ရွှင်လန်းမှုရရှိစေသောပေးကမ်းခြင်း
ရွှင်လန်းမှုရရှိစေသောပေးကမ်းခြင်း
ဘရာဇီးလ်နိုင်ငံ၏အရှေ့မြောက်ပိုင်းရှိ မြို့ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် နေထိုင်သော ဂျနီဗော်သည် ဆေးရုံလုံခြုံရေးအမှုထမ်းလစာလေးဖြင့် သူ၏ဇနီးနှင့် သားသမီးများကို ကျွေးမွေးပြုစုခဲ့သည်။ ဂျနီဗော်သည် အခက်အခဲများကြား အသိစိတ်ရှိရှိ တာဝန်သိသိဖြင့် ဆယ်ဖို့တစ်ဖို့ပေးခဲ့သည်။ “တစ်ခါတလေ ကျွန်တော့်မိသားစု အစာငတ်ခဲ့ရတယ်” ဟုသူ၏ဝမ်းဗိုက်ကိုပွတ်ပြီး ပြန်ပြောပြသည်၊ “ဒါပေမဲ့ ကျွန်တော်ဘယ်လိုပဲ အနစ်နာခံရခံရ ဘုရားသခင်ကို အကောင်းဆုံးပေးချင်စိတ်ရှိတယ်။”
အလုပ်ပြုတ်သွားပြီးနောက်၌ပင် ဂျနီဗော်သည် ဆယ်ဖို့တစ်ဖို့ဆက်ပေးပါသည်။ သူ၏ဓမ္မဆရာက အလှူများများပေးပြီး ဘုရားသခင်ကိုစုံစမ်းဖို့ သူ့ကိုတိုက်တွန်းခဲ့၏။ ဘုရားသခင်အမှန်တကယ် ကောင်းချီးသွန်းလောင်းပေးလိမ့်မည်ဟု ဓမ္မဆရာက အာမခံသည်။ ထို့ကြောင့် မိမိ၏နေအိမ်ကိုရောင်းပြီး ချာ့ခ်ျကိုလှူဖို့ ဂျနီဗော်စိတ်ဆုံးဖြတ်ခဲ့သည်။
ဤသို့စိတ်ရင်းမှန်ဖြင့် ပေးကမ်းလှူဒါန်းသည်မှာ ဂျနီဗော်တစ်ဦးတည်းမဟုတ်ပါ။ အလွန်ဆင်းရဲနွမ်းပါးသူများစွာတို့သည် တာဝန်ကျေပွန်စွာ ဆယ်ဖို့တစ်ဖို့ပေးကြသည်၊ ဆယ်ဖို့တစ်ဖို့ပေးရန် ကျမ်းစာတောင်းဆိုသည်ဟု သူတို့၏ချာ့ခ်ျက သွန်သင်ပေးသည်။ ၎င်းသွန်သင်ချက်သည် မှန်ကန်ပါသလော။
ဆယ်ဖို့တစ်ဖို့ပေးခြင်းနှင့် ပညတ်တရား
ဆယ်ဖို့တစ်ဖို့ပေးရန် မိန့်မှာချက်သည် လွန်ခဲ့သောအနှစ် ၃,၅၀၀ ကျော်က ရှေးဣသရေလလူမျိုး ၁၂ နွယ်ကို ဘုရားသခင်ပေးခဲ့သည့်ပညတ်တွင် တစ်ခုအပါအဝင်ဖြစ်သည်။ ထိုပညတ်က မြေအသီးအနှံနှင့် သစ်သီးဆယ်စုတစ်စု၊ တိုးပွားလာသော သိုးနွားတိရစ္ဆာန်မှ ဆယ်စုတစ်စုကို တဲတော်၌အမှုထမ်းသော လေဝိအမျိုးအား ပေးဖို့ပြဋ္ဌာန်းထားသည်။—ဝတ်ပြုရာ ၂၇:၃၀၊ ၃၂; တောလည်ရာ ၁၈:၂၁၊ ၂၄။
