မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ထက်သန်သော ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများ”—ရွှင်လန်းအားရဖွယ် စည်းဝေးကြ

“ထက်သန်သော ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများ”—ရွှင်လန်းအားရဖွယ် စည်းဝေးကြ

“ထက်သန်​သော ဘုရားသခင့်​နိုင်ငံတော် ကြွေးကြော်​သူများ”—ရွှင်လန်း​အားရဖွယ် စည်းဝေး​ကြ

ကိုယ်ကျင့်တရား၊ စီးပွားရေး​နှင့် နိုင်ငံရေး အကျပ်အတည်း​များသည် ကမ္ဘာကြီး​ကို လှုပ်ခါ​နေ​၏။ သို့သော် ဤ​မငြိမ်မသက်မှု​ကြား​မှ ယေဟောဝါသက်သေ​များသည် “ထက်သန်​သော [ဘုရားသခင့်] နိုင်ငံတော် ကြွေးကြော်​သူများ” ခရိုင်​စည်းဝေးကြီး​ကို ငြိမ်သက်​စွာ သုံးရက်တာ ကျင်းပ​ရန် စုရုံး​ရောက်ရှိ​လာ​ကြသည်။ ဤ​စည်းဝေးများ​ကို ၂၀၀၂၊ မေလ​တွင်​အစပြု​၍ ကမ္ဘာ​တစ်ဝန်း​တွင် ကျင်းပ​လျက်​ရှိ၏။

ဤ​စည်းဝေးကြီး​များသည် ရွှင်လန်း​အားရဖွယ် အချိန်​အခါ​များ​ဖြစ်​ခဲ့​သည်​မှာ အမှန်ပင်။ တည်ဆောက်မှု​ဖြစ်စေ​သည့် ကျမ်းစာ​အခြေပြု​အစီအစဉ်ကို ပြန်လည်​၍ အတိုချုပ်​သုံးသပ်ကြ​စို့။

ပထမ​နေ့တွင် ယေရှု၏​ထက်သန်မှု​ကို အလေးပေး​ဖော်ပြ

စည်းဝေးကြီး​ပထမ​နေ့​၏ အဓိက​ခေါင်းစဉ်​မှာ “ကျွန်ုပ်​တို့၏​သခင်၊ ယေရှု၏​ထက်သန်မှု​ကို တုပ​လော့” ဖြစ်၏။ (ယောဟန် ၂:၁၇) “[ဘုရားသခင့်] နိုင်ငံတော်​ကြွေးကြော်​သူများ​အဖြစ် အတူတကွ​စုရုံးခြင်း​၌ ဝမ်းမြောက်​လော့” ဟောပြောချက်​ဖြင့် ဘုရားသခင့်​လူမျိုးတော်​၏​စည်းဝေးကြီး​များ​တွင် အမြဲ​တွေ့ရှိ​ရသော ရွှင်လန်းမှု​၌ ပါဝင်​ကြ​ရန် တက်ရောက်သူ​များ​ကို လှိုက်လှိုက်လှဲလှဲ​ဖိတ်ခေါ်​ခဲ့​သည်။ (တရားဟောရာ ၁၆:၁၅) ဤ​ဟောပြောချက်​ပြီး​နောက် ထက်သန်​သော သတင်းကောင်း​ကြွေးကြော်​သူများ​နှင့် လူတွေ့မေးမြန်းခန်း​များ ပြုလုပ်​ခဲ့​၏။

“ယေဟောဝါ​ကိုယ်တော်တိုင်​၌ မွေ့လျော်ခြင်း​ရှိ​လော့” ဟောပြောချက်သည် ဆာလံ ၃၇:၁-၁၁ ကို အခန်းငယ်​တစ်ခု​ချင်း​စီ ရှင်းပြ​ခဲ့​သည်။ မတရားသော​သူ အောင်မြင်​ပုံ​ရ​နေသည့်​အတွက် “စိတ်​မ​ပူ” ကြ​ရန် တိုက်တွန်း​ခဲ့​သည်။ ဆိုးသွမ်းသူ​များ​က ကျွန်ုပ်​တို့​အပေါ် အခြားသူများ အထင်အမြင်​မှား​အောင် ပြုလုပ်​ကြ​မည်​ဖြစ်သော်လည်း အချိန်တန်သော် မိမိ၏​တည်ကြည်သော လူမျိုးတော်​ကား မည်သူ​ဖြစ်​ကြောင်း ယေဟောဝါ ထင်ရှားပြ​လိမ့်​မည်။ “ကျေးဇူး​သိတတ်သော စိတ်​ပြ​ကြလော့” ဟောပြောချက်​တွင် ဘုရားသခင်​ကို ကျွန်ုပ်​တို့ ကျေးဇူး​တင်​ကြောင်း တင်ပြ​နိုင်​ပုံ​ကို ဆွေးနွေး​သည်။ ခရစ်ယာန်​အားလုံး​သည် ယေဟောဝါ​ထံ “ချီးမွမ်း​ခြင်း​ယဇ်” ဆက်သ​ရမည်။ (ဟေဗြဲ ၁၃:၁၅) ယေဟောဝါ​၏​လုပ်ငန်းတော်တွင် ကျွန်ုပ်​တို့​ပါဝင်​သည့် အချိန်​ပမာဏ​သည် ကျွန်ုပ်​တို့၏​ကျေးဇူး​တင်​စိတ်​နှင့် အခြေအနေ​အပေါ် မူတည်​သည်။

