးပြု​ဖို့  သွား​ပွတ်တံ​နဲ့​ဘီး​ကို  လို​လို​မည်​မည်​ယူသွား​ကြတယ်။

အစပိုင်း​မှာ​တော့ ကျွန်မ​တို့ကို ဖြစ်​နိုင်​သရွေ့ အာရုံမစိုက်​လာအောင် အများအားဖြင့် ည​ပိုင်း​မှာ အမှုဆောင်ထွက်​ကြတယ်။ ဝေစာ​အပြည့်​ပါ​တဲ့ လွယ်အိတ်​တစ်လုံး​ကို လည်ပင်း​မှာ​ချိတ်၊ အပေါ်​ကနေ ကုတ်​အင်္ကျီ​ဝတ်​ပြီး ကျွန်မ​ယူသွား​တတ်တယ်။ ဝေစာ​အပြည့်​ပါ​တဲ့ လွယ်အိတ်​က ကြီး​လွန်းလို့ ကျွန်မ​ကို​ကြည့်​ရင် ကိုယ်ဝန်ဆောင်​နဲ့​တူတယ်။ အဲဒါ​က အမှုဆောင်​ရပ်ကွက်​သွားဖို့ ပြည့်ကျပ်​နေတဲ့ ဓာတ်​ရထား​စီး​တဲ့​အခါ ကျွန်မ​အတွက် အကျိုး​ရှိတယ်။ ရည်​မွန်​တဲ့​အမျိုးသားတွေ​က “ကိုယ်ဝန်ဆောင်” အမျိုးသမီး​အတွက် သူတို့​ထိုင်ခုံ​ကနေ ထ​ပေး​တတ်တယ်။

အချိန်​ကြာ​လာတော့ နေ့​ပိုင်း​မှာ အဲဒီ​ဝေငှခြင်း​လုပ်ငန်း​ကို လုပ်ဆောင်လာ​ခဲ့​ကြတယ်။ အိမ်သုံး​လေးလုံး​ရဲ့​တံခါးဝ​မှာ ဝေစာတွေ​ထားပြီး​တဲ့​နောက် တခြား​ရပ်ကွက်ကို ဆက်သွား​ကြတယ်။ အဲ့ဒီ​လို​လုပ်တာ အများအားဖြင့် အောင်မြင်မှု​ရခဲ့ကြတယ်။ ဒါပေမဲ့ ခရစ်ယာန်​သာသနာ​နယ်ပယ် ဘုန်းကြီး​တစ်ပါး​က​သာ သူ့​ပိုင်နက်​မှာ ကျွန်မ​တို့​ရောက်နေမှန်း သိသွား​ရင် မလွယ်​ဘူးဆို​တာ​မှတ်​တော့။ တစ်ခါ​က​ဆိုရင် ခရစ်ယာန်​ဘုန်းကြီး​တစ်ပါး​က ကလေး၊ လူကြီး​အ​ယောက် ၅၀၊ ၆၀ ရှိတဲ့ လူအုပ်​ကို သွေးထိုး​ပေး​လို့ ကျွန်မ​တို့ကို ခရမ်းချဉ်သီး​တွေ၊ ဥ​တွေ​နဲ့ ပစ်ပေါက်​ခဲ့​ကြတယ်။ ခရစ်ယာန်​ညီအစ်မ​တစ်ယောက်​ရဲ့​အိမ်ကို ကျွန်မ​တို့​ထွက်ပြေး​ခိုလှုံ​ပြီး အဲ့ဒီ​ည ကြမ်းပြင်​ပေါ်မှာ အိပ်ခဲ့​ကြရတယ်။

