ရှာဖန်နှင့် သူ၏မိသားစုကို သင်သိသလော
ရှာဖန်နှင့် သူ၏မိသားစုကို သင်သိသလော
သင် ကျမ်းစာဖတ်ရှုစဉ် ရှာဖန်နှင့် သူ၏သြဇာအာဏာရှိမိသားစုဝင် အချို့အကြောင်း သတိပြုမိသလော။ ထိုသူတို့ကား မည်သူတို့နည်း။ သူတို့ အဘယ်အရာ ပြုလုပ်ခဲ့ကြသနည်း။ သူတို့ထံမှ အဘယ်သင်ခန်းစာများ ရရှိနိုင်သနည်း။
ဘီ.စီ.အီး. ၆၄၂ ခုနှစ်ခန့်တွင် စစ်မှန်သောဝတ်ပြုရေးကို ယောရှိပြန်လည်ထူထောင်ခြင်းနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက “မေရှုလံသားဖြစ်သော အာဇလိ၏သား စာရေးတော်ရှာဖန်” အကြောင်း ဦးဆုံးသိစေသည်။ (၄ ဓမ္မရာဇဝင် ၂၂:၃) ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် ယေရုရှလင်မြို့ ဖျက်ဆီးမခံရမီ နောက်ဆုံး ၃၆ နှစ်အတွင်း သူ၏သားလေးဦးဖြစ်သည့် အဟိကံ၊ ဧလာသာ၊ ဂေမရိ၊ ယာဇညာနှင့် မြေးနှစ်ဦးဖြစ်သည့် မိက္ခာယ၊ ဂေဒလိတို့အကြောင်း ကျွန်ုပ်တို့သိရှိကြရ၏။ (ဇယားကိုရှု။) “ရှာဖန်မိသားစုသည် [ယုဒနိုင်ငံတော်တွင်] ဗျူရိုကရေစီအရာရှိအရာခံလောက၌ စိုးမိုးခဲ့ကြပြီး ယောရှိမင်းလက်ထက်မှ ပြည်နှင်ဒဏ်ခံရချိန်အထိ ရှင်ဘုရင်၏ စာရေးတော်ရာထူးကို ရရှိထားကြသည်” ဟု ဂျူးဒေယကားစွယ်စုံကျမ်း ကဖော်ပြသည်။ ရှာဖန်နှင့် သူ၏မိသားစုအကြောင်း ကျမ်းစာဆိုထားရာကို ပြန်သုံးသပ်ကြည့်ခြင်းဖြင့် ပရောဖက်ယေရမိနှင့် ယေဟောဝါ၏စစ်မှန်သောဝတ်ပြုရေးကို သူတို့ မည်သို့ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရှိကြလိမ့်မည်။
စစ်မှန်သောဝတ်ပြုရေးကို ရှာဖန်ထောက်မ
ဘီ.စီ.အီး. ၆၄၂ ခုနှစ်တွင် ယောရှိဘုရင် အသက် ၂၅ နှစ်ခန့်ရှိသောအခါ ရှာဖန်သည် ရှင်ဘုရင်၏အတွင်းရေးမှူးနှင့် စာရေးတော်အဖြစ် အမှုထမ်းခဲ့၏။ (ယေရမိ ၃၆:၁၀) သူ၏လုပ်ငန်းတွင် အဘယ်အရာ ပါဝင်ခဲ့သနည်း။ အထက်ပါကိုးကားစာအုပ်အရ ဘုရင့်စာရေးတော်နှင့် အတွင်းရေးမှူးသည် ရှင်ဘုရင်၏အကြံပေးအရာရှိဖြစ်သည်၊ ဘဏ္ဍာရေးတာဝန်ခံ၊ မင်းမှုကိစ္စကျွမ်းကျင်သူ၊ နိုင်ငံခြားရေး၊ အပြည်ပြည်ဆိုင်ရာဥပဒေနှင့် ကုန်သွယ်ရေးစာချုပ်များနှင့်ပတ်သက်၍ ဗဟုသုတကြွယ်သူလည်းဖြစ်ကြောင်း သိရ၏။ သို့ဖြစ်၍ ဘုရင်၏အတွင်းရေးမှူးအနေနှင့် ရှာဖန်သည် ယုဒနိုင်ငံတော်တွင် ဩဇာအာဏာအရှိဆုံးသူများထဲတွင် တစ်ဦးဖြစ်သည်။
