‘များစွာသောအသီးကို သီးနေလော့’
‘များစွာသောအသီးကို သီးနေလော့’
“သင်တို့သည် များစွာသောအသီးကိုသီးသောအားဖြင့် . . . ငါ၏တပည့်မှန်ကြလိမ့်မည်။”—ယောဟန် ၁၅:၈။
၁။ (က) ယေရှုသည် တမန်တော်များအား တပည့်ဖြစ်ခြင်းနှင့်ပတ်သက်၍ အဘယ်လိုအပ်ချက်ကို ဖော်ပြခဲ့သနည်း။ (ခ) ကျွန်ုပ်တို့ကိုယ်ကို အဘယ်မေးခွန်းမေးသင့်သနည်း။
ကိုယ်တော်မသေဆုံးမီ ညနေပိုင်း၌ဖြစ်သည်။ ယေရှုသည် အချိန်ယူ၍ မိမိ၏တမန်တော်များကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး စကားပြောဆိုခဲ့သည်။ အချိန်မှာ ညဉ့်နက်သန်းခေါင်ကျော်ဖြစ်နေပေမည်၊ သို့သော် ယေရှုသည် မိမိ၏ရင်းနှီးချစ်ခင်သော မိတ်ဆွေများကိုချစ်သောကြောင့် စကားဆက်ပြောဆိုနေသည်။ ထိုသို့ပြောဆိုနေစဉ် မိမိ၏တပည့်များ ဆက်ဖြစ်ဖို့ သူတို့ပြည့်မီရန်လိုသော လိုအပ်ချက်နောက်တစ်ခုကို ကိုယ်တော်ဤသို့သတိပေးခဲ့သည်– “သင်တို့သည် များစွာသောအသီးကိုသီးသောအားဖြင့်၊ ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ၍၊ သင်တို့သည်လည်း ငါ၏တပည့်မှန်ကြလိမ့်မည်။” (ယောဟန် ၁၅:၈) တပည့်ဖြစ်ခြင်းနှင့်ဆိုင်သော ဤလိုအပ်ချက်ကို ယနေ့ ကျွန်ုပ်တို့ပြည့်မီကြပါသလော။ “များစွာသောအသီးကိုသီး” ခြင်းဟူသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ အဖြေရရှိရန် အဆိုပါညနေပိုင်းတွင် ပြောဆိုခဲ့သောစကားများကို ပြန်သုံးသပ်ကြည့်ကြစို့။
၂။ ယေရှုမသေဆုံးမီညနေပိုင်းတွင် အသီးနှင့်ပတ်သက်သော အဘယ်ပုံဥပမာကို ကိုယ်တော်ပြောပြသနည်း။
၂ အသီး,သီးပါဟူသော မှာကြားချက်သည် တမန်တော်များကို ယေရှုပြောပြသည့် ပုံဥပမာအဝင်ဖြစ်သည်။ ကိုယ်တော်ဤသို့မိန့်ဆို၏– “ငါသည် မှန်သောစပျစ်နွယ်ပင်ဖြစ်၏။ ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏။ ငါ၌အသီးမသီးသောအခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီး,သီးသောအခက်ရှိသမျှတို့ကို သာ၍သီးစေခြင်းငှာ သုတ်သင်ရှင်းလင်းတော်မူ၏။ သင်တို့သည် ငါဟောပြောသောစကားအားဖြင့် ယခုပင်ရှင်းလင်းလျက်ရှိကြ၏။ ငါ၌တည်နေ [“ငါနှင့် တစ်လုံးတစ်ဝတည်းရှိ၊” ကဘ] ကြလော့။ ငါသည်လည်းသင်တို့၌တည်နေ [“သင်တို့နှင့် တစ်လုံးတစ်ဝတည်းရှိ၊” ကဘ] မည်။ ယောဟန် ၁၅:၁-၁၀။
စပျစ်ခက်သည် အပင်၌မတည်လျှင်၊ ကိုယ်အလိုအလျောက်အသီးမသီးနိုင်သကဲ့သို့၊ သင်တို့သည်ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။ ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည် အခက်များဖြစ်ကြ၏။ . . . သင်တို့သည် များစွာသောအသီးကိုသီးသောအားဖြင့်၊ ငါ့ခမည်းတော်သည်ဘုန်းထင်ရှားတော်မူ၍၊ သင်တို့သည်လည်း ငါ၏တပည့်မှန်ကြလိမ့်မည်။ ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည်သင်တို့ကိုချစ်၏။ ငါ၏ချစ်ခြင်းမေတ္တာ၌တည်နေကြလော့။ . . . သင်တို့သည် ငါ့ပညတ်တို့ကိုစောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌တည်နေကြလိမ့်မည်။”—၃။ ယေရှု၏နောက်လိုက်များသည် အသီး,သီးဖို့ အဘယ်အရာပြုလုပ်ရမည်နည်း။