ကွိ​ဘက်မှာ​ရှိတဲ့ ပြင်သစ်​စကားပြော​သူတွေကို ဟောပြောဖို့ ရှေ့ဆောင်​တွေ​အများကြီး​လို​လို့ ၁၉၅၈၊ ဒီဇင်ဘာ​လမှာ ကျွန်မ​ရဲ့​အစ်မ ရူ​ဘီ​နဲ့​အတူ ပြင်သစ်​စကား​ကို စလေ့လာ​ကြတယ်။ ပြီး​တော့ အဲ့ဒီ​ပြည်နယ်​က ပြင်သစ်​စကားပြော​ဒေသ​တွေ​မှာ ကျွန်မ​တို့ကို တာဝန်ချ​ခဲ့တယ်။ တာဝန်ကျ​တဲ့​နေရာတစ်ခု​စီ​မှာ အတွေ့အကြုံ​ထူး​တွေ ကြုံ​ခဲ့​ရတယ်။ တစ်​နေရာမှာ​ဆိုရင် နှစ်နှစ်​တိ​တိ တစ်နေ့ ရှစ်​နာရီ တစ်အိမ်​မှ​တစ်အိမ်​သွားခဲ့​ကြ​ပေမဲ့ ဘယ်သူမှ​တံခါးမ​ဖွင့်ပေး​ခဲ့​ဘူး! အိမ်ရှင်​တွေ​က တရုတ်​ကတ်​မှန်​ကနေ​ကြည့်​ပြီး ပြန်​ပိတ်​သွား​ကြတယ်။ ဒါပေမဲ့​လည်း ကျွန်မ​တို့ လက်မလျှော့​ခဲ့​ကြဘူး။ အခု​ဆိုရင် အဲ့ဒီ​မြို့မှာ တိုးတက်​တဲ့ အသင်းတော်​နှစ်ခု​ရှိနေပြီ။

နည်းလမ်း​အသွယ်သွယ်​ဖြင့် ယေဟောဝါ​ထောက်ပံ့​ခဲ့

၁၉၆၅ ခုနှစ်​မှာ ကျွန်မ​တို့ အထူး​ရှေ့ဆောင်​တွေ​ဖြစ်လာ​ကြတယ်။ အထူး​ရှေ့ဆောင်​အဖြစ် တာဝန်ကျ​တဲ့​နေရာ​တစ်​နေရာမှာ ၁ တိမောသေ ၆:၈ မှာ​မှတ်တမ်း​တင်ထား​တဲ့ “စား​ရန်၊ ဝတ်​ရန်​ရှိသမျှ​နှင့် ရောင့်ရဲ​လျက်​နေကြ​ကုန်​အံ့” ဆို​တဲ့ ပေါလု​စကား​ရဲ့​အဓိပ္ပာယ်​ကို အပြည့်အဝ​နားလည်​လာ​ခဲ့​ကြတယ်။ ကျွန်မ​တို့​ရဲ့​ကုန်ကျ​စရိတ်​တွေ မများ​ရအောင် ခြစ်ခြစ်ခြုတ်ခြုတ် သုံးခဲ့​ကြရတယ်။ ဒါ​ကြောင့် အ​နွေး​ဓာတ်၊ အိမ်​လခ၊ လျှပ်စစ်မီး​နဲ့ အစားအသောက်​တွေ​အတွက် ပိုက်ဆံ​ကို သတ်သတ်​ဖယ်​ထား​ရတယ်။ ကျွန်မ​တို့​လိုချင်​တာ​ဝယ်​ဖို့ တစ်လ​ကို ၂၅ ဆ​င့်​ပဲ​ကျန်​တော့​တယ်။

ပိုက်ဆံ​က​နည်း​တော့ ည​ဆိုရင် နာရီ​အနည်းငယ်​လောက်​ပဲ အိမ်ထဲမှာ အ​နွေး​ဓာတ်​ပေး​နိုင်တယ်။ ဒါ​ကြောင့် ကျွန်မ​တို့​အိပ်ခန်း​ဟာ အပူချိန် ၆၀ ဒီဂရီ​ဖာရင်ဟိုက်​ထက် ဘယ်တော့မှ​မ​ကျော်​ဘူး၊ အဲဒီထက်​တောင် ပို​အေး​လေ့​ရှိတယ်။ တစ်နေ့​ကျ​တော့ ရူ​ဘီ​ရဲ့​ကျမ်းစာ​သင်သားရဲ့ သားတစ်ယောက် ကျွန်မ​တို့​ဆီ လာလည်တယ်။ ကျွန်မ​တို့​အိမ်ထဲမှာ အေးစက်​နေတာပဲ​လို့ သူ့​အမေကို ပြန်​ပြောပြ​ပါ​လိမ့်မယ်၊ အဲဒီနောက် သူ့​အမေက ဆီ​ဝယ်​ဖို့ လတိုင်း ဆယ်​ဒေါ်လာ​ပို့ပေး​လို့ တစ်ညလုံး အ​နွေး​ဓာတ်​လွှတ်​နိုင်​ခဲ့တယ်။ ဒါပေမဲ့​လည်း ကျွန်မ​တို့ ဆင်း​ရဲ့​ချို့တဲ့​တယ်လို့ မခံစား​ခဲ့​ရ​ပါ​ဘူး။ ကျွန်မ​တို့ မ​ချမ်းသာ​ကြ​ပေမဲ့ လိုအပ်​တာ​တွေ အမြဲ​ရှိခဲ့တယ်။ အပို​အ​လျှံ​ရှိရင် ဒါ​ကောင်းချီး​ပဲ​လို့ ကျွန်မ​တို့​ခံစား​ခဲ့​ကြတယ်။ ဆာလံ ၃၇:၂၅ မှာပါတဲ့ “ဖြောင့်မတ်​သော​သူသည် စွန့်ပစ်ခြင်း​ကို​ခံရ​သည်​အကြောင်း သူ၏​သားမြေး​တို့သည် တောင်း​၍​စား​ရသည်​အကြောင်း . . . မမြင်​စ​ဖူး” ဆို​တဲ့​စကား​ဟာ တကယ်​ကို​မှန်တာ​ပဲ!

ကျွန်မ​တို့ အတိုက်အခံ​ရင်ဆိုင်​ရပေမဲ့ ကျွန်မ​နဲ့ ကျမ်းစာ​သင်​ခဲ့​တဲ့​သူ အတော်များများ အမှန်တရား​ရလာ​ကြ​တာ​ကို မြင်ရလို့ ကျေနပ်​အားရခဲ့​ပါ​တယ်။ တချို့က အချိန်ပြည့်​ဓမ္မ​အမှုဆောင်​တွေ ဖြစ်လာ​ကြ​လို့ ကျွန်မ အထူး​ပျော်ရွှင်​ခဲ့​ရတာပေါ့။