ပညတ်တရားသည် ‘သူတို့အတွက် ခက်ခဲလွန်းမည်မဟုတ်’ ဟုဣသရေလအမျိုးကို ယေဟောဝါအာမခံခဲ့သည်။ (တရားဟောရာ ၃၀:၁၁၊ ကဘ) ဆယ်ဖို့တစ်ဖို့ပေးခြင်းအပါအဝင် ယေဟောဝါ၏မိန့်မှာချက်များကို သူတို့တည်ကြည်စွာ လိုက်နာသမျှကာလပတ်လုံး မြေအသီးအနှံကြွယ်ဝစေမည်ဟု ကိုယ်တော်ကတိပြုထားသည်။ လိုရမည်ရအနေနှင့် နောက်ထပ်၍ နှစ်စဉ်ဆယ်ဖို့တစ်ဖို့ကို သီးသန့်ဖယ်ထားကာ ဝတ်ပြုရေးပွဲတော်များတွင် လူမျိုးလိုက် စုဝေးသည့်အခါ အသုံးပြုလေ့ရှိကြသည်။ သို့ဖြင့် ‘တစ်ပါးအမျိုးသား၊ မိဘမရှိသောသူငယ်နှင့် မုဆိုးမများတို့သည် ဝစွာစားနိုင်ကြသည်။’—တရားဟောရာ ၁၄:၂၈၊ ၂၉; ၂၈:၁၊ ၂၊ ၁၁-၁၄။
ဆယ်ဖို့တစ်ဖို့ပေးရန်ပျက်ကွက်ခြင်းကို ပြစ်ဒဏ်ပေးမည်ဟု ပညတ်တရားက မဖော်ပြထားချေ၊ သို့သော် ဣသရေလလူမျိုးတိုင်း စစ်မှန်သောဝတ်ပြုရေးကို ထောက်ပံ့ပေးဖို့ တာဝန်ရှိကြသည်။ အမှန်မှာ မာလခိခေတ်မှ ဆယ်ဖို့တစ်ဖို့ပေးရန်ပျက်ကွက်သော ဣသရေလလူမျိုးကို ယေဟောဝါက ‘ဆယ်ဖို့တစ်ဖို့ကိုလည်းကောင်း၊ ပူဇော်[ရာယဇ်]တို့ကိုလည်းကောင်း လုယူနေကြ’ ၏ဟု စွပ်စွဲခဲ့သည်။ (မာလခိ ၃:၈) ဆယ်ဖို့တစ်ဖို့မပေးသော ခရစ်ယာန်များကို အလားတူစွပ်စွဲနိုင်ပါသလော။
သုံးသပ်ကြည့်ကြပါစို့။ နိုင်ငံတစ်ခု၏ဥပဒေများသည် ၎င်းနိုင်ငံပြင်ပ၌ အများအားဖြင့် တရားမဝင်တော့ပေ။ ဥပမာ၊ ဗြိတိန်နိုင်ငံတွင် မော်တော်ယာဉ်များ လက်ဝဲကပ်မောင်းရသည့်ဥပဒေသည် ပြင်သစ်နိုင်ငံမှ ယာဉ်မောင်းများနှင့် မသက်ဆိုင်ချေ။ အလားတူပင် ဆယ်ဖို့တစ်ဖို့တောင်းဆိုသော ပညတ်သည် ဣသရေလလူမျိုးနှင့်သာ ဘုရားသခင်ဖွဲ့ထားသည့် ပဋိညာဉ်တွင်ပါဝင်သည်။ (ထွက်မြောက်ရာ ၁၉:၃-၈; ဆာလံ ၁၄၇:၁၉၊ ၂၀) ထို့ကြောင့် ဣသရေလလူမျိုးသာလျှင် ထိုပညတ်တရားအောက်၌ရှိ၏။
ထို့အပြင် ဘုရားသခင်သည် ဘယ်သောအခါမျှ မပြောင်းလဲသည်မှာမှန်သော်လည်း ကိုယ်တော့်တောင်းဆိုချက်များသည် ပြောင်းလဲသည့်အခါများရှိသည်။ (မာလခိ ၃:၆) ပူဇော်ရာယဇ်အဖြစ် စီ.အီး. ၃၃ ခုနှစ်တွင် ယေရှု၏သေဆုံးခဲ့ခြင်းက ပညတ်တရားအတိုင်း “ဆယ်ဖို့တစ်ဖို့ခံယူစေရန် အမိန့်ပညတ်” ကို ‘ပယ်ဖျက်သည်၊’ သို့မဟုတ် “ပယ်ရှင်း” ၏ဟု သမ္မာကျမ်းစာက အတိအလင်းဖော်ပြပါသည်။—ကောလောသဲ ၂:၁၃၊ ၁၄၊ သမ; ဧဖက် ၂:၁၃-၁၅; ဟေဗြဲ ၇:၅၊ ၁၈၊ သမ္မာ။
ခရစ်ယာန်ပေးကမ်းခြင်း