၃ ဤပုံဥပမာတွင် ယေဟောဝါသည် ပြုစုပျိုးထောင်သူဖြစ်၏၊ ယေရှုသည် စပျစ်ပင်ဖြစ်ပြီး ယေရှုစကားကိုကြားနာနေသော တမန်တော်များမှာ အကိုင်းအခက်များဖြစ်ကြ၏။ တမန်တော်များသည် ယေရှု ‘နှင့်တစ်လုံးတစ်ဝတည်းရှိ’ ရန်ကြိုးစားနေသမျှကာလပတ်လုံး သူတို့အသီး,သီးကြပါလိမ့်မည်။ ထို့နောက် ယေရှုက အလွန်အရေးပါသော ဤပေါင်းစည်းမှုကို မည်သို့ဆက်ထိန်းသိမ်းထားနိုင်ကြောင်း ဤသို့ရှင်းပြခဲ့သည်– “သင်တို့သည် ငါ့ပညတ်တို့ကိုစောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌တည်နေကြလိမ့်မည်။” နောင်တွင် တမန်တော်ယောဟန်သည်လည်း ခရစ်ယာန်ချင်းများထံ အလားတူစကားများကို ရေးသားခဲ့ပေမည်– “[ခရစ်တော်၏] ပညတ်တော်များကိုစောင့်ရှောက်သောသူသည် ကိုယ်တော်၌တည်နေ၏။” * (၁ ယောဟန် ၂:၂၄; ၃:၂၄၊ သမ္မာ) ထို့ကြောင့် ခရစ်တော်၏ပညတ်တော်များကို စောင့်ရှောက်ခြင်းအားဖြင့် ကိုယ်တော်၏နောက်လိုက်များသည် ကိုယ်တော်နှင့်တပေါင်းတစည်းတည်းဖြစ်ပြီး အဆိုပါစည်းလုံးမှုက တစ်ဖန် သူတို့ကိုအသီး,သီးစေသည်။ အဘယ်အသီးမျိုးကို ကျွန်ုပ်တို့သီးဖို့လိုသနည်း။
ကြီးပွားဖြစ်ထွန်းဖို့အခွင့်အလမ်း
၄။ အသီးမသီးသော အကိုင်းအခက်မှန်သမျှကို ယေဟောဝါ “ခုတ်ပစ်” သည့်အချက်မှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။
၄ စပျစ်ပင်ပုံဥပမာတွင် ယေဟောဝါသည် အသီးမသီးသောအကိုင်းအခက်ကို “ခုတ်ပစ်” သို့မဟုတ် ချိုင်ပစ်တော်မူ၏။ ယင်းက ကျွန်ုပ်တို့ကို အဘယ်အရာသိစေသနည်း။ တပည့်အားလုံးသည် အသီး,သီးရမည်ဖြစ်၍ သူတို့၏အခြေအနေ၊ သူတို့၏ကန့်သတ်ချက်များ မည်သို့ပင်ရှိပါစေ သူတို့အားလုံးသည် အသီး,သီးနိုင်ကြောင်း ကျွန်ုပ်တို့ကိုသိနားလည်စေသည်။ အမှန်မှာ ခရစ်တော်၏တပည့်တစ်ဦး မစွမ်းဆောင်နိုင်သောအရာအတွက် သူ့ကို ‘ခုတ်ပစ်’ သို့မဟုတ် ပယ်မည်ဆိုလျှင် ယေဟောဝါ၏မေတ္တာရှိသောလမ်းစဉ်နှင့် ဆန့်ကျင်နေပေမည်။—ဆာလံ ၁၀၃:၁၄; ကောလောသဲ ၃:၂၃; ၁ ယောဟန် ၅:၃။
၅။ (က) အသီး,သီးရာတွင် ကျွန်ုပ်တို့ တိုးပွားဖြစ်ထွန်းနိုင်ကြောင်း ယေရှု၏ပုံဥပမာက မည်သို့ဖော်ပြသနည်း။ (ခ) အဘယ်အသီးနှစ်မျိုးကို ကျွန်ုပ်တို့သုံးသပ်မည်နည်း။