ထိုအချိန်မတိုင်မီ ဆယ်နှစ်လောက်တွင် လူငယ်ယောရှိသည် “အဘဒါဝိဒ်၏ဘုရားသခင်ကို ဆည်းကပ်စပြု၏။” ရှာဖန်သည် ယောရှိထက် အတော်ပင် အသက်ကြီးနိုင်ဖွယ်ရှိရာ ဝိညာဉ်ရေးရာတွင် ကောင်းစွာအကြံပေးနိုင်သူဖြစ်ပြီး စစ်မှန်သောဝတ်ပြုရေး ပြန်လည်ထူထောင်ခြင်းလုပ်ငန်းကို ယောရှိ ဦးဆုံးစတင်ချိန်တွင် ထောက်ပံ့ကူညီပေးခဲ့သူဖြစ်မည်။ *—၂ ရာဇဝင်ချုပ် ၃၄:၁-၈။
ဝတ်ပြုရာအိမ်တော် မွမ်းမံခြင်းလုပ်ငန်းပြုလုပ်နေစဉ် “ပညတ္တိကျမ်းစာစောင်” ကိုတွေ့ရှိခဲ့ကြရာ ရှာဖန်သည် ၎င်းကို “ရှင်ဘုရင်ရှေ့တော်၌ ဖတ်ရွတ်လေ၏။” ယောရှိသည် ထိုကျမ်းစကားကိုကြား၍ ထိတ်လန့်သွားပြီး ဤကျမ်းနှင့်စပ်လျဉ်း၍ ယေဟောဝါအား မေးမြန်းရန် ပရောဖက်မ,ဟုလဒထံ ယုံကြည်အားကိုးရသူ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့သည်။ ဤကိုယ်စားလှယ်အဖွဲ့တွင် ရှာဖန်နှင့် အဟိကံတို့ ပါဝင်ခြင်းက သူတို့ကို ရှင်ဘုရင်ယုံကြည်စိတ်ချကြောင်း ထင်ရှားသည်။—၄ ဓမ္မရာဇဝင် ၂၂:၈-၁၄; ၂ ရာဇဝင်ချုပ် ၃၄:၁၄-၂၂။
ရှာဖန်၏လုပ်ဆောင်ချက်ကို ဤကျမ်းချက်တစ်ချက်တွင်သာ ဖော်ပြထားသည်။ တခြားကျမ်းချက်များတွင်မူ သူ့ကို ဖခင်တစ်ဦး၊ ဘိုးအေတစ်ဦးအဖြစ်သာ ဖော်ပြ၏။ ရှာဖန်၏သားစဉ်မြေးဆက်များသည် ပရောဖက်ယေရမိနှင့် ရင်းနှီးလာခဲ့ကြသည်။
အဟိကံနှင့် ဂေဒလိ
ကျွန်ုပ်တို့ သိရှိခဲ့သည့်အတိုင်း ရှာဖန်၏သား အဟိကံကို ပရောဖက်မ,ဟုလဒထံ စေလွှတ်ခဲ့သော ကိုယ်စားလှယ်အဖွဲ့နှင့်ပတ်သက်၍ ဦးဆုံးအကြိမ် ဖော်ပြခဲ့သည်။ အကိုးအကားစာအုပ်တစ်အုပ်က ဤသို့
ရှင်းပြသည်– “အဟိကံ၏ဘွဲ့ရာထူးကို ဟေဗြဲကျမ်းစာတွင် မဖော်ပြထားသော်လည်း သူသည် အရာရှိတစ်ဦးဖြစ်သည်မှာ ထင်ရှားသည်။”ထိုသို့ဖြစ်ပျက်ပြီးနောက် ၁၅ နှစ်ခန့်အကြာတွင် ယေရမိသည် အသက်အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရ၏။ ယေရုရှလင်မြို့ကို ဖျက်ဆီးဖို့ ယေဟောဝါရည်ရွယ်တော်မူကြောင်း လူတို့ကို ယေရမိသတိပေးသောအခါ “ယဇ်ပုရောဟိတ်၊ ပရောဖက်၊ လူများအပေါင်းတို့သည် ယေရမိကို ဖမ်းဆီး၍ ‘သင်သည် အသေသတ်ခြင်းကို အမှန်ခံရမည်’” ဟုပြောဆိုကြသည်။ ထိုအခါ အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။ မှတ်တမ်းက ဤသို့ဆက်ဆိုသည်– “ရှာဖန်သား အဟိကံသည် ယေရမိကိုမစသောကြောင့် အသေခံစေခြင်းငှာ လူများတို့လက်သို့ မအပ်ရ။” (ယေရမိ ၂၆:၁-၂၄) ယင်းက အဘယ်အရာကို ဖော်ပြသနည်း။ အဲန်ခါရ်သမ္မာကျမ်းစာအဘိဓာန် ကဤသို့ဆိုသည်– “ယင်းအဖြစ်အပျက်မှ အဟိကံသည် ဩဇာအာဏာရှိကြောင်း သိရသည်သာမက ရှာဖန်မိသားစုမှ အခြားသူများနည်းတူ သူသည် ယေရမိကိုထောက်ခံကြောင်း ဖော်ပြသည်။”
နောက်ပိုင်း အနှစ် ၂၀ ခန့်အကြာ၊ ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် ယေရုရှလင်မြို့ကို ဗာဗုလုန်တို့ဖျက်ဆီးပြီး လူများစွာကို ပြည်နှင်ဒဏ်ပေးပြီးနောက် အဟိကံ၏သား ရှာဖန်၏မြေးဖြစ်သူ ဂေဒလိအား ကျန်ရစ်သူဂျူးများကို အုပ်ချုပ်ရသည့် ဘုရင်ခံအဖြစ် ခန့်အပ်ခဲ့သည်။ သူသည် ရှာဖန်၏မိသားစုမှ တခြားသူများကဲ့သို့ ယေရမိကို လေးစားသလော။ ကျမ်းစာမှတ်တမ်းက ဤသို့ဆိုသည်– “ထိုအခါ ယေရမိသည် အဟိကံသား ဂေဒလိရှိရာ မိဇပါမြို့သို့သွား၍ . . . အတူနေလေ၏။” လအနည်းငယ်အတွင်း ဂေဒလိသည် အသတ်ခံရပြီး ကျန်ကြွင်းသောဂျူးများသည် အီဂျစ်ပြည်သို့ ပြောင်းရွှေ့သောအခါ သူတို့နှင့်အတူ ယေရမိကိုပါ ခေါ်ဆောင်သွားကြသည်။—ယေရမိ ၄၀:၅-၇; ၄၁:၁၊ ၂; ၄၃:၄-၇။
ဂေမရိနှင့် မိက္ခာယ
ရှာဖန်၏သားဖြစ်သူ ဂေမရိနှင့် မြေးဖြစ်သူ မိက္ခာယတို့သည် ယေရမိအခန်းကြီး ၃၆ တွင်ဖော်ပြထားသော အဖြစ်အပျက်များတွင် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ၎င်းအချိန်ကား ဘီ.စီ.အီး. ၆၂၄ ခုနှစ်ခန့်ကဖြစ်၍ ယောယကိမ်မင်း နန်းစံငါးနှစ်တွင်ဖြစ်သည်။ ယေရမိ၏အတွင်းရေးမှူး ဗာရုတ်သည် ယေဟောဝါ၏အိမ်တော် “ရှာဖန်၏သား ဂေမရိ၏အခန်း၌” ယေရမိစီရင်သောစာကို ကျယ်လောင်စွာ ဖတ်လေ၏။ ထိုသို့နှင့်အညီ “ထိုစာ၌ပါသမျှသော ထာဝရဘုရား၏စကားတော်တို့ကို ရှာဖန်သားဖြစ်သော ဂေမရိ၏သား မိက္ခာယသည်ကြား” ၏။—ယေရမိ ၃၆:၉-၁၁။