အဓိက​ဟောပြောချက်​ခေါင်းစဉ်​မှာ “ထက်သန်​တက်ကြွ​သော [ဘုရားသခင့်] နိုင်ငံတော်​သတင်း ကြွေးကြော်​သူများ” ဖြစ်၏။ ထက်သန်မှု​နှင့်​ပတ်သက်​၍ ယေရှု​ခရစ်​သည် ကျွန်ုပ်​တို့၏​အကောင်းဆုံး ပုံသက်သေ​ဖြစ်​ကြောင်း ညွှန်ပြ​သည်။ ၁၉၁၄ ခုနှစ်​တွင် ကောင်းကင်​နိုင်ငံတော် တည်ထောင်​ပြီး​နောက် ခရစ်ယာန်စစ်​များသည် ထို​သတင်းကောင်းကို ထက်သန်​စွာ ကြေညာ​ဖို့​လို​သည်။ ဟောပြောသူက ၁၉၂၂ ခုနှစ်​တွင် ယူ.အက်စ်.အေ.၊ အိုဟိုင်အို​ပြည်နယ်၊ စီ​ဒါ​ပွိုင့်​၌ ကျင်းပ​ခဲ့​သော စည်းဝေးကြီး​ကို​ညွှန်ပြ​၍ “ရှင်ဘုရင်​နှင့် ကိုယ်တော်​ရဲ့​နိုင်ငံတော်​ကို ကြေညာ​ကြ” ဟူသော သမိုင်းဝင်​အဆိုပြု​ချက်​ကို ပြန်​အမှတ်​ရစေ​ခဲ့​သည်။ ထို့နောက် ဘုရားသခင်​၏​တည်ကြည်သော ကျေးကျွန်​များ​၏ ထက်သန်မှု​က လူမျိုးအပေါင်း​တို့အား အံ့ချီးဖွယ်​ဘုရားသခင့်​နိုင်ငံတော်​အမှန်တရားကို ကြေညာ​ရန် လှုံ့ဆော်ပေး​ခဲ့​သည်။

ပထမ​နေ့​မွန်းလွဲပိုင်း​၌ “ကျွန်ုပ်​တို့​နှင့် ယေဟောဝါ​ရှိသောကြောင့် မကြောက်​ကြ​နှင့်” ဟောပြောချက်​တွင် ဘုရားသခင့်​လူမျိုးတော်သည် စာတန်​၏​အဓိက​ပစ်မှတ်​ဖြစ်​ကြောင်း ဖော်ပြ​ခဲ့​သည်။ ကျွန်ုပ်​တို့​အတိုက်အခံ​များ​ကြုံ​ရ​လျှင်​ပင် ကျမ်းစာ​နှင့် မျက်မှောက်ခေတ် ယုံကြည်ခြင်း​တင်ပြ​ခဲ့​သူများ​အကြောင်းကို ဆင်ခြင်​သုံးသပ်ခြင်း​ဖြင့် စမ်းသပ်မှု​များနှင့် သွေးဆောင်မှုများ​ကို မကြောက်​မ​ရွံ့ ရင်ဆိုင်​ရဲ​စေ​သည်။—ဟေရှာယ ၄၁:၁၀

ဆက်လက်​ပြီး “မိက္ခာ​၏​ပရောဖက်ပြုချက်​က ယေဟောဝါ​၏​နာမတော်​၌ လျှောက်လှမ်း​ရန် ကျွန်ုပ်​တို့ကို ခွန်အား​ပေး” အဓိက​အချက်​ပေါ် မူတည်၍ အခန်းဆက်​ဟောပြောချက် သုံး​ပိုင်း​ကို ကြား​ခဲ့​ရသည်။ ပထမ​ဟောပြောသူ​သည် မိက္ခာ​ခေတ်​က ကိုယ်ကျင့်တရား​ယိုယွင်းမှု၊ ဝတ်ပြုရေး​အယူဖောက်ပြန်မှု​နှင့် ရုပ်ပစ္စည်း​လိုက်စားမှု​တို့ကို ကျွန်ုပ်​တို့​ခေတ်​နှင့် နှိုင်းယှဉ်​ပြ​ခဲ့​သည်။ ဟောပြောသူက “ကျွန်တော်​တို့​ဟာ နာခံ​တတ်​တဲ့ နှလုံးသား​ပိုင်ရှင်​ဖြစ်အောင် ပြုစု​ပျိုးထောင်​မယ်၊ ကျွန်တော်​တို့​ရဲ့ အကျင့်အကြံ​ဟာ သန့်ရှင်း​ကြောင်း သေချာ​နေမယ်၊ ကျွန်တော်​တို့​ရဲ့​အသက်တာကို ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​အကျင့်​တွေ​နဲ့ ဖြည့်​ထားပြီး—ယေဟောဝါ​ရဲ့​နေ့ ရောက်ရှိ​လာလိမ့်မယ်​ဆိုတာ​ကို ဘယ်တော့မှ​မမေ့ဘူး​ဆိုရင် ကျွန်တော်​တို့​ရဲ့​အနာဂတ်​မျှော်လင့်ချက်ဟာ တပ်အပ်​သေချာ​ပြည့်စုံ​လာပါလိမ့်မယ်” ဟု​ပြော​ခဲ့​သည်။—၂ ပေတရု ၃:၁၁၊ ၁၂

အခန်းဆက်​ဟောပြောချက်​၏ ဒုတိယ​ဟောပြောသူ​သည် ယုဒ​ခေါင်းဆောင်​များ​ကို မိက္ခာ​ပြစ်တင်​ရှုတ်ချခဲ့​ကြောင်း ဖော်ပြ​သည်။ သူတို့သည် ဆင်းရဲသား​များ၊ ခိုကိုးရာ​မဲ့​သူများကို မတရား​အနိုင်ကျင့်​ခဲ့​ကြသည်။ သို့သော် စစ်မှန်သော​ဝတ်ပြုရေး အောင်ပွဲခံ​မည်​ကိုလည်း မိက္ခာ​ကြို​ဟောခဲ့​၏။ (မိက္ခာ ၄:၁-၅) ယေဟောဝါ​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​ခံစား​ရသော ကျွန်ုပ်​တို့သည် ဤ​လန်းဆန်းဖွယ် မျှော်လင့်ခြင်း​သတင်းတရားကို ကြွေးကြော်​ရန် သန္နိ​ဋ္ဌာန်​ချထား​ကြသည်။ သို့သော် ကျန်းမာ​ရေး​ချို့တဲ့မှု သို့​မဟုတ် ကန့်သတ်မှု​တို့​ကြောင့် တစ်နည်း​နည်းဖြင့် စိတ်​အနှောင့်အယှက်​ဖြစ်​နေလျှင်​ကော အသို့နည်း။ တတိယ​ဟောပြောသူက “ယေဟောဝါ​ရဲ့​တောင်းဆိုချက်​တွေ​ဟာ အကျိုးသင့်အကြောင်းသင့်​ရှိတဲ့​အပြင် လက်လှမ်းမီ​နိုင်တယ်” ဟု​ပြော​ခဲ့​သည်။ မိက္ခာ ၆:၈ ပါ​ကဏ္ဍအသီးသီး​ကို သူ​ဆက်​ဆွေးနွေး​ခဲ့​သည်၊ ထို​တွင် ဤသို့​ဖတ်​ရ၏– “တရား​သဖြင့်​ပြုခြင်း၊ [သနား​ကြင်နာ​ခြင်း]ကို နှစ်သက်ခြင်း၊ သင်၏​ဘုရားသခင့်​ရှေ့တော်၌ နှိမ့်ချသော​စိတ်​နှင့် ကျင့်​နေခြင်း​မှတစ်ပါး အဘယ်​ပူဇော်[ရာ​ယဇ်]ကို ထာဝရ​ဘုရား တောင်း​တော်​မူ​သနည်း။”