၅ ယေရှု၏စပျစ်ပင်ပုံဥပမာက ကျွန်ုပ်တို့၏အခြေအနေခွင့်ပြုသ၍ တပည့်တစ်ဦးအဖြစ် ကျွန်ုပ်တို့လုပ်ဆောင်လေသမျှသည် ကြီးပွားဖြစ်ထွန်းရမည်ဖြစ်ကြောင်းကိုလည်း ဖော်ပြသေးသည်။ ယေရှုမည်သို့ဆိုသည်ကို သတိပြုပါ– “ငါ၌အသီးမသီးသောအခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီး,သီးသောအခက်ရှိသမျှတို့ကို သာ၍သီးစေခြင်းငှာ သုတ်သင်ရှင်းလင်းတော်မူ၏။” (ယောဟန် ၁၅:၂) ၎င်းပုံဥပမာအဆုံးပိုင်းတွင် ယေရှုက “များစွာသောအသီး” သီးကြရန် မိမိ၏နောက်လိုက်များကို တိုက်တွန်းခဲ့သည်။ (အခန်းငယ် ၈) ဤတွင်အဘယ်အရာကို ဆိုလိုသနည်း။ တပည့်များအနေနှင့် မိမိတို့ကိုယ်ကို ကျေနပ်တင်းတိမ်နေသူများ ဘယ်သောအခါမျှမဖြစ်သင့်ပါ။ (ဗျာ. ၃:၁၄၊ ၁၅၊ ၁၉) ယင်းအစား အသီး,သီးရာတွင် တိုးပွားဖြစ်ထွန်းဖို့ နည်းလမ်းများကို ရှာကြံသင့်သည်။ အဘယ်အသီးများကို လှိုင်လှိုင်သီးဖို့ ကျွန်ုပ်တို့ကြိုးစားသင့်သနည်း။ ၎င်းတို့မှာ (၁) ‘ဝိညာဉ်အသီး’ နှင့် (၂) ဘုရားသခင့်နိုင်ငံတော်အသီးများဖြစ်သည်။—ဂလာတိ ၅:၂၂၊ ၂၃; မဿဲ ၂၄:၁၄။
ခရစ်ယာန်အရည်အသွေးဆိုင်ရာအသီးများ
၆။ ပထမဦးဆုံးဖော်ပြသော ဝိညာဉ်အသီး၏တန်ဖိုးကို ယေရှုခရစ် မည်သို့အလေးပေးဖော်ပြခဲ့သနည်း။
၆ ‘ဝိညာဉ်အသီး’ များတွင် ဦးဆုံးစာရင်းဖော်ပြထားသောအသီးမှာ မေတ္တာဖြစ်သည်။ ခရစ်ယာန်များ မေတ္တာကိုသီးပွင့်စေရန် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်က ကူညီပေးသည်၊ အကြောင်းမှာ အသီး,သီးသောစပျစ်ပင်ပုံဥပမာကို ယေရှုမပြောမီ မိန့်မှာခဲ့သောပညတ်ချက်ကို သူတို့လိုက်နာကြသောကြောင့်ဖြစ်သည်။ တမန်တော်များကို ကိုယ်တော်ဤသို့မိန့်တော်မူခဲ့သည်– “ငါသည် သင်တို့ကိုချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။” (ယောဟန် ၁၃:၃၄) အမှန်မှာ ယေရှု၏မြေကြီးအသက်တာ နောက်ဆုံးည၌ တမန်တော်များကို ကိုယ်တော်ပြောဆိုခဲ့သောစကားများတွင် ချစ်ခြင်းမေတ္တာတင်ပြဖို့လိုကြောင်း ထပ်ခါတလဲမှာကြားခဲ့သည်။—ယောဟန် ၁၄:၁၅၊ ၂၁၊ ၂၃၊ ၂၄; ၁၅:၁၂၊ ၁၃၊ ၁၇။
၇။ အသီး,သီးခြင်းသည် ခရစ်တော်ကဲ့သို့သော အရည်အသွေးများတင်ပြခြင်းနှင့်ဆက်နွှယ်ကြောင်း တမန်တော်ပေတရု မည်သို့ဖော်ပြခဲ့သနည်း။
၇ ထိုညတွင်ရှိနေသောပေတရုသည် ခရစ်တော်၏တပည့်စစ်များအနေနှင့် ခရစ်တော်ကဲ့သို့သောမေတ္တာနှင့် ဆိုင်ရာအရည်အသွေးများကို တင်ပြရမည်ဖြစ်ကြောင်း သဘောပေါက်နားလည်ခဲ့သည်။ နှစ်အတန်ကြာသော် ၂ ပေတရု ၁:၅-၈၊ ကဘ) ကျွန်ုပ်တို့၏အခြေအနေသည် မည်သို့ပင်ရှိပါလေစေ ဝိညာဉ်အသီးများကို ကျွန်ုပ်တို့သီးပွင့်နိုင်ကြပါသည်။ ထို့ကြောင့် ချစ်ခြင်း၊ ကြင်နာခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် ခရစ်တော်ကဲ့သို့သော အခြားအရည်အသွေးများကို အတတ်နိုင်ဆုံး ကြိုးစားတင်ပြကြစို့၊ အကြောင်းမှာ “ထိုသို့သောအကျင့်ကို အဘယ်တရားမျှမမြစ်တား၊” မကန့်သတ်ပေ။ (ဂလာတိ ၅:၂၃) အသီး “သာ၍သီး” ကြပါစို့။
ပေတရုက ချုပ်တည်းခြင်း၊ ညီရင်းအစ်ကိုချစ်ခင်စုံမက်ခြင်းနှင့် ချစ်ခြင်းမေတ္တာ စသည့်အရည်အသွေးများကို မွေးမြူရန် ခရစ်ယာန်များကို တိုက်တွန်းခဲ့သည်။ ထိုသို့ပြုခြင်းက “မလှုပ်မရှား၊ အသီးမသီးခြင်းမှ” ကျွန်ုပ်တို့ကိုကာကွယ်ပေးသည်ဟု သူထပ်ဆင့်ပြောခဲ့သည်။ (ဘုရားသခင့်နိုင်ငံတော်အသီးများသီးခြင်း
