ခေတ်သစ်ဂရိဘာသာစကားဖြင့် သမ္မာကျမ်းစာထွက်လာစေရန် ကြိုးပမ်းအားထုတ်မှု
ခေတ်သစ်ဂရိဘာသာစကားဖြင့် သမ္မာကျမ်းစာထွက်လာစေရန် ကြိုးပမ်းအားထုတ်မှု
လွတ်လပ်စွာစဉ်းစားနိုင်ခွင့် အစပြုရာအရပ်ဒေသဟု တစ်ခါတစ်ရံခေါ်ဆိုကြသော ဂရိနိုင်ငံတွင် သာမန်လူတန်းစား နားလည်နိုင်မည့် ဘာသာစကားသို့ သမ္မာကျမ်းစာပြန်ဆိုခြင်းကို ကာလကြာမြင့်စွာ အားထုတ်ကြိုးပမ်းခဲ့ရကြောင်း သင်သိရလျှင် အံ့အားသင့်လိမ့်မည်။ သို့သော် နားလည်လွယ်သော ဂရိသမ္မာကျမ်းစာ ထုတ်ဝေခြင်းကို မည်သူအတိုက်အခံပြုလိုသနည်း။ ထိုသို့ထုတ်ဝေခြင်းကို အဘယ်ကြောင့် ရပ်ပစ်စေလိုသနည်း။
သမ္မာကျမ်းစာ၏ အစိတ်အပိုင်းအတော်များများကို ဂရိဘာသာစကားဖြင့် အစပထမရေးသားခဲ့သောကြောင့် ဂရိစကားပြောသူများ အခွင့်ထူးသည်ဟု သင်ယူမှတ်ပေမည်။ သို့ရာတွင် ခေတ်သစ်ဂရိဘာသာစကားသည် ဟေဗြဲကျမ်းစာစောင်များ၏ စက်ပ်တွားဂျင့်ဘာသာပြန်ကျမ်း၏ ဂရိဘာသာစကားနှင့်လည်းကောင်း၊ ခရစ်ယာန်ဂရိကျမ်းစာစောင်များ၏ ဂရိဘာသာစကားနှင့်လည်းကောင်း သိသိသာသာကွဲပြားခြားနားသည်။ အမှန်မှာ လွန်ခဲ့သောရာစုနှစ်ခြောက်ခုတိုင်အောင် ဂရိစကားပြောဆိုသူအများစုသည် ကျမ်းစာသုံးဂရိစကားကို နိုင်ငံခြားဘာသာစကားတစ်ခုအလား အကျွမ်းတဝင်မရှိကြချေ။ ရှေးအသုံးအနှုန်းများအစား စကားလုံးအသစ်များကို အသုံးပြုနေကြပြီး စကားစုများ၊ သဒ္ဒါနှင့် ဝါကျအထားအသိုတို့လည်း ပြောင်းလဲခဲ့သည်။
စက်ပ်တွားဂျင့်ဘာသာပြန်ကျမ်းကို နောက်ပိုင်းသုံး ဂရိဘာသာစကားသို့ ဘာသာပြန်ဆိုရန်ကြိုးစားခဲ့ကြောင်း ၃ ရာစုမှ ၁၆ ရာစုခေတ်အထိ ဂရိလက်ရေးစာမူများက သက်သေထူသည်။ တတိယရာစုတွင် နီအိုစီဇာရီးယာ၏ဂိုဏ်းအုပ် ဂရယ်ဂရီ (စီ.အီး. ၂၁၃ ခန့်-၂၇၀ ခန့်) သည် စက်ပ်တွားဂျင့်ဘာသာပြန်ကျမ်းမှ ဒေသနာကျမ်းကို လွယ်ကူရိုးရှင်းသောဂရိသို့ ဘာသာပြန်ဆိုခဲ့သည်။ ၁၁ ရာစုတွင် မက်စီဒိုးနီးယား၌နေထိုင်သော တိုးဘိုင်ယပ်စ် ဘဲန် ဧလီယာဇာအမည်ရှိ ဂျူးတစ်ဦးသည် စက်ပ်တွားဂျင့်ပင်န်တကျွတ်ကျမ်းမှ အပိုင်းအချို့ကို နေ့စဉ်သုံးဂရိဘာသာစကားသို့ ဘာသာပြန်ဆိုခဲ့သည်။ ဂရိစကားသာပြောတတ်ပြီး ဟေဗြဲစာဖတ်တတ်သော မက်စီဒိုးနီးယန်းဂျူးများအတွက် သူသည် ဟေဗြဲစာလုံးများကိုပင် အသုံးပြုခဲ့သည်။ ဤသို့ရေးသားထားသော ပင်န်တကျွတ်ကျမ်းအပြည့်အစုံကို ၁၅၄၇ ခုနှစ်တွင် ကောန်စတန်တီနိုပဲလ်မြို့၌ ထုတ်ဝေခဲ့သည်။
