ခရစ်ယာန်များသည် မနာလိုသူ ဖြစ်သင့်သလော
ခရစ်ယာန်များသည် မနာလိုသူ ဖြစ်သင့်သလော
မနာလိုမှု—ယင်းသည် ခရစ်ယာန်များ ပျိုးထောင်သင့်သည့် အရည်အချင်းလော။ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် “ချစ်ခြင်းမေတ္တာကို မီအောင်လိုက်” ရမည်ဖြစ်ပြီး “ချစ်ခြင်းမေတ္တာသည် . . . မနာလိုစိတ်မရှိ” ကြောင်း ကျွန်ုပ်တို့သိထားကြသည်။ (၁ ကောရိန္သု ၁၃:၄၊ သတင်းကောင်း; ၁၄:၁) ‘ထာဝရဘုရားသခင်သည် . . . စိတ်ထက်သန်အားကြီး (“မနာလို” ဟု မူရင်းကျမ်းတွင်ရေးထား)သော ဘုရားသခင်ဖြစ်တော်မူ’ ကြောင်း ပြောထားပြန်ကာ “ဘုရားသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ကြ” ရန် ကျွန်ုပ်တို့ကိုမိန့်မှာထားသည်။ (ထွက်မြောက်ရာ ၃၄:၁၄၊ သမ္မာ; ဧဖက် ၅:၁) ဤကျမ်းပိုဒ်များသည် အချို့သူများ၏စိတ်တွင် မေးခွန်းများပေါ်ပေါက်စေသည်။ အဘယ်ကြောင့်နည်း။
အကြောင်းမှာ ဟေဗြဲနှင့် ဂရိဘာသာစကားတွင် သမ္မာကျမ်းစာ၌ “မနာလိုမှု” နှင့် “စိတ်အားထက်သန်မှု” ဟုပြန်ဆိုထားသော စကားလုံးသည် တစ်လုံးတည်းဖြစ်ကာ ကျယ်ပြန့်သော အဓိပ္ပာယ်အမျိုးမျိုးဆောင်သည်။ ဤစကားလုံးတစ်လုံးတည်း (ဟေဗြဲ၊ ခွင်းအာ့; ဂရိ၊ ဇီးလော့စ်) တွင် အဓိပ္ပာယ်အမျိုးမျိုးရှိသည်။ ထိုစကားလုံးကို အသုံးပြုပုံပေါ်မူတည်ပြီး ၎င်းသည် အပြုသဘောလော၊ အပျက်သဘောလောဆိုသည်ကို ဆုံးဖြတ်နိုင်သည်။ ဥပမာ၊ ဟေဗြဲစကားလုံးသည် “မရှုစိတ်သောသဘောရှိခြင်း; ဂုဏ်ပြိုင်ခြင်းကို လုံးဝသည်းမခံခြင်း; ဇွဲရှိခြင်း; စိတ်ဇော; ဖြောင့်မတ်သည့်စံနှုန်းများကို တည်ကြည်ခြင်း; စိတ်အားထက်သန်မှု; မနာလိုခြင်း; သူတစ်ပါး၏ စည်းစိမ်ဥစ္စာ သို့မဟုတ် ရာထူးအဆင့်ကို မက်မောခြင်း; ငြူစူခြင်း” တို့ကိုဆိုလိုနိုင်ပေသည်။ ယင်းနှင့်စပ်ဆိုင်သော ဂရိစကားလုံး၏အဓိပ္ပာယ်သည်လည်း အလားတူဖြစ်သည်။ ဤစကားလုံးများသည် ပြိုင်ဘက်ဟုသင်္ကာမကင်းဖြစ်နေသူအပေါ် သို့မဟုတ် အခွင့်သာသူဟု ထင်ရသူအပေါ် ထားရှိသည့် လွဲမှားသောသဘောထားကိုလည်း ရည်ညွှန်းနိုင်သည်။ (သု. ၁၄:၃၀) ထို့ပြင် ဘုရားသခင်ပေးအရည်အချင်းတစ်ခုဖြစ်သည့် ချစ်မြတ်နိုးရသူတစ်ဦး မထိခိုက်စေရန် ကာကွယ်ပေးလိုခြင်းသဘောကိုလည်း ရည်ညွှန်းနိုင်ပေသည်။—၂ ကောရိန္သု ၁၁:၂။
