‘ငါ၏တရား၌ တည်နေကြလော့’
‘ငါ၏တရား၌ တည်နေကြလော့’
“သင်တို့သည် ငါ၏ [တရား] ၌တည်နေလျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။”—ယောဟန် ၈:၃၁၊ သမ္မာ။
၁။ (က) ယေရှုကောင်းကင်သို့ ပြန်တက်ကြွသောအခါ မြေကြီးပေါ်တွင် အဘယ်အရာချန်ရစ်ခဲ့သနည်း။ (ခ) အဘယ်မေးခွန်းများကို ကျွန်ုပ်တို့သုံးသပ်ကြမည်နည်း။
ခရစ်ယာန်ဘာသာတရားကို တည်ထောင်ခဲ့သူ ယေရှုခရစ်သည် ကောင်းကင်သို့ ပြန်တက်ကြွတော်မူသောအခါ ကိုယ်တော်ရေးသားခဲ့သောစာအုပ်များ၊ ကိုယ်တော်ဆောက်လုပ်ခဲ့သော အထိမ်းအမှတ်အဆောက်အအုံများ၊ ကိုယ်တော်စုဆောင်းခဲ့သော စည်းစိမ်ဥစ္စာများကို မြေကြီးပေါ်မချန်ရစ်ခဲ့ပါ။ သို့သော် ကိုယ်တော့်တပည့်များကျန်ရစ်သည့်အပြင် တပည့်ဖြစ်ခြင်းဆိုင်ရာ တိကျသောလိုအပ်ချက်များကိုလည်း ညွှန်ကြားခဲ့သည်။ ယေရှု၏နောက်လိုက်ဖြစ်လိုသူတစ်ဦး ပြည့်မီရမည့် အရေးပါသောလိုအပ်ချက်သုံးခုကို ယောဟန်ခရစ်ဝင်ကျမ်းတွင် ကိုယ်တော်ဖော်ပြ၏။ အဆိုပါလိုအပ်ချက်များကား အဘယ်နည်း။ ၎င်းတို့ကိုပြည့်မီရန် ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်နိုင်သနည်း။ ယနေ့ ကျွန်ုပ်တို့ကိုယ်တိုင် ခရစ်တော်၏တပည့်များဖြစ်ဖို့ အရည်အချင်းအမှန်ပြည့်မီကြောင်း မည်သို့သေချာစေနိုင်သနည်း။ *
၂။ ယောဟန်ခရစ်ဝင်ကျမ်းတွင် မှတ်တမ်းတင်ထားသည့်အရ တပည့်ဖြစ်ခြင်းဆိုင်ရာ အရေးပါသောလိုအပ်ချက်တစ်ခုကား အဘယ်နည်း။
၂ ယေရှုမသေဆုံးမီ ခြောက်လခန့်တွင် ကိုယ်တော်သည် တစ်ပတ်တာကြာသည့် သကေနေပွဲကျင်းပဖို့ ယေရုရှလင်မြို့၌စုရုံးနေကြသူ လူစုကြီးကိုဟောပြောရန် ကိုယ်တော်ကြွသွားခဲ့၏။ ရလဒ်အနေနှင့် ထိုပွဲခံစဉ်တွင် “လူအစုအဝေးထဲ၌ပါသောသူအများတို့သည် ယုံကြည်” လာကြ၏။ ထို့နောက် ယေရှုဆက်လက်ဟောပြောခဲ့သဖြင့် ၎င်းပွဲတော်၏နောက်ဆုံးနေ့တွင် “လူများတို့သည် ယုံကြည်ခြင်းသို့ရောက်ကြ” ပြန်သည်။ (ယောဟန် ၇:၁၀၊ ၁၄၊ ၃၁၊ ၃၇; ၈:၃၀) ထိုအချိန်တွင် ယေရှုသည် ယုံကြည်သူအသစ်များကို အာရုံစိုက်ပြီး တပည့်ဖြစ်ခြင်းဆိုင်ရာ အရေးပါသောလိုအပ်ချက်တစ်ခုကို မိန့်ဆိုခဲ့ရာ ၎င်းကို တမန်တော်ယောဟန်က ဤသို့မှတ်တမ်းတင်ခဲ့သည်– “သင်တို့သည် ငါ၏[တရား]၌တည်နေလျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။”—ယောဟန် ၈:၃၁၊ သမ္မာ။
၃။ “[ယေရှု၏] တရား၌ တည်နေ” ရန် အဘယ်အရည်အသွေးရှိဖို့ လိုသနည်း။
၃ ထိုသို့ယေရှုပြောခြင်းဖြင့် ယုံကြည်သူလူသစ်များ၌ ယုံကြည်ခြင်းနည်းသည်ဟု ကိုယ်တော်ဆိုလိုနေခြင်းမဟုတ်ပါ။ ယင်းအစား သူတို့သည် ကိုယ်တော်၏တရား၌တည်နေ၍ ခံနိုင်ရည်ရှိကြမည်ဆိုလျှင် ကိုယ်တော်၏ တပည့်စစ်များဖြစ်လာခွင့်ရှိကြောင်း ကိုယ်တော်ရည်ညွှန်းနေခြင်းဖြစ်သည်။ ကိုယ်တော်၏တရားကို သူတို့လက်ခံခဲ့ကြပြီဖြစ်၍ ယခု ထိုတရား၌ သူတို့ဆက်တည်နေကြဖို့လိုပေသည်။ (ယောဟန် ၄:၃၄; ဟေဗြဲ ၃:၁၄) ယေရှုသည် ခံနိုင်ရည်ကို မိမိ၏နောက်လိုက်များအတွက် အလွန်အရေးပါသော အရည်အသွေးတစ်ခုအဖြစ် ကိုယ်တော်ယူမှတ်ခဲ့သောကြောင့် ယောဟန်ခရစ်ဝင်ကျမ်းတွင် မှတ်တမ်းတင်ထားသည့် တမန်တော်များနှင့် နောက်ဆုံးအမှာစကားပြောဆိုချိန်၌ပင် “ငါ့နောက်သို့ [“ဆက်၍၊” ကဘ]လိုက်လော့” ဟူ၍ နှစ်ကြိမ်တိုင်တိုက်တွန်းခဲ့သည်။ (ယောဟန် ၂၁:၁၉၊ ၂၂) အစောပိုင်းခရစ်ယာန်အများ ထိုသို့ပြုမူခဲ့ကြသည်။ (၂ ယောဟန် ၄) သူတို့ကို အဘယ်အရာက ခံနိုင်ရည်ရှိစေခဲ့သနည်း။