အမှောင်ထုထဲမှ အလင်းအချို့
၁၅ ရာစုတွင် ဘိုင်ဇန်တင်အင်ပါယာ၏ ဂရိစကားပြောနယ်မြေများ အော့တိုမန်များလက်ထဲကျရောက်သွားပြီးနောက် ထိုတွင် နေထိုင်ကြသူအများသည် ပညာမတတ်ကြချေ။ ဩသဒေါက်စ်ချာ့ခ်ျသည် အော့တိုမန်အင်ပါယာလက်အောက်တွင် အခွင့်ထူးများစွာရရှိသော်လည်း ၎င်း၏သိုးအုပ်ကို ဆင်းရဲနွမ်းပါး၍ ပညာမတတ်သော တောင်သူလယ်သမားဘဝရောက်စေဖို့ ပစ်ထားခဲ့သည်။ ဂရိစာရေးဆရာ သောမတ် စပီလီယိုစ်က ဤသို့ကောက်ချက်ချခဲ့သည်– “ဩသဒေါက်စ်ချာ့ခ်ျနှင့် ၎င်း၏ပညာရေးစနစ်၏ အဓိကပန်းတိုင်မှာ အစ္စလာမ်နှင့် ရိုမန်ကက်သလစ်ဝါဒဖြန့်မှုကို မိမိတို့အသင်းသားများ မခံရစေဖို့သာဖြစ်သည်။ ထို့ကြောင့် ဂရိပညာရေးသည် တန့်သွားခဲ့သည်။” ဤသို့သောလက်မှိုင်ကျအခြေအနေမျိုးတွင် သမ္မာကျမ်းစာကို ချစ်မြတ်နိုးသူများက စိတ်ဆင်းရဲနေသူများအား ဆာလံကျမ်းမှ စိတ်သက်သာမှုနှင့် နှစ်သိမ့်မှုရရှိစေလို၏။ သို့ဖြစ်၍ ၁၅၄၃ မှ ၁၈၃၅ အထိ အရပ်သုံးဂရိဘာသာစကားသို့ ဆာလံကျမ်း၏ ဘာသာပြန်ဆိုမှု ၁၈ ခုရှိခဲ့သည်။
၁၆၃၀ ပြည့်နှစ်တွင် ကာလီပိုလီစ်မှဂရိဘုန်းကြီး မက်စီမတ်စ် ကာလီပိုလီတီစ်သည် ခရစ်ယာန်ဂရိကျမ်းစာ အပြည့်အစုံ၏ ပထမဆုံးဂရိဘာသာပြန်ကျမ်းကို အသင့်ပြင်ဆင်ခဲ့သည်။ ၎င်းကို ကောန်စတန်တီနိုပဲလ်ဂိုဏ်းအုပ်၊ ဩသဒေါက်စ်ချာ့ခ်ျကို ပြုပြင်မည့် စိရယ်လ် လူးကားရစ္စက ကြီးမှူး၊ ညွှန်ကြားခဲ့သည်။ သို့သော် ချာ့ခ်ျအတွင်းတွင် လူးကားရစ္စကိုဆန့်ကျင်သူများရှိပြီး သူတို့သည် မည်သည့်ပြုပြင်ပြောင်းလဲမှုကိုမျှ လက်မခံလို၊ အရပ်သုံးဂရိစကားသို့ မည်သည့်ကျမ်းစာဘာသာပြန်ဆိုမှုကို * နောက်ဆုံး လူးကားရစ္စသည် သစ္စာဖောက်တစ်ဦးအဖြစ် လည်ညစ်သတ်ခံခဲ့ရရှာသည်။ မည်သို့ဆိုစေကာမူ ၁၆၃၈ ခုနှစ်တွင် မက်စီမတ်စ်၏ဘာသာပြန်ကျမ်း စောင်ရေ ၁,၅၀၀ ခန့်ကိုပုံနှိပ်ထုတ်ဝေခဲ့သည်။ ဤဘာသာပြန်ကျမ်း ထွက်လာသည့်အတွက် ၃၄ နှစ်အကြာတွင် ယေရုရှလင်မြို့ရှိ ဩသဒေါက်စ်ဘာသာရေးအတိုင်ပင်ခံအဖွဲ့က သမ္မာကျမ်းစာသည် “မည်သူမဆိုဖတ်ရှုရမည့်စာအုပ်မဟုတ်ဘဲ လျောက်ပတ်စွာ ရှာဖွေလေ့လာပြီးနောက်မှ ဝိညာဉ်ရေးနက်နဲရာများကို စေ့စေ့ကြည့်ရှုသူများ ဖတ်ဖို့အတွက်သာဖြစ်သည်” ဟုကြေညာခဲ့ကြသည်။ ယင်းက သမ္မာကျမ်းစာကို ပညာတတ် ခရစ်ယာန်ဓမ္မဆရာများသာ ဖတ်သင့်သည်ဟုဆိုလိုနေခြင်းဖြစ်သည်။