အကြီးမြတ်ဆုံးစံနမူနာ
ယေဟောဝါသည် စိတ်အားကြီးမှုကို တင်ပြရာတွင် အကြီးမြတ်ဆုံးစံနမူနာ ဖြစ်တော်မူ၏။ ကိုယ်တော်၏ ရည်ရွယ်တော်မူချက်တို့သည် စင်ကြယ်သန့်ရှင်း၏၊ ဝိညာဉ်ရေးနှင့်ကိုယ်ကျင့်တရား ယိုယွင်းခြင်းမှ မိမိလူမျိုးတော်ကို ကာကွယ်စောင့်ရှောက်ပေးလိုသည့်ဆန္ဒက ကိုယ်တော်အားလှုံ့ဆော်ပေးသည်။ ကိုယ်တော်၏ရှေးလူမျိုးတော်ကို ဇိအုန်တောင်အဖြစ်တင်စားကာ ကိုယ်တော်ဤသို့မိန့်ဆိုခဲ့သည်– “ငါသည် ဇိအုန်တောင်အဖို့ အလွန်စိတ်အားကြီးပြီ။ အလွန်အမျက်ထွက်၍ သူ့အဖို့စိတ်အားကြီးပြီ။” (ဇာခရိ ၈:၂) မေတ္တာပြည့်ဝသည့် ဖခင်တစ်ဦးသည် မိမိ၏သားသမီးများကို ဘေးအန္တရာယ်မှကာကွယ်ပေးရန် အမြဲသတိရှိနေသကဲ့သို့ ယေဟောဝါသည် မိမိ၏ကျေးကျွန်များကို ကာယရေးနှင့် ဝိညာဉ်ရေးအန္တရာယ်များမှ ကာကွယ်ပေးရန် သတိရှိတော်မူ၏။
ယေဟောဝါသည် မိမိ၏လူမျိုးတော်ကို ကာကွယ်စောင့်ရှောက်ရန် သမ္မာကျမ်းစာကို ပေးထားတော်မူသည်။ ယင်းတွင် ပညာရှိစွာလျှောက်လှမ်းရန် အားပေးစကားများစွာပါပြီး ပညာရှိစွာလျှောက်လှမ်းခဲ့ကြသူတို့၏ ပုံနမူနာကောင်းများလည်း ပါရှိ၏။ ဟေရှာယ ၄၈:၁၇ တွင် ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကိုသွန်သင်၍ သင်သွားအပ်သောလမ်းဖြင့်ပို့ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။” ကိုယ်တော်၏စိတ်အားကြီးမှုသည် ကျွန်ုပ်တို့ကို ဂရုစိုက်စောင့်ရှောက်ရန် ကိုယ်တော့်ကို လှုံ့ဆော်ပေးကြောင်း သိရှိရခြင်းက အလွန်စိတ်သက်သာရာရစေသည်! ကိုယ်တော်၌ စိတ်အားကြီးမှုမရှိလျှင် ကျွန်ုပ်တို့၏ အတွေ့အကြုံနည်းပါးမှုကြောင့် အန္တရာယ်အမျိုးမျိုးနှင့် ရင်ဆိုင်တွေ့ ကြုံကြရပေမည်။ ယေဟောဝါတင်ပြတော်မူသည့် စိတ်အားကြီးမှုသည် ကိုယ်ကျိုးအတွက် လုံးဝမဟုတ်ပေ။
ထို့ကြောင့် ဘုရားသခင်၌ရှိသည့် စိတ်အားကြီးမှုနှင့် မနာလိုမှုတို့စပ်ကြား အဘယ်ကွာခြားချက်ရှိသနည်း။ သိရှိရန် မိရိအံနှင့် ဖိနဟတ်တို့၏ပုံနမူနာကို သုံးသပ်ကြည့်ကြပါစို့။ သူတို့ကို အဘယ်အရာက လှုံ့ဆော်ပေးခဲ့ကြောင်း သတိပြုပါ။
