ဘော်လ်ကန်နိုင်ငံများတွင် ရွှင်လန်းအားရစရာအချိန်
ဘော်လ်ကန်နိုင်ငံများတွင် ရွှင်လန်းအားရစရာအချိန်
၁၉၂၂ ခုနှစ်ကဖြစ်၏။ ထိုစဉ်က စိတ်အားထက်သန်သော ကျမ်းစာကျောင်းသားများဟု လူသိများကြသည့် ယေဟောဝါသက်သေများ၏ အစည်းအဝေးတစ်ခုကို ဩစတြီးယားနိုင်ငံ၊ အင်န်ဘရပ်ခ်မြို့တွင် ကျင်းပနေသည်။ ပရိသတ်တွင် ဆားဗီးယားနိုင်ငံ၊ ဗွာဗီဒီနာခရိုင် အပါတီန်မြို့မှ ဂျာမနီလူငယ်တစ်ဦး ဖရန့်ဇ် ဘရန့်ပါဝင်သည်။ ဟောပြောသူက ဘုရားသခင်၏နာမတော် ယေဟောဝါဖြစ်ကြောင်း ဖော်ပြလိုက်သည်နှင့် လူအုပ်က လှောင်ပြောင်ကြရာ ဆက်ဟောပြောရန် မဖြစ်နိုင်တော့၍ အစည်းအဝေးကို ဖျက်သိမ်းလိုက်ရ၏။ သို့သော် ဖရန့်ဇ်သည် သူကြားလိုက်ရာကို အလွန်သဘောကျသွားပြီး ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို စတင်ဟောပြောလေတော့သည်။ ၎င်းကား ဘော်လ်ကန်နိုင်ငံတစ်နိုင်ငံတွင် စိတ်လှုပ်ရှားဖွယ် ဝိညာဉ်ရေးတိုးတက်မှု အစပြုခြင်းဖြစ်၏။
ယနေ့ လူအများစုသည် ယူဂိုစလားဗီးယားဟူသော အမည်ကို ကြားလိုက်သည်နှင့် စစ်မှုနှင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတို့ကို မြင်ယောင်လာကြသည်။ ကြောက်မက်ဖွယ် သိမ်းရုံးသတ်ဖြတ်မှုပုံရိပ်များ၊ မျှော်လင့်ချက်မဲ့နေသော ခိုကိုးရာမဲ့သူများ၊ ပျက်စီးနေသော အိမ်များနှင့် ကိုယ်စိတ်နှစ်ဖြာဆင်းရဲနေရှာသော မိဘမဲ့ကလေးများကို မြင်ယောင်လာလေသည်။ ၁၉၉၁ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ဘော်လ်ကန်ကျွန်းဆွယ်ကို လုခဲ့ကြသည့် စစ်ကြောင့် စိတ်ဆင်းရဲကိုယ်ဆင်းရဲပြီး လူ့ကြိုးစားမှုများအားဖြင့် ကြီးပွား၍အပူအပင်ကင်းသော အနာဂတ်မျှော်လင့်ချက်အားလုံး ပျောက်ဆုံးသွားရခြင်းကို မဖော်ပြနိုင်လောက်အောင်ဖြစ်ရသည်။ စစ်ကြောင့် ယခင်ယူဂိုစလားဗီးယားပြည်သူများသည် စီးပွားရေးကျပ်တည်းပြီး ဆင်းရဲမွဲတေနေကြသည်။ *
ဤသို့သောဆင်းရဲခက်ခဲမှုများကြောင့် ကမ္ဘာ၏ဤအပိုင်းတွင် ပျော်ရွှင်သူများ ရှိနိုင်မည်မဟုတ်ဟု ထင်ရ၏။ သို့သော်လည်း ရှိနေကြသည်မှာ အံ့ဩစရာပင်။ အမှန်ဆိုရလျှင် သူတို့သည် ၂၀ ရာစုနှစ်နှောင်းပိုင်း နေ့ရက်တစ်ရက်တွင် အထူးရွှင်လန်းအားရခဲ့ကြသည်။ အစပိုင်းတွင် ဖော်ပြခဲ့သည့် လူငယ် ဖရန့်ဇ် ဘရန့်သည် အဆိုပါရွှင်လန်းမှုနှင့် မည်သို့ပတ်သက်သနည်း။
