မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘တစ်ယောက်ကိုတစ်ယောက် တလိုတလား ခွင့်လွှတ်ကြလော့’

‘တစ်ယောက်ကိုတစ်ယောက် တလိုတလား ခွင့်လွှတ်ကြလော့’

‘တစ်ယောက်ကို​တစ်ယောက် တလိုတလား ခွင့်လွှတ်​ကြလော့’

သင်တို့၏​အပြစ်​များ​ကို ဘုရားသခင် ခွင့်လွှတ်​ခဲ့ပြီ​ဟု ယုံပါ​သလော။ အမေရိကန်​ပြည်ထောင်စု​မှ လူကြီး​အများ​က ယုံကြည်​ပုံ​ရသည်။ မေးမြန်း​ခံရ​သူ အမေရိကန်​နိုင်ငံသား ၁,၄၂၃ ဦး​တွင် အသက် ၄၅ နှစ်​ကျော်​ရှိ လူကြီး ၈၀ ရာခိုင်နှုန်း​ခန့်​က ဘုရားသခင်​သည် မိမိတို့၏​အပြစ်​များ​ကို ခွင့်လွှတ်​ခဲ့ပြီ​ဟု​ဆို​ကြောင်း မီ​ရှီ​ဂ​န်​လူမှုရေး​သုတေသန​တက္ကသိုလ်​တွင် ပြုလုပ်​သည့် လေ့လာမှု​တစ်ခု​၏ ထိပ်​တန်း​စာရေး​ဆရာ ဒေါက်တာ​လော​ရင်း သော့​ဆင်​က ဖော်ပြ​သည်။

သို့သော် စိတ်ဝင်စားဖွယ်​မှာ မေးမြန်း​ခံရ​သူတို့​ထဲ​မှ ၅၇ ရာခိုင်နှုန်း​သာ သူတစ်ပါး​၏​အပြစ်ကို ခွင့်လွှတ်​သည်​ဟု ဆို​၏။ ထို​စာရင်း​က တောင်ပေါ်​တရားတော်​တွင် ယေရှု​ပြော​ခဲ့​သည့် ဤ​စကား​ကို အမှတ်ရ​စေ​သည်– “သင်တို့သည် သူတစ်ပါး​တို့၏​အပြစ်ကို လွှတ်လျှင် ကောင်းကင်ဘုံ​၌ ရှိတော်မူသော သင်တို့​အဘသည် သင်တို့၏​အပြစ်ကို လွှတ်တော်​မူ​မည်။ သင်တို့သည် သူတစ်ပါး​တို့၏​အပြစ်ကို မ​လွှတ်လျှင် သင်တို့​အဘသည် သင်တို့၏​အပြစ်ကို လွှတ်တော်​မ​မူ။” (မဿဲ ၆:၁၄၊ ၁၅) မှန်ပါသည်၊ ကျွန်ုပ်​တို့၏​အပြစ်​များ​ကို ဘုရားသခင် ခွင့်လွှတ်​မှု​သည် သူတစ်ပါး​၏​အပြစ်ကို ကျွန်ုပ်​တို့​ခွင့်လွှတ်​ရန် အသင့်ရှိခြင်း​အပေါ် တစ်စိတ်​တစ်ပိုင်း မူတည်​၏။

တမန်​တော်​ပေါလု​သည် ကောလောသဲ​မြို့ရှိ ခရစ်ယာန်​များ​ကို ဤ​မူ​နှင့်​ပတ်သက်​၍ သတိပေး​ခဲ့​သည်။ သူက “တစ်ယောက်​၌​တစ်ယောက် အပြစ်တင်စရာ​အခွင့်​ရှိလျှင် အချင်းချင်း​သည်းခံ၍ အပြစ်ကို​လွှတ်​ကြလော့။ ခရစ်တော်​သည် သင်တို့၏​အပြစ်ကို လွှတ်တော်​မူ​သကဲ့သို့ ထို​နည်းတူ​ပြု​ကြလော့” ဟု​သူတို့ကို တိုက်တွန်း​ခဲ့​သည်။ (ကောလောသဲ ၃:၁၃) ထိုသို့​ပြု​ရန် အမြဲ​လွယ်ကူ​မည်​မဟုတ်​ချေ။ ဥပမာ၊ သင်သည် မဆင်မခြင်၊ မညှာမတာ​အပြော​ခံရသော​အခါ ယင်း​တို့ကို လျစ်လျူရှု​လိုက်​ရန် ခက်​ပေမည်။

သို့​တိုင် ခွင့်လွှတ်​မှု​၏​အကျိုးကျေးဇူး များစွာ​ရှိ၏။ လူမှုရေး​ပညာရှင် ဒေါက်တာ​ဒေးဗစ် အာရ်. ဝီလျမ်စ်​က သူ၏​သုတေသန​ပြုချက်​နှင့်​ပတ်သက်​၍ ဤသို့​ဆို​သည်– “လူလတ်ပိုင်း​နှင့်​လူကြီး​ပိုင်း အမေရိကန်​လူမျိုးများ​အလယ် အခြားသူများ​၏​အပြစ်ကို ခွင့်လွှတ်​ခြင်း​နှင့် စိတ်​ကျန်းမာ​ခြင်း​တို့သည် အထူး​ဆက်စပ်​နေသည်​ကို ကျွန်ုပ်​တို့​တွေ့ ရှိ​ရသည်။” ၎င်း​သည် လွန်ခဲ့သော​အနှစ် ၃,၀၀၀ ခန့်​က ရေးသားခဲ့​သော ပညာရှိ​ဘုရင်​ရှောလမုန်​၏ ဤ​စကား​များနှင့် ကိုက်ညီ​သည်– “ကျန်းမာ​သော​နှလုံး​သည် ကိုယ်​အသက်ရှင်​စေသော​အကြောင်း၊ ငြူစူသော​သဘော​မူ​ကား အရိုး​ဆွေးမြေ့​ခြင်း​အကြောင်း​ဖြစ်၏။” (သု. ၁၄:၃၀) ခွင့်လွှတ်​စိတ်​သည် ဘုရားသခင်​နှင့်​လည်းကောင်း၊ အိမ်နီးချင်း​နှင့်​လည်းကောင်း ကောင်းသော​ဆက်ဆံ​ရေး​ကို တိုးမြှင့်​ပေး​ရာ အချင်းချင်း အပြစ်ကို စိတ်နှလုံး​မှ တလိုတလား​ခွင့်လွှတ်​လို​စိတ်​မွေး​ရန် အကြောင်းကောင်း ရှိပါ​သည်။—မဿဲ ၁၈:၃၅