မိက္ခာယသည် ဖခင်နှင့်အတူ တခြားမှူးတော်မတ်တော်အပေါင်းတို့ကို စာလိပ်အကြောင်း အသိပေးခဲ့ရာ သူတို့ကလည်း စာလိပ်ပါအကြောင်းကို ကြားသိလိုကြသည်။ သူတို့ မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ “ထိုစကားအလုံးစုံတို့ကို မင်းများတို့သည် ကြားလျှင် အချင်းချင်းကြောက်ရွံ့သောစိတ်ရှိ၍ ‘ငါတို့သည် ဤစကားအလုံးစုံတို့ကို ရှင်ဘုရင်အား ဆက်ဆက်ကြားလျှောက်ရမည်’ ဟုဗာရုတ်ကို ဆိုကြ၏။” သို့သော် ရှင်ဘုရင်နားတော် မလျှောက်ကြားမီ သူတို့က “သင်သွားလော့။ ယေရမိနှင့်အတူ ပုန်းရှောင်၍နေလော့။ အဘယ်မှာနေသည်ကို တစ်စုံတစ်ယောက်မျှ မသိစေနှင့်” ဟုဗာရုတ်အား အကြံပေးခဲ့သည်။—ယေရမိ ၃၆:၁၂-၁၉။
သူတို့ထင်သည့်အတိုင်း ရှင်ဘုရင်သည် စာလိပ်ပါသတင်းကို ငြင်းပယ်ပြီး အစိတ်စိတ်အမြွှာမြွှာဆုတ်ဖြဲ၍ မီးရှို့ပစ်လိုက်သည်။ ရှာဖန်ယေရမိ ၃၆:၂၁-၂၅) ယေရမိ—ရှေးဟောင်းသုတေသနလက်စွဲ စာအုပ်က ဤသို့ကောက်ချက်ချသည်– “ဂေမရိသည် ဘုရင်ယောယကိမ်နန်းတော်တွင် ယေရမိဘက်မှ မားမားမတ်မတ်ရပ်တည်သူတစ်ဦးဖြစ်၏။”
သား ဂေမရိအပါအဝင် မှူးမတ်အချို့တို့သည် “စာလိပ်ကို မီးမရှို့စေခြင်းငှာ . . . တောင်းပန်သော်လည်း ရှင်ဘုရင်သည် သူတို့စကားကို နားမထောင်။” (ဧလာသာနှင့် ယာဇညာ
ဘီ.စီ.အီး. ၆၁၇ ခုနှစ်တွင် ဗာဗုလုန်သည် ယုဒနိုင်ငံတော်ကို သိမ်းပိုက်လိုက်သည်။ ပရောဖက်ယေဇကျေလအပါအဝင် ထောင်နှင့်ချီဂျူးများ၊ “မှူးမတ်၊ ရဲစွမ်းသတ္တိရှိသော စစ်သူရဲ . . . နှင့်လက်သမား၊ ပန်းဘဲသမားအပေါင်းတို့” သည် ပြည်နှင်ဒဏ်ခံခဲ့ရသည်။ ဗာဗုလုန်တို့သည် မဿနိကို ဇေဒကိအမည်ဖြင့်မှည့်၍ လက်အောက်ခံမင်းသစ်အဖြစ် နန်းတင်လေသည်။ (၄ ဓမ္မရာဇဝင် ၂၄:၁၂-၁၇၊ သမ္မာ) နောက်ပိုင်းတွင် ဇေဒကိသည် ရှာဖန်သား ဧလာသာပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဗာဗုလုန်သို့ စေလွှတ်ခဲ့၏။ ယေရမိသည် ပြည်နှင်ခံဂျူးများအတွက် ယေဟောဝါထံမှ အရေးကြီးသတင်းပါရှိသည့် စာတစ်စောင်ကို ဧလာသာသို့ လွှဲအပ်ခဲ့သည်။—ယေရမိ ၂၉:၁-၃။