၈။ (က) ဝိညာဉ်အသီးနှင့် ဘုရားသခင့်နိုင်ငံတော်အသီးသည် မည်သို့ဆက်စပ်သနည်း။ (ခ) အဘယ်မေးခွန်းကို ကျွန်ုပ်တို့သုံးသပ်ထိုက်သနည်း။
၈ ရောင်စုံဖြစ်ပြီး အရည်ရွှမ်းသောအသီးများက အပင်ကိုအလှဆင်ပေးသည်။ သို့ရာတွင် အဆိုပါအသီးများသည် အလှဆင်ရုံသက်သက်မဟုတ်ပါ။ အသီးများသည် ၎င်း၏အစေ့များအားဖြင့် မျိုးပွားဖို့ အလွန်အရေးပါ၏။ အလားတူ ဝိညာဉ်အသီးများသည် ကျွန်ုပ်တို့၏ခရစ်ယာန်ဥပဓိရုပ်ကို အလှဆင်ပေးရုံမျှမက အရေးပါသည်။ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်ခြင်းအစရှိသော အရည်အသွေးများက ဘုရားသခင့်နှုတ်မြွက်စကားတော်ပါ နိုင်ငံတော်သတင်းကောင်းမျိုးစေ့ကို ကြဲဖြန့်စေသည်။ ဤအရေးပါသော ဆက်စပ်မှုကို တမန်တော်ပေါလု မည်သို့အလေးပေးဖော်ပြခဲ့ကြောင်း သတိပြုပါ။ သူက “ငါတို့သည် [ဝိညာဉ်အသီးတစ်လုံးဖြစ်သော] ယုံကြည်ခြင်းစိတ်ရှိသောကြောင့် မြွက်ဆိုဟောပြောကြ၏” ဟုဆိုသည်။ (၂ ကောရိန္သု ၄:၁၃) ဤနည်းဖြင့် ကျွန်ုပ်တို့သီးပွင့်ဖို့လိုသော ဒုတိယအသီးဖြစ်သည့် “နှုတ်ခမ်းအသီးတည်းဟူသောချီးမွမ်းခြင်းယဇ်ကို . . . ဘုရားသခင့်ရှေ့တော်၌ . . . ပူဇော်ကြ” ၏ဟု ပေါလုထပ်ရှင်းပြသည်။ (ဟေဗြဲ ၁၃:၁၅) ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများအနေနှင့် ကျွန်ုပ်တို့၏ဘဝတွင် ပို၍အသီး,သီးရန်၊ “များစွာသောအသီး” ကိုသီးရန် အခွင့်အလမ်းများရှိသေးသလော။
၉။ အသီး,သီးခြင်းသည် တပည့်ဖြစ်စေခြင်းနှင့် အတူတူဖြစ်သလော။ ရှင်းပြပါ။
၉ အဖြေမှန်ပေးဖို့ ဘုရားသခင့်နိုင်ငံတော်အသီးကား အဘယ်အရာဖြစ်ကြောင်း ဦးဆုံးနားလည်ထားဖို့လိုသည်။ အသီး,သီးခြင်းသည် တပည့်ဖြစ်စေခြင်းဖြစ်သည်ဟု ကောက်ချက်ချလျှင် မှန်မည်လော။ (မဿဲ ၂၈:၁၉) ကျွန်ုပ်တို့သီးသည့်အသီးသည် ယေဟောဝါ၏ နှစ်ခြင်းခံပြီးသောဝတ်ပြုသူများဖြစ်လာစေရန် ကျွန်ုပ်တို့ကူညီပေးနိုင်ခဲ့သူများကို အဓိကဆိုလိုသလော။ မဟုတ်ပါ။ ထိုသို့သာဖြစ်မည်ဆိုလျှင် တုံ့ပြန်မှုနည်းသောရပ်ကွက်များတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကို နှစ်ချီ၍တည်ကြည်စွာ ဟောပြောနေကြသော ချစ်ခင်လေးစားဖွယ် သက်သေခံအားလုံးအတွက် အလွန်စိတ်ဓာတ်ကျစရာဖြစ်ပေမည်။ အကယ်၍ ကျွန်ုပ်တို့သီးသောနိုင်ငံတော်အသီးက တပည့်သစ်များကိုသာ ကိုယ်စားပြုသည်ဆိုလျှင် အလုပ်ကြိုးစားလုပ်ကြသော အဆိုပါသက်သေခံများသည် ယေရှု၏ပုံဥပမာထဲမှ မသီးမပွင့်သော အကိုင်းအခက်များနှင့်တူပေမည်! ထိုသို့လုံးဝမဟုတ်ပါလေ။ သို့ဖြစ်လျှင် ကျွန်ုပ်တို့ဓမ္မအမှု၏ အဓိကနိုင်ငံတော်အသီးကား အဘယ်နည်း။
ဘုရားသခင့်နိုင်ငံတော်မျိုးစေ့ကြဲဖြန့်ခြင်းဖြင့် အသီး,သီးခြင်း