မဆို ခွင့်မပြုလိုခဲ့ကြချေ။၁၇၀၃ ခုနှစ်တွင် လဲ့ဇ်ဘာ့ဇ်ကျွန်းမှ ဂရိဘုန်းကြီး စရယ်ဖင်မ်သည် ပြန်လည်တည်းဖြတ်ထားသော မက်စီမတ်စ်ဘာသာပြန်ကျမ်းကို လန်ဒန်မြို့တွင် ထုတ်ဝေဖို့ကြိုးစားခဲ့သည်။ အင်္ဂလိပ်နန်းတွင်း ကတိရှိသည့်အတိုင်း ငွေကြေးအထောက်အမ မရသောအခါ သူသည် ကိုယ်ပိုင်ငွေဖြင့် ထိုဘာသာပြန်ကျမ်းကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ အားမာန်တက်ကြွစွာ စကားချီးစ၍ စရယ်ဖင်မ်က “ဘုရားတရားကြည်ညိုသောခရစ်ယာန်တိုင်း” သမ္မာကျမ်းစာဖတ်ရှုဖို့လိုသည်ဟု အလေးပေးဖော်ပြခဲ့သည်၊ ထို့ပြင် ချာ့ခ်ျတွင် ရာထူးမြင့်သောဓမ္မဆရာများသည် “မိမိတို့၏မကောင်းသောအကျင့်များကို ဖုံးကွယ်လို၍ လူတို့ကို အသိပညာကင်းမဲ့စေခြင်းဖြစ်” သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် သူ့ကိုအတိုက်အခံပြုသူ ဩသဒေါက်စ်များသည် ရုရှားပြည်တွင် သူ့အားဖမ်းဆီးပြီး ဆိုက်ဘေးရီးယားသို့ ပြည်နှင်ဒဏ်ပေးခဲ့ရာ ထိုတွင် ၁၇၃၅ ခုနှစ်၌ သူသေဆုံးလေသည်။
ထိုခေတ်မှ ဂရိစကားပြောလူတို့၏ ပြင်းပြသော ဝိညာဉ်ရေးဆာငတ်မှုကို ဖော်ပြရာတွင် ဂရိဓမ္မဆရာတစ်ဦးက မက်စီမတ်စ်ဘာသာပြန်ကျမ်း ပြန်လည်စိစစ်တည်းဖြတ်ချက် နှင့်ပတ်သက်၍ ဤသို့ဖော်ပြခဲ့သည်– “ဂရိတို့သည် ဤသန့်ရှင်းသောသမ္မာကျမ်းစာနှင့်တကွ အခြားဘာသာပြန်ကျမ်းများကို အလွန်လိုလားမြတ်နိုးသောစိတ်ဖြင့် လက်ခံခဲ့ကြသည်။ ၎င်းကို သူတို့ဖတ်ရှုကြရာ သူတို့၏စိတ်နာကျင်မှု သက်သာလာကြပြီး ဘုရားသခင်ကို . . . ယုံကြည်အားထားမှု တိုးများလာကြသည်။” သို့သော် လူတို့သည် သမ္မာကျမ်းစာကို သိနားလည်လာကြမည်ဆိုလျှင် ဓမ္မဆရာများ၏ ကျမ်းစာနှင့်မညီသောယုံကြည်ချက်များနှင့် လုပ်ရပ်များ ဖော်ထုတ်ခံရမည်ကို သူတို့၏ဝိညာဉ်ရေးခေါင်းဆောင်များက စိုးရိမ်ခဲ့ကြသည်။ ထို့ကြောင့် ၁၈၂၃ ခုနှစ်နှင့်၊ တစ်ဖန် ၁၈၃၆ ခုနှစ်တွင် ကောန်စတန်တီနိုပဲလ် ဂိုဏ်းအုပ်ဘုန်းတော်ကြီးလက်ထက်၌ ၎င်းဘာသာပြန်ကျမ်းအားလုံးကို မီးရှို့ပစ်ဖို့အမိန့်ပေးခဲ့သည်။