၄။ အဘယ်အရာက အစောပိုင်းခရစ်ယာန်များကို ခံနိုင်ရည်ရှိစေခဲ့သနည်း။
၄ အနှစ်ခုနစ်ဆယ်ခန့် ခရစ်တော်၏ တည်ကြည်သောတပည့်ဖြစ်ခဲ့သူ တမန်တော်ယောဟန်သည် အရေးပါသောအကြောင်းတစ်ခုကို ထောက်ပြခဲ့သည်။ တည်ကြည်မှုရှိသောခရစ်ယာန်များကို သူဤသို့ ချီးမွမ်းပြောဆိုခဲ့သည်– “သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍ ဘုရားသခင်၏နှုတ်[မြွက်စကား]တော် သင်တို့၌တည်နေသဖြင့် [စာတန်] ကိုအောင် . . . ခဲ့ပြီ။” ဘုရားသခင်၏နှုတ်မြွက်စကားတော်သည် ခရစ်တော်၏ ထိုတပည့်များ၌ တည်နေသောကြောင့် သူတို့ခံနိုင်ရည်ရှိခဲ့၊ သို့မဟုတ် ဘုရားသခင့်နှုတ်မြွက်စကားတော်၌ တည်နေကြ၏။ ယင်းကို သူတို့အကြွင်းမဲ့ တန်ဖိုးထားမြတ်နိုးခဲ့ကြသည်။ (၁ ယောဟန် ၂:၁၄၊ ၂၄၊ သမ္မာ) အလားတူ ယနေ့လည်း “အဆုံးတိုင်အောင်တည်ကြည်” ကြရန် ဘုရားသခင့်နှုတ်မြွက်စကားတော်သည် ကျွန်ုပ်တို့၌ တည်ရှိနေရမည်။ (မဿဲ ၂၄:၁၃) မည်သို့ဖြစ်နိုင်မည်နည်း။ ယေရှုပြောပြခဲ့သော ပုံဥပမာတစ်ခုက အဖြေပေးသည်။
“တရားစကားကိုကြား၍”
၅။ (က) ယေရှု၏ပုံဥပမာတစ်ခုတွင် အဘယ်ကွဲပြားသောမြေလေးမျိုးကို ကိုယ်တော်ဖော်ပြခဲ့သနည်း။ (ခ) ယေရှု၏ပုံဥပမာထဲမှ မျိုးစေ့နှင့် မြေတို့သည် အဘယ်အရာကိုပုံဆောင်သနည်း။
၅ မျိုးကြဲသူတစ်ဦးပုံဥပမာကို ယေရှုပြောခဲ့ရာ ယင်းကို မဿဲ၊ မာကုနှင့် လုကာခရစ်ဝင်ကျမ်းများတွင် မှတ်တမ်းတင်ထားသည်။ (မဿဲ ၁၃:၁-၉၊ ၁၈-၂၃; မာကု ၄:၁-၉၊ ၁၄-၂၀; လုကာ ၈:၄-၈၊ ) ၎င်းမှတ်တမ်းများကို သင်ဖတ်ကြည့်သောအခါ ထိုပုံဥပမာ၏အဓိကအကြောင်းမှာ မျိုးစေ့တစ်မျိုးတည်းက မြေသားအမျိုးမျိုးပေါ်ကျ၍ အကျိုးတစ်မျိုးစီဖြစ်ထွန်းသည့်အကြောင်းဖြစ်သည်ကို သင်သတိပြုမိပေလိမ့်မည်။ ပထမမြေအမျိုးအစားမှာ မြေမာ၊ ဒုတိယအမျိုးအစားမှာ မြေတိမ်ဖြစ်၍ တတိယအမျိုးအစားမှာ ဆူးပင်များ တောထနေသောမြေဖြစ်သည်။ ၎င်းမြေသုံးမျိုးနှင့်မတူသည့် စတုတ္ထအမျိုးအစားမှာ “ကောင်းသောမြေ” ဖြစ်သည်။ ယေရှုကိုယ်တိုင်၏ရှင်းပြချက်အရ မျိုးစေ့မှာ ဘုရားသခင့်နှုတ်မြွက်စကားတော်၌ပါရှိသော ဘုရားသခင့်နိုင်ငံတော်သတင်းဖြစ်ပြီး မြေမူကား နှလုံးအခြေအနေအမျိုးမျိုးရှိ လူတို့ကို ပုံဆောင်သည်။ မြေသားအမျိုးမျိုးဖြင့် ပုံဖော်ခံရသူများသည် တူညီရာများရှိကြသော်လည်း ကောင်းသောမြေဖြင့် ပုံဖော်ခံရသူများမှာမူ ကျန်သူများမှ ကွဲပြားခြားနားသည့် အကျင့်လက္ခဏာတစ်ခုရှိသည်။ ၁၁-၁၅
၆။ (က) ယေရှု၏ပုံဥပမာမှ စတုတ္ထမြေအမျိုးအစားသည် အခြားမြေသုံးမျိုးနှင့် မည်သို့ကွာခြားသနည်း၊ ယင်းက အဘယ်အရာကို ဆိုလိုသနည်း။ (ခ) ခရစ်တော်၏တပည့်များအနေနှင့် ခံနိုင်ရည်ရှိကြောင်းတင်ပြရန် အဘယ်အရာမရှိမဖြစ်သနည်း။