သို့တိုင် စစ်မှန်သောဝတ်ပြုရေးအတွက် အလှူငွေထည့်ဖို့ လိုအပ်ဆဲပင်။ ယေရှုက ကိုယ်တော်၏တပည့်များကို ‘မြေကြီးစွန်းတိုင်အောင် သက်သေ’ ခံကြရန် မိန့်မှာခဲ့သည်။ (တမန်တော် ၁:၈) ယုံကြည်သူအရေအတွက် တိုးပွားလာလေ အသင်းတော်များကိုလည်ပတ်၊ အားပေးရန် ခရစ်ယာန်သွန်သင်သူများနှင့် ကြီးကြပ်မှူးများ ပိုလိုအပ်လာလေဖြစ်သည်။ မုဆိုးမများ၊ မိဘမဲ့များနှင့် အခြားချို့တဲ့သူ များကို ရံဖန်ရံခါကြည့်ရှုထောက်မပေးရသည်။ ၎င်းကုန်ကျစရိတ်များ ကာမိစေဖို့ ပထမရာစုခရစ်ယာန်များ မည်သို့ပြုခဲ့ကြသနည်း။
စီ.အီး. ၅၅ ခုနှစ်ခန့်တွင် ယုဒနယ်မှ ဆင်းရဲနွမ်းပါးသောအသင်းတော်အတွက် ဥရောပနှင့် အာရှမိုင်းနားရှိ တစ်ပါးအမျိုးသားခရစ်ယာန်များထံ အကူအညီတောင်းခံခဲ့သည်။ ကောရိန္သုမြို့ရှိ အသင်းတော်ထံစာရေးရာတွင် ‘သန့်ရှင်းသူတို့အဖို့အလှူငွေ’ ကိုမည်သို့စီမံပေးကြောင်း တမန်တော်ပေါလုရှင်းပြခဲ့သည်။ (၁ ကောရိန္သု ၁၆:၁) ခရစ်ယာန်ပေးကမ်းခြင်းအကြောင်း ပေါလုဖော်ပြသည်ကို သင်ကြားသိရ၍ အံ့အားသင့်သွားပေမည်။
ပေးကမ်းကြရန် ယုံကြည်သူရောင်းရင်းများကို တမန်တော်ပေါလု တိုက်တွန်းသွေးဆောင်ခြင်းမပြုခဲ့ပါ။ အမှန်မှာ “ညှဉ်းဆဲ . . . ခံရ” ၍ “ဥစ္စာပြုန်းတီး” နေသော မာကေဒေါနိပြည်ရှိ ခရစ်ယာန်များသည် ‘သန့်ရှင်းသူတို့အား လုပ်ကျွေးခြင်းအမှုကို ဆောင်ရွက်ရသောအခွင့်ရမည်အကြောင်း တိုက်တွန်းသွေးဆောင်သောစကားများဖြင့် သူ့ကိုအထပ်ထပ်တောင်းပန်’ ခဲ့ကြသည်။—၂ ကောရိန္သု ၈:၁-၄။
မှန်ပါသည်၊ ပေါလုသည် မာကေဒေါနိပြည်ရှိ ရက်ရောသောညီအစ်ကိုများကို အတုယူကြဖို့ သာ၍ချမ်းသာကြွယ်ဝသော ကောရိန္သုမြို့သားများကို တိုက်တွန်းခဲ့ရသည်။ သို့တိုင် ‘အမိန့်ပေးညွှန်ကြားမည့်အစား မေတ္တာရပ်ခံရန်၊ အကြံပြုရန်၊ အားပေးရန်၊ တောင်းခံရန် ပေါလုအလိုရှိခဲ့သည်။ ပေးကမ်းရန် အတင်းအကျပ်တိုက်တွန်းခံရ၍ ပေးကမ်းခဲ့ပါမူ ကောရိန္သုမြို့သားများ၏ပေးကမ်းခြင်းသည် လိုလိုလားလားမရှိ စိတ်မပါသောပေးကမ်းခြင်းဖြစ်ပေလိမ့်မည်’ ဟုကိုးကားဖော်ပြချက်တစ်ခုကဆို၏။ ‘နှမြောသောစိတ်နှင့်၊ မလှူဘဲမနေရဟု စိတ်ထင်နှင့်’ ပေးကမ်းသူကိုမဟုတ်ဘဲ “စေတနာစိတ်နှင့် လှူသောသူကိုသာ ဘုရားသခင်နှစ်သက်တော်မူ” ကြောင်း ပေါလုသိသည်။—၂ ကောရိန္သု ၉:၇။