၁၀။ ယေရှု၏ ပျိုးကြဲသူနှင့် ခြားနားသောမြေအမျိုးအစားပုံဥပမာက ဘုရားသခင့်နိုင်ငံတော်အသီးသည် အဘယ်အရာဖြစ်၍ အဘယ်အရာမဟုတ်ကြောင်း မည်သို့ဖော်ပြသနည်း။
၁၀ ယေရှု၏ ပျိုးကြဲသူနှင့် ခြားနားသောမြေအမျိုးအစားပုံဥပမာက အဖြေပေးကာ—ယင်းသည် အသီးအပွင့်နည်းသောရပ်ကွက်များရှိ သက်သေခံများအတွက် အားတက်ဖွယ်အဖြေဖြစ်သည်။ မျိုးစေ့သည် ဘုရားသခင့်နှုတ်မြွက်စကားတော်တွင်တွေ့ရသော နိုင်ငံတော်သတင်းဖြစ်ပြီး မြေမူကား ပုံဆောင်လူ့နှလုံးသားကို ကိုယ်စားပြုသည်ဟု ယေရှုမိန့်ဆိုခဲ့သည်။ အချို့သောအစေ့သည် “ကောင်းသောမြေ၌ကျသဖြင့် လုကာ ၈:၈) အဘယ်အသီးကိုသီးသနည်း။ ဂျုံပင်တစ်ပင်ပေါက်လာပြီး ကြီးရင့်လာသောအခါ အသီးအဖြစ် ဂျုံပင်ပေါက်စများမဟုတ်ဘဲ မျိုးစေ့အသစ်ဖြစ်ပေါ်လာသည်။ အလားတူ ခရစ်ယာန်တစ်ဦးသည် အသီးအဖြစ် တပည့်သစ်များကိုမဟုတ်ဘဲ နိုင်ငံတော်မျိုးစေ့အသစ် သီးပွင့်ပါသည်။
အပင်ပေါက်၍ . . . အသီး,သီးကြ၏။” (၁၁။ ဘုရားသခင့်နိုင်ငံတော်အသီးကို မည်သို့အဓိပ္ပာယ်ဖွင့်နိုင်သနည်း။
၁၁ ထို့ကြောင့် ဤတွင် အသီးဆိုသည်မှာ တပည့်အသစ်များမဟုတ်၊ ခရစ်ယာန်အရည်အသွေးကောင်းများလည်း မဟုတ်ပါ။ ကြဲဖြန့်သောမျိုးစေ့မှာ ဘုရားသခင့်နိုင်ငံတော်သတင်းတရားဖြစ်သောကြောင့် အသီးသည် ထိုမျိုးစေ့ပွားများသွားခြင်း ဖြစ်ရပေမည်။ ဤတွင် အသီး,သီးခြင်းသည် ဘုရားသခင့်နိုင်ငံတော်အကြောင်းဟောပြောခြင်းကို ဆိုလိုသည်။ (မဿဲ ၂၄:၁၄) ကျွန်ုပ်တို့၏အခြေအနေသည် မည်သို့ပင်ရှိပါစေ ဤသို့ ဘုရားသခင့်နိုင်ငံတော်အသီး,သီးခြင်းဖြစ်သည့် နိုင်ငံတော်သတင်းကောင်းကြွေးကြော်ခြင်းကို ကျွန်ုပ်တို့ထမ်းဆောင်နိုင်ကြပါသလော။ ထမ်းဆောင်နိုင်ပါသည်! သို့ပြုနိုင်ကြောင်း အဆိုပါပုံဥပမာ၌ပင် ယေရှုရှင်းပြသည်။
ဘုရားသခင့်ဘုန်းတော်ထင်ရှားဖို့ ကျွန်ုပ်တို့အတတ်နိုင်ဆုံးပြုခြင်း
၁၂။ ဘုရားသခင့်နိုင်ငံတော်အသီးကို ခရစ်ယာန်အားလုံးသီးနိုင်သလော။ ရှင်းပြပါ။
၁၂ “ကောင်းသောမြေ၌ အစေ့ကြဲခြင်းအကြောင်းအရာကား . . . အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများ၍ အသီး,သီးတတ်သည်” ဟုယေရှုမိန့်ဆိုခဲ့သည်။ (မဿဲ ၁၃:၂၃) လယ်ကွက်ထဲကြဲထားသောမျိုးစေ့သည် အခြေအနေအရ အသီးဖြစ်ထွန်းပေမည်။ အလားတူ သတင်းကောင်းကြေညာရာ၌ ကျွန်ုပ်တို့လုပ်ဆောင်နိုင်ရာသည် ကျွန်ုပ်တို့၏အခြေအနေအရ တူမည်မဟုတ်ပါ၊ ယင်းကို ယေရှုအသိအမှတ်ပြု ဖော်ပြသည်။ အချို့တို့သည် အခွင့်အလမ်းပိုရှိကြမည်; အခြားသူတို့မူ ကျန်းမာရေးပိုကောင်း၍ ပိုအားတက်သရောဖြစ် ပေမည်။ ထို့ကြောင့် ကျွန်ုပ်တို့တတ်နိုင်ရာသည် အခြားသူများနှင့်နှိုင်းယှဉ်လျှင် ပိုများနိုင်သည် သို့မဟုတ် လျော့နည်းနေနိုင်သည်၊ သို့သော်လည်း ကျွန်ုပ်တို့အတတ်နိုင်ဆုံးကိုပြုလုပ်နေလျှင် ယေဟောဝါနှစ်သက်တော်မူ၏။ (ဂလာတိ ၆:၄) အသက်အရွယ်ကြီးရင့်နေခြင်း၊ ကျန်းမာရေးမကောင်းခြင်းတို့ကြောင့် ဟောပြောခြင်းလုပ်ငန်း၌ အကန့်အသတ်ဖြင့်ပါဝင်ရလျှင်ပင် ကျွန်ုပ်တို့၏သနားကြင်နာသော ခမည်းတော်၊ ယေဟောဝါသည် ‘များစွာသောအသီးကို သီးနေ’ သူတစ်ဦးအဖြစ် ကျွန်ုပ်တို့ကိုရှုမြင်မည်အမှန်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကျွန်ုပ်တို့သည် ကိုယ်တော်အား ‘ကျွန်ုပ်တို့၌ရှိသမျှ’ ဖြစ်သော စိုးလ်အကြွင်းမဲ့ အမှုဆောင်နေကြသောကြောင့်ဖြစ်သည်။ *—မာကု ၁၂:၄၃၊ ၄၄; လုကာ ၁၀:၂၇။
၁၃။ (က) ကျွန်ုပ်တို့ “ဆက်၍” နိုင်ငံတော်အသီး,သီးနေရသည့် အဓိကအကြောင်းကား အဘယ်နည်း။ (ခ) တုံ့ပြန်မှုနည်းသောရပ်ကွက်များတွင် အဘယ်အရာက ကျွန်ုပ်တို့ကို အသီးဆက်သီးစေမည်နည်း။ (စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်ကိုရှု။)
၁၃ ဘုရားသခင့်နိုင်ငံတော်အသီးကို ကျွန်ုပ်တို့အဘယ်ကြောင့်သီးရကြောင်း စိတ်စွဲမှတ်ထားလျှင် နိုင်ငံတော်အသီးကို မည်၍မည်မျှသီးနိုင်ပါစေ ကျွန်ုပ်တို့အတတ်နိုင်ဆုံး “ဆက်၍ အသီးကိုသီးနေ” ကြရန် လှုံ့ဆော်ခံရကြပါလိမ့်မည်။ (ယောဟန် ၁၅:၁၆၊ ကဘ) အဓိကအကြောင်းရင်းကို ယေရှုဤသို့ဖော်ပြခဲ့သည်– “သင်တို့သည် များစွာသောအသီးကိုသီးသောအားဖြင့် ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ” ၏။ (ယောဟန် ၁၅:၈) မှန်ပါသည်၊ ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းက လူသားအပေါင်းရှေ့ ယေဟောဝါ၏နာမတော်ကို သန့်ရှင်းမြင့်မြတ်စေ၏။ (ဆာလံ ၁၀၉:၃၀) အသက် ၇၅ နှစ်ခန့်ရှိသော တည်ကြည်သည့်သက်သေခံတစ်ဦးဖြစ်သူ အော်နာက ဤသို့မှတ်ချက်ချသည်– “တုံ့ပြန်မှုနည်းတဲ့ရပ်ကွက်တွေမှာတောင် အမြင့်မြတ်ဆုံးအရှင်ကို ကိုယ်စားပြုရတာ တကယ်ဂုဏ်ယူစရာပဲ။” ၁၉၇၄ ခုနှစ်ကတည်းက ထက်သန်သော သက်သေခံတစ်ဦးဖြစ်ခဲ့သူ ကလော်ဒီယို၏ရပ်ကွက်တွင် နားထောင်သူနည်းသော်လည်း အဘယ်ကြောင့် သူဆက်ဟောပြောနေကြောင်း မေးသူအား ယေရှု၏ဤစကားများကို သူကိုးကားပြခဲ့သည်– “ငါ့ကိုစေလွှတ်တော်မူသော သူ၏အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကိုပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏။” ကလော်ဒီယိုက ဤသို့ဆက်ပြောသည်– “ယေရှုလိုပဲ နိုင်ငံတော်ကြွေးကြော်သူတစ်ဦးအဖြစ် ကျွန်တော့်ရဲ့လုပ်ငန်းကို အစပြုပြီး အဆုံးတိုင်ဆောင်ရွက်ချင်ပါတယ်။” (ယောဟန် ၁၇:၄) ကမ္ဘာတစ်ဝန်းမှ ယေဟောဝါသက်သေများလည်း ယင်းကိုသဘောတူကြပါသည်။—“စာမျက်နှာ ၂၁ ပါ‘ခံနိုင်ရည်ဖြင့်အသီး,သီး’ နိုင်ပုံ” လေးထောင့်ကွက်ကိုရှု။
ဟောပြော၍ သွန်သင်ရန်
၁၄။ (က) နှစ်ခြင်းဆရာယောဟန်နှင့် ယေရှု၏လုပ်ငန်းတွင် အဘယ်ရည်ရွယ်ချက်နှစ်ခုရှိသနည်း။ (ခ) မျက်မှောက်ခေတ် ခရစ်ယာန်လုပ်ငန်းကို သင်မည်သို့ဖော်ပြမည်နည်း။