ဤ​လောက​၏​အကျင့်​ယိုယွင်းမှု​သည် ခရစ်ယာန်​များ​ကို ဆိုးကျိုး​ပြု​နိုင်ရာ “သင့်​နှလုံးကို စောင့်ရှောက်ခြင်း​ဖြင့် အကျင့်​သီလ​ကောင်း​ကို ထိန်းသိမ်း​လော့” ဟူသော​ဟောပြောချက်​မှ ကျွန်ုပ်​တို့အားလုံး အကျိုး​ရရှိခဲ့​ကြသည်။ ဥပမာ၊ ကိုယ်ကျင့်တရား​စောင့်ထိန်းခြင်း​ဖြင့် ပျော်ရွှင်​ချမ်းမြေ့​သော အိမ်ထောင်သည်​ဘဝကို ရရှိစေ​လိမ့်​မည်။ ခရစ်ယာန်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် လိင်ဆိုင်ရာ​အကျင့်​ယိုယွင်း​နိုင်​သည့်​အတွေး​ကို​ပင် ဘယ်တော့​မျှ မစဉ်း​စား​ရ​ပါ။—၁ ကောရိန္သု ၆:၁၈

အယူဖောက်ပြန်သူ​များ​ဖြန့်​နေသော အယူ​လွဲမှား​မှုများ၊ မမှန်​တစ်ဝက်​မှန်​တစ်ဝက်​စကား​များ၊ မုသား​စကား​များ​ကို အဆိပ်အတောက်​အဖြစ် ကျွန်ုပ်​တို့ ပညာရှိ​စွာ ယူမှတ်​ကြ​ရမည်ဟု “လှည့်စားခြင်း​ကို သတိပြု” ဟောပြောချက်​က ဖော်ပြ​သည်။ (ကောလောသဲ ၂:၈) ထို​နည်းတူ၊ ဆိုးကျိုး​များ​မခံရ​ဘဲ အပြစ်ပြု​လို​သော​ဆန္ဒ​များ​ကို လိုက်လျော​သွား​နိုင်​သည့် စဉ်းစား​တွေးခေါ်မှု​ဖြင့် ကိုယ့်​ကိုယ်ကို မလှည့်စား​သင့်​ပါ။

ပထမ​နေ့​၏​နိဂုံး​ချုပ်​ဟောပြောချက်​ခေါင်းစဉ်​မှာ “စစ်မှန်​၍ တစ်ဆူတည်း​ဖြစ်သော ဘုရားသခင်​ကို ကိုးကွယ်​လော့” ဖြစ်၏။ ကမ္ဘာ့​အခြေအနေ​သည် ပို​၍​ဆိုးရွား​လာ​လေ မကြာမီ ယေဟောဝါ​သည် ဖြောင့်မတ်​သော​ကမ္ဘာသစ်​ကို ဆောင်ကြဉ်း​ပေး​တော့​မည်​ကို သိရှိ​ရခြင်း​သည် တကယ်​ကို​အားရှိစရာ​ပင်! ထို​တွင် မည်သူ​တို့ နေထိုင်​မည်​နည်း။ ယေဟောဝါ​ကို ကိုးကွယ်​သူများ​သာ နေထိုင်​ရမည်​ဖြစ်သည်။ ဤ​ပန်းတိုင်​သို့​ရောက်ရှိ​ရန် ကျွန်ုပ်​တို့ကို​လည်းကောင်း၊ ကျွန်ုပ်​တို့၏​သားသမီး​များ​ကိုလည်း​ကောင်း၊ ကျွန်ုပ်​တို့၏​ကျမ်းစာ​သင်အံမှုများ​ကိုလည်း​ကောင်း ကူညီပေး​ရန် စစ်မှန်​၍ တစ်ဆူတည်း​ဖြစ်သော ဘုရားသခင်​ကို ကိုးကွယ်​လော့ ဟူ​သည့် လေ့လာ​ဖို့ စာအုပ်​အသစ်​တစ်အုပ်​ကို ဟောပြောသူက ထုတ်ဝေ​လိုက်​သည်။ ထို​စာအုပ်​ကို ကျွန်ုပ်​တို့​ရရှိခဲ့ကြ​သည့်​အတွက် ဝမ်းသာစရာ​ပါ​တကား!

ဒုတိယ​နေ့တွင် ကောင်းသော​အမှုအရာ​၌ ထက်သန်မှု​ရှိ​ခြင်း​ကို ပေါ်လွင်​စေ

စည်းဝေးကြီး​ဒုတိယ​နေ့​၏ အဓိက​အချက်​မှာ “ကောင်းသော​အမှုအရာ​၌ ထက်သန်​လော့” ဖြစ်၏။ (၁ ပေတရု ၃:၁၃) ပထမ​ဆုံး​ဟောပြောသူ​သည် နေ့စဉ်​ကျမ်းချက်​ကို ဆွေးနွေး​ခဲ့​သည်။ နေ့စဉ်​ကျမ်းချက်​ကို မှန်မှန်​နှင့် အဓိပ္ပာယ်ရှိရှိ ဆင်ခြင်​သုံးသပ်ခြင်း​သည် ကျွန်ုပ်​တို့၏​ထက်သန်မှု​ကို တိုးတက်စေ​သည်​ဟု အလေးအနက်​ပြော​ခဲ့​သည်။