ခရစ်ယာန်ရောင်းရင်းများကို အမှန်တကယ်ချစ်ခြင်းနှင့်တကွ ယုံကြည်ခြင်းနှင့် အသိပညာကြွယ်ဝခြင်းက တလိုတလားပေးကမ်းရန် ကောရိန္သုမြို့သားများကို လှုံ့ဆော်ပေးခဲ့ပေမည်။—၂ ကောရိန္သု ၈:၇၊ ၈။
‘မိမိစိတ်ထဲ၌ ကြံစည်ထားသည်အတိုင်း’
ပေါလုသည် ရာခိုင်နှုန်းမည်၍မည်မျှ လှူဒါန်းရမည်ဟု ဖော်ပြမည့်အစား “ခုနစ်ရက်တွင် ပထမနေ့ရက်၌ သင်တို့တစ်ဦးစီသည် မိမိ၏ဝင်ငွေနည်းများအလိုက် ငွေအချို့ကိုဖယ်ထားသင့်သည်” ဟူ၍သာ အကြံပေးခဲ့သည်။ (ကျွန်ုပ်တို့စာလုံးစောင်းထား; ၁ ကောရိန္သု ၁၆:၂၊ NIV) စီစဉ်ထားသည့်အတိုင်း ငွေမည်၍မည်မျှကို သီးသန့်ဖယ်ထားခြင်းအားဖြင့် ပေါလုရောက်လာသောအခါ ကောရိန္သုမြို့သားများသည် နှမြောသောစိတ်နှင့်ပေးရန်၊ စိတ်လှုပ်ရှားပြီးအလှူပေးရန် ဖိအားပေးခံရမည်မဟုတ်ပေ။ မည်၍မည်မျှပေးမည်ဟူသော ဆုံးဖြတ်ချက်သည် ခရစ်ယာန်တစ်ဦးစီ၏ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်ပြီး “မိမိစိတ်ထဲ၌ ကြံစည်ထားသည်အတိုင်း” ဖြစ်ရမည်။—၂ ကောရိန္သု ၉:၅၊ ၇၊ သမ္မာ။
ကောရိန္သုမြို့သားများသည် ရက်ရောစွာရိတ်သိမ်းရန်အလို့ငှာ ရက်ရောစွာစွန့်ကြဲရကြမည်။ ဆုံးရှုံးနစ်နာသည့်အထိပေးကမ်းရန် တစ်ခါမျှအကြံမပြုခဲ့ချေ။ ပေါလုက “သင်တို့အား ဝန်လေးစေ . . . ရန် ငါအကြံပြုနေသည်မဟုတ်” ဟုသူတို့ကို စိတ်ချစေခဲ့သည်။ ‘လူတို့စွမ်းအားအရ ပေးလှူသောအရာကို လက်ခံတော်မူလိမ့်မည်။ လူတို့ပေးလှူနိုင်စွမ်းမရှိသောအရာကို တောင်းဆိုတော်မူမည်မဟုတ်။’ (၂ ကောရိန္သု ၈:၁၂၊ ၁၃၊ သတင်းကောင်း; ၉:၆) နောက်ပိုင်း၌ရေးသောစာတစ်စောင်တွင် တမန်တော်ကဤသို့သတိပေးခဲ့သည်– “မိမိအိမ်သူအိမ်သားတို့ကိုမပြုစုသောသူမည်သည်ကား၊ ယုံကြည်ခြင်းတရားကိုငြင်းပယ်၏။ မယုံကြည်ဖူးသောသူထက် သာ၍ယုတ်မာ၏။” (၁ တိမောသေ ၅:၈) ဤမူကိုချိုးဖောက်သော ပေးကမ်းခြင်းကို ပေါလုအားမပေးခဲ့ပါ။
ပေါလုသည် နွမ်းပါးသော ‘သန့်ရှင်းသူတို့အဖို့ အလှူငွေ’ ကောက်ခံခြင်းကို ကြီးကြပ်ကွပ်ကဲခဲ့သည်။ သို့သော် ပေါလုနှင့် တမန်တော် ၃:၆) ပေါလုသည် အသင်းတော်များထံမှ လက်ဆောင်များရရှိသည်ကို အစဉ်ကျေးဇူးတင်၏၊ သို့သော် မိမိညီအစ်ကိုများအပေါ် “ဝန်မတင်” ရန် အသိစိတ်ရှိရှိ ရှောင်ကြဉ်ခဲ့သည်။—၁ သက်သာလောနိတ် ၂:၉၊ သမ္မာ; ဖိလိပ္ပိ ၄:၁၅-၁၈။