ရှာဖန်၏ သားသုံးဦးနှင့် မြေးနှစ်ဦးတို့သည် သူတို့၏အခွင့်အာဏာကို အသုံးပြုပြီး စစ်မှန်သောဝတ်ပြုရေးနှင့် သစ္စာရှိပရောဖက်ယေရမိကို ထောက်ပံ့ကူညီပေးခဲ့ကြောင်း ကျမ်းစာမှတ်တမ်းက ဖော်ပြသည်။ ရှာဖန်၏သား ယာဇညာနှင့်ပတ်သက်၍ကော အသို့နည်း။ သူသည် ရှာဖန်၏မိသားစုမှ တခြားသူများနှင့်မတူဘဲ ရုပ်ပုံဝတ်ပြုရေးတွင် ပါဝင်ခဲ့သည်မှာ ထင်ရှားသည်။ ဗာဗုလုန်တွင် ယေဇကျေလပြည်နှင်ခံရသည့် ခြောက်နှစ် သို့မဟုတ် ဘီ.စီ.အီး. ၆၁၂ ခုနှစ်တွင် ယေရုရှလင်ဝတ်ပြုရာအိမ်တော်၌ အမျိုးသား ၇၀ တို့သည် ရုပ်ပုံများကို နံ့သာပေါင်း မီးရှို့ပူဇော်နေကြကြောင်း အဆင်းအာရုံ၌ တွေ့မြင်ခဲ့ရသည်။ သူတို့ထဲတွင် ယာဇညာပါဝင်ပြီး သူတစ်ဦးတည်းကိုသာ အမည်ဖြင့်ဖော်ပြခဲ့သည်။ ယင်းက ထိုအုပ်စုတွင် သူသည် အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်နိုင်ကြောင်း ဖော်ပြသည်။ (ယေဇကျေလ ၈:၁၊ ၉-၁၂၊ သမ္မာ) ယာဇညာ၏အဖြစ်က ဘုရားသခင်ကိုကြောက်ရွံ့သော မိသားစုတွင် ကြီးပြင်းလာရုံဖြင့် ယေဟောဝါ၏ တည်ကြည်သောဝတ်ပြုသူတစ်ဦး ဖြစ်လာလိမ့်မည်ဟူသော အာမခံချက်မရှိကြောင်း ဖော်ပြသည်။ လူတိုင်းသည် ကိုယ့်လုပ်ဆောင်မှုမှန်သမျှအတွက် ကိုယ်တာဝန်ယူရမည်ဖြစ်သည်။—၂ ကောရိန္သု ၅:၁၀။
ရှာဖန်နှင့် သူ၏မိသားစု အမှန်ရှိခဲ့
ရှာဖန်နှင့် သူ၏မိသားစုသည် ယေရုရှလင်မြို့အဖြစ်အပျက်များတွင် ထင်ပေါ်သူများဖြစ်လာချိန်၌ ယုဒနယ်တွင် တံဆိပ်တုံးများကို အသုံးများလာကြသည်။ စာချုပ်စာတမ်းများကို ခိုင်လုံစေရန် သက်သေအဖြစ် သို့မဟုတ် လက်မှတ်အဖြစ် ထိုတံဆိပ်တုံးများကို အသုံးပြုကြ၏၊ ၎င်းတို့ကို ကျောက်မျက်၊ သတ္တု၊ ဆင်စွယ် သို့မဟုတ် ဖန်တို့ဖြင့် ပြုလုပ်ထားသည်။ ဤတံဆိပ်တုံးများပေါ်တွင် အများအားဖြင့် တံဆိပ်တုံးပိုင်ရှင်၏အမည်၊ သူ့ဖခင်၏အမည်နှင့် တစ်ခါတစ်ရံ ပိုင်ရှင်၏ဘွဲ့ကို ထွင်းထုထား၏။
အုတ်ပြားတွင် ဟေဗြဲတံဆိပ်ထုရာများ ရာနှင့်ချီ၍ တွေ့
ရှိရသည်။ ရှေးကျောက်စာများကို လေ့လာသူ ကမ္ပည်းပညာရှင် ပါမောက္ခ နမန်း အာဗီဂတ်က ဤသို့ဖော်ပြခဲ့သည်– “တံဆိပ်ထုဖော်ပြထားရာများသည် ကျမ်းစာပါ လူတို့၏အမည်ကို ဖော်ပြထားသည့် တစ်ခုတည်းသော ဟေဗြဲကမ္ပည်းစာ ပင်ရင်းဖြစ်၏။” ရှာဖန် သို့မဟုတ် သူ့မိသားစု၏ တံဆိပ်ထုထားသော