ထို့နောက် “မိမိတို့၏[ခရစ်ယာန်]ဓမ္မ​အမှုကို ဂုဏ်တင်​ကြသော [ဘုရားသခင့်] နိုင်ငံတော်​ကြွေးကြော်​သူများ” အခန်းဆက်​ဟောပြောချက်ကို ကြား​ခဲ့​ရ၏။ ပထမ​ပိုင်း​တွင် ဘုရားသခင့်​နှုတ်မြွက်တော်​ကို မှန်ကန်​စွာ​ကိုင်တွယ်​ရန် လိုအပ်ကြောင်း အလေးပေး​ဟောခဲ့​သည်။ (၂ တိမောသေ ၂:၁၅) သမ္မာကျမ်းစာ​ကို ကောင်းစွာ​အသုံးပြုခြင်း​ဖြင့် လူတို့၏​အသက်တာကို “တန်ခိုး​နှင့်​ပြုပြင်” ရန်​လမ်းဖွင့်​ပေး​သည်။ (ဟေဗြဲ ၄:၁၂) ထို့​ကြောင့် ကျမ်းစာ​ကို အာရုံစိုက်​စေပြီး ယင်းကို ယုံကြည်​လက်ခံ​လာနိုင်​ရန် သူတို့နှင့် ဆင်ခြင်​သုံးသပ်​သင့်​သည်။ စိတ်ဝင်စားသူ​များ​ထံ ထပ်ခါတလဲ​လဲ ပြန်​သွားဖို့ အခန်းဆက်​ဟောပြောချက်​၏ ဒုတိယ​အပိုင်း​က အားပေး​တိုက်တွန်း​သည်။ (၁ ကောရိန္သု ၃:၆) စိတ်ဝင်စားသူ​အားလုံးထံ ချက်ချင်း​ပြန်သွား​ရန် ကြိုတင်​ပြင်ဆင်မှု​နှင့် ရဲစွမ်းသတ္တိ​ရှိဖို့လို​သည်။ တတိယ​ပိုင်း​တွင် ကျွန်ုပ်​တို့​တွေ့ဆုံ​သည့် လူတိုင်းကို တပည့်​လောင်းများ​အဖြစ် ရှုမြင်​ရန်​နှင့် ပထမ​ဆုံး​ရောက်ရှိချိန်​တွင်​ပင် ကျမ်းစာ​သင်အံမှု ကမ်း​လှမ်း​ခြင်း​ဖြင့် တပည့်​များ​ဖြစ်လာ​စေနိုင်​ခြင်း​၏ ရွှင်လန်းမှု​ကို ခံစား​နိုင်​ကြောင်း ဖော်ပြ​သည်။

နောက်​ဟောပြောချက်​၏​အဓိက​အချက်​မှာ “‘မခြားမလပ်​ဆုတောင်း​ရသည့်’ အကြောင်း” ဖြစ်သည်။ ဘဝ​ကဏ္ဍအသီးသီး​တွင် ဘုရားသခင်​၏​လမ်းညွှန်မှုကို​ရှာယူ​ရန် ခရစ်ယာန်​များ​ကို ကျမ်းစာ​က တိုက်တွန်း​ထား​သည်။ သီးသန့်​ဆုတောင်း​ရန် အချိန်​ယူဖို့​လို​သည်။ ထို့​ပြင် ယေဟောဝါ​မဖြေ​ကြား​မီ အတန်ကြာ ဆက်​ဆုတောင်း​နေဖို့ ကိုယ်တော်​ခွင့်ပြု​ထားခြင်း​ဖြစ်​နိုင်​သည်။—ယာကုပ် ၄:၈

“ဝိညာဉ်​ရေးရာ​စကားစမြည်​ပြောဆိုခြင်း​က တည်ဆောက်မှု​ဖြစ်စေ” ဟောပြောချက်​တွင် ကျွန်ုပ်​တို့၏​စကားပြော​စွမ်းရည်​ကို ကိုယ်​ကိုယ်တိုင်​နှင့် အခြားသူများ​အတွက် အကျိုးရှိရှိ​အသုံးပြု​ကြဖို့ အားပေး​တိုက်တွန်း​ခဲ့​သည်။ (ဖိလိပ္ပိ ၄:၈) အိမ်ထောင်ဖက်​များနှင့် ကလေး​များသည် နေ့စဉ် ဝိညာဉ်​ရေးရာ​စကားစမြည်​ပြောဆို​ရန် လိုအပ်​သည်။ ထို့​ကြောင့် မိသားစု​များသည် နေ့စဉ် အနည်းဆုံး​တစ်ကြိမ် အတူတကွ​စားသောက်​ကြ​ရန် ကြိုးစား​သင့်​သည်၊ သို့​မှ​သာ​လျှင် တည်ဆောက်မှု​ဖြစ်စေ​သော စကားစမြည်​ပြောဆို​ခွင့်​ရရှိ​ပေမည်။

နံနက်ပိုင်း​အစီအစဉ်ကို “ဆက်ကပ်​အပ်နှံခြင်း​နှင့် နှစ်ခြင်းက ကယ်တင်ခြင်း​သို့ ဦးတည်​စေ​ပုံ” ဟူ​သည့် ကြည်နူး​အားရစရာ ဟောပြောချက်​ဖြင့် နိဂုံး​ချုပ်​ခဲ့​သည်။ နှစ်ခြင်း​ခံ​မည့်​သူများ​သည် အသိပညာကို​ဆည်းပူး​ခဲ့​၍ ယုံကြည်ခြင်း​တင်ပြ​ကာ နောင်တ​ယူ ပြောင်းလဲ​ပြီး ဘုရားသခင်​ထံ ကိုယ့်​ကိုယ်ကို ဆက်ကပ်​အပ်နှံ​ခဲ့​ကြသည်။ သူတို့​နှစ်ခြင်း​ခံ​ပြီး​နောက် ဝိညာဉ်ရေးတွင် ဆက်​တိုးတက်၍ ထက်သန်မှု​ကို ဆက်​ထိန်းသိမ်း​ပြီး ကောင်းမှု​များ​ပြု​ရမည်ဟု ဟောပြောသူက ပြောကြား​ခဲ့​၏။—ဖိလိပ္ပိ ၂:၁၅၊ ၁၆