၆ လုကာ ၈:၁၂-၁၅ ပါဖြစ်ရပ်လေးခုစလုံးတွင် လူတို့သည် “တရားစကားကိုကြား” ကြောင်းတွေ့ရှိရသည်။ သို့ရာတွင် “ဖြောင့်မတ်စင်ကြယ်သောစိတ်နှလုံး” ရှိသူတို့သည် “တရားစကားကိုကြား” နာရုံမျှမက ပြုခဲ့ကြသည်။ သူတို့သည် တရားတော်ကို “စွဲလမ်းသောအားဖြင့် မြဲမြံစွာ [“ခံနိုင်ရည်ဖြင့်၊” ကဘ] အသီး,သီး” ကြ၏။ ကောင်းသောမြေသည် ပျော့ပျောင်း၍ နက်ရှိုင်းသောကြောင့် မျိုးစေ့အား အတွင်းကျကျအမြစ်စွဲစေသဖြင့် အပင်များပေါက်ပြီး အသီး,သီးစေသည်။ (လုကာ ၈:၈) ထိုနည်းထပ်တူ စိတ်နှလုံးကောင်းသူတို့သည် ဘုရားသခင်၏တရားစကားကို နားလည်၊ တန်ဖိုးထား၍ စွဲလမ်းကြ၏။ (ရောမ ၁၀:၁၀; ၂ တိမောသေ ၂:၇) ဘုရားသခင့်နှုတ်မြွက်စကားတော်သည် သူတို့၌ တည်မြဲတည်နေ၏။ ထို့ကြောင့် သူတို့သည် ခံနိုင်ရည်ဖြင့် အသီး,သီးကြသည်။ ထို့ကြောင့် ခရစ်တော်၏တပည့်များအဖြစ် ခံနိုင်ရည်ရှိကြရန် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို စွဲစွဲလမ်းလမ်း၊ လှိုက်လှိုက်လှဲလှဲတန်ဖိုးထားလေးမြတ်ဖို့ အလွန်အရေးကြီးသည်။ (၁ တိမောသေ ၄:၁၅) သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဤမျှလှိုက်လှိုက်လှဲလှဲ တန်ဖိုးထားလေးမြတ်စိတ်ကို မည်သို့မွေးမြူနိုင်မည်နည်း။
နှလုံးအခြေအနေနှင့် အလေးအနက်ထား စဉ်းစားဆင်ခြင်ခြင်း
၇။ အဘယ်လုပ်ရပ်သည် ကောင်းသောနှလုံးနှင့် အနီးကပ်ဆက်စပ်သနည်း။
၇ သမ္မာကျမ်းစာက ကောင်းမွန်သောနှလုံးကို အဘယ်လုပ်ရပ်နှင့် ဆက်စပ်ဖော်ပြလေ့ရှိကြောင်း သတိပြုပါ။ “ဖြောင့်မတ်သောသူသည် အဘယ်သို့ပြန်ပြောရမည်ကို စိတ်နှလုံးထဲမှာဆင်ခြင်တတ်၏။” (သု. ၁၅:၂၈) “အိုထာဝရဘုရား အကျွန်ုပ်၏နှုတ်ထွက်စကားများနှင့် စိတ်ဆင်ခြင်ချက်များသည် မျက်မှောက်တော်၌ လက်ခံတော်မူဖွယ်ဖြစ်ပါစေသော။” (ဆာလံ ၁၉:၁၄၊ သမ) “ငါ့နှလုံးသည် ဉာဏ်နှင့်ဆိုင်သောအရာကို ဆင်ခြင်မည်။”—ဆာလံ ၄၉:၃။
၈။ (က) သမ္မာကျမ်းစာကိုဖတ်ရှုသောအခါ အဘယ်အရာကို ကျွန်ုပ်တို့ရှောင်ကြဉ်၍ အဘယ်အရာကို ပြုလုပ်သင့်သနည်း။ (ခ) ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဆုတောင်း၍ တွေးတောဆင်ခြင်ခြင်းမှ အဘယ်အကျိုးကျေးဇူးများ ရရှိနိုင်သနည်း။ (‘အမှန်တရား၌စွဲမြဲ’ လေးထောင့်ကွက်ပါဝင်။)
၈ အဆိုပါကျမ်းရေးသူများကဲ့သို့ ကျွန်ုပ်တို့လည်း ဘုရားသခင်၏နှုတ်မြွက်စကားတော်နှင့် ကိုယ်တော်၏အမှုတော်ကို ကျေးဇူးတင်လေးမြတ်စိတ်ဖြင့် ဆုတောင်းလျက် တွေးတောဆင်ခြင်ဖို့လိုသည်။ သမ္မာကျမ်းစာ သို့မဟုတ် ကျမ်းစာအခြေပြုစာပေစာတမ်းများကို ဖတ်ရှုသောအခါ ကျွန်ုပ်တို့သည် သဘာဝရှုခင်း တစ်ခုမှတစ်ခုသို့ ခပ်သုတ်သုတ်သွား၍ တွေ့မြင်သမျှကို ဓာတ်ပုံရိုက်ရုံရိုက်သွားသော ကမ္ဘာလှည့်ခရီးသည်များကဲ့သို့ မဖြစ်သင့်ပါ။ ထိုသို့ပြုမည့်အစား သမ္မာကျမ်းစာကိုလေ့လာသောအခါ ပုံဆောင်စကားအရ ရပ်တန့်၍ ရှုခင်းကိုမွေ့လျော်ခံစားရန် အချိန်ယူလိုကြပေမည်။ * ကျွန်ုပ်တို့ဖတ်ရှုရာကို အေးအေးဆေးဆေး စဉ်းစားဆင်ခြင်သောအခါ ဘုရားသခင့်နှုတ်မြွက်စကားတော်က ကျွန်ုပ်တို့နှလုံးကို လှုံ့ဆော်ပေးသည်။ ကျွန်ုပ်တို့၏စိတ်ကိုထိမိ၍ အတွေးအခေါ်ကိုပင် ပုံသွင်းပေးသည်။ ကျွန်ုပ်တို့၏ အတွင်းစိတ်သဘောထားများကို ဘုရားသခင်ထံ ဆုတောင်းရင်ဖွင့်ရန်လည်း လှုံ့ဆော်ပေးသည်။ သို့ဖြင့် ယေဟောဝါကိုပိုတွယ်တာလာပြီး ဘုရားသခင်ကိုချစ်သည့်အတွက် အခက်အခဲများအကြား ယေရှုနောက်ဆက်လိုက်ရန် လှုံ့ဆော်ခံရသည်။ (မဿဲ ၁၀:၂၂) ရှင်းနေသည်မှာ၊ ကျွန်ုပ်တို့အဆုံးတိုင်အောင် တည်ကြည်လိုလျှင် ဘုရားသခင်မိန့်ဆိုရာကို တွေးတောဆင်ခြင်ဖို့ အရေးကြီးသည်။—လုကာ ၂၁:၁၉။