ဘော်လ်ကန်နိုင်ငံများ၌ ဝိညာဉ်ရေးတိုးတက်မှု
ဖရန့်ဇ် ဘရန့်သည် သူကြားခဲ့ရသော အမှန်တရားသစ်ကြောင့် စိတ်အားတက်ကြွပြီး သတင်းကောင်းကို အနှံ့အပြားကြေညာမည်ဟု ဆုံးဖြတ်လေ၏။ သူသည် ဩစတြီးယားနယ်စပ်အနီး စလိုဗီးနီးယားဒေသ၊ မာရီဘောမြို့တွင် ဆံသ,သမားတစ်ဦးအဖြစ် အလုပ်ရခဲ့ရာ သူ၏ဖောက်သည်များကို ဟောပြောလေတော့သည်၊ သူတို့သည် ဆံပင်ညှပ်ခံနေကြစဉ် ငြိမ်သက်စွာ နားထောင်လေ့ရှိကြ၏။ ဖရန့်ဇ်၏ကြိုးစားအားထုတ်မှုကြောင့် ၁၉၂၀ ပြည့်လွန်နှစ်များအကုန်တွင် မာရီဘောမြို့၌ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူ အုပ်စုငယ်တစ်စုဖြစ်လာ၏။ နောက်ပိုင်းတွင် နော့ဗီဆဗက်တ် (ကမ္ဘာသစ်) ပင်လယ်စာ စားသောက်ဆိုင်ဟုလျောက်ပတ်စွာ
အမည်ပေးခဲ့သည့် စားသောက်ဆိုင်တစ်ခုတွင် ကျမ်းစာဟောပြောချက်များ ပေးခဲ့သည်။အချိန်တန်လေသော် သတင်းကောင်းသည် တစ်နိုင်ငံလုံး ပျံ့နှံ့သွားလေသည်။ ဤသို့ပျံ့နှံ့သွားစေရန် “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” (ရုပ်ရှင်၊ ဆလိုက်နှင့် ဓာတ်ပြားတို့ပါဝင်သည့် ရှစ်နာရီကြာတင်ဆက်မှု) ကိုအသုံးပြုခဲ့၏။ ထို့နောက် ဂျာမနီနိုင်ငံတွင် အပြင်းအထန်ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဂျာမန်ရှေ့ဆောင်များ ဇာတိမြေမှ ထွက်ပြေး၍ ရောက်လာကြရာ ၁၉၃၀ ပြည့်လွန်နှစ်များတွင် ယူဂိုစလားဗီးယားနိုင်ငံ၌ သက်သေခံအရေအတွက် တိုးများလာသည်။ သူတို့သည် ကိုယ်ကျိုးစွန့်၍ ဤတောင်တန်းဒေသ၏ ဝေးခေါင်သောနေရာများသို့ သွားရောက်ဟောပြောလေသည်။ အစပိုင်းတွင် သူတို့၏သတင်းတရားကို တုံ့ပြန်လက်ခံကြပုံမရချေ။ ၁၉၄၀ ပြည့်လွန်နှစ်ဆန်းပိုင်းအချိန်တွင် လယ်ကွင်းလုပ်ငန်း၌ ပါဝင်သူ ၁၅၀ သာရှိ၏။