ထို​နေ့​မွန်းလွဲပိုင်း​တွင် “ကျိုးနွံ​မှု​ရှိပြီး သင့်​မျက်စိ​ကို ရိုးရှင်း​စွာ​ထား​လော့” ဟောပြောချက်​က အဓိက​အချက်​နှစ်ချက်​ကို အလေးပေး​ဖော်ပြ​ခဲ့​သည်။ ကျိုးနွံ​မှု​ရှိ​ခြင်း​ဟူသည် ဘုရားသခင့်​ရှေ့တော်တွင် ကျွန်ုပ်​တို့၏​ကန့်သတ်ချက်​များနှင့် အနေအထား​ကို အရှိအတိုင်း ရှုမြင်ခြင်း​ဖြစ်သည်။ ကျိုးနွံ​မှု​သည် ကျွန်ုပ်​တို့၏​မျက်စိ​ကို “ရိုးရှင်း” စွာ​ထား​ရှိစေပြီး စည်းစိမ်ဥစ္စာ​ကို​မဟုတ်ဘဲ ဘုရားသခင့်​နိုင်ငံတော်​ကို အာရုံစိုက်​စေ​၏။ ထိုသို့​ကျွန်ုပ်​တို့​ပြု​လျှင် ကျွန်ုပ်​တို့၏​လိုအပ်ရာ​များ​ကို ယေဟောဝါ​ဖြည့်စွက်​ပေး​မည်​ဖြစ်​ရာ စိုးရိမ်​ပူပန်​စ​ရာ​မလိုပါ။—မဿဲ ၆:၂၂-၂၄၊ ၃၃၊ ၃၄

“စိတ်သောက​ရောက်နေ​ချိန်​တွင် ယေဟောဝါ​ကို လုံးလုံး​ယုံကြည်​ကိုးစား” သင့်​ကြောင်း နောက်​ဟောပြောသူက ပြော​ခဲ့​သည်။ ကိုယ်​ကိုယ်တိုင်​၏​အားနည်းချက်များ​နှင့် ငွေကြေး၊ သို့​မဟုတ် ကျန်းမာ​ရေး​ပြဿနာ​များ အစ​ရှိသည်​တို့ကို မည်သို့​ကိုင်တွယ်​ဖြေရှင်း​နိုင်​မည်​နည်း။ လက်တွေ့ကျ​ဉာဏ်ပညာ​ရှိဖို့ ယေဟောဝါ​ထံ တောင်းခံ​ပြီး တခြား​သူများ​ထံ​မှ​လည်း အကူအညီ​တောင်း​ကြ​စို့။ ကြောက်ရွံ့​တုန်လှုပ်၊ စိတ်ပျက်​အားလျော့​မည့်​အစား သမ္မာကျမ်းစာ​ကို ဖတ်ရှုခြင်း​အားဖြင့် ဘုရားသခင်​အား ယုံကြည်​ကိုးစားမှု တိုးပွား​စေ​သင့်​သည်။—ရောမ ၈:၃၅-၃၉

စည်းဝေးကြီး​၏​နောက်ဆုံး​အခန်းဆက် ဟောပြောချက်​၏​အဓိက​အချက်​မှာ “စမ်းသပ်မှု​အမျိုးမျိုးဖြင့် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း​အရည်အသွေး စစ်ဆေး​ခံရ” ဖြစ်သည်။ စစ်မှန်သော​ခရစ်ယာန်​အားလုံး​သည် ညှဉ်းပန်း​နှိပ်စက်​ခံရ​မည်​ဖြစ်​ကြောင်း ပထမ​ပိုင်း​ဟောပြောချက်​က အမှတ်ရ​စေ​၏။ ထိုသို့​သော​အားဖြင့် သက်သေခံခွင့်​ရရှိ​စေပြီး ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို ခိုင်ခံ့​စေ​သည်၊ ဘုရားသခင်​ကို ကျွန်ုပ်​တို့​တည်ကြည်​ကြောင်း ပြသ​ခွင့်​ရရှိစေ​၏။ ကျွန်ုပ်​တို့သည် မလိုအပ်ဘဲ စွန့်စား​ပြုလုပ်​ကြ​မည်​မဟုတ်သော်လည်း ညှဉ်းပန်း​နှိပ်စက်မှု​မခံရ​ရန် ကျမ်းစာ​နှင့်မညီညွတ်​သော​နည်း​များ​ကို ဘယ်တော့မှ အသုံးပြု​ကြ​မည်​မဟုတ်ပေ။—၁ ပေတရု ၃:၁၆

ဤ​အခန်းဆက်​ဟောပြောချက်​၏ ဒုတိယ​ဟောပြောသူက ကြားနေ​ခြင်း​နှင့်​ပတ်သက်​၍ မေးခွန်းများ​မေးဖြေ​ခဲ့​သည်။ အစောပိုင်း​ခရစ်ယာန်​များသည် စစ်​ဆန့်ကျင်ရေး​သမားများ မဟုတ်​ကြသော်လည်း သူတို့ အဓိက​တည်ကြည်​ရမည့်​သူ​မှာ ဘုရားသခင်​ဖြစ်​ကြောင်း အသိအမှတ်ပြု​ခဲ့​ကြသည်။ ထို​နည်းတူ​စွာ ယနေ့လည်း “သင်တို့သည် ဤ​လောက​နှင့် မဆက်ဆံ” ကြ​ရ​ဟူသော မူကို ယေဟောဝါသက်သေ​များ အခိုင်အမာ​စွဲကိုင်​ထား​ကြသည်။ (ယောဟန် ၁၅:၁၉) ကြားနေ​ခြင်း​နှင့်​ပတ်သက်​၍ စမ်းသပ်မှု​များ ရုတ်တရက်​ပေါ်ပေါက်​လာနိုင်​ရာ ဤ​အကြောင်း​နှင့်​ပတ်သက်​သည့် ကျမ်းစာ​လမ်းညွှန်ချက်များ​ကို မိသားစု​လိုက် အချိန်​ယူ​သုံးသပ်​သင့်​၏။ ဤ​အခန်းဆက်​ဟောပြောချက်​၏ တတိယ​အပိုင်း​က ဖော်ပြ​သည့်​အတိုင်း စာတန်​၏​ရည်ရွယ်ချက်မှာ ကျွန်ုပ်​တို့ကို သတ်​လို​၍​မဟုတ်ဘဲ သစ္စာမဲ့​သွားစေရန် ဖိအားပေး​ဖို့​ဖြစ်သည်။ လှောင်ပြောင်ခြင်း၊ အကျင့်​ယိုယွင်း​စေဖို့​ဖိအားပေး​ခြင်း၊ စိတ်​နာကျင်မှု​နှင့် ဖျားနာ​မှု​တို့​ကြား တည်ကြည်​စွာ ခံရပ်​ခြင်း​ဖြင့် ယေဟောဝါ​ကို ကျွန်ုပ်​တို့ ဂုဏ်တင်​ချီးမွမ်း​ကြသည်။