၉။ ကျွန်ုပ်တို့၏နှလုံးသည် ဘုရားသခင်၏တရားစကားကို လက်သင့်ခံယူနေကြောင်း မည်သို့သေချာစေနိုင်သနည်း။
၉ ဘုရားသခင်၏တရားစကားဖြစ်သော မျိုးစေ့ ကြီးထွားဖို့ အဟန့်အတားများရှိကြောင်း ယေရှု၏ပုံဥပမာက ဖော်ပြသည်။ ထို့ကြောင့် တည်ကြည်သောတပည့်များဆက်ဖြစ်နေရန် ကျွန်ုပ်တို့သည် (၁) ပုံဥပမာ၌ပါသော ညံ့သည့်မြေသားဖြင့် တင်စားသော အတားအဆီးများကို ခွဲခြားသိမြင်သင့်ကာ (၂) ၎င်းတို့ကိုပြုပြင် သို့မဟုတ် ရှောင်ကြဉ်သင့်သည်။ ထိုနည်းဖြင့် ကျွန်ုပ်တို့၏နှလုံးသည် ဘုရားသခင့်နိုင်ငံတော်မျိုးစေ့ကို အဆက်မပြတ်လက်သင့်ခံယူနေပြီး အမြဲအသီး,သီးနေစေဖို့ သေချာစေမည်။
‘လမ်းဘေး၌ကျခြင်း’ —အာရုံထွေပြားအလုပ်များနေခြင်း
၁၀။ ယေရှု၏ပုံဥပမာမှ ပထမမြေအမျိုးအစားကို ဖော်ပြ၍ ယင်း၏ဆိုလိုရင်းကို ရှင်းပြပါ။
၁၀ မျိုးစေ့ကျသော ပထမမြေအမျိုးအစားမှာ မျိုးစေ့ ‘နင်းချေခံရ’ သည့် ‘လမ်းဘေး’ မြေဖြစ်သည်။ (လုကာ ၈:၅) ဂျုံစိုက်ခင်းကိုဖြတ်သွားသော လမ်းသည် လူသွားလူလာများသောကြောင့် ဘေးတစ်ဖက်တစ်ချက်မြေကြီးသည် မာကျောလျက်ရှိသည်။ (မာကု ၂:၂၃) အလားတူပင် မိမိတို့၏အချိန်နှင့်ခွန်အားကို လောကလုပ်ငန်းဆောင်တာများနှင့်သာ လုံးပန်းနေသူများသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို စိတ်ရောကိုယ်ပါ ကျေးဇူးမတင်တတ်သည်အထိ အာရုံထွေပြားအလုပ်များနေနိုင်သည်။ တရားစကားကို သူတို့ကြားနာကြသော်လည်း ၎င်းကိုတွေးတောဆင်ခြင်မှုမရှိကြချေ။ ထို့ကြောင့် သူတို့၏နှလုံးသည် တုံ့ပြန်မှုမဲ့နေသည်။ ထိုတရားစကားကို သူတို့တန်ဖိုးမထားတတ်မီ “ယုံကြည်ခြင်း၊ ကယ်တင်ခြင်းသို့မရောက်စေခြင်းငှာ [စာတန်]သည်လာ၍ တရားစကားကို နှလုံးထဲမှနုတ်ယူ” လေ၏။ (လုကာ ၈:၁၂) ယင်းကို တားဆီးနိုင်သလော။
၁၁။ ကျွန်ုပ်တို့၏နှလုံးအခြေအနေသည် မြေမာကဲ့သို့မဖြစ်လာစေရန် မည်သို့တားဆီးကာကွယ်နိုင်သနည်း။
၁၁ လူတစ်ဦး၏နှလုံးသည် သီးနှံမဖြစ်ထွန်းသော လမ်းဘေးမြေကဲ့သို့မဖြစ်စေဖို့ များစွာပြုလုပ်နိုင်၏။ အသွားအလာများသဖြင့် မာကျောနေသောမြေကို ထွန်ယက်ပြီး လူသွားလမ်းကိုလွှဲပေးလိုက်ပါက ပျော့ပျောင်းသော မြေကောင်းဖြစ်လာနိုင်ပါသည်။ ထိုနည်းတူ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို အချိန်ယူလေ့လာ၍ တွေးတောဆင်ခြင်ခြင်းဖြင့် နှလုံးသားကို ကောင်းမွန်၊ ဖြစ်ထွန်းသောမြေကဲ့သို့ ဖြစ်လာစေနိုင်သည်။ အရေးကြီးသောအချက်မှာ လောကရေးရာများနှင့်သာ အလုပ်များမနေဖို့ဖြစ်သည်။ (လုကာ ၁၂:၁၃-၁၅) ယင်းအစား ဘဝတွင် “သာ၍အရေးကြီးသောအရာများ” ကိုဆင်ခြင်သုံးသပ်ရန် အချိန်ရှိဖို့ကြိုးစားပါ။—ဖိလိပ္ပိ ၁:၉-၁၁၊ ကဘ။
“ကျောက်ပေါ်၌”—ကြောက်ရွံ့ခြင်း