စိန်ခေါ်ချက်​အသစ်များ​ကို အောင်မြင်စွာ​ရင်ဆိုင်​ခြင်း

၁၉၇၀ ပြည့်နှစ်​မှာ ကျွန်မ​တို့​တာဝန်ကျ​တဲ့ နေရာ​အသစ်​ဖြစ်​တဲ့ အွန်​တဲ​ရီး​ယို​ပြည်နယ်၊ ကွန်​ဝေါ​လ်​မြို့ကို ရောက်​ပြီး တစ်နှစ်​လောက်​အကြာမှာ အမေ​ရဲ့​ကျန်းမာ​ရေး ချို့တဲ့​လာတယ်။ ၁၉၅၇ ခုနှစ်​မှာ အဖေ​ဆုံး​ပြီး​တဲ့​နောက် ကျွန်မ​တို့​ညီအစ်မ​သုံးယောက်​က ၁၉၇၂ ခုနှစ်​မှာ အမေ​ဆုံးသွား​တဲ့​အထိ တစ်ယောက်​တစ်​လှည့် ကြည့်ရှု​စောင့်ရှောက်​ခဲ့​ကြတယ်။ အဲ့ဒီ​အချိန်​အတောအတွင်း​မှာ ကျွန်မ​တို့​ရဲ့​အထူး​ရှေ့ဆောင်​အဖော်​တွေ​ဖြစ်​ကြ​တဲ့ အဲ​လာ လစ်​ဇ​စ်​ဆာ​နဲ့ အဲ​န် ကို​ဝါ​လဲ​န်​ကို​ဟာ ကျွန်မ​တို့ ကြံ့ကြံ့ခံ​နိုင်​ဖို့ ကူညီပေး​ပြီး မေတ္တာပါပါ​ထောက်ပံ့​ပေး​ခဲ့​ကြတယ်။ ကျွန်မ​တို့​မရှိ​ခိုက်​မှာ ကျွန်မ​တို့​ရဲ့ ကျမ်းစာ​သင်အံမှု​တွေ​နဲ့ တခြား​တာဝန်​တွေ​ကို သူတို့ ကြည့်ရှု​လုပ်ဆောင်ပေး​ခဲ့​ကြတယ်။ နယပုံပြင် ၁၈:၂၄ မှာပါတဲ့ “မိတ်ဆွေ​မူ​ကား ညီအစ်ကို​စွဲကပ်​သည်ထက် သာ၍​စွဲကပ်​တတ်၏” လို့​ဆို​တဲ့ စကား​တွေ​ဟာ တကယ်​မှန်​လိုက်တာ!

ဘဝမှာ စိန်ခေါ်ချက်​တွေ​နဲ့ ပြည့်နှက်​နေတာပဲ။ ယေဟောဝါ​ရဲ့​မေတ္တာပါ​ထောက်ပံ့မှု​နဲ့ အဲ့ဒီ​စိန်ခေါ်ချက်​တွေ​ကို ကျွန်မ​ရင်ဆိုင်​နိုင်​ခဲ့တယ်။ အချိန်ပြည့်​လုပ်ငန်းတော်မှာ အခုထိ ကျွန်မ ပျော်ပျော်ရွှင်ရွှင် ပါဝင်​နိုင်​တုန်း​ပဲ။ ၁၉၉၃ ခုနှစ်​မှာ ဆုံးသွား​ရှာ​တဲ့ ဘော့​ဘ်​ဟာ သူ့​ဇနီး ဒေါ​လ်​နဲ့​အတူ ၁၀ နှစ်​ရှေ့ဆောင်​တာ​ကို​ထည့်တွက်​ရင် ရှေ့ဆောင်​လုပ်ငန်းမှာ အနှစ် ၂၀ ကျော်​ပါဝင်​ခဲ့တယ်။ ၁၉၉၈၊ အောက်တိုဘာ​မှာ ဆုံးသွား​ရှာ​တဲ့ အစ်မကြီး​အဲ​လာ​က အနှစ် ၃၀ ကျော်​အထိ ရှေ့ဆောင်​ခဲ့​ပြီး ရှေ့ဆောင်​စိတ်ဓာတ်​ကို အမြဲ​ထိန်းထား​ခဲ့တယ်။ ၁၉၉၁ ခုနှစ်​မှာ နောက်​အစ်မ​တစ်ယောက် ရူ​ဘီ​မှာ ကင်ဆာ​ရောဂါ​ရှိတယ်လို့​သိခဲ့ရတယ်။ ဒါတောင် အစ်မ​ဟာ အားပြတ်​နေတဲ့​ကြား​က သတင်းကောင်း​ဟောပြောခဲ့တယ်။ အစ်မ​ကွယ်လွန်​ခဲ့​တဲ့ ၁၉၉၉၊ စက်တင်ဘာ ၂၆ ရက်​နေ့ မနက်ပိုင်း​အထိ ပျော်ပျော်​ပဲ။ အခု​ဆိုရင် ကျွန်မ​ရဲ့​အစ်မ​တွေ​မရှိကြ​တော့​ပေမဲ့ ကျွန်မ ဆက်​ပြီး​ပျော်ရွှင်​နိုင်အောင် ကူညီပေး​တဲ့ ဝိညာဉ်​ရေး ညီအစ်ကို၊ ညီအစ်မ​တွေ​ရဲ့ မိသားစု​ရှိပါ​သေး​တယ်။