“ယေဟောဝါ​ထံ ချဉ်းကပ်​ကြလော့” ဟူ​သည့် နွေးထွေး​သော​ဖိတ်ခေါ်ချက်​သည် ထို​နေ့​နောက်ဆုံး​ဟောပြောချက်​၏ ခေါင်းစဉ်​ဖြစ်သည်။ ယေဟောဝါ​၏​အဓိက​ဂုဏ်ရည်တော်​များ​ကို ကျွန်ုပ်​တို့​သိ​နားလည်​ထားခြင်း​က ကိုယ်တော်​ထံ​ချဉ်းကပ်​ရန် လှုံ့ဆော်ပေး​သည်။ အထူးသဖြင့် ဝိညာဉ်​ရေး​အရ ကိုယ်တော်​၏​လူမျိုးတော်ကို ကာကွယ်​စောင့်ရှောက်​ရန် ကိုယ်တော်​၏​အတိုင်းအဆမဲ့ တန်ခိုးတော်​ကို အသုံးပြု​၏။ ကိုယ်တော်​၏ တရား​မျှတခြင်း​သည် ကြမ်းတမ်းမှု​မရှိဘဲ ဖြောင့်မတ်​သူ​တိုင်း​ကို အဆုံးမဲ့​အသက်တာ​ရရှိစေ​၏။ မစုံလင်​သော​လူသားများ​ကို အသုံးပြု၍ သမ္မာကျမ်းစာ​ရေး​စေခြင်း​က ဘုရားသခင်​၏ ဉာဏ်ပညာ​ကို ထင်ရှားစေ​သည်။ နှစ်သက်ဖွယ်​အကောင်းဆုံး​ဂုဏ်ရည်တော်​မှာ ကိုယ်တော်​၏ ချစ်ခြင်း​မေတ္တာ​ဖြစ်သည်၊ ယင်းကြောင့် ယေရှု​ခရစ်​အားဖြင့် လူသားများ ကယ်တင်ခြင်း​ရရှိစေရန် အစီအစဉ်​ရေးဆွဲ​ခဲ့​ခြင်း​ဖြစ်သည်။ (ယောဟန် ၃:၁၆) ဟောပြောသူ​သည် ကြည်နူး​ဝမ်းသာစရာ ယေဟောဝါ​ထံ​ချဉ်းကပ်​လော့ စာအုပ်​အသစ်​ကို ထုတ်ဝေ​၍ နိဂုံး​ချုပ်​ခဲ့​သည်။

တတိယ​နေ့တွင် ကောင်းသော​အကျင့်​များ​၌ ထက်သန်မှု​ရှိ​ခြင်း​ကို အာရုံစိုက်

စည်းဝေးကြီး​တတိယ​နေ့​၏ အဓိက​ပေါ်လွင်​ချက်​မှာ “ကောင်းသော​အကျင့်​များ​၌ ထက်သန်​သူများ” ဖြစ်၏။ (တိတု ၂:၁၄) မိသားစု​တစ်စု​က နေ့စဉ်​ကျမ်းချက်​ကို ဆွေးနွေးခြင်း​နှင့် နံနက်ပိုင်းအစီအစဉ်ကို စတင်​ခဲ့​၏။ နောက်​ဟောပြောချက်မှာ “သင့်​ယုံကြည်​အားထား​မှု​သည် ယေဟောဝါ​၌​လော” ဖြစ်သည်။ တိုင်းနိုင်ငံ​များသည် သူတို့၏​ဉာဏ်ပညာ​နှင့် အစွမ်း​ခွန်အား​ကို မှီခို​အားထားခြင်း​ဖြင့် လွဲမှား​စွာ ယုံကြည်​အားထား​ခဲ့​ကြသည်။ သို့သော် ယင်း​နှင့်​ခြားနား​စွာ ယေဟောဝါ​၏​ကျေးကျွန်​များ​မူ​ကား ဘေးဆိုးများ​ကြုံ​ရ​လင့်​ကစား ကိုယ်တော့်​အပေါ် ရဲရင့်​ရွှင်လန်းစွာ မှီခို​အားထားကြ​သည်။—ဆာလံ ၄၆:၁-၃၊ ၇-၁၁

“လူငယ်တို့—ယေဟောဝါ​၏​အဖွဲ့အစည်း​နှင့်အတူ အနာဂတ်​ကို​တည်ဆောက်​ကြလော့” ဟူ​သည့် ဟောပြောချက်​တွင် ဤ​မေးခွန်း​ကို မေးခဲ့သည်– လူငယ်​တစ်ဦး​သည် အကောင်းဆုံး​ဘဝကို မည်သို့​ရယူ​နိုင်​သနည်း။ ငွေ၊ ဥစ္စာ​ပစ္စည်း၊ ကျော်ကြား​မှု​ရရှိဖို့ ကြိုးစား​ခြင်း​အားဖြင့် မရရှိ​နိုင်​ချေ။ ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​သည် လူငယ်များ​ကို သူတို့​ငယ်ရွယ်စဉ်​အချိန်တွင် ဘုရားသခင်​ကို အောက်မေ့​သတိရ​ကြ​ရန် မေတ္တာပါပါ တိုက်တွန်း​ထား​သည်။ ဟောပြောသူ​သည် လူငယ်​ဘဝက ခရစ်ယာန်​လုပ်ငန်းတော်တွင် ကြိုးစား​လုပ်ဆောင်ခဲ့​သူ​အချို့​ကို လူတွေ့​ခေါ်​မေးမြန်းခဲ့​ရာ သူတို့၏​ရွှင်လန်းမှု​ကို ကျွန်ုပ်​တို့​ခံစား​နိုင်​ကြ​ပါ​သည်။ ထို့နောက် ယေဟောဝါ​အဖွဲ့အစည်း​နှင့်​ပူးပေါင်း​၍ ထာဝရ​အနာဂတ်​အတွက် အုတ်မြစ်ချ​နိုင်​ကြ​ရန် လူငယ်​သက်သေခံ​များ​ကို အကူအညီ​ပေးဖို့ ရည်စူး​ထုတ်ဝေ​ထား​သည့် လူငယ်တို့—သင်တို့​အသက်တာကို မည်သို့​အသုံးပြု​ကြ​မည်​နည်း ဝေစာ​အသစ်​ရရှိကြ​သဖြင့် အမှန်တကယ်​အကျိုး​ရရှိခဲ့သည်!

