အဘယ့်ကြောင့်နည်း ‘ဘာဖြစ်လို့ ဒီလိုဖြစ်စေရတာလဲ ဘုရားသခင်’
အဘယ့်ကြောင့်နည်း ‘ဘာဖြစ်လို့ ဒီလိုဖြစ်စေရတာလဲ ဘုရားသခင်’
ဆရာဝန်နှင့်တွေ့ရန် စောင့်ဆိုင်းခန်းတွင် ဇနီးသည် မာရီယာနှင့်အတူ ထိုင်နေခဲ့ချိန်ကို ရီကာဒို သတိရဆဲဖြစ်သည်။ * သူတို့နှစ်ဦးစလုံး မာရီယာ၏နောက်ဆုံးဆေးစစ်ချက်ကို မဖတ်ဝံ့ခဲ့ကြချေ။ နောက်ဆုံးတွင် ရီကာဒိုသည် စာအိတ်ကိုဖွင့်ပြီး ဆေးစစ်ချက်စာရွက်ပေါ်မှ ဆေးဘက်ဆိုင်ရာအသုံးအနှုန်းကို ဖျတ်ကနဲကြည့်လိုက်ရာ “ကင်ဆာ” ဟူသောစကားလုံးကို တွေ့လိုက်ရပြီး ၎င်းစကားလုံး၏ဆိုလိုရင်းကို သူတို့သဘောပေါက်ကြသဖြင့် နှစ်ဦးစလုံးငိုချလိုက်ကြလေတော့သည်။
“ဆရာဝန်က သိပ်ပြီးကြင်နာပါတယ်၊ ဒါပေမဲ့ သူက ကျွန်တော်တို့ ဘုရားသခင်ကိုအားကိုးရမယ်လို့ တစ်ချိန်လုံးပြောနေတာကြောင့် စိုးရိမ်စရာရှိတယ်ဆိုတာကို သူကောင်းကောင်းသိထားလို့ပဲဖြစ်မယ်” ဟု ရီကာဒိုပြန်ပြောပြသည်။
ဓာတ်မကင်မီတွင် မာရီယာ၏ညာဘက်ခြေထောက်သည် အလိုအလျောက်လှုပ်ရှားကြောင်း ဆရာဝန်က သတိပြုမိခဲ့သည်။ နောက်ထပ်စစ်ဆေးချက်များပြုလုပ်သောအခါ သူ၏ဦးနှောက်သို့ ကင်ဆာကူးစက်သွားပြီဖြစ်ကြောင်း သိရှိရသည်။ တစ်ပတ်တာမျှသာ ဓာတ်ကင်ပြီးနောက် ရပ်ဆိုင်းလိုက်သည်။ ထို့နောက် မာရီယာသည် သတိလစ်မေ့မြောသွားပြီး နှစ်လအကြာတွင် ကွယ်လွန်သွားလေသည်။ “မာရီယာခမျာ ဝေဒနာမခံစားရတော့လို့ ကျွန်တော်ဝမ်းသာပါတယ်၊ ဒါပေမဲ့လည်း သူ့ကို လွမ်းလွန်းလို့ ကျွန်တော်ပါသေချင်စိတ်ပေါ်ခဲ့တယ်။ ‘ဘာဖြစ်လို့ ဒီလိုဖြစ်စေရတာလဲ’ လို့ ဘုရားသခင်ကို ကျွန်တော်မကြာခဏဟစ်အော်မိတယ်” ဟု ရီကာဒိုရှင်းပြသည်။
ကြေကွဲဖွယ်အဖြစ်ဆိုးနှင့် ကြုံရသည့်အခါ မေးခွန်းများပေါ်လာ
ရီကာဒိုကဲ့သို့ပင် ကမ္ဘာတစ်ဝန်းရှိ လူမြောက်မြားစွာသည် ဆင်းရဲခြင်းဝေဒနာ အမှန်ရှိကြောင်းကို မလွှဲမရှောင်သာ ဝန်ခံကြရသည်။ အများအားဖြင့် ဆင်းရဲခြင်းဝေဒနာ ခံစားရသူများမှာ အပြစ်မဲ့သူများဖြစ်သည်။ သနားညှာတာမှုကင်းမဲ့သည့် လက်နက်ကိုင်တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာသော ဝမ်းနည်းပူဆွေးမှုကို စဉ်းစားကြည့်ပါ။ မုဒိမ်းမှု၊ ကလေးကိုမတော်မတရားပြုမှု၊ အိမ်တွင်းအကြမ်းဖက်မှုနှင့် လူတို့ပြုလုပ်သော အခြားဆိုးသွမ်းမှုများ၏သားကောင် မြောက်မြားစွာ၏ စိတ်နာကျင်မှုကိုလည်း စဉ်းစားကြည့်ပါ။ သမိုင်းတစ်လျှောက်တွင် အမျိုးသားများ၊ အမျိုးသမီးများ တစ်ဦးကိုတစ်ဦးပြုသော မတရားမှုနှင့် စိတ်ဆင်းရဲစရာများ အတောမသတ်နိုင်ပုံရှိသည်။ (ဒေ. ၄:၁-၃) ထို့အပြင် သဘာဝဘေးဒဏ်များ၊ သို့မဟုတ် စိတ်လှုပ်ရှားမှု၊ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဝေဒနာရှင်များလည်းရှိသေးသည်။ ထို့ကြောင့် များစွာသောသူတို့က “ဒီလိုမျိုး ဆင်းရဲခြင်းဝေဒနာကို ဘုရားသခင် ဘာကြောင့်ခွင့်ပြုထားတာလဲ” ဟုမေးခြင်းသည် အံ့ဩစရာမဟုတ်ပေ။
ဆင်းရဲခြင်းဝေဒနာသည် ဘာသာရေးခံယူချက်ပြင်းထန်သူများအတွက်ပင် ခံရခက်သည်။ ထို့ကြောင့် မေတ္တာရှင် တန်ခိုးအကြီးမားဆုံးဘုရားသခင်သည် လူတို့ကို အဘယ်ကြောင့် ဆင်းရဲဝေဒနာခံစေရကြောင်းကို သင်သိလိုပေမည်။ စဉ်းစားရခက်သော ဤမေးခွန်းအတွက် ကျေနပ်ဖွယ်အဖြေမှန်တွေ့ရှိထားခြင်းသည် ကျွန်ုပ်တို့၏စိတ်ငြိမ်သက်မှုအပြင် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးအတွက်ပါ အရေးပါသည်။ သမ္မာကျမ်းစာက ထိုမေးခွန်းကို ဖြေဆိုပေးပါသည်။ ထိုအကြောင်း မည်သို့ဆိုသည်ကို နောက်ဆောင်းပါးတွင် ကျေးဇူးပြု၍ သုံးသပ်ကြည့်ပါ။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 2 အမည်များပြောင်းထားသည်။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
ကျွန်တော်တို့ ဘုရားသခင်ကိုအားကိုးရမယ်လို့ ဆရာဝန်က တစ်ချိန်လုံးပြောနေခဲ့တယ်