အခြားတမန်တော်များသည် မိမိတို့ကိုယ်တိုင် ဓမ္မအမှုဆောင်နိုင်ကြဖို့ အလှူငွေကောက်ခံခြင်း၊ ဆယ်ဖို့တစ်ဖို့လက်ခံခြင်းအကြောင်းတို့ကို သမ္မာကျမ်းစာတွင် ကျွန်ုပ်တို့မဖတ်ရချေ။ (ယနေ့ စေတနာအလျောက်ပေးကမ်းခြင်း
ပထမရာစုတွင် ခရစ်တော်၏နောက်လိုက်များသည် ဆယ်ဖို့တစ်ဖို့မပေးဘဲ စေတနာအလျောက်ပေးကမ်းခဲ့ကြောင်း ထင်ရှားပါသည်။ သို့တိုင် သတင်းကောင်းဟောပြောခြင်းလုပ်ငန်းကို ငွေကြေးထောက်ပံ့ရန်နှင့် နွမ်းပါးသောခရစ်ယာန်များကို ကြည့်ရှုစောင့်ရှောက်ရန် ယင်းသည် ထိရောက်သောနည်းဖြစ်ဆဲလောဟု သိလိုပေမည်။
အောက်ပါတို့ကိုသုံးသပ်ကြည့်ပါ။ ၁၈၇၉ ခုနှစ်တွင် ဤမဂ္ဂဇင်း၏အယ်ဒီတာများက သူတို့သည် “လူတို့ထံမှ အထောက်အပံ့ကို မည်သည့်အခါမျှ တောင်းခံမည်မဟုတ်၊ အသနားခံမည်မဟုတ်ဟု အထင်အရှားဖော်ပြခဲ့ကြသည်။ ထိုဆုံးဖြတ်ချက်က ကျမ်းစာအမှန်တရားပျံ့နှံ့ဖို့ ယေဟောဝါသက်သေများ၏ ကြိုးပမ်းမှုများကို နှောင့်နှေးစေခဲ့ပြီလော။
ယခုအခါ သက်သေခံများသည် သမ္မာကျမ်းစာများ၊ ခရစ်ယာန်စာအုပ်များနှင့် အခြားစာပေစာတမ်းများကို နိုင်ငံပေါင်း ၂၃၅ နိုင်ငံ၌ ဖြန့်ချိနေကြသည်။ ကျမ်းစာပညာပေးမဂ္ဂဇင်းဖြစ်သော ကင်းမျှော်စင်ကို မူလက ဘာသာစကားတစ်မျိုးတည်းဖြင့် စောင်ရေ ၆,၀၀၀ လစဉ်ထုတ်ဝေခဲ့သည်။ ထိုနောက်တွင် တစ်လနှစ်ကြိမ်ထုတ်သော ဘာသာစကား ၁၄၆ ဘာသာဖြင့် စောင်ရေ ၂၄,၀၀၀,၀၀၀ ကျော်ပုံနှိပ်ထုတ်ဝေနေရသော မဂ္ဂဇင်းဖြစ်လာပေပြီ။ သက်သေခံများသည် ၎င်းတို့၏ ကမ္ဘာချီကျမ်းစာပညာပေးလုပ်ငန်းကို စနစ်တကျစီမံရန် နိုင်ငံပေါင်း ၁၁၀ တွင် စီမံကွပ်ကဲရေးဌာနများ တည်ထောင်ဆောက်လုပ်ထား၏။ ထို့အပြင် သမ္မာကျမ်းစာဆိုင်ရာ ထပ်ဆင့်သွန်သင်ချက်များရလိုသူများ စုဝေးနိုင်ရန် ဒေသခံစည်းဝေးကျင်းပရာနေရာ ထောင်ပေါင်းများစွာနှင့် အစည်းအဝေးခန်းမကြီးများကိုလည်း ဆောက်လုပ်ထားကြသည်။