ထို့နောက် “ဆင်းရဲ [ခက်ခဲ] မြားမြောင်​ချိန်​တွင် အခိုင်အမာ​ရပ်တည်” ဟူ​သည့် စိတ်ဝင်စားဖွယ် ကျမ်းစာ​ပြဇာတ်​ကို ရှုစား​ခဲ့​ရသည်။ ထို​တွင် ယေရမိ​၏​လူငယ်​ဘဝ​မှ သူကိုယ်တိုင်​ပရောဖက်ပြု​ခဲ့​သည့် ယေရုရှလင်​မြို့​ဖျက်ဆီး​ခံရ​ချိန်​အထိ သူ၏​နှစ်​ရှည်​လ​များ ထက်သန်​စွာ​လုပ်ဆောင်ခဲ့​သော လုပ်ငန်း​ကို သရုပ်ဖော်​ထား​သည်။ ယေရမိ​သည် သူ၏​အလုပ်​တာဝန်​ကို ထမ်းဆောင်​ရန် အရည်အချင်း​မပြည့်မီ​ဟု ခံစားရ​သော်လည်း အတိုက်အခံ​များ​ကြား ကျေပွန်​စွာ​ထမ်းဆောင်​ခဲ့​၍ သူ့ကို ယေဟောဝါ ကယ်လွှတ်​ပေး​ခဲ့​သည်။—ယေရမိ ၁:၈၊ ၁၈၊ ၁၉

ထို​ပြဇာတ်​ပြီး​နောက် “ယေရမိ​နည်းတူ—ဘုရားသခင့်​နှုတ် [မြွက်] တော်​ကို မကြောက်​မ​ရွံ့ ကြွေးကြော်​လော့” ဟောပြောချက်ကို တင်ဆက်​ခဲ့​သည်။ မျက်မှောက်ခေတ် ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​သည် မဟုတ်မမှန်​သတင်းလွှင့်​ခြင်း​နှင့် မလို​တ​မာ​ဝါဒဖြန့်​ခြင်း​တို့​ကြောင့် မကြာခဏ​မုန်းတီး​ခံရ​ကြ​၏။ (ဆာလံ ၁၀၉:၁-၃) သို့သော် ယေရမိ​နည်းတူ ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​နှုတ်မြွက်တော်​ကို နှစ်ခြိုက်​စွာ​ဖတ်ရှုခြင်း​အားဖြင့် စိတ်ဓာတ်​မကျ​ဘဲ နေနိုင်​ကြ​ပါ​သည်။ ကျွန်ုပ်​တို့ကို ဆန့်ကျင်​တိုက်ခိုက်သူ​များသည် အောင်မြင်​ကြ​မည်​မဟုတ်​ကြောင်းကို​လည်း ကျွန်ုပ်​တို့​စိတ်ချ​နိုင်​သည်။

‘ဤ​လောက​၏​အဆင်းသဏ္ဌာန်​သည် ပြောင်းလဲ​နေ’ လူထု​ဟောပြောချက်သည် အချိန်သင့်​အခါသင့်​ဖြစ်၏။ ကျွန်ုပ်​တို့၏​ခေတ်တွင် အကြီးအကျယ်​ပြောင်းလဲမှု​များ တွေ့​နေရ​သည်။ ‘ငြိမ်းချမ်းပြီ၊ လုံခြုံပြီ’ ဟူသော ကြွေးကြော်​ချက်​အပါအဝင် ထိုသို့​သော​အခြေအနေ​များသည် ဘုရားသခင်​၏​ကြောက်မက်​ဖွယ် တရား​စီရင်​ရာ​နေ့​သို့ ဦးတည်​သွား​လိမ့်​မည်​ဟု ကျမ်းစာ​က ကြိုဟော​သည်။ (၁ သက်သာလောနိတ် ၅:၃) ၎င်းနောက် ထူးဆန်း​ဖွယ်​ပြောင်းလဲမှု​များ ဖြစ်ပေါ်​လာ​လိမ့်​မည်၊ ထို​အခါ စစ်ပွဲ​များ၊ ရာဇဝတ်မှု၊ အကြမ်းဖက်မှု​နှင့် ရောဂါ​ဝေဒနာ​တို့​ပင် ရှိတော့မည်​မဟုတ်။ သို့​ဖြစ်၍ ဤ​အစီအစဉ်​စနစ်​ကို ယုံကြည်​ကိုးစား​မည့်​အစား ဤ​အချိန်တွင် ဘုရားသခင်​ဝတ်၌​မွေ့လျော်​ပြီး စင်ကြယ်သော​အကျင့်ကို စောင့်ထိန်း​နေရ​မည့်​အချိန်​ဖြစ်သည်။

ထို​အပတ် ကင်းမျှော်စင် သင်တန်း အကျဉ်းချုပ်​ပြီး​နောက် စည်းဝေးကြီး​၏ နောက်ဆုံး​ဟောပြောချက်​ဖြစ်သည့် “ထက်သန်​သော ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​အဖြစ် ကောင်းသော​အကျင့်​များ​၌ အလုပ်များ​နေကြ” ကို​ကြားနာ​ခဲ့​ကြ​ရသည်။ အစီအစဉ်​တစ်ခုလုံး​သည် ဝိညာဉ်​ရေး​အရ ကျွန်ုပ်​တို့ကို လှုံ့ဆော်ပေး​ခဲ့​ပြီး ယေဟောဝါ​အပေါ် မှီခို​အားထားကြ​ရန် အားပေး​တိုက်တွန်း​ခဲ့​ပုံ​ကို ဟောပြောသူက ဖော်ပြ​ခဲ့​သည်။ နိဂုံး​ချုပ်​တွင် သန့်ရှင်း​စင်ကြယ်​၍ မေတ္တာ​ရှိပြီး ထက်သန်​သော ဘုရားသခင့်​နိုင်ငံတော် ကြွေးကြော်​သူများ​ဖြစ်​ကြ​ရန် ကျွန်ုပ်​တို့ကို တိုက်တွန်း​ခဲ့​သည်။—၁ ပေတရု ၂:၁၂