ကျွန်မ​ရဲ့​အသက်တာကို ပြန်ပြောင်း​ကြည့်​လိုက်တဲ့အခါ ဘာတွေကို ပြောင်းလဲ​ချင်​သလဲ။ ကျွန်မ တစ်ခါ​မှ အိမ်ထောင်​မပြု​ခဲ့​ပေမဲ့ အမှန်တရားကို ရှေးဦး​ထားခဲ့​ကြ​တဲ့ မေတ္တာ​ရှိ​မိဘတွေ၊ အစ်ကို​တစ်ယောက်​နဲ့ အစ်မ​တွေ​ရှိခဲ့တယ်။ သူတို့​မကြာခင် ထမြောက်​လာ​ကြ​တဲ့​အခါ အားလုံး​နဲ့ ပြန်​ဆုံတွေ့​ဖို့ ကျွန်မ​စောင့်မျှော်​နေပါတယ်။ အဖေက ကျွန်မ​ကို​ဖက်​ထားပြီး အမေနဲ့​ကျွန်မ​တို့ တစ်ယောက်ကို​တစ်ယောက် ဖက်​ကြ​တဲ့​အခါ အမေ့ရဲ့​မျက်ရည်တွေ​ကျ​လာတာကို အခု​တောင် မြင်ယောင်​ခံစား​ရတယ်။ အဲ​လာ၊ ရူ​ဘီ​နဲ့ ဘော့​ဘ်​တို့​လည်း အားရပါးရ ထ​ခုန်​ကြ​မှာ။

ဒီ​အချိန်​အတောအတွင်း​မှာ  ယေဟောဝါ​ကို  ချီးမွမ်း​ပြီး ဂုဏ်တင်​ဖို့ ကျွန်မ​မှာ​ကျန်ရှိ​တဲ့ ကျန်းမာ​ရေး​နဲ့ ခွန်အား​ကို ဆက်​အသုံးပြု​သွားမယ်။ အချိန်ပြည့်​ရှေ့ဆောင်​လုပ်ငန်းဟာ တကယ်​ပျော်စရာ​ကောင်းပြီး အကျိုးကျေးဇူး​လည်း​ရှိတယ်။ ယေဟောဝါ​ရဲ့​လမ်းစဉ်​မှာ  လျှောက်လှမ်း​နေ​သူတွေဟာ  ဆာလံဆရာ​ပြော​သလိုပဲ “မင်္ဂလာ​ရှိ၍ ကောင်းချီး​ခံစားရ​လိမ့်​မည်။”—ဆာလံ ၁၂၈:၁၊ ၂

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာ​ကို အဖေ​မြတ်နိုး​ခဲ့။ ကျွန်မ​တို့၏​ယုံကြည်ခြင်းကို ခုခံ​ကာကွယ်​ဖို့ ကျမ်းစာ​ကို​အသုံးပြုရန် သူ​သင်ပေးခဲ့

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

လက်ဝဲ​မှ လက်ယာ– ၁၉၄၇ ခုနှစ်​က ရူ​ဘီ၊ ကျွန်မ၊ ဘော့​ဘ်၊ အဲ​လာ၊ အမေ​နှင့် အဖေ

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ရှေ့တန်း၊ လက်ဝဲ​မှ လက်ယာ– ၁၉၉၈ ခရိုင်​စည်းဝေးကြီး​တစ်ခု​တွင် ကျွန်မ၊ ရူ​ဘီ​နှင့် အဲ​လာ