မိရိအံနှင့်ဖိနဟတ်
မိရိအံသည် ထွက်မြောက်ရာကာလအတွင်း ဣသရေလလူမျိုးတို့၏ ခေါင်းဆောင်များဖြစ်ကြသူ မောရှေနှင့်အာရုန်တို့၏ အစ်မဖြစ်သည်။ ဣသရေလလူမျိုးသည် တောကန္တာရတွင် ရှိနေကြစဉ် မိရိအံသည် မိမိ၏မောင် မောရှေကို မနာလိုဖြစ်လာ၏။ ကျမ်းစာမှတ်တမ်းက ဤသို့ဆိုသည်– “မောရှေသည် ကုရှအမျိုးသားမိန်းမနှင့်စုံဖက်သည်ဖြစ်၍ . . . မိရိအံနှင့်အာရုန်သည် မောရှေကိုအပြစ်တင်လျက်၊ ‘အကယ်၍ ထာဝရဘုရားသည် မောရှေအားဖြင့်သာ ဗျာဒိတ်ပေးတော်မူသလော။ ငါတို့အားဖြင့်လည်း ပေးတော်မမူလော’ဟုဆိုကြ၏။” ဤသို့မခန့်လေးစားပြုမူခဲ့သည့်အတွက် ယေဟောဝါသည် အာရုန်ကိုမဟုတ်ဘဲ မိရိအံကို ရက်သတ္တတစ်ပတ် နူနာစွဲစေသဖြင့် မောရှေအားဆန့်ကျင်ရာတွင် မိရိအံဦးဆောင်ခဲ့ကြောင်း ထင်ရှားသည်။—တောလည်ရာ ၁၂:၁-၁၅။
မောရှေအားဆန့်ကျင်ဖို့ အဘယ်အရာက မိရိအံကို လှုံ့ဆော်ပေးခဲ့သနည်း။ စစ်မှန်သောဝတ်ပြုရေးအတွက်နှင့် ဣသရေလအမျိုးသားချင်းတို့ကို အန္တရာယ်မှ ကာကွယ်ပေးလိုသည့်ဆန္ဒ ပြင်းပြသောကြောင့်လော။ လုံးဝမဟုတ်ကြောင်းထင်ရှားသည်။ မိရိအံသည် ဂုဏ်နှင့်အာဏာ ပိုရှိလိုသည့် မတော်လျော်သောဆန္ဒ ပေါ်ပေါက်ခဲ့ဟန်ရှိသည်။ ဣသရေလနိုင်ငံ၏ ပရောဖက်မတစ်ဦးဖြစ်သောကြောင့် လူတို့သည် အထူးသဖြင့် အမျိုးသမီးများသည် သူ့ကို အလွန်ရိုသေလေးစားခဲ့သည်။ ပင်လယ်နီ၌ အံ့သြဖွယ်နည်းဖြင့် ဣသရေလလူမျိုး ကယ်တင်ခံရပြီးနောက် တေးဂီတဖြင့် သူဦးဆောင်သီဆိုခဲ့သည်။ သို့သော် နောက်ပိုင်းတွင် မောရှေ၏ဇနီးကို မိမိ၏ပြိုင်ဘက်အဖြစ် မိရိအံယူမှတ်ပြီး သူ၏ထင်ပေါ်ကျော်ကြားမှု အတော်အတန်မှေးမှိန်သွားမည်ကို အလွန်အမင်း စိုးရိမ်ပူပန်ခဲ့ပေမည်။ ကိုယ်ကျိုးဖက်သော ဂုဏ်ပြိုင်လိုစိတ်ဖြင့် ယေဟောဝါခန့်အပ်ထားတော်မူသည့် မောရှေကို အန်တုလေသည်။—ထွက်မြောက်ရာ ၁၅:၁၊ ၂၀၊ ၂၁။