၁၉၄၁ ခုနှစ်တွင် ညှဉ်းပန်းနှိပ်စက်မှု တဖြည်းဖြည်းပြင်းထန်လာရာ ၁၉၅၂ ခုနှစ်အထိ ရှည်ကြာခဲ့သည်။ နောက်ဆုံး ၁၉၅၃၊ စက်တင်ဘာ ၉ ရက်တွင် ဗိုလ်ချုပ်တီတို၏ ကွန်မြူနစ်အစိုးရအုပ်ချုပ်စဉ် ယေဟောဝါသက်သေများသည် တရားဝင်မှတ်ပုံတင်ခွင့်ရရှိခဲ့ရာ မည်မျှရွှင်လန်းဖွယ်ရာပါတကား! ထိုနှစ်တွင် သတင်းကောင်းကြေညာသူ ၉၁၄ ဦးရှိပြီး ထိုအရေအတွက်သည် တဖြည်းဖြည်းတိုးများလာသည်။ ၁၉၉၁ ခုနှစ်တိုင်လေသော် ကြေညာသူအရေအတွက်သည် ၇,၄၂၀ ဦးအထိ တိုးတက်ခဲ့ပြီး ထိုနှစ်တွင် သတိရအောက်မေ့ပွဲသို့ ၁၆,၀၇၂ ဦးတက်ရောက်ခဲ့သည်။
၁၉၉၁၊ ဩဂုတ် ၁၆ မှ ၁၈ ရက်တွင် ဤနိုင်ငံရှိ ယေဟောဝါသက်သေများ၏ ပထမဦးဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ ခရိုင်စည်းဝေးကြီးကို ခရိုအေးရှားနိုင်ငံ၊ ဇာဂရက်မြို့၌ ကျင်းပခဲ့သည်။ ဤနိုင်ငံအတွင်းနှင့် တိုင်းတစ်ပါးမှ လူပေါင်း ၁၄,၆၈၄ ဦးတက်ရောက်ခဲ့သည်။ ဤမမေ့နိုင်သော ခရိုင်စည်းဝေးကြီးသည် ရှေ့တွင်ကြုံရမည့် စမ်းသပ်မှုများအတွက် ယေဟောဝါလူမျိုးတော်ကို အသင့်ပြင်ဆင်ပေးခဲ့သည်။ ခရိုအေးရှားနှင့် ဆားဗီးယားကြားရှိ စစ်ဆေးရေးဂိတ်ကို ဖြတ်ခဲ့သော နောက်ဆုံးယာဉ်များတွင် စည်းဝေးကြီးမှ အိမ်ပြန်ကြမည့် ဆားဗီးယားမှ ကိုယ်စားလှယ်များပါရှိသည်။ နောက်ဆုံးဘတ်စကား ဖြတ်ကျော်ခွင့်ရပြီးနောက် နယ်စပ်ကိုပိတ်၍ စစ်ပွဲစတင်လေတော့သည်။
ယေဟောဝါ၏လူမျိုးတော် ရွှင်လန်းစရာအကြောင်းများရှိ
စစ်ဖြစ်ခဲ့သည့် နှစ်များအတွင်း ဘော်လ်ကန်နိုင်ငံများရှိ ယေဟောဝါသက်သေများသည် အကြီးအကျယ်စမ်းသပ်မှုခံခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ၊ ယေဟောဝါသည် ထိုဒေသရှိ ကိုယ်တော်၏လူမျိုးတော်ကို အကြီးအကျယ်တိုးတက်စေခဲ့သောကြောင့် သူတို့မှာ ရွှင်လန်းစရာအကြောင်းရှိ၏။ ၁၉၉၁ ခုနှစ်မှစ၍ ယခင်ယူဂိုစလားဗီးယားဒေသရှိ ဘုရားသခင့်နိုင်ငံတော်ကြေညာသူ အရေအတွက်သည် ၈၀ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ပြီ။ ၂၀၀၁ လုပ်ငန်းနှစ်တွင် အများဆုံးကြေညာသူအရေအတွက် ၁၃,၄၇၁ ဦးရှိ၏။