၁၂။ ယေရှု၏ပုံဥပမာပါ ဒုတိယမြေအမျိုးအစားတွင် အပင်ပေါက်ညှိုးနွမ်းရသည့် အကြောင်းရင်းမှန်ကား အဘယ်နည်း။
၁၂ ဒုတိယမြေအမျိုးအစားအပေါ် မျိုးစေ့ကျသောအခါ ပထမအခြေအနေမှာကဲ့သို့ မြေပေါ်၌သာ တင်မနေပါ။ အမြစ်ထွက်၍ အပင်ပေါက်လာလေ၏။ သို့သော် နေထွက်လာသောအခါ အပင်ပေါက်သည် နေလောင်၍ ညှိုးနွမ်းလေသည်။ သို့ရာတွင် ဤထူးခြားချက်ကို သတိပြုပါ။ အပင်ညှိုးနွမ်းရသည့် အကြောင်းရင်းမှန်မှာ အပူကြောင့်မဟုတ်ပါ။ စဉ်းစားကြည့်ပါ၊ ကောင်းသောမြေပေါ်ကျ၍ ပေါက်လာသောအပင်သည် နေပူဒဏ်ခံရသော်လည်း ညှိုးနွမ်းမသွားဘဲ ရှင်သန်ကြီးထွားလာသည်။ အဘယ်အရာက ကွာခြားစေသနည်း။ ဤအပင်ညှိုးနွမ်းရခြင်းမှာ “မြေတိမ်သောကြောင့်” နှင့် “မြေစိုစွတ်ခြင်းမရှိ” ၍ဖြစ်ကြောင်း ယေရှုရှင်းပြသည်။ (မဿဲ ၁၃:၅၊ ၆; လုကာ ၈:၆၊ သမ္မာ) အပေါ်ယံမြေလွှာအောက်ရှိ “ကျောက်” သို့မဟုတ် ကျောက်လွှာသည် မျိုးစေ့ အစိုဓာတ်ရလောက်အောင် နက်ရှိုင်းစွာအမြစ်စွဲခြင်းမှ တားဆီးထားသည်။ ထိုအခါ မြေတိမ်သောကြောင့် အပင်ပေါက် ညှိုးနွမ်းသွားလေသည်။
၁၃။ မည်သို့သောလူစားမျိုးသည် မြေတိမ်နှင့်တူသနည်း၊ သူတို့တုံ့ပြန်ပုံ၏ အတွင်းကျကျအကြောင်းရင်းကား အဘယ်နည်း။
၁၃ ပုံဥပမာ၏ဤအပိုင်းသည် “တရားစကားကို . . . ဝမ်းမြောက်သောစိတ်နှင့်ခံယူ” ပြီး ယေရှုနောက်သို့ စိတ်ထက်သန်စွာ “ခဏသာ” လိုက်သူများကို ဆိုလိုသည်။ (လုကာ ၈:၁၃) “ဆင်းရဲ [ခြင်း] နှင့် ညှဉ်းဆဲခြင်း” နေပူဒဏ်ကိုခံရသောအခါ သူတို့၏ပျော်ရွှင်မှုနှင့် ခွန်အားပျောက်ဆုံးကာ ခရစ်တော်နောက်သို့ မလိုက်တော့သည့်အထိ ကြောက်ရွံ့လာကြသည်။ (မဿဲ ၁၃:၂၁၊ သမ္မာ) သို့ရာတွင် သူတို့တကယ်တမ်းကြောက်ရွံ့သည်မှာ အတိုက်အခံပြုခံရခြင်းကို မဟုတ်ပါ။ အမှန်မှာ ခရစ်တော်၏ တပည့်သန်းပေါင်းများစွာသည် ဆင်းရဲခြင်းအမျိုးမျိုးကို ခံရပ်ခဲ့ကြရသော်လည်း သူတို့ဆက်၍တည်ကြည်ကြသည်။ (၂ ကောရိန္သု ၂:၄; ၇:၅) အချို့ကြောက်ရွံ့လာပြီး လဲသွားကြသည့် အကြောင်းရင်းမှန်မှာ အပြုသဘောပါသော ဝိညာဉ်ရေးရာများကို အလေးအနက် တွေးတောဆင်ခြင်မှုမပြုနိုင်အောင် ကျောက်နှင့်တူသော သူတို့၏နှလုံးအခြေအနေက တားဆီးထားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ယေဟောဝါနှင့် ကိုယ်တော်၏နှုတ်မြွက်စကားတော်ကို သူတို့သည် အပေါ်ယံမျှသာ တန်ဖိုးထားလေးမြတ်ပြီး အတိုက်အခံကိုခုခံရန် အလွန်အားနည်းသောကြောင့်ဖြစ်သည်။ ဤသို့မဖြစ်စေဖို့ မည်သို့ပြုလုပ်နိုင်သနည်း။
၁၄။ လူတစ်ဦး၏နှလုံးအခြေအနေသည် မြေတိမ်ကဲ့သို့မဖြစ်စေရန် အဘယ်အမှုများပြုသင့်သနည်း။
၁၄ လူတစ်ဦး၏နှလုံးတွင် အမြစ်တွယ်နေသောနာကြည်းမှု၊ ငုပ်လျှိုးနေသည့် ကိုယ်ကျိုးရှာမှုတို့ကဲ့သို့သော ကျောက်နှင့်တူသည့် အတားအဆီးများ သို့မဟုတ် အလားတူ မာကျောခက်ထန်သည့် အတွင်းစိတ်များ ကိန်းအောင်းမနေစေရန် စစ်ဆေးဖို့လိုသည်။ ထိုသို့သောအတားအဆီးတစ်ခုခုရှိနေပါက ဘုရားသခင့်နှုတ်မြွက်စကားတော်၏ တန်ခိုးအရှိန်က ယင်းကို ကွဲလွင့်ဖယ်ရှားပစ်နိုင်ပါသည်။ (ယေရမိ ၂၃:၂၉; ဧဖက် ၄:၂၂; ဟေဗြဲ ၄:၁၂) ထို့နောက် ဆုတောင်း၍ တွေးတောဆင်ခြင်ခြင်းက လူတစ်ဦး၏နှလုံးအတွင်း ‘နှုတ်မြွတ်တရားတော်ကို အမြစ်စွဲ’ စေပါလိမ့်မည်။ (ယာကုပ် ၁:၂၁၊ ကဘ) ယင်းက စိတ်ပျက်အားလျော့ချိန်များကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ခွန်အားပေးပြီး စမ်းသပ်မှုများခံရသည့်ကြား ဆက်၍တည်ကြည်ရန် အစွမ်းသတ္တိပေးပါလိမ့်မည်။