အခြားတစ်ဖက်တွင်မူ ဖိနဟတ်သည် တစ်မူထူးခြားသည့် ရည်ရွယ်ချက်ဖြင့် ပြုမူဆောင်ရွက်ခဲ့သည်။ ကတိထားရာပြည်ထဲမဝင်မီ မောဘလွင်ပြင်၌ ဣသရေလလူမျိုး စခန်းချနေစဉ် မောဘနှင့်မိဒျန်အမျိုးသမီးတို့သည် လိင်အကျင့်ယိုယွင်းခြင်းနှင့် ရုပ်[ပုံ]ကိုးကွယ်ခြင်းတို့ကို ပြုမူရန် ဣသရေလအမျိုးသားများစွာကို ဖြားယောင်းသွေးဆောင်ခဲ့ကြသည်။ တပ်စခန်းကို သန့်ရှင်းစင်ကြယ်စေရန်နှင့် ယေဟောဝါ၏ဒေါသအမျက်မီးကို ရပ်တန့်စေရန် သွေဖည်သွားခဲ့ကြသည့် အမျိုးသားအားလုံးကို သတ်ပစ်ဖို့ ဣသရေလတရားသူကြီးများ မှာကြားခံခဲ့ကြရသည်။ ရှိမောင်အနွယ် အကဲအမှူးဇိမရိသည် မိဒျန်အမျိုးသမီးကောဇဘိနှင့် ဆက်ဆံရန် “ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ရှေ့” အတင့်ရဲစွာခေါ်ဆောင်လာခဲ့၏။ ထိုအခါ ဖိနဟတ်သည် ပြတ်ပြတ်သားသား ပြုမူဆောင်ရွက်ခဲ့သည်။ ယေဟောဝါ၏ဝတ်ပြုရေးအတွက် စိတ်အားထက်သန်စွာနှင့် တပ်စခန်း၏ အကျင့်စင်ကြယ်မှုကို ထိန်းသိမ်းလို၍ ဖိနဟတ်သည် မတရားမေထုန်ပြုသူများကို ၎င်းတို့၏တဲတွင်ပင် သတ်ပစ်လိုက်လေသည်။ ယေဟောဝါဘက်၌ သူ၏ “ထက်သန်သည့်ဒေါသစိတ်” [“ဂုဏ်ပြိုင်ခြင်းကို လုံးဝသည်းမခံသည့်စိတ်၊” ကဘ] အတွက် သူချီးမွမ်းခံခဲ့ရသည်။ ဖိနဟတ်၏ မဆိုင်းမတွလုပ်ဆောင်မှုက လူပေါင်း ၂၄,၀၀၀ ၏အသက်ကို ခြွေယူသွားခဲ့သော ဘေးဒဏ်ကို ရပ်တန့်စေခဲ့ရာ ယေဟောဝါသည် သူ၏အမျိုးအနွယ်ကို ယဇ်ပုရောဟိတ်အနွယ်အဖြစ် ထာဝရတည်ရှိစေရန် ပဋိညာဉ်ဖွဲ့၍ ဆုချလေသည်။—တောလည်ရာ ၂၅:၄-၁၃; အင်္ဂလိပ်ကျမ်းစာသစ်။
ဤသူနှစ်ဦး၏ ခြားနားသောရည်ရွယ်ချက်ကား အဘယ်နည်း။ ဖိနဟတ်သည် ဘုရားသခင်အပေါ်ထားရှိသော စိတ်အားကြီးမှုကို အခြေပြု၍ တရားသဖြင့်စီရင်ခဲ့စဉ်၊ မိရိအံမှာမူ ကိုယ်ကျိုးဖက်သည့် ဂုဏ်ပြိုင်လိုစိတ်ဖြင့် သူ၏မောင်ကို ဆန့်ကျင်ခဲ့သည်။ ဖိနဟတ်ကဲ့သို့ပင် ကျွန်ုပ်တို့သည်လည်း ယေဟောဝါ၏နာမတော်၊ ကိုယ်တော်၏ဝတ်ပြုရေး၊ ကိုယ်တော်၏လူမျိုးတော်ကို ခုခံကာကွယ်ပြောဆိုသင့်သည့် အချိန်အခါများ ရှိပါသည်။
လွဲမှားသော စိတ်အားထက်သန်မှု