နေဟမိ​ခေတ်​က ယေဟောဝါ​၏​ကျေးကျွန်​များ​ကဲ့သို့ ကျွန်ုပ်​တို့သည် “ထက်သန်​သော [ဘုရားသခင့်] နိုင်ငံတော် ကြွေးကြော်​သူများ” ခရိုင်​စည်းဝေးကြီး​တွင် ရရှိခဲ့​သော ဝိညာဉ်​ရေး​ကောင်းချီး​များ​ကြောင့် ရွှင်လန်း​အားရ​စွာ အိမ်ပြန်​သွားခဲ့​ကြ​မည်​မှာ အမှန်ပင်။ (နေဟမိ ၈:၁၂) စိတ်​လှုပ်ရှား​ဖွယ် ဤ​စည်းဝေးကြီး​သည် သင့်​အား ရွှင်လန်း​အားရ​စေပြီး ထက်သန်​သော ဘုရားသခင့်​နိုင်ငံတော် ကြွေးကြော်​သူ​အနေ​နှင့် စွဲမြဲ​စွာ​လုပ်ဆောင်​သွား​ရန် သန္နိ​ဋ္ဌာန်​ချ​စေ​ခဲ့ပြီ မဟုတ်ပေ​လော။

[စာမျက်နှာ ၂၃ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

လေ့လာမှု​အတွက် အထောက်အကူ​အသစ်!

စည်းဝေးကြီး​ပထမ​နေ့ နိဂုံးပိုင်း​တွင် စစ်မှန်​၍ တစ်ဆူတည်း​ဖြစ်သော ဘုရားသခင်​ကို ကိုးကွယ်​လော့ စာအုပ်​အသစ်​ကို ထုတ်ဝေ​လိုက်ခြင်း​ကြောင့် တက်ရောက်သူ​များသည် ဝမ်းသာ​ကြည်း​နူး​ခဲ့​ကြသည်။ ယင်း​စာအုပ်​ကို ထာဝရ​အသက်​ရစေသော​အသိပညာ စာအုပ် လေ့လာ​ပြီး​သူများ​နှင့် သင်အံမှု​ဆက်​ပြုလုပ်​ရန် ရည်စူး​ထုတ်ဝေ​ထားပြီး “ထာဝရ​အသက်ကို တလိုတလား​ရှိသူ” များ​၏ ယုံကြည်ခြင်းကို အမှန်ပင် ခိုင်ခံ့​စေပါ​လိမ့်​မည်။—တမန်​တော် ၁၃:၄၈

[Credit Line]

Image on book cover: U.S. Navy photo

[စာမျက်နှာ ၂၄ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ဘုရားသခင်​နှင့် ပိုမို​ရင်းနှီး​စေရန် အကူအညီ

စည်းဝေးကြီး​ဒုတိယ​နေ့​၏ နောက်ဆုံး​ဟောပြောသူက ယေဟောဝါ​ထံ​ချဉ်းကပ်​လော့ စာအုပ်​အသစ်​ကို ထုတ်ဝေ​လိုက်​ကြောင်း ကြေညာ​ခဲ့​သည်။ ၎င်း​စာအုပ်​တွင် ယေဟောဝါ​၏​အဓိက​ဂုဏ်ရည်တော်​များ​ဖြစ်သည့် တန်ခိုး၊ တရား​မျှတခြင်း၊ ဉာဏ်ပညာ​နှင့် ချစ်ခြင်း​မေတ္တာ တစ်ခု​ချင်း​စီ​ကို ရှင်းပြ​ထား​သည့် အဓိက​အပိုင်း​လေး​ပိုင်း​ပါဝင်​သည်။ ထို​စာအုပ်​၏​အပိုင်း​တစ်ခုစီ​တွင် ဘုရားသခင့်​အရည်အသွေးများ​ကို ယေရှု​ခရစ် ကွင်းကွင်းကွက်ကွက်​ဖော်ပြ​ထား​သည့် အခန်း​တစ်ခု​ပါရှိ​သည်။ ဤ​စာအုပ်​အသစ်​၏​အဓိက​ရည်ရွယ်ချက်မှာ ကျွန်ုပ်​တို့​နှင့် ကျွန်ုပ်​တို့၏​ကျမ်းစာ​သင်သားများ​သည် ယေဟောဝါ​ဘုရားသခင်​နှင့် ပိုမို​ရင်းနှီး​ကျွမ်းဝင်​လာပြီး ပိုမို​ခိုင်ခံ့​သည့်​ဆက်ဆံ​ရေး​ရရှိစေရန် ဖြစ်သည်။

[စာမျက်နှာ ၂၆ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

လူငယ်များ​အတွက် ဝိညာဉ်​ရေး​လမ်းညွှန်မှု

စည်းဝေးကြီး​တတိယ​နေ့တွင် လူငယ်တို့—သင်တို့​အသက်တာကို မည်သို့​အသုံးပြု​ကြ​မည်​နည်း အထူး​ဝေစာ​အသစ်​တစ်စောင် ထုတ်ဝေ​ခဲ့​သည်။ သက်သေခံ​လူငယ်များသည် သူတို့၏​အနာဂတ်​နှင့်​ပတ်သက်​၍ ဆုံးဖြတ်ချက်​များ မှန်ကန်​စွာ​ချ​နိုင်​စေရန် ရည်စူး​ထုတ်ဝေ​ထားသော ဤ​ဝေစာ​အသစ်​သည် ယေဟောဝါ​၏​လုပ်ငန်းတော်​ကို ထာဝစဉ်​လုပ်ဆောင်​သွား​နိုင်​ဖို့ ကျမ်းစာ​အကြံပြုချက်များ ပေး​ထား​ပါ​သည်။