ရဲစွမ်းသတ္တိရှိသော ခရစ်ယာန်ဘာသာပြန်တစ်ဦး
ဤသို့အပြင်းအထန်ဆန့်ကျင်ခြင်းနှင့် ကျမ်းစာအသိပညာ အလွန်လိုလား တမ်းတနေကြသည့်ကြားမှ သမ္မာကျမ်းစာကို ခေတ်သစ်ဂရိဘာသာစကားသို့ ဘာသာပြန်ဆိုရေးတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်မည့် အထင်ကရပုဂ္ဂိုလ်တစ်ဦး ပေါ်ထွက်လာခဲ့သည်။ ဤရဲစွမ်းသတ္တိရှိသူမှာ နီအိုဖစ်တိုးစ် ဗဲမ်းဗက်စ်ဟူသော ထင်ရှားကျော်ကြားသည့် ဘာသာဗေဒပညာရှင်နှင့် ကျမ်းပညာရှင်တစ်ဦးဖြစ်သည်၊ သူ့ကို “နိုင်ငံ၏သွန်သင်သူများ” တစ်ဦးအဖြစ် လူအများယူမှတ်သည်။
လူတို့ ဝိညာဉ်ရေးပညာမရှိခြင်းသည် ဩသဒေါက်စ်ချာ့ခ်ျကြောင့်ဖြစ်ကြောင်း ဗဲမ်းဗက်စ်ကောင်းစွာသဘောပေါက်သည်။ လူတို့ကို ဝိညာဉ်ရေးဘက် နိုးကြားစေဖို့ ခေတ်သုံးဂရိဘာသာစကားသို့ သမ္မာကျမ်းစာကို ပြန်ဆိုဖို့လိုကြောင်း သူအခိုင်အမာယုံကြည်သည်။ သို့ဖြစ်၍ ၁၈၃၁ ခုနှစ်တွင် အခြားပညာရှင်များ၏အကူအညီဖြင့် သမ္မာကျမ်းစာကို ပညာရည်အဆင့်မြင့်ဂရိသို့ သူစတင်ဘာသာပြန်လေသည်။ သူ၏ဘာသာပြန်ကျမ်းအပြည့်အစုံကို ၁၈၅၀ ပြည့်နှစ်တွင် ထုတ်ဝေခဲ့သည်။ ဂရိသြသဒေါက်စ်ချာ့ခ်ျ၏ အကူအညီမရသောကြောင့် သူသည် ဗြိတိသျှနှင့် နိုင်ငံခြားသမ္မာကျမ်းစာအသင်း (BFBS) နှင့်ပူးပေါင်းကာ သူ၏ဘာသာပြန်ကျမ်းကို ထုတ်ဝေဖြန့်ချိခဲ့သည်။ ထို့နောက် ချာ့ခ်ျက သူ့ကို “ပရိုတက်စတင့်တစ်ဦး” ဟုသတ်မှတ်ပြီး မကြာမီပင် အပယ်ခံရလေသည်။
ဗဲမ်းဗက်စ်၏ဘာသာပြန်ကျမ်းသည် ဂျိမ်းဘုရင်ဘာသာပြန်ကျမ်းကို အနီးကပ်လိုက်ပြီး ထိုဘာသာပြန်ကျမ်း၏ အားနည်းချက်များကို ဆက်ခံသည်၊ အကြောင်းမှာ ကျမ်းစာပညာနှင့် ထိုခေတ်၏ဘာသာဗေဒအသိပညာ နည်းသောကြောင့်ဖြစ်သည်။ သို့တိုင် ထိုဘာသာပြန်ကျမ်းသည် နှစ်ပေါင်းများစွာ လူတို့အသုံးပြုနိုင်ခဲ့သော ခေတ်သုံးဂရိစကားဖြင့် သမ္မာကျမ်းစာဖြစ်သည်။ ထိုဘာသာပြန်ကျမ်းတွင် “အီအိုဗာ” ဟူသောအသွင်ဖြင့် ဘုရားသခင့်ကိုယ်ပိုင်နာမတော် လေးကြိမ်ပါရှိသည်မှာ စိတ်ဝင်စားစရာဖြစ်သည်။—ကမ္ဘာဦး ၂၂:၁၄; ထွက်မြောက်ရာ ၆:၃; ၁၇:၁၅; တရားသူကြီး ၆:၂၄။