သို့သော် လွဲမှားစွာ စိတ်အားထက်သန်မိနိုင်ပါသလော။ ထိုသို့ဖြစ်နိုင်ပါသည်။ ပထမရာစုဂျူးများ ထိုသို့ဖြစ်ခဲ့သည်။ သူတို့သည် ဘုရားသခင်ပေးပညတ်တရားနှင့် ၎င်းတို့၏ ထုံးတမ်းများကို စိတ်အားထက်သန်စွာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။ ပညတ်တော်ကိုကာကွယ်ဖို့ သူတို့ကြိုးပမ်းကြရာတွင် လူတို့အပေါ် လေးလံသည့်ဝန်ထုပ်ကြီးဖြစ်လာစေသည့် မရေမတွက်နိုင်သော အသေးစိတ်စည်းမျဉ်းများနှင့် ကန့်သတ်ချက်များကို သူတို့ချမှတ်ခဲ့ကြသည်။ (မဿဲ ၂၃:၄) ဘုရားသခင်သည် အရိပ်သာဖြစ်သော မောရှေပညတ်ကို တင်ကူးဖော်ပြခဲ့သည့် ကိုယ်ဖြင့် အစားထိုးလိုက်ပြီဖြစ်ကြောင်းကို အသိအမှတ်မပြုနိုင်၊ သို့မဟုတ် အသိအမှတ်မပြုလိုကြသဖြင့် ထိုဂျူးတို့သည် လွဲမှားသည့် စိတ်အားထက်သန်မှုကြောင့် ယေရှုခရစ်၏နောက်တော်လိုက်များအပေါ် ဒေါသမထိန်းနိုင်ဘဲ ပြုမူခဲ့ကြသည်။ ပညတ်တရားတော်ကို တစ်ချိန်က လွဲမှားသည့်သဘောဖြင့် စိတ်အားထက်သန်စွာ တည်ကြည်ခဲ့သူ တမန်တော်ပေါလုပင်လျှင် ပညတ်တရားတော်ကို ခုခံကာကွယ်ခဲ့ကြသူတို့၌ “မှန်သောပညာမရှိသော်လည်း ဘုရားသခင်ဘက်၌ စိတ်အားကြီး” ကြကြောင်း ထောက်ပြခဲ့သည်။—ရောမ ၁၀:၂; ဂလာတိ ၁:၁၄။
ခရစ်ယာန်များဖြစ်လာကြသည့် ဂျူးများစွာတို့ပင် ပညတ်တော်ဘက်၌ ဤသို့စိတ်အားထက်သန်လွန်းခြင်းကို ဖယ်ရှားပစ်ရန် အခက်တွေ့ခဲ့ကြ၏။ တတိယအကြိမ် ခရစ်ယာန်သာသနာပြု ခရီးစဉ်ပြီးနောက် ပေါလုသည် ပထမရာစု လူမျိုးများ ဘာသာပြောင်းလဲလာခြင်းနှင့်ပတ်သက်၍ အုပ်ချုပ်ရေးအဖွဲ့ထံ စာရေးအကြောင်းကြားခဲ့သည်။ ထိုအချိန်တွင် ထောင်နှင့်ချီသော ဂျူးခရစ်ယာန်များသည် “ပညတ်တရားဘက်၌ စိတ်အား [ထက်သန်] ” သူများဖြစ်ကြ၏။ (တမန်တော် ၂၁:၂၀) တစ်ပါးအမျိုးသားများ အရေဖျားလှီးဖို့မလိုကြောင်း အုပ်ချုပ်ရေးအဖွဲ့မှ ပြဋ္ဌာန်းချက်ရပြီး နှစ်အတန်ကြာသည့်နောက်၌ပင် ထိုသို့ဖြစ်နေသေးသည်။ အသင်းတော်တွင် ပညတ်တရားစောင့်ထိန်းခြင်းကိစ္စများနှင့်ပတ်သက်၍ အငြင်းပွားနေကြ၏။ (တမန်တော် ၁၅:၁၊ ၂၊ ၂၈၊ ၂၉; ဂလာတိ ၄:၉၊ ၁၀; ၅:၇-၁၂) ယေဟောဝါသည် မိမိ၏လူမျိုးတော်နှင့် ယခုမည်သို့ဆက်ဆံနေသည်ကို အပြည့်အဝနားမလည်ကြခြင်းကြောင့် ဂျူးခရစ်ယာန်တချို့သည် အခြားသူများကို ဝေဖန်ပြစ်တင်ကာ မိမိတို့၏ ကိုယ်ပိုင်ရှုမြင်ချက်များကိုသာ ဇွတ်ပြောဆိုကြသည်။—ကောလောသဲ ၂:၁၇; ဟေဗြဲ ၁၀:၁။