လူတို့၏ဝိညာဉ်ရေးလိုအပ်ရာများ ဖြည့်ဆည်းပေးခြင်းကို ယေဟောဝါသက်သေများ ဦးစားပေးကြသည်မှန်သော်လည်း ယုံကြည်သူချင်းများ၏ ကာယလိုအပ်ရာများကို လျစ်လျူရှုမထားကြချေ။ သူတို့၏ညီအစ်ကိုမျာသည် စစ်များ၊ မြေငလျင်များ၊ မိုးခေါင်ခြင်းနှင့် လေမုန်တိုင်းဒဏ်များကို ခံရကြသောအခါ ဆေးဝါးများ၊ အစားအစာ၊ အဝတ်အစားနှင့် အခြားလိုအပ်ရာများ ချက်ချင်း
ထောက်ပံ့ဖြည့်ဆည်းပေးတတ်ကြသည်။ ၎င်းတို့ကို ခရစ်ယာန်တစ်ဦးချင်းစီနှင့် အသင်းတော်လိုက် လှူဒါန်းထားသောအလှူငွေဖြင့် ငွေကြေးထောက်ပံ့ပေးပါသည်။စေတနာအလျောက်လှူဒါန်းခြင်းသည် ထိရောက်မှုရှိသည့်အပြင် အစောပိုင်းတွင်ဖော်ပြခဲ့သည့် ဂျနီဗော်ကဲ့သို့သော ဆင်းရဲသားများအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေပါ။ ဝမ်းသာစရာမှာ ဂျနီဗော်သည် သူ၏နေအိမ်ရောင်းမထွက်မီ ယေဟောဝါသက်သေများ၏ အချိန်ပြည့်ဓမ္မအမှုဆောင်တစ်ဦးဖြစ်သူ မာရီယာက သူ့ထံလည်ပတ်ရောက်ရှိခဲ့သည်။ “အဲဒီအချိန်မှာ ပြောဆိုခဲ့တဲ့စကားကြောင့် မလိုအပ်ဘဲ ဖြစ်ပေါ်လာနိုင်တဲ့အခက်အခဲ တစ်ပုံတစ်ခေါင်းကြီးကနေ ကျွန်တော့်မိသားစု အကာအကွယ်ရခဲ့တယ်” ဟုဂျနီဗော်ပြန်ပြောပြသည်။
ဘုရားသခင့်လုပ်ငန်းတော်သည် ဆယ်ဖို့တစ်ဖို့အပေါ် အမှီပြုမနေကြောင်း ဂျနီဗော်သိရှိလာသည်။ အမှန်မှာ ဆယ်ဖို့တစ်ဖို့ပေးရန် ကျမ်းစာမတောင်းဆိုတော့ပါ။ ခရစ်ယာန်များသည် ရက်ရောစွာပေးကမ်းသောအခါ ကောင်းချီးခံစားရကြကြောင်း၊ သို့သော် သူတို့တတ်နိုင်သည်ထက်လွန်၍ ပေးကမ်းဖို့မလိုကြောင်း သူသိနားလည်ခဲ့သည်။
စေတနာအလျောက်ပေးကမ်းသည့်အတွက် ဂျနီဗော်သည် အမှန်တကယ်ပျော်ရွှင်နေပါသည်။ သူဤသို့ပြောပြသည်– “၁၀ ရာခိုင်နှုန်းပေးပေး၊ မပေးပေး ကျွန်တော်အလှူငွေထည့်နိုင်လို့ တကယ်ပျော်တယ်၊ ယေဟောဝါလည်း ပျော်ရွှင်မယ်ဆိုတာ ကျွန်တော်စိတ်ချတယ်။”
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
အစောပိုင်းချာ့ခ်ျဖခင်များသည် ဆယ်ဖို့တစ်ဖို့ပေးရန် သွန်သင်ခဲ့ကြသလော
“ကျွန်ုပ်တို့တွင်ရှိ ချမ်းသာကြွယ်ဝသူများသည် ဆင်းရဲနွမ်းပါးသူများကို ကူညီပေးကြသည်။ . . . ကြီးပွားချမ်းသာ၍ စိတ်စေတနာရှိသူတို့သည် သင့်လျော်သည်ဟု မိမိတို့ထင်သည့်အလျောက် ပေးကမ်းကြ၏။”—The First Apology, ဂျပ်စ်တင်မာတာ၊ စီ.အီး. ၁၅၀ ခန့်။