ကျောက်စာများကို တွေ့ရှိခဲ့သလော။ တွေ့ရှိခဲ့ပါသည်၊ စာမျက်နှာ ၁၉ နှင့် ၂၁ တွင်ဖော်ပြထားသော တံဆိပ်တုံးပေါ်တွင် ရှာဖန်နှင့် သူ့သားဂေမရိတို့၏အမည်များ ပါရှိသည်။တံဆိပ်ထုရာများတွင် ထိုမိသားစုမှ ဖြစ်နိုင်ဖွယ်ရှိသည့် လူလေးဦး၏အမည်များကို ဖော်ပြထားကြောင်း ကျမ်းပညာရှင်များကဆိုသည်၊ ထိုသူများမှာ ရှာဖန်၏ဖခင် အာဇလိ; ရှာဖန်သား အဟိကံ; ရှာဖန်သား ဂေမရိ; နှင့်ဂေဒလိတို့ဖြစ်သည်၊ ဂေဒလိကို “အိမ်တော်အပေါ် စိုးမိုးသူ” အဖြစ် တံဆိပ်ထုရာက ဖော်ညွှန်းခဲ့ပုံရှိ၏။ အဆိုပါတံဆိပ်တုံးများမှ စတုတ္ထမြောက်တံဆိပ်တုံးသည် ရှာဖန်၏မြေးဖြစ်သူ ဂေဒလိပိုင်ဆိုင်ရာ ဖြစ်ပုံရှိကာ ဂေဒလိ၏ဖခင် အဟိကံအမည်ကိုမူ မဖော်ပြထားချေ။ ထိုတံဆိပ်ထုရာပေါ်မှ သူ၏ဘွဲ့အမည်အရ သူသည် တိုင်းပြည်တွင် အမြင့်ဆုံးအရာရှိများထဲတွင် တစ်ဦးဖြစ်ကြောင်း ဖော်ပြ၏။
ကျွန်ုပ်တို့ အဘယ်အရာ သင်ယူနိုင်သနည်း
ရှာဖန်နှင့် သူ၏မိသားစုသည် စစ်မှန်သောဝတ်ပြုရေးနှင့် တည်ကြည်သောယေရမိကို သူတို့၏အခွင့်အာဏာအသုံးပြု၍ ထောက်ပံ့ရာတွင် ပုံသက်သေကောင်းပြခဲ့သည်! ကျွန်ုပ်တို့လည်း ယေဟောဝါ၏အဖွဲ့အစည်းနှင့် ဝတ်ပြုသူချင်းများကို ထောက်ပံ့ကူညီပေးရန် ကျွန်ုပ်တို့၏ဥစ္စာအင်ခွင်နှင့် ဩဇာအာဏာကို အသုံးချနိုင်ကြသည်။
သမ္မာကျမ်းစာကို မှန်မှန်ဖတ်ရှုရုံသာမက အသေးစိတ်လေ့လာပြီး ရှာဖန်နှင့် သူ၏မိသားစု အစရှိသည့် ယေဟောဝါ၏ရှေးသက်သေခံများအကြောင်း သိရှိလာခြင်းက ကျွန်ုပ်တို့ကို အသိပညာကြွယ်ဝစေရုံမက ယုံကြည်ခြင်းတိုးပွားစေ၏။ သူတို့သည်လည်း ကျွန်ုပ်တို့အတုယူနိုင်သည့် “များစွာသောသက်သေအပေါင်း” တွင်ပါဝင်သူများဖြစ်ကြသည်။—ဟေဗြဲ ၁၂:၁။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 6 ယောရှိ အသက် ၂၅ နှစ်ခန့်ရှိစဉ် ရှာဖန်၏သား အဟိကံသည် အရွယ်ရောက်နေပြီကိုထောက်ရှု၍ ရှာဖန်သည် ယောရှိထက် အတော်ပင် အသက်ကြီးရပေမည်။—၄ ဓမ္မရာဇဝင် ၂၂:၁-၃၊ ၁၁-၁၄။
[စာမျက်နှာ ၂၂ ပါ လေးထောင့်ကွက်]
ဟုလဒ—ဩဇာရှိသောပရောဖက်မ