‘ဆူးပင်များအကြား’—စိတ်နှစ်ခွဖြစ်ခြင်း
၁၅။ (က) ယေရှုဖော်ပြသော တတိယမြေအမျိုးအစားကို ကျွန်ုပ်တို့ အဘယ်ကြောင့် အထူးအာရုံစိုက်သင့်သနည်း။ (ခ) အဆုံးတွင် တတိယမြေအမျိုးအစား မည်သို့ဖြစ်သွားသနည်း၊ အဘယ်ကြောင့်နည်း။
၁၅ ဆူးပင်များရှိ တတိယမြေအမျိုးအစားသည် ကောင်းသောမြေနှင့် ဆင်တူသောကြောင့် ကျွန်ုပ်တို့အထူးအာရုံစိုက်သင့်သည်။ ကောင်းသောမြေကဲ့သို့ပင် ဆူးများသောမြေ၌ မျိုးစေ့သည် အမြစ်စွဲ၍ အပင်ပေါက်နိုင်သည်။ အစပိုင်းတွင် ဤမြေအမျိုးအစားနှစ်ခု၌ အပင်စပေါက်ပုံသည် ခြားနားမှုမရှိချေ။ သို့ရာတွင် အတန်ကြာလေသော် အပင်သည် တဖြည်းဖြည်း ညှပ်ပိတ်ခံရလေသည်။ ကောင်းသောမြေနှင့်မတူဘဲ ဤမြေပေါ်တွင် ဆူးပင်များ တောထလာလေတော့သည်။ ယင်းမြေမှ အပင်ငယ်ပေါက်လာသောအခါ ‘အတူပေါက်သည့်ဆူးပင်များ’ နှင့်ယှဉ်ပြိုင်ကြီးထွားရသည်။ ထိုအပင်နှစ်မျိုးစလုံးသည် ခေတ္တအတူပေါက်၍ အာဟာရဓာတ်၊ အလင်းနှင့် ကြီးထွားစရာနေရာရဖို့ ပြိုင်ဆိုင်ကြသော်လည်း နောက်ဆုံးတွင် ဆူးပင်များက တောထလာရာ အပင်ကို “ဖိစီးသဖြင့်သေ၏။”—လုကာ ၈:၇၊ သမ။
၁၆။ (က) မည်သူတို့သည် ဆူးများသောမြေနှင့်တူသနည်း။ (ခ) ခရစ်ဝင်ကျမ်းမှတ်တမ်းသုံးခုအရ ဆူးများသည် အဘယ်အရာကို ကိုယ်စားပြုသနည်း။—အောက်ခြေမှတ်ချက်ကိုရှု။
၁၆ ဆူးများသောမြေသည် အဘယ်သူမျိုးကို ကိုယ်စားပြုသနည်း။ ယေရှုဤသို့ရှင်းပြသည်– “တရားစကားကိုကြားသည်ရှိသော် ဤဘဝ၏စိုးရိမ်ခြင်း၊ စည်းစိမ်ကြွယ်ဝခြင်း၊ ပျော်မွေ့ခြင်းများသည် [“လုံးလုံးလျားလျား၊” ကဘ] လွှမ်းမိုးညှဉ်းဆဲ၍ အသီးအောင်မြင်စွာ မသီးသောသူတို့ကို ဆိုလိုသတည်း။” (လုကာ ၈:၁၄၊ သမ္မာ) ပျိုးကြဲသူ၏မျိုးစေ့နှင့် ဆူးပင်များသည် တစ်ချိန်တည်း အပင်ပေါက်လာကြသကဲ့သို့ အချို့သူတို့သည် ဘုရားသခင်၏တရားစကားနှင့် “ဤဘဝ၏ . . . ပျော်မွေ့ခြင်းများ” ကို တစ်ချိန်တည်းလက်ခံယူဖို့ ကြိုးစားကြသည်။ သူတို့၏နှလုံးထဲတွင် ဘုရားသခင့်နှုတ်မြွက်စကားတော် အမှန်တရား အကြဲခံရသော်လည်း သူတို့စိတ်ပါဝင်စားသော အခြားလိုက်စားမှုများနှင့် ယှဉ်ပြိုင်ရလေသည်။ သူတို့၏ပုံဆောင်နှလုံးသည် နှစ်ခွဖြစ်နေသည်။ (လုကာ ၉:၅၇-၆၂) ယင်းကြောင့် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဆုတောင်း၍ အလေးအနက်စဉ်းစားဆင်ခြင်ရန် အချိန်အလုံအလောက်မရရှိစေပါ။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို မစိမ့်ဝင်စေကြသဖြင့် ခံနိုင်ရည်ရှိဖို့လိုအပ်သော လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လေးမြတ်မှုမရှိချေ။ တဖြည်းဖြည်းနှင့် သူတို့၏ဝိညာဉ်ရေးရာများသည် ဝိညာဉ်ရေးမဆန်သောလိုက်စားမှုများ၏ လောင်းရိပ်မိသဖြင့် ‘လုံးလုံးလျားလျား လွှမ်းမိုး’ ခံရလေသည်။ * ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ မချစ်သူတို့အတွက် ဝမ်းနည်းဖွယ်နိဂုံးပါတကား!—မဿဲ ၆:၂၄; ၂၂:၃၇။