ဇာဂရက်မြို့နှင့် ဘဲလ်ဂရိတ်မြို့ (ဆားဗီးယားနိုင်ငံ) ရှိရုံးများက ယခင်ယူဂိုစလားဗီးယားဒေသအားလုံးရှိ ယေဟောဝါသက်သေများ၏ လုပ်ငန်းကို တာဝန်ယူထမ်းဆောင်ခဲ့သည်။ တိုးတက်မှုနှင့် နိုင်ငံရေးအပြောင်းအလဲတို့ကြောင့် လူဘလီအာနာမြို့ (စလိုဗီးနီးယား) နှင့် စကော့ပီရေမြို့ (မက်စီဒိုးနီးယား) တို့တွင် ရုံးသစ်များဖွင့်ရန်၊ ဘဲလ်ဂရိတ်နှင့် ဇာဂရက်တွင်လည်း ရုံးသစ်များရှာရန် လိုအပ်လာသည်။ အဆိုပါရုံးများတွင် ရုံးအမှုထမ်း ၁၄၀ နီးပါးရှိသည်။ သူတို့အများစုသည် လူငယ်များဖြစ်ကြပြီး ဇွဲလုံ့လအပြည့်ရှိကြသည့်အပြင် ယေဟောဝါကိုလည်း ချစ်မြတ်နိုးကြ၏။ သူတို့ထဲမှ အတော်များများသည် ခရိုအေးရှား၊ မက်စီဒိုးနီးယား၊ ဆားဗီးယားနှင့် စလိုဗီးနီးယားဘာသာစကားဖြင့် ကျမ်းစာလေ့လာမှု အထောက်အကူပြု စာပေများကို ဘာသာပြန်နေကြသည်။ ဤဘာသာစကားများဖြင့် ထုတ်ဝေသော ယေဟောဝါသက်သေများ၏ မဂ္ဂဇင်းများနှင့် စာပေအများအပြားကို မူရင်းအင်္ဂလိပ်စာစောင်နှင့် တစ်ပြိုင်တည်း ထုတ်ဝေနိုင်သည့်အတွက် တကယ်ကိုဝမ်းသာစရာပင်! အဆိုပါစာပေစာတမ်းများသည် လူများစွာကို နှစ်သိမ့်မှုနှင့် မျှော်လင့်ချက်ပေးသည်။
ဝမ်းမြောက်ရွှင်လန်းစရာ အခြားအကြောင်းတစ်ခုမှာ တိုင်းတစ်ပါးမှ အချိန်ပြည့်အမှုဆောင်များစွာ၏ ကိုယ်ကျိုးစွန့်မှုဖြစ်
သည်။ မကြာသေးမီနှစ်များအတွင်း လှပတင့်တယ်သော ဘုရားသခင့်နိုင်ငံတော်ခန်းမများစွာကို ဆောက်နိုင်ခဲ့ရာ အသင်းသားများသည် ပိုမိုအားရရွှင်လန်းခဲ့ကြ၏။ မည်သို့ပင်ဖြစ်ပါစေ၊ ပို၍ရွှင်လန်းစရာအကြောင်း ရှိသေးသည်။ မည်သို့ဖြစ်နိုင်သနည်း။တစ်မူထူးခြားသော စီမံကိန်းတစ်ခု
ကြေညာသူများစွာက ‘ကျွန်ုပ်တို့ဘာသာစကားနှင့် ကမ္ဘာသစ်ဘာသာပြန်ကျမ်း ရနိုင်မှာလား’ ဟူ၍ သိလိုခဲ့ကြသည်။ ခရိုင်စည်းဝေးကြီး တစ်ခုခုတွင် ၎င်းစာအုပ်ထုတ်ဝေသည်ကို သူတို့ကြားလိုကြ၏။ သို့သော် ဤဘာသာစကားများသို့ ဘာသာပြန်ရန် ဘာသာပြန်အဖွဲ့များကို လွန်ခဲ့သောနှစ်အနည်းငယ်ခန့်ကမှ ဖွဲ့စည်းခဲ့ပြီး ဘာသာပြန်သူအနည်းငယ်သာရှိသောကြောင့် ဤစီမံကိန်း မည်သို့ရှိနိုင်မည်နည်း။
ကိစ္စရပ်များကို စစ်ဆေးပြီးနောက် အုပ်ချုပ်ရေးအဖွဲ့က ခရိုအေးရှား၊ မက်စီဒိုးနီးယားနှင့် ဆားဗီးယားဘာသာပြန်အဖွဲ့များ အနီးကပ်ပူးပေါင်းပြီး အချင်းချင်းအကြံပေး တွဲဖက်ကြိုးစားလုပ်ဆောင်ကြရန် ခွင့်ပြုလိုက်လေသည်။ ခရိုအေးရှားဘာသာပြန်အဖွဲ့က ဦးစီးဦးဆောင်ရမည်ဖြစ်သည်။