သို့ဖြစ်၍ မိမိတို့မြတ်နိုးသည့် ကိုယ်ပိုင်ယူဆချက်များ သို့မဟုတ် သမ္မာကျမ်းစာအပေါ် အခိုင်အမာအခြေမပြုသည့် နည်းလမ်းများကို စိတ်အားထက်သန်စွာ ကြိုးစားခုခံပြောဆိုခြင်းထောင်ချောက်ကို ကျွန်ုပ်တို့ရှောင်ကြဉ်ကြရမည်။ ယနေ့ ယေဟောဝါအသုံးပြုလျက်ရှိသည့် လမ်းကြောင်းမှတစ်ဆင့်ထွန်းလင်းသည့် ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့်ပတ်သက်သော သဘောပေါက်နားလည်မှုအသစ်ကို လက်ခံယူသင့်သည်။
ယေဟောဝါဘက်၌ စိတ်အားထက်သန်ပါ
သို့ရာတွင် စစ်မှန်သောဝတ်ပြုရေးတွင် စိတ်အားထက်သန်ခြင်းက နည်းလမ်းကျပါသည်။ ကျွန်ုပ်တို့သည် ကိုယ့်ဂုဏ်အသရေ၊ ကိုယ့်အခွင့်အရေးအတွက် တရားလွန်စိတ်ဝင်စားနေတတ်သည့်အခါ ဘုရားသခင်အတွက်စိတ်အားကြီးခြင်းက ယေဟောဝါအား အာရုံစိုက်စေလိမ့်မည်။ ယင်းက ကိုယ်တော်၏အမှန်တရားကိုကြေညာဖို့၊ ကိုယ်တော်၏နည်းလမ်းတော်များနှင့် ကိုယ်တော့်လူမျိုးတော်ကို ထောက်ခံပြောဆိုဖို့ နည်းလမ်းများရှာဖွေစေမည်။
ယေဟောဝါသက်သေများ၏ အချိန်ပြည့်ဓမ္မအမှုဆောင်တစ်ဦးဖြစ်သူ အားခီခိုသည် သွေးနှင့်ပတ်သက်သော ဘုရားသခင့်ပညတ်ကို တလွဲရှုမြင်ထားသူ အိမ်ရှင်မတစ်ဦးနှင့် တွေ့ဆုံမိကာ ပစ်ပစ်ခါခါငြင်းပယ်ခံလိုက်ရသည်။ အားခီခိုသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လိမ္မာပါးနပ်စွာ ခုခံကာကွယ်ပြောဆိုခဲ့ပြီး သွေးသွင်းခြင်းနှင့်ဆက်စပ်နေသည့် ဆင့်ပွားရောဂါများနှင့် ပြဿနာများကိုပါ ထည့်ဖော်ပြခဲ့သည်။ သို့သော် ထိုအမျိုးသမီး ကန့်ကွက်ရသည့်အကြောင်းရင်းမှာ ဖန်ဆင်းရှင်ရှိသည်ကို မယုံကြည်ခြင်းဖြစ်ကြောင်း သဘောပေါက်သွားခဲ့ရာ အားခီခိုသည် ယေဟောဝါအကြောင်း ပြောပြလိုစိတ်ပြင်းပြလာ၍ စကားလမ်းကြောင်းပြောင်းလိုက်ပြီး ဖန်ဆင်းခြင်းက ဖန်ဆင်းရှင်ကိုယုံကြည်ဖို့ မည်သို့ထောက်ကူကြောင်း အဆိုပါအိမ်ရှင်မအား ကျိုးကြောင်းဆင်ခြင်ပြခဲ့သည်။ အားခီခိုသည် ရဲရင့်စွာ ချေပပြောဆိုခဲ့သောကြောင့် ထိုအမျိုးသမီး၏ အခြေအမြစ်မရှိသော စိတ်စွန်းကွက်မှုများကို ဖယ်ရှားပေးလိုက်နိုင်ရုံမက သူနှင့်အိမ်တွင်းကျမ်းစာသင်အံမှုကိုပါ ကျင်းပနိုင်ခဲ့၏။ ယနေ့ ထိုဒေါသကြီးသောအိမ်ရှင်မသည် ယေဟောဝါအားချီးမွမ်းသူတစ်ဦး ဖြစ်နေပေပြီ။