၁၇။ ယေရှု၏ပုံဥပမာပါ ပုံဆောင်ဆူးများဖြင့် လွှမ်းမိုးညှဉ်းဆဲခြင်းမခံရစေရန် ကျွန်ုပ်တို့၏ဘဝတွင် အဘယ်အရာများကို ရွေးချယ်ဖို့လိုသနည်း။
၁၇ ရုပ်ပစ္စည်းများထက် ဝိညာဉ်ရေးရာများကို ဦးစားပေးခြင်းဖြင့် ဤလောက၏ စိတ်ဆင်းရဲမှုများနှင့် အပျော်အပါးများဖြင့် လွှမ်းမိုးညှဉ်းဆဲခံရခြင်းကို ကျွန်ုပ်တို့ရှောင်ကြဉ်ကြသည်။ (မဿဲ ၆:၃၁-၃၃; လုကာ ၂၁:၃၄-၃၆) ကျမ်းစာဖတ်ရှုခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းကို ဘယ်သောအခါမျှ မပျက်ကွက်သင့်ပါ။ ကျွန်ုပ်တို့၏ဘဝကို အတတ်နိုင်ဆုံး ရိုးရှင်းစေမည်ဆိုလျှင် အာရုံစူးစိုက်ပြီး စိတ်အားထက်သန်စွာ ဆင်ခြင်သုံးသပ်ရန် အချိန်ပိုရပါလိမ့်မည်။ (၁ တိမောသေ ၆:၆-၈) ထိုသို့ပြုခဲ့ကြသော ဘုရားသခင့်ကျေးကျွန်များ၊ တစ်နည်းအားဖြင့် အသီး,သီးပွင့်သောအပင်ကို အာဟာရဓာတ်၊ အလင်းနှင့် ကြီးထွားဖို့နေရာပိုရရှိစေရန် ဆူးပင်များကိုနုတ်ပစ်ကြသူများသည် ယေဟောဝါ၏ကောင်းချီးများကို ခံစားနေကြရသည်။ အသက် ၂၆ နှစ်အရွယ် စန္ဒြာကဤသို့ပြောပြသည်– “အမှန်တရားထဲမှာ ကျွန်မရရှိတဲ့ ကောင်းချီးတွေကို ပြန်တွေးတောဆင်ခြင်တဲ့အခါ အဲဒါနဲ့တူညီတဲ့ ဘယ်အရာကိုမှ ဒီလောက မကမ်းလှမ်းနိုင်ဘူးဆိုတာ သိရတယ်!”—ဆာလံ ၈၄:၁၁။
၁၈။ ကျွန်ုပ်တို့သည် မည်သို့ ဘုရားသခင်၏တရားစကား၌ တည်ကာ ခရစ်ယာန်များအဖြစ် ခံနိုင်ရည်ရှိနေနိုင်သနည်း။
လုကာ ၈:၁၅၊ ကဘ။
၁၈ သို့ဖြစ်၍ ကျွန်ုပ်တို့၌ ဘုရားသခင်၏နှုတ်မြွက်စကားတော် တည်နေသမျှကာလပတ်လုံး ကြီးငယ်မဟူ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏တရားစကား၌ ဆက်၍တည်နေမည်ဖြစ်ပြီး ခရစ်တော်၏တပည့်များအဖြစ် ခံနိုင်ရည်ရှိနေကြမည်မှာ ထင်ရှားသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ပုံဆောင်နှလုံးသားမြေသည် မာကျောခြင်း၊ တိမ်ခြင်း သို့မဟုတ် တောထနေခြင်း ဘယ်သောအခါမျှမဖြစ်ဘဲ ဆက်၍ပျော့ပျောင်း၊ နက်ရှိုင်းနေစေကြပါစို့။ ထိုနည်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏တရားစကားကို အပြည့်အဝစိမ့်ဝင်နိုင်စေကာ ‘ခံနိုင်ရည်ဖြင့် အသီး,သီး’ နိုင်ကြပါလိမ့်မည်။—[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 1 ဤဆောင်းပါးတွင် ထိုလိုအပ်ချက်များမှ ပထမတစ်ခုကို ကျွန်ုပ်တို့သုံးသပ်ကြမည်။ အခြားနှစ်ခုကို နောက်ဆောင်းပါးများတွင် ဆွေးနွေးကြပါမည်။
^ အပိုဒ်၊ 8 သင်ဖတ်ရှုသော ကျမ်းချက်တစ်ပိုဒ်ကို ဆုတောင်းပြီး တွေးတောဆင်ခြင်ရန် သင့်ကိုယ်သင် ဤသို့မေးနိုင်သည်– ‘ယင်းကျမ်းပိုဒ်သည် ယေဟောဝါ၏အရည်အသွေးတစ်ခုခု သို့မဟုတ် ထို့ထက်မကကို ဖော်ပြသလော။ သမ္မာကျမ်းစာ၏အဓိကအကြောင်းနှင့် မည်သို့ဆက်စပ်သနည်း။ ယင်းကို ကျွန်ုပ်၏ဘဝတွင် မည်သို့လက်တွေ့ကျင့်သုံးနိုင်သနည်း သို့မဟုတ် အခြားသူများကိုကူညီပေးရာတွင် မည်သို့လက်တွေ့အသုံးပြုနိုင်သနည်း။’