ဝတ်ပြုရာအိမ်တော်တွင်တွေ့ ရှိသော “ပညတ္တိကျမ်း” စကားကို ကြားသောအခါ ရှင်ဘုရင်ယောရှိသည် ထိုကျမ်းအကြောင်း “ထာဝရဘုရား၌မေးလျှောက်” ရန် ရှာဖန်နှင့် တခြားအရာရှိလေးဦးတို့ကို စေလွှတ်ခဲ့သည်။ (၄ ဓမ္မရာဇဝင် ၂၂:၈-၂၀) ထိုကိုယ်စားလှယ်အဖွဲ့သည် အဘယ်နေရာတွင် အဖြေရရှိနိုင်မည်နည်း။ ယေရမိနှင့် ဖြစ်နိုင်ဖွယ်ရှိသည့် နာဟုံနှင့် ဇေဖနိ၊ ပရောဖက်များနှင့် ကျမ်းရေးသူအားလုံးတို့သည် ထိုအချိန်က ယုဒနယ်တွင် နေထိုင်ခဲ့ကြသည်။ သို့သော် ထိုကိုယ်စားလှယ်အဖွဲ့သည် ပရောဖက်မ,ဟုလဒထံ သွားခဲ့ကြသည်။
ယေရုရှလင်—ရှေးဟောင်းသုတေသနအတ္ထုပ္ပတ္တိ စာအုပ်က ဤသို့ဆိုသည်– “ဤအဖြစ်အပျက်နှင့်ပတ်သက်၍ မှတ်သားဖွယ်ရာမှာ ထိုအတ္ထုပ္ပတ္တိတွင် ယောက်ျား-မိန်းမကဏ္ဍအကြောင်း လုံးဝမဖော်ပြထားချေ။ အမျိုးသားအဖွဲ့တစ်ဖွဲ့သည် ထိုပညတ္တိကျမ်းလိပ်၏အခြေအနေကို စိစစ်မေးမြန်းရန် အမျိုးသမီးတစ်ဦးထံသို့ ယူဆောင်သွားခဲ့ခြင်းကို အဘယ်နည်းနှင့်မျှမအပ်စပ်ဟု မည်သူမျှမယူဆခဲ့ကြချေ။ ဟုလဒ,က ၎င်းသည် သခင်ဘုရား၏စကားတော်ဖြစ်ကြောင်း ဖော်ပြသောအခါ သူ၏ဆုံးဖြတ်ပေးပိုင်ခွင့်ကို မည်သူကမျှ စောဒကမတက်ခဲ့ချေ။ ရှေးဣသရေလလူမျိုးတွင် အမျိုးသမီးများ၏ကဏ္ဍကို အကဲဖြတ်ရာ၌ ကျမ်းပညာရှင်များက ဤအဖြစ်အပျက်ကို မျက်စိလျှမ်းလေ့ရှိကြသည်။” သတင်းကတော့ ယေဟောဝါထံတော်မှ ဖြစ်သည်မှာအမှန်။
[စာမျက်နှာ ၂၁ ပါ ဇယား/ ရုပ်ပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ရှာဖန်၏ဆွေစဉ်မျိုးဆက်စာရင်း
မေရှုလံ
↓
အာဇလိ
↓
ရှာဖန်
↓ ↓ ↓ ↓
အဟိကံ ဧလာသာ ဂေမရိ ယာဇညာ
↓ ↓
ဂေဒလိ မိက္ခာယ
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ဂေမရိနှင့် တခြားသူများသည် ယေရမိထံမှရရှိသော ကျမ်းလိပ်ကို မီးမရှို့ရန် ယောယကိမ်အား တောင်းပန်ခဲ့ကြ
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
ယာဇညာသည် ရှာဖန်၏မိသားစုဝင်တစ်ဦးဖြစ်သော်လည်း အဆင်းအာရုံတစ်ခုတွင် ရုပ်ပုံကိုးကွယ်နေကြောင်း တွေ့ ရှိခဲ့ကြ
[Picture Credit Line on page 19]
Courtesy Israel Antiquities Authority
[Picture Credit Line on page 21]
Courtesy Israel Antiquities Authority