ဘုရားသခင့်နိုင်ငံတော်ခန်းမကို အသိအမှတ်ပြုကြောင်း ဆုတံဆိပ်
ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
ဘုရားသခင့်နိုင်ငံတော်ခန်းမကို အသိအမှတ်ပြုကြောင်း ဆုတံဆိပ်
ဖင်လန်နိုင်ငံမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ၂၀၀၀ ပြည့်နှစ်ကို “ဝန်းကျင်သာယာဖွံ့ ဖြိုးရေးနှစ်” အဖြစ် သတ်မှတ်ခဲ့သည်။ “ဝန်းကျင်သာယာဖွံ့ ဖြိုးရေးနှစ်၏ အဓိကရည်ရွယ်ချက်မှာ ကျွန်ုပ်တို့၏နေ့စဉ်အသက်တာ ကောင်းစားရေးအတွက် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေမှုသည် အားလုံးကို အကျိုးပြုကြောင်း သိရှိစေရန်ဖြစ်သည်” ဟုစီစဉ်သူတစ်ဦးက ဖော်ပြခဲ့သည်။
၂၀၀၁၊ ဇန်နဝါရီ ၁၂ ရက်နေ့တွင် ဖင်လန်နိုင်ငံရှိ ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးသို့ ဖင်လန်ဝန်းကျင်သာယာဖွံ့ ဖြိုးရေးလုပ်ငန်းအဖွဲ့အစည်းမှ စာတစ်စောင် ရောက်ရှိလာသည်။ ထိုစာတွင် တစ်ခ်ကူရစ်လေမြို့ရှိ ယေဟောဝါသက်သေများ၏ ဘုရားသခင့်နိုင်ငံတော်ခန်းမဝန်းကျင်နှင့် ၎င်း၏သန့် ရှင်းသပ်ရပ်သော ဥယျာဉ်ပန်းခြံသည် အလွန်လှပသောကြောင့် ဝန်းကျင်သာယာဖွံ့ ဖြိုးရေးနှစ် ဆုတံဆိပ်ချီးမြှင့်ခံရကြောင်း ဖော်ပြခဲ့သည်။ “ခန်းမခြံဝင်း၏ အသွင်အပြင်မှာ နွေရာသီနှင့် ဆောင်းရာသီတွင်ပင် စိတ်ကြည်နူးဖွယ်ကောင်း၍ အလှရသမြောက်ပြီး အဆင့်မြင့်လှသည်” ဟု ထိုစာက ထပ်ဆင့်ဖော်ပြသည်။
ဖင်လန်နိုင်ငံ၊ တဲင်ပေရေမြို့ရှိ ရိုဇန်ဒေလ်ဟိုတယ်တွင် ယေဟောဝါသက်သေများကို ဆုတံဆိပ်ချီးမြှင့်ပေးခဲ့သည်၊ ထိုအခမ်းအနားသို့ ပညာရှင်များနှင့် စီးပွားရေးသမားများ အယောက် ၄၀၀ တက်ရောက်ခဲ့သည်။ ဖင်လန်ဝန်းကျင်သာယာဖွံ့ ဖြိုးရေးလုပ်ငန်းအဖွဲ့အစည်းကလည်း သတင်းတစ်ပုဒ်ထုတ်ပြန်ခဲ့ပြီး ဤသို့ဖော်ပြသည်– “နိုင်ငံဒေသအသီးသီးရှိ ယေဟောဝါသက်သေများ၏ ဘုရားသခင့်နိုင်ငံတော်ခန်းမအားလုံးနီးပါးပင် အထူးကောင်းမွန်စွာ ဆောက်လုပ်ထားသည်။ ဝန်းကျင်အပြင်အဆင်ကြောင့် လမ်းသွားလမ်းလာများ စိတ်ဝင်စားခဲ့သည်။ တစ်ခ်ကူရစ်လေမြို့မှ ဘုရားသခင့်နိုင်ငံတော်ခန်းမဝင်းသည် အလွန်သာယာလှပသောဥယျာဉ်၏ ပုံနမူနာတစ်ခုပင်ဖြစ်၏။ အဆောက်အဦနှင့်တကွ ဝင်းခြံတစ်ခုလုံးက အေးဆေးငြိမ်သက်မှုရှိပြီး အချိုးအစားညီညွတ်သည်။”
ဖင်လန်နိုင်ငံတွင် ဘုရားသခင့်နိုင်ငံတော်ခန်းမပေါင်း ၂၃၃ ခုရှိပြီး ခန်းမအများစုသည် လှပသောဥယျာဉ်အလယ်တွင်ရှိ၏။ ဤနေရာများကို အမှန်တကယ်လှပစေသည်မှာ စစ်မှန်သောဝတ်ပြုရေးနှင့် သမ္မာကျမ်းစာအသိပညာ ပို့ချရေးဗဟိုဖြစ်ခြင်းတည်း။ ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခုသည် ခမ်းနားသည်ဖြစ်စေ၊ တော်ရုံသင့်ရုံရှိသည်ဖြစ်စေ ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေ ခြောက်သန်းကျော်အတွက် နှစ်သက်ဖွယ်နေရာတစ်ခုဖြစ်သည်။ ထို့ကြောင့် သူတို့သည် ခန်းမဆောင်ကို စေတနာပါပါ ကောင်းစွာပြုစုထိန်းသိမ်းလိုကြခြင်းဖြစ်၏။ သင်၏ရပ်ကွက်သားအားလုံးအတွက် ဘုရားသခင့်နိုင်ငံတော်ခန်းမ တံခါးများကို ဖွင့်ထားပါသည်!