၁၄ ခရစ်ဝင်ကျမ်းများတွင် ဖော်ပြထားသော ပထမဦးဆုံးနိုင်ငံတော်ကြွေးကြော်သူမှာ နှစ်ခြင်းဆရာယောဟန်ဖြစ်သည်။ (မဿဲ ၃:၁၊ ၂; လုကာ ၃:၁၈) သူ၏အဓိကရည်ရွယ်ချက်မှာ “သက်သေခံခြင်းငှာ” ဖြစ်၍ “လူအပေါင်းတို့သည် . . . ယုံကြည်ခြင်းသို့ရောက်မည်” ဟုအပြည့်အဝယုံကြည်၊ မျှော်လင့်လျက် ထိုသို့သူပြုလုပ်ခဲ့သည်။ (ယောဟန် ၁:၆၊ ၇) အမှန်မှာ ယောဟန်ဟောပြောခဲ့သူအချို့သည် ခရစ်တော်၏တပည့်များ ဖြစ်လာခဲ့ကြသည်။ (ယောဟန် ၁:၃၅-၃၇) ထို့ကြောင့် ယောဟန်သည် ဟောပြောသူလည်းဖြစ် တပည့်ဖြစ်စေခဲ့သူလည်းဖြစ်သည်။ ယေရှုသည်လည်း ဟောပြော၊ သွန်သင်သူတစ်ဦးဖြစ်သည်။ (မဿဲ ၄:၂၃; ၁၁:၁) သို့ဖြစ်၍ ယေရှုသည် နိုင်ငံတော်သတင်းဟောပြောရုံမက ယင်းကိုလက်ခံသူများ တပည့်များဖြစ်လာစေရန် ကူညီပေးဖို့ မိမိ၏နောက်လိုက်များကို မိန့်မှာခဲ့ခြင်းသည် အံ့အားသင့်စရာမဟုတ်ပါ။ (မဿဲ ၂၈:၁၉၊ ၂၀) ထို့ကြောင့် ယနေ့ ကျွန်ုပ်တို့၏လုပ်ငန်းသည် ဟောပြောခြင်းနှင့် သွန်သင်ခြင်း ပေါင်းစပ်ထားသောလုပ်ငန်းဖြစ်သည်။
၁၅။ စီ.အီး. ပထမရာစုနှင့် မျက်မှောက်ခေတ်တွင်ပြုလုပ်နေသော ဟောပြောခြင်းလုပ်ငန်းကိုတုံ့ပြန်ပုံ၏ ဆင်တူချက်ကား အဘယ်နည်း။
၁၅ စီ.အီး. ပထမရာစုတွင် ပေါလုဟောပြော၍ သွန်သင်သည်ကို “အချို့တို့သည် . . . ယုံကြ၏။ အချို့တို့သည် မယုံဘဲနေကြ၏။” (တမန်တော် ၂၈:၂၄) ယနေ့လည်း ထပ်တူဖြစ်သည်။ နိုင်ငံတော်မျိုးစေ့အများစုသည် ယင်းကိုလက်မခံနိုင်သောမြေပေါ်သို့ ကျသွားသည့်အတွက် ဝမ်းနည်းစရာဖြစ်သည်။ သို့သော်လည်း မျိုးစေ့အချို့သည် ယေရှုကြိုဟောခဲ့သည့်အတိုင်း ကောင်းသောမြေပေါ်ကျပြီး အမြစ်စွဲ၍ အပင်ပေါက်လေ၏။ အမှန်မှာ ကမ္ဘာတစ်ဝန်းတွင် တစ်ပတ်လျှင် ပျမ်းမျှလူ ၅,၀၀၀ ကျော်တို့သည် ယေရှု၏တပည့်စစ်များဖြစ်လာနေကြသည်! လူအများစုဖြစ်သော အခြားသူများက မယုံကြသော်လည်း ဤတပည့်သစ်များမှာမူ “ယုံကြ၏။” သူတို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို အဘယ်ကြောင့်လက်ခံနိုင်ကြသနည်း။ အများအားဖြင့် သက်သေခံများတင်ပြသော ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှု—ကြဲပြီးခါစမျိုးစေ့ကို ရေလောင်းပေးခြင်း—က အကြောင်းထူးစေသည်။ (၁ ကောရိန္သု ၃:၆) ပုံနမူနာများစွာထဲမှ နှစ်ခုကိုသာ သုံးသပ်ကြည့်ပါ။
ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုက အကြောင်းထူးစေ
၁၆၊ ၁၇။ ကျွန်ုပ်တို့၏ဓမ္မအမှု၌ တွေ့ဆုံရသူများကို အဘယ်ကြောင့် ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြဖို့ အရေးကြီးသနည်း။