ဤဘာသာပြန်ကျမ်းနှင့် နားလည်ရလွယ်ကူသော အခြားဘာသာပြန်ကျမ်းများကို လူအများ မည်သို့တုံ့ပြန်ကြသနည်း။ သောင်းသောင်းဖြဖြလက်ခံခဲ့ကြသည်! ဂရိကျွန်းတစ်ကျွန်းအနီး ကမ်းကပ်ခဲ့သော ဘီအက်ဖ်ဘီအက်စ် (BFBS) ကျမ်းစာလှည့်လည်ရောင်းချသူတစ်ဦးသည် “[ကျမ်းစာများ] လာဝယ်သောကလေးများပါသည့်လှေများ ဝိုင်းအုံခံခဲ့ရရာ” တစ်နေရာတည်းတွင် သူ၏ကျမ်းစာအုပ်များ ကုန်သွားမည်စိုးသောကြောင့် “သူသည် . . . မာလိန်မှူးအား သင်္ဘောစက်နှိုး၍ ထိုနေရာမှထွက်ခွာရန် စေခိုင်းခဲ့ရသည်။” သို့သော် ဆန့်ကျင်သူများက အချိန်မဖြုန်းဘဲ အရေးယူဆောင်ရွက်ခဲ့ကြသည်။
ဤသို့သောဘာသာပြန်ဆိုချက်များကို လက်ဝယ်မထားကြဖို့ ဩသဒေါက်စ်ဘုန်းကြီးများက လူတို့ကိုသတိပေးခဲ့ကြသည်။ အေသင်မြို့တွင်မူ သမ္မာကျမ်းစာများကို သိမ်းယူခဲ့သည်။ ၁၈၃၃ ခုနှစ်တွင် ခရိထ်ကျွန်း၏ ဩသဒေါက်စ်ဂိုဏ်းအုပ်သည် ခရစ်ယာန်ဘုန်းကြီးကျောင်းတစ်ခုတွင် သူတွေ့ရှိခဲ့သော “ဓမ္မသစ်ကျမ်း” စောင်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ကျမ်းစာတစ်အုပ်ကို ဘုန်းကြီးတစ်ဦးက ဝှက်ထားခဲ့၏၊ ထိုကျွန်းမှ ဂိုဏ်းအုပ်ထွက်ခွာမသွားမချင်း အနီးတစ်ဝိုက်မှ ရွာသူရွာသားများသည် သူတို့၏ကျမ်းစာအုပ်များကို ဝှက်ထားခဲ့ကြသည်။
နှစ်အနည်းငယ်ကြာပြီးနောက် ခေါ်ဖူးကျွန်းပေါ်တွင် ဂရိသြသဒေါက်စ်ချာ့ခ်ျ၏ ဟိုလီစင်းနစ့်ဒ်ခေါ် ခရစ်ယာန်ဘာသာရေးအတိုင်ပင်ခံအဖွဲ့သည် ဗဲမ်းဗက်စ်၏ဘာသာပြန်ကျမ်းကိုမဖတ်ရဟု ပိတ်ပင်တားမြစ်ခဲ့သည်။ ၎င်းကျမ်းစာကို ရောင်းချခြင်းမှ တားမြစ်ပိတ်ပင်၍ ကျန်ရှိသောကျမ်းစာစောင်များကို ဖျက်ဆီးခဲ့ကြသည်။ ခီအော့စ်၊ စိုင်ရော့စ်နှင့် မိုင်ခိုနော့စ်ကျွန်းများပေါ်တွင်မူ ဒေသခံဓမ္မဆရာသည် ကျမ်းစာများကိုမီးရှို့ဖျက်ဆီးသည်အထိ ရန်လုပ်ကြသည်။ သို့သော် ကျမ်းစာဘာသာပြန်ဆိုခြင်းကို ထပ်နှိမ်နင်းကြပေဦးမည်။
သမ္မာကျမ်းစာကို ဘုရင်မတစ်ပါး စိတ်ဝင်စားလာ
၁၈၇၀ ပြည့်လွန်နှစ်များအတွင်း လူတို့သည် ကျမ်းစာအသိပညာနည်းနေသေးကြောင်း ဂရိဘုရင်မ အော်လ်ဂါ သတိပြုမိခဲ့သည်။ ကျမ်းစာအသိပညာသည် ပြည်သူပြည်သားများကို စိတ်သက်သာစေပြီး လန်းဆန်းမှုပေးမည်ဟု သူယုံကြည်လျက် ဗဲမ်းဗက်စ်ဘာသာပြန်ဆိုချက်ထက် သာ၍ရိုးရှင်းသောဘာသာစကားသို့ သမ္မာကျမ်းစာကို ဘာသာပြန်ဆိုစေလိုခဲ့သည်။