စစ်မှန်သောဝတ်ပြုရေးအတွက် စိတ်အားထက်သန်ခြင်းက ကျွန်ုပ်တို့အား နိုးကြားနေစေပြီး ကျွန်ုပ်တို့၏အလုပ်ခွင်၊ ကျောင်း၊ ဈေးဆိုင်၊ သို့မဟုတ် ခရီးသွားစဉ်တွင် ကျွန်ုပ်တို့၏ယုံကြည်ချက်အကြောင်းပြောပြရန် အခွင့်အရေးများကို မလွတ်တမ်း တွေ့မြင်စေသည်။ ဥပမာအနေနှင့် မီးဒိုရီသည် အလုပ်ဖော်များအား မိမိ၏ယုံကြည်ချက်အကြောင်းပြောပြမည်ဟု စိတ်ဆုံးဖြတ်ထားသည်။ အသက်လေးဆယ်ကျော်အရွယ်ရှိ လုပ်ဖော်ဆောင်ဖက်တစ်ဦးက ယေဟောဝါသက်သေများနှင့် *ကို သူ့အားပြလိုက်ကာ ထိုစာအုပ်ကို သမီးဖြစ်သူနှင့်အတူလေ့လာပြီး ကူညီပေးလိုကြောင်း ကမ်းလှမ်းခဲ့သည်။ လေ့လာမှု စတင်ပြုလုပ်ခွင့်ရခဲ့သော်လည်း မိခင်ဖြစ်သူမှာမူ ပါဝင်ဆွေးနွေးခြင်းမပြုခဲ့ချေ။ ထို့နောက် မီးဒိုရီသည် ယေဟောဝါသက်သေများ—နာမည်နောက်ဝယ်ရှိအဖွဲ့အစည်းဗီဒီယိုခွေ*ကို အဆိုပါအမျိုးသမီးအား ပြသရန်ဆုံးဖြတ်လိုက်သည်။ ထိုဗီဒီယိုခွေက သူ၌ရှိသော အထင်မှားမှုများစွာကို ရှင်းလင်းဖယ်ရှားပစ်လိုက်လေသည်။ သူတွေ့မြင်ခဲ့ရာကိုအားရပြီး “ယေဟောဝါသက်သေတွေလို ကျွန်မဖြစ်ချင်လိုက်တာ” ဟုပြောလေသည်။ သို့နှင့် သူသည် သမီးနှင့်အတူ ကျမ်းစာသင်အံမှုတွင် ပါဝင်လေတော့သည်။
လုံးဝမပတ်သက်လိုဟုပြောသည်။ နောက်များမကြာမီ အဆိုပါအမျိုးသမီးနှင့် စကားစမြည်ပြောဆိုရာတွင် သူ၏သမီးသည် မနှစ်မြို့ဖွယ်ဉာဉ်ဆိုးများကို တတ်လာကြောင်း ညည်းတွားပြောဆိုလေသည်။ မီးဒိုရီက လူငယ်များအမေး—တာသွားသည့်အဖြေစာအုပ်ခရစ်ယာန်အသင်းတော်၌လည်း စိတ်အားထက်သန်မှု ရှိဖို့လိုသည်။ ယင်းသည် လှိုက်လှဲပျူငှာသော မေတ္တာစိတ်တိုးပွားစေပြီး အချင်းချင်းအပေါ် စိတ်ဝင်စားမှုရှိစေ၏၊ ကျွန်ုပ်တို့၏ ဝိညာဉ်ရေးညီအစ်ကိုညီအစ်မများကို ထိခိုက်မည့် အကျိုးယုတ်သော အတင်းအဖျင်းစကားပြောဆိုခြင်းနှင့် အယူဖောက်ပြန်သည့်အတွေးအခေါ်များကဲ့သို့သော