ရွှင်လန်းရာ နေ့တစ်နေ့
ဘော်လ်ကန်နိုင်ငံများရှိ ယေဟောဝါသက်သေများသည် ၁၉၉၉၊ ဇူလိုင် ၂၃ ရက်နေ့ကို ဘယ်သောခါမျှ မေ့တော့မည်မဟုတ်ချေ။ “ဘုရားသခင့်ပရောဖက်ပြုချက်စကားတော်” ခရိုင်စည်းဝေးကြီးကို ဘဲလ်ဂရိတ်၊ ဆာရာယေဗို (ဘော့စနီးယား-ဟာဇီဂိုဗီးနား)၊ စကော့ပီရေနှင့် ဇာဂရက်မြို့များတွင် တစ်ပြိုင်တည်း ကျင်းပဖို့ရှိ၏။ နေတိုးအဖွဲ့၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဘဲလ်ဂရိတ်တွင် လူထုအစည်းအဝေးများ ကျင်းပခွင့်မရသောကြောင့် ထိုမြို့တွင် စည်းဝေးကြီး ကျင်းပနိုင်မနိုင် အတန်ကြာအထိ မသေချာခဲ့ချေ။ ဤသို့လနှင့်ချီ၍ မသေချာမရေရာဖြစ်ခဲ့ပြီးနောက် အချင်းချင်း ပေါင်းသင်းနိုင်ခွင့်ရှိပြီဟု ညီအစ်ကိုများသိရသောအခါ ပျော်ရွှင်လိုက်ကြမည်ဖြစ်ခြင်း! သို့သော် သူတို့မျှော်လင့်ထားရာများထက်ပင် သာ၍ပျော်ရွှင်ခဲ့ကြရသည်။
သောကြာနေ့လယ်ပိုင်းတွင် စည်းဝေးကြီးကျင်းပနေသည့် လေးမြို့စလုံးတွင် အထူးကြေညာချက်တစ်ရပ်ကို ကြားနာခဲ့ကြရ၏။ စည်းဝေးကြီးတက်ရောက်သူ ၁၃,၄၉၇ ဦးသည် ကြေညာချက်ကို ငြိမ်သက်စွာ စောင့်မျှော်နေကြသည်။ နောက်ဆုံးတွင် ဟောပြောသူက ခရိုအေးရှားသာမက ဆားဗီးယားဘာသာစကားဖြင့်လည်း ခရစ်ယာန်ဂရိကျမ်းစာစောင်များ၏ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ထုတ်ဝေလိုက်ကြောင်းနှင့် မက်စီဒိုးနီးယားဘာသာပြန်ကျမ်းလည်း ထွက်လာတော့မည်ဖြစ်ကြောင်း ပရိသတ်ကိုပြောလိုက်သောအခါ စည်းဝေးကြီးတက်ရောက်သူများသည် စိတ်မထိန်းနိုင်ကြတော့ပေ။ မိုးခြိမ်းသံပမာ လက်ခုပ်တီးသံများကြောင့် ဟောပြောသူသည် ကြေညာချက်ကို နိဂုံးချုပ်ခွင့်မရခဲ့ချေ။ ဆာရာယေဗိုစည်းဝေးကြီးတွင်မူ ပရိသတ်ကြီးသည် ရုတ်တရက်ငြိမ်ကျပြီး မှင်သက်သွား၏။ ထို့နောက် အဆက်မပြတ် လက်ခုပ်တီးကြလေတော့သည်။ ဘဲလ်ဂရိတ်ရှိ ပရိသတ်မှ လူများစွာ၏ပါးပြင်ပေါ် ဝမ်းသာမျက်ရည်များ စီးကျလာ၏၊ ဟောပြောသူ၏ကြေညာချက်ကို အဆုံးမသတ်နိုင်အောင် ထပ်တလဲလဲလက်ခုပ်သံများက ကြားဝင်ခဲ့သည်။ လူတိုင်း အလွန်ပျော်ရွှင်ကြလေသည်!