ဘုရင်မ၏ ဤလုပ်ဆောင်မှုကို အေသင်မြို့၏ဂိုဏ်းချုပ်လည်းဖြစ်၊ ဟိုလီစင်းနစ့်ဒ်၏ခေါင်းဆောင်လည်းဖြစ်သည့် ဖရိုကိုပီအိုးစ်က အားပေးခဲ့သည်။ သို့ရာတွင် တရားဝင်သဘောတူညီချက်ရဖို့ ဟိုလီစင်းနစ့်ဒ်ထံလျှောက်ထားသောအခါ ခွင့်ပြုချက်မရခဲ့ချေ။ သို့ဖြစ်စေကာမူ သူသည် အလျှော့မပေးဘဲ လျှောက်လွှာအသစ်ထပ်တင်ရာ ၁၈၉၉ ခုနှစ်တွင် ဒုတိယအကြိမ်ငြင်းပယ်ခံခဲ့ရသည်။ ထိုအခါ သဘောမတူသည်ကို အရေးမစိုက်ဘဲ မိမိကိုယ်ပိုင်ငွေဖြင့် စောင်ရေအနည်းငယ်ထုတ်ဝေရန် သူဆုံးဖြတ်ခဲ့သည်။ ၁၉၀၀ ပြည့်နှစ်တွင် ထိုသို့ထုတ်ဝေနိုင်ခဲ့သည်။
အလျှော့မပေးသောဆန့်ကျင်သူများ
၁၉၀၁ ခုနှစ်တွင် အေသင်မြို့၏နာမည်ကြီးသတင်းစာ သည် အခရော်ပလပ်စ်သည် အင်္ဂလန်နိုင်ငံ၊ လီဗာပူးလ်မြို့မှဘာသာပြန်သူ အလက်ဇန္ဒြား ဖာလစ်၏ အရပ်သုံးဂရိသို့ ဘာသာပြန်ဆိုထားသော မဿဲခရစ်ဝင်ကျမ်းကို ထုတ်ဝေဖြန့်ချိခဲ့သည်။ ဖာလစ်နှင့် သူ၏လုပ်ဖော်ဆောင်ဖက်များ၏ အဓိကရည်ရွယ်ချက်မှာ ‘ဂရိတို့ကိုပညာတတ်’ စေရန်နှင့် ဆုတ်ယုတ်ကျဆင်းခြင်းမှ “ပြည်သူပြည်သားများ နာလန်ထူလာစေ” ရန်ဖြစ်သည်။
၎င်းဘာသာပြန်ကျမ်းကို ဩသဒေါက်စ်ဓမ္မကျောင်းသားများနှင့် ပါမောက္ခများက သမ္မာကျမ်းစာကိုမလေးမမြတ်ပြုခြင်း၊ “နိုင်ငံတော်၏အမွန်မြတ်ဆုံးအမွေကို ပြောင်လှောင်သရော်ခြင်း” ဟုသမုတ်ခဲ့ကြသည်။ ကောန်စတန်တီနိုပဲလ်ဂိုဏ်းအုပ် တတိယမြောက်ဂျိုအာကဲမ်သည် ၎င်းဘာသာပြန်ကျမ်းကို ခွင့်မပြုနိုင်ကြောင်း စာထုတ်ခဲ့သည်။ ထိုအခါ ၎င်းအငြင်းပွားမှုသည် နိုင်ငံရေးကိစ္စဖြစ်လာရာ ဘက်ပြိုင်နေသောအဖွဲ့များက ယင်းကို ကောက်ကျစ်သည့်နည်းဖြင့် အသုံးပြုခဲ့ကြသည်။
အေသင်မြို့သတင်းဌာန၏ အရှိန်အဝါရှိသောလူစုတစ်စုသည် ဖာလစ်ဘာသာပြန်ကျမ်းကို စတင်ပုတ်ခတ်ကြပြီး ၎င်းကို ထောက်ခံသူများအား “ဘုရားမဲ့ဝါဒီများ” “သစ္စာဖောက်များ” နှင့် ဂရိလူ့အဖွဲ့အစည်းကို ဆူပူထကြွစေလိုသော “တိုင်းတစ်ပါးအာဏာပိုင်များ၏ ကိုယ်စားလှယ်များ” ဟုအမည်ပေးကြလေသည်။ ဂရိသြသဒေါက်စ်ချာ့ခ်ျ၏ အလွန်ရှေးရိုးစွဲအုပ်စု၏ လှုံ့ဆော်မှုအားဖြင့် အေသင်မြို့ရှိ ကျောင်းသူကျောင်းသားများသည် ၁၉၀၁ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်မှ ၈ ရက်အထိ ဆူပူလှုပ်ရှားခဲ့ကြသည်။ သူတို့သည် သည်အခရော်ပလပ်စ်၏ရုံးခန်းများကို တိုက်ခိုက်ဖျက်ဆီးကြပြီး နန်းတော်သို့ ချီတက်ခဲ့ကြသည်၊ အေသင်တက္ကသိုလ်ကို သိမ်းပိုက်၍ အစိုးရနုတ်ထွက်ပေးဖို့ တောင်းဆိုကြလေသည်။ ဆူပူအုံကြွမှုများ၏ အထွတ်အထိပ်တွင် စစ်တပ်နှင့်ပဋိပက္ခဖြစ်ခဲ့ရာ လူရှစ်ဦးအသတ်ခံခဲ့ရသည်။ နောက်တစ်နေ့တွင် ရှင်ဘုရင်က ဖရိုကိုပီအိုးစ်ကို ဂိုဏ်းချုပ်ရာထူးမှနုတ်ထွက်စေပြီး နှစ်ရက်အကြာတွင် ဝန်ကြီးအဖွဲ့တစ်ဖွဲ့လုံး နုတ်ထွက်ခဲ့ကြသည်။
နောက်တစ်လအကြာတွင် ကျောင်းသားများသည် တစ်ဖန်ပြန်ဆန္ဒပြကြပြီး ဖာလစ်ဘာသာပြန်ကျမ်းတစ်စောင်ကို လူထုရှေ့မီးရှို့ပစ်ခဲ့ကြသည်။ ဤဘာသာပြန်ကျမ်းကို ထုတ်ဝေဖြန့်ချိခြင်းမပြုဖို့ ပြဋ္ဌာန်းပြီး အနာဂတ်တွင် ၎င်းကိုထုတ်ဝေဖို့ကြိုးစားလျှင် အပြင်းအထန်အရေးယူဖို့ သူတို့တောင်းဆိုခဲ့ကြသည်။ ယင်းကြောင့် ခေတ်သုံးဂရိစကားသို့ ဘာသာပြန်ထားသော မည်သည့်ဘာသာပြန်ကျမ်းကိုမျှ အသုံးမပြုဖို့ အကြောင်းပြချက်ဖြစ်ခဲ့လေသည်။ အမှန်တကယ်ပင် အမှောင်လွှမ်းသောခေတ်ပင်တည်း!
‘ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် ကာလအစဉ်အမြဲတည်၏’
ခေတ်သုံးဂရိဘာသာစကားဖြင့် သမ္မာကျမ်းစာအသုံးပြုခြင်း တားမြစ်ချက်ကို ၁၉၂၄ ခုနှစ်တွင် ရုပ်သိမ်းခဲ့သည်။ ထိုအချိန်မှစ၍ လူတို့လက်ထဲ သမ္မာကျမ်းစာမရောက်ရှိရေးကို ဂရိသြသဒေါက်စ်ချာ့ခ်ျ ကြိုးစားသမျှသည် လုံးလုံးရှုံးနိမ့်ခဲ့လေသည်။ ဤအချိန်အတောအတွင်း ယေဟောဝါသက်သေများသည် အခြားနိုင်ငံများစွာ၌ လုပ်ဆောင်နေသကဲ့သို့ ဂရိနိုင်ငံတွင်လည်း ကျမ်းစာပညာပေးခြင်းလုပ်ငန်းကို ဦးဆောင်ဦးရွက်ပြုနေကြသည်။ ၁၉၀၅ ခုနှစ်ကတည်းက သူတို့သည် ကျမ်းစာအမှန်တရားအသိပညာကို ထောင်နှင့်ချီသော ဂရိစကားပြောသူများရရှိဖို့ ဗဲမ်းဗက်စ်ဘာသာပြန်ကျမ်းကို အသုံးပြုပြီး ကူညီပေးခဲ့ကြပြီ။
နှစ်များတစ်လျှောက် ပညာရှင်များနှင့် ပါမောက္ခများစွာသည် ခေတ်သုံးဂရိစကားဖြင့် သမ္မာကျမ်းစာထုတ်ဝေရန် ကြိုးစားအားထုတ်ခဲ့ခြင်းမှာ ချီးကျူးထိုက်ပေသည်။ ယနေ့ ကျမ်းစာတစ်အုပ်လုံးအနေနှင့်ဖြစ်စေ၊ အစိတ်အပိုင်းအနေနှင့်ဖြစ်စေ သာမန်ဂရိများ ဖတ်ရှုနားလည်နိုင်သော ဘာသာပြန်ကျမ်း ၃၀ ခန့်ရှိသည်။ ယင်းတို့အနက် ကျောက်မျက်အစစ်အမှန်ဖြစ်သည်မှာ ၁၉၉၇ ခုနှစ်က ကမ္ဘာတစ်ဝန်းမှ ဂရိဘာသာစကားပြောသူ ၁၆ သန်းအတွက်ထုတ်ဝေခဲ့သော ဂရိဘာသာသို့ ပြန်ဆိုထားသည့် သန့်ရှင်းသောကျမ်းစာစောင်များ၏ကမ္ဘာသစ်ဘာသာပြန်ကျမ်းဖြစ်သည်။ ယေဟောဝါသက်သေများထုတ်ဝေခဲ့သော ဤဘာသာပြန်ကျမ်းသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဖတ်ရှုရလွယ်ကူသော၊ နားလည်နိုင်သောနည်းဖြင့် မူရင်းစာသားကို အတိအကျပြန်ဆိုထားသည့် ဘာသာပြန်ကျမ်းဖြစ်သည်။
ခေတ်သုံးဂရိစကားဖြင့် သမ္မာကျမ်းစာရရှိရေးအတွက် ကြိုးပမ်းအားထုတ်မှုက အရေးပါသော ဤအချက်တစ်ချက်ကို ဖော်ပြသည်။ ရန်လိုသောလူ့ကြိုးပမ်းမှုများကြားမှ ‘ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် ကာလအစဉ်အမြဲတည်’ ကြောင်း အထင်အရှားဖော်ပြပါသည်။—၁ ပေတရု ၁:၂၅။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 7 စိရယ်လ် လူးကားရစ္စအကြောင်း ပိုမိုသိလိုလျှင် ကင်းမျှော်စင်၊ ၂၀၀၀၊ ဖေဖော်ဝါရီ ၁၅ ရက်ထုတ်၊ စာမျက်နှာ ၂၆-၉ ကိုရှု။
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
၁၆၃၀ ပြည့်နှစ်တွင် စိရယ်လ် လူးကားရစ္စသည် ခရစ်ယာန်ဂရိကျမ်းစာစောင်များတစ်အုပ်လုံး၏ ပထမဆုံးဂရိဘာသာပြန်ကျမ်းကို စီစဉ်ညွှန်ကြားခဲ့
[Credit Line]
Bib. Publ. Univ. de Genève
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
အရပ်သုံးဂရိဘာသာစကားသို့ ပြန်ဆိုချက်အချို့– (၁) အလယ်ရီရောန်ပြန်ဆို၍ ၁၈၂၈ ခုနှစ်တွင်ပုံနှိပ်၊ (၂) ဗဲမ်းဗက်စ်ပြန်ဆို၍ ၁၈၃၂ ခုနှစ်တွင်ပုံနှိပ်၊ (၃) ဂျူလီယာနာ့စ်ပြန်ဆို၍ ၁၆၄၃ ခုနှစ် တွင်ပုံနှိပ်ခဲ့သော ဆာလံကျမ်း။(၄) ဗဲမ်းဗက်စ်ပြန်ဆို၍ ၁၈၄၀ ၌ပုံနှိပ်သော “ဓမ္မဟောင်းကျမ်း”
အော်လ်ဂါ ဘုရင်မ
[Credit Lines]
Bibles: National Library of Greece; Queen Olga: Culver Pictures
[Picture Credit Line on page 26]
Papyrus: Reproduced by kind permission of The Trustees of the Chester Beatty Library, Dublin
[Picture Credit Line on page 29]
Papyrus: Reproduced by kind permission of The Trustees of the Chester Beatty Library, Dublin