^ အပိုဒ်၊ 16 ခရစ်ဝင်ကျမ်းမှတ်တမ်းသုံးခုပါ ယေရှု၏ပုံဥပမာအရ မျိုးစေ့သည် ဤလောက၏စိတ်ဆင်းရဲမှုများနှင့် အပျော်အပါးများဖြစ်သော “လော [က] အမှု၌စိုးရိမ်ခြင်း၊” “စည်းစိမ်ဥစ္စာ၏လှည့်စားခြင်း၊” “ကြွင်းသောအရာကိုတပ်မက်ခြင်းစိတ်” နှင့် “ဤဘဝ၏ . . . ပျော်မွေ့ခြင်းများ” ဖြင့် လွှမ်းမိုးညှဉ်းဆဲခံရသည်။—မာကု ၄:၁၉; မဿဲ ၁၃:၂၂; လုကာ ၈:၁၄၊ သမ္မာ; ယေရမိ ၄:၃၊ ၄။
သင့်အဖြေများကား အဘယ်နည်း
• ကျွန်ုပ်တို့သည် ‘ယေရှု၏တရား၌တည်နေ’ ဖို့ အဘယ်ကြောင့်လိုအပ်သနည်း။
• ကျွန်ုပ်တို့၏နှလုံးတွင် ဘုရားသခင်၏တရားစကားကို မည်သို့တည်ရှိစေနိုင်သနည်း။
• ယေရှုဖော်ပြခဲ့သော ကွဲပြားသည့်မြေလေးမျိုးသည် အဘယ်လူစားလေးမျိုးကို ကိုယ်စားပြုသနည်း။
• ဘုရားသခင့်နှုတ်မြွက်စကားတော်ကို စဉ်းစားဆင်ခြင်ရန် သင်မည်သို့ အချိန်ရှာယူနိုင်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
‘အမှန်တရား၌စွဲမြဲ’
ခရစ်တော်၏ လုပ်သက်ရင့်တပည့်များစွာတို့သည် ‘အမှန်တရား၌စွဲမြဲ’ ကြောင်း တစ်နှစ်ပြီးတစ်နှစ် သက်သေထူကြသည်။ (၂ ပေတရု ၁:၁၂) အဘယ်အရာက သူတို့ကို ခံနိုင်ရည်ရှိစေသနည်း။ သူတို့၏ထုတ်ဖော်ပြောဆိုချက်အချို့ကို သုံးသပ်ကြည့်ပါလေ။
“တစ်နေ့တာအကုန်မှာ ကျမ်းချက်တစ်ပိုဒ်ဖတ်ပြီး ကျွန်မဆုတောင်းတယ်။ ပြီးတော့ ဖတ်ခဲ့တဲ့အကြောင်းကို စဉ်းစားတယ်။”—ဂျင်းန်၊ ၁၉၃၉ ခုနှစ်တွင် နှစ်ခြင်းခံခဲ့။
“သိပ်ပြီးမြင့်မြတ်လှတဲ့ ယေဟောဝါက ကျွန်မတို့ကို ဘယ်လောက်ချစ်တယ်ဆိုတဲ့အကြောင်း တွေးတောဆင်ခြင်တဲ့အတွက် ကျွန်မလုံခြုံမှုခံစားရပြီး ဆက်တည်ကြည်နိုင်ဖို့ ခွန်အားရတယ်။”—ပက်ထရီရှာ၊ ၁၉၄၆ ခုနှစ်တွင် နှစ်ခြင်းခံခဲ့။
“ကျမ်းစာလေ့လာဖို့အကျင့်ကောင်းတွေရှိထားပြီး ‘ဘုရားသခင်၏နက်နဲသောအရာ’ တွေကို စိတ်စွဲလမ်းတဲ့အတွက် ကျွန်မဆက်အမှုထမ်းနိုင်တာ။”—၁ ကောရိန္သု ၂:၁၀; အယ်နာ၊ ၁၉၃၉ ခုနှစ်တွင် နှစ်ခြင်းခံခဲ့။
“ကျွန်မရဲ့စိတ်နှလုံးနဲ့ စိတ်သဘောထားတွေကို ဆန်းစစ်ဖို့ရည်ရွယ်ပြီး သမ္မာကျမ်းစာနဲ့ ကျမ်းစာအခြေပြုစာပေတွေကို ကျွန်မဖတ်တယ်။”—ဇယ်လ်ဒါ၊ ၁၉၄၃ ခုနှစ်တွင် နှစ်ခြင်းခံခဲ့။
“ကျွန်တော့်အတွက် အကောင်းဆုံးအချိန်တွေကတော့ တစ်ယောက်တည်းလမ်းလျှောက်ထွက်ပြီး ဆုတောင်းရင်း ယေဟောဝါကို ရင်ဖွင့်စကားပြောနိုင်တဲ့အချိန်ပဲ။”—ရက်လ်ဖ်၊ ၁၉၄၇ ခုနှစ်တွင် နှစ်ခြင်းခံခဲ့။
“နေ့စဉ်ကျမ်းချက်ကို ဆင်ခြင်သုံးသပ်ခြင်း၊ ကျမ်းစာတစ်ပိုဒ်ဖတ်ခြင်းနဲ့ တစ်နေ့တာကို ကျွန်မအစပြုတယ်။ အဲဒီလိုလုပ်လို့ တစ်နေ့တာအတွင်း တွေးတောဆင်ခြင်စရာ အသစ်တစ်ခုရစေတယ်။”—မာရီ၊ ၁၉၃၅ ခုနှစ်တွင် နှစ်ခြင်းခံခဲ့။
“ကျွန်တော့်အတွက်တော့ ကျမ်းစာစောင်တစ်ခုကို အခန်းငယ်တစ်ပိုဒ်ချင်းစီ ဆွေးနွေးတာဟာ တကယ့်အားဆေးတစ်ခွက်ပဲ။”—ဒယ်နီယယ်လ်၊ ၁၉၄၆ ခုနှစ်တွင် နှစ်ခြင်းခံခဲ့။
သင်သည် သမ္မာကျမ်းစာကို အဘယ်အချိန်တွင် ဆုတောင်း၍ ဆင်ခြင်သုံးသပ်သနည်း။—ဒံယေလ ၆:၁၀ခ; မာကု ၁:၃၅; တမန်တော် ၁၀:၉။
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ဝိညာဉ်ရေးရာများကို ဦးစားထားခြင်း အားဖြင့် ကျွန်ုပ်တို့သည် ‘ခံနိုင်ရည်ဖြင့် အသီး,သီး’ နိုင်ကြ