“ဂျူးတို့သည် မိမိတို့ဥစ္စာပစ္စည်း ဆယ်ဖို့တစ်ဖို့ကို ကိုယ်တော်အတွက် အမှန်သီးသန့်ထားခဲ့ကြ၏၊ သို့သော် လွတ်လပ်လာသူတို့သည် မိမိအသက်မွေးစရာဥစ္စာရှိသမျှကို ဘုရားသခင့်ဘဏ္ဍာတိုက်ထဲ သွန်းချခဲ့သော ဆင်းရဲသည့်မုဆိုးမကဲ့သို့ . . . မိမိတို့ပိုင်ဆိုင်ရာအားလုံးကို ဘုရားသခင်အတွက် ဖယ်ထားကြသည်။”—အယူမှားတို့၏အယူဝါဒများကို ချေပခြင်း၊ အိုင်ရီနီယပ်စ်၊ စီ.အီး. ၁၈၀ ခန့်။
“ကျွန်ုပ်တို့မှာ ဘဏ္ဍာတိုက်ရှိသော်လည်း ၎င်းငွေသည် တန်ရာတန်ကြေးပေးရ၍ ကောက်သည့်ငွေများမဟုတ်ပါ၊ ထိုသို့ပြုခြင်းသည် ဘာသာရေးကို စီးပွားရေးလုပ်ငန်းတစ်ခုအလား ဖြစ်စေပေမည်။ လူတိုင်း တစ်လတစ်ကြိမ်၊ သို့မဟုတ် ဆန္ဒရှိသည့်အခါ၊ အမှန်ဆန္ဒရှိမှသာ၊ သူတတ်နိုင်လျှင် ငွေအနည်းငယ်ပါဝင်လှူဒါန်းကြ၏; မည်သူ့ကိုမျှ အတင်းအကျပ် အလှူငွေထည့်စေသည်မဟုတ်; စေတနာအလျောက်သာ လှူဒါန်းကြခြင်းဖြစ်သည်။”—Apology, တာတူလျန်၊ စီ.အီး. ၁၉၇ ခန့်။
“ချာ့ခ်ျကျယ်ပြန့်လာကာ အဖွဲ့အစည်းအသီးသီးပေါ်ပေါက်လာသည်နှင့်အမျှ ဓမ္မဆရာများကို သင့်လျော်စွာ အမြဲတစေထောက်ပံ့ကူညီပေးနိုင်ရန် ဥပဒေများပြုစုဖို့လိုလာခဲ့သည်။ ရှေးခေတ်ပညတ်တရားအတိုင်း ဆယ်ဖို့တစ်ဖို့ပေးခြင်းကို ပြန်ကျင့်သုံးခဲ့ကြသည်။ . . . ထိုအကြောင်းအရာနှင့်ပတ်သက်သော အစောဆုံးအတည်ပြုချက်သည် ၅၆၇ ခုနှစ်တွင် တူအဲမြို့၌ စည်းဝေးခဲ့ကြသော ဂိုဏ်းချုပ်များ၏စာနှင့် ၅၈၅ ခုနှစ်၊ မာခဲန်ကောင်စီ၏ [စည်းမျဉ်းများ] ၌ ပါရှိပုံရသည်။”—ကက်သလစ်စွယ်စုံကျမ်း။
[Credit Line]
Coin, top left: Pictorial Archive (Near Eastern History) Est.
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
စေတနာအလျောက် ပေးကမ်းခြင်းက ရွှင်လန်းမှုပေး
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဟောပြောခြင်းလုပ်ငန်း၊ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းနှင့် အစည်းအဝေးခန်းမများဆောက်လုပ်ခြင်းတို့ကို စေတနာအလျောက်ပေးသော အလှူငွေများဖြင့် ထောက်ပံ့