ယေဟောဝါသက်သေများသည် ခရိုအေးရှားနှင့် ဆားဗီးယား ဘာသာပြန်ကျမ်းများအတွက် မူပိုင်ပုံနှိပ်ခွင့်ရခဲ့သောကြောင့် ဤလက်ဆောင်သည် ပို၍ပင် အဖိုးမဖြတ်နိုင်ဘဲဖြစ်ခဲ့၏။ သို့ဖြစ်၍ ဤဘာသာစကားနှစ်ခုဖြင့် ခရစ်ယာန်ဂရိကျမ်းစာစောင်များ၏ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ကိုထိုဘာသာစကားဖြင့်ပင် ဟေဗြဲကျမ်းစာစောင်များ၏ ဘာသာပြန်ကျမ်းနှင့် တစ်တွဲတည်း ပေါင်းလိုက်သည်။ ထို့ပြင် ဆားဗီးယားကျမ်းစာကို ရောမနှင့် စီရလစ်စာလုံးများဖြင့်ပါ ပုံနှိပ်ပေးခဲ့၏။
ဘော်လ်ကန်နိုင်ငံများမှ ယေဟောဝါ၏လူမျိုးတော်ရရှိခဲ့သော ကောင်းချီးများနှင့် လမ်းညွှန်မှုအတွက် ကျေးဇူးတင်စွာဖြင့် “အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ထဲသို့ လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား၊ ကိုယ်တော် [ယေဟောဝါ] သည်အကျွန်ုပ်နှင့်အတူ ရှိတော်မူသည်” ဟု ဒါဝိဒ်ပြောဆိုခဲ့သော စကားများမှန်ကန်ကြောင်း သဘောတူဝန်ခံကြသည်။ သူတို့ရင်ဆိုင်နေရဆဲဖြစ်သည့် ဆင်းရဲခက်ခဲမှုများအကြား ‘ယေဟောဝါဘုရား၌ ဝမ်းမြောက်ခြင်းသည် မိမိတို့၏ခိုလှုံရာဖြစ်’ စေရန် သန္နိဋ္ဌာန်ချထားကြ၏။—ဆာလံ ၂၃:၄; နေဟမိ ၈:၁၀။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 3 ယခင်ယူဂိုစလားဗီးယားနိုင်ငံတွင် သမ္မတနိုင်ငံခြောက်နိုင်ငံဖြစ်သည့် ဘော့စနီးယား-ဟာဇီဂိုဗီးနား၊ ခရိုအေးရှား၊ မက်စီဒိုးနီးယာ၊ မောင်တီနီဂရို၊ ဆားဗီးယားနှင့် စလိုဗီးနီးယားတို့ပါဝင်သည်။
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ဝေးလံသောရပ်ကွက်တွင် ဟောပြောနေကြသော စလိုဗေးနီးယားဒေသ၊ မာရီဘောမြို့မှ ပထမဦးဆုံး ကြေညာသူအုပ်စု