ပြိုကွဲပျက်စီးစေတတ်သည့် ဩဇာများကို တားဆီးရန်လည်း ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသည်။ အမှားပြုသူများကို အကြီးအကဲများ အပြစ်ဖော်ပြဆုံးမရန် တစ်ခါတစ်ရံလိုအပ်လာသည့်အခါ ဘုရားသခင်ရေးရာ စိတ်အားထက်သန်မှုသည် အကြီးအကဲများ၏ဆုံးဖြတ်ချက်များကို ထောက်ခံစေသည်။ (၁ ကောရိန္သု ၅:၁၁-၁၃; ၁ တိမောသေ ၅:၂၀) ကောရိန္သုအသင်းတော်ရှိ ယုံကြည်သူချင်းများအတွက် မိမိ၏ စိတ်အားကြီးသည့်ခံစားချက်များအကြောင်း ပေါလု ဤသို့ရေးသားခဲ့သည်– “ငါသည် သင်တို့ကိုအခြားမဟုတ်။ ခရစ်တော်တည်းဟူသော ခင်ပွန်းအား၊ စင်ကြယ်သော သမီးကညာအဖြစ်ဆက်သရန် မှန်းထားခဲ့သည်နှင့်။ ဘုရားသခင့်သဘောတော်အလိုက် မရှုစိတ်သောသဘောရှိ” ၏။ (၂ ကောရိန္သု ၁၁:၂၊ သမ) ထိုနည်းတူ ကျွန်ုပ်တို့၏စိတ်အားကြီးမှုသည် အသင်းတော်ရှိသူအားလုံး၏ အယူဝါဒဆိုင်ရာ၊ ဝိညာဉ်ရေးဆိုင်ရာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ သန့်ရှင်းစင်ကြယ်မှုကို အတတ်နိုင်ဆုံးကာကွယ်ပေးဖို့ လှုံ့ဆော်အားပေးသည်။
မှန်ပါ၏၊ လျောက်ပတ်စွာလှုံ့ဆော်ခံရသော စိတ်အားကြီးမှု—ဘုရားသခင်ရေးရာ စိတ်အားထက်သန်မှု—သည် အခြားသူများအပေါ် ကောင်းသောသြဇာသက်ရောက်သည်။ ယင်းသည် ယေဟောဝါ၏စိတ်တော်နှင့်တွေ့စေပြီး ယနေ့ ခရစ်ယာန်များ၌ရှိသင့်သည့် အရည်အချင်းတစ်ခုဖြစ်သည်။—ယောဟန် ၂:၁၇။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 20 ယေဟောဝါသက်သေများ ထုတ်ဝေသည်။
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
ဖိနဟတ်၏လုပ်ဆောင်ချက်များသည် ဘုရားသခင်အတွက် စိတ်အားကြီးခြင်းကြောင့်ဖြစ်
[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]
လွဲမှားသော စိတ်အားထက်သန်မှု၏ ထောင်ချောက်ကို ရှောင်ကြဉ်ပါ
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ဘုရားသခင်အတွက် စိတ်အားကြီးခြင်းက ကျွန်ုပ်တို့၏ခံယူချက်ကို သူတစ်ပါးအားတင်ပြပြောဆိုရန်နှင့် ကျွန်ုပ်တို့၏ညီအစ်ကိုအသင်းအပင်းကို မြတ်နိုးရန် လှုံ့ဆော်ပေး