၁၆ ဘယ်လ်ဂျီယံနိုင်ငံမှ ကယ်ရိုလင်းအမည်ရှိ သက်သေခံလူငယ်တစ်ဦးသည် ဘုရားသခင့်နိုင်ငံတော်သတင်းကို စိတ်ဝင်စားမှုမပြသော အသက်ကြီးရင့်သူ အမျိုးသမီးတစ်ဦးထံ ရောက်သွားခဲ့သည်။ ထိုအမျိုးသမီး၏လက်သည် ပတ်တီးစည်းထားသဖြင့် ကယ်ရိုလင်းနှင့် သူ၏အဖော်က အကူအညီပေးရန်ကမ်းလှမ်းခဲ့သော်လည်း သူက လက်မခံခဲ့ပါ။ နှစ်ရက်အကြာတွင် ထိုအမျိုးသမီးအိမ်သို့ အဆိုပါသက်သေခံများပြန်သွားကြပြီး သူ၏အခြေအနေကို မေးမြန်းခဲ့ကြသည်။ “အဲဒါက အကြောင်းထူးစေခဲ့တယ်” ဟုကယ်ရိုလင်းပြောပြသည်။ “ကျွန်မတို့ သူ့ကိုတကယ် စိတ်ဝင်စားတာကိုတွေ့တော့ သူအံ့ဩသွားတယ်။ ကျွန်မတို့ကို သူ့အိမ်ထဲဖိတ်ခေါ်ပြီး သူနဲ့ကျမ်းစာသင်အံမှု စနိုင်ခဲ့တယ်။”
၁၇ အမေရိကန်ပြည်ထောင်စုမှ သက်သေခံတစ်ဦးဖြစ်သူ စဲန်ဒီသည်လည်း သတင်းကောင်းဟောပြောသည့်အခါ နားထောင်သူများကို ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုတင်ပြသည်။ ဒေသခံသတင်းစာတွင် မီးဖွားသည့်ကြော်ငြာများကိုကြည့်ပြီးနောက် ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ် *နှင့် ထိုမိဘဖြစ်ခါစသူများထံ လည်ပတ်လေသည်။ မိခင်ဖြစ်သူမှာ အိမ်၌ရှိတတ်ပြီး ဧည့်သည်များအား သူ၏မွေးကင်းစကလေးကိုပြချင်သည်ဖြစ်ရာ စကားစမြည်ပြောခွင့်ရလေ့ရှိသည်။ စဲန်ဒီဤသို့ရှင်းပြသည်– “စာဖတ်ခြင်းအားဖြင့် မွေးကင်းစကလေးနဲ့ နှောင်ကြိုးဖွဲ့ဖို့အရေးကြီးတဲ့အကြောင်း မိဘတွေကို ကျွန်မပြောပြတယ်။ ပြီးတော့ အခုဒီလောကကြီးမှာ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ တကယ်ခက်တဲ့အကြောင်းပြောပြတယ်။” ဤသို့လည်ပတ်ခဲ့ခြင်းကြောင့် မကြာသေးမီက မိခင်တစ်ဦးနှင့် သူ၏ကလေးခြောက်ဦးတို့သည် ယေဟောဝါအားဝတ်ပြုသူများဖြစ်လာကြသည်။ ကျွန်ုပ်တို့၏ဓမ္မအမှုတွင် အစပြုလုပ်ဆောင်ပြီး ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြလျှင် အလားတူပျော်ရွှင်မှုများ ရနိုင်ပါသည်။
၁၈။ (က) ‘များစွာသောအသီးကိုသီး’ ပါဟူသော လိုအပ်ချက်ကို ကျွန်ုပ်တို့အားလုံး အဘယ်ကြောင့်ပြည့်မီနိုင်သနည်း။ (ခ) ယောဟန်ခရစ်ဝင်ကျမ်းပါ တပည့်ဖြစ်ခြင်းနှင့်ဆိုင်သော အဘယ်လိုအပ်ချက်သုံးခုကို ပြည့်မီဖို့ သင်ဆုံးဖြတ်ထားသနည်း။
၁၈ ‘များစွာသောအသီးကို သီးနေလော့’ ဟုတောင်းဆိုထားသည့်အတိုင်း ကျွန်ုပ်တို့ပြုလုပ်နိုင်ကြောင်းသိရခြင်းသည် အမှန်တကယ်အားရှိစရာပင်! လူကြီးဖြစ်စေ လူငယ်ဖြစ်စေ၊ ကျန်းမာရေးကောင်းသူဖြစ်စေ၊ မကောင်းသူဖြစ်စေ၊ သတင်းတရားလက်ခံသောရပ်ကွက်၌ သို့မဟုတ် လက်မခံသောရပ်ကွက်၌ ဟောပြောသည်ဖြစ်စေ ကျွန်ုပ်တို့အားလုံး အသီးများစွာ သီးနိုင်ကြပါသည်။ မည်သို့အားဖြင့်နည်း။ ဝိညာဉ်အသီးများကို အတတ်နိုင်ဆုံးများများသီးပြီး ကျွန်ုပ်တို့အတတ်နိုင်ဆုံး ဘုရားသခင့်နိုင်ငံတော်သတင်းကို ဟောပြောခြင်းအားဖြင့်ဖြစ်သည်။ တစ်ချိန်တည်းတွင် ကျွန်ုပ်တို့သည် ‘ယေရှု၏တရား၌ တည်နေ’ ၍ ‘အချင်းချင်းချစ်ကြ’ ရန်ကြိုးစားကြခြင်းဖြင့်ဖြစ်သည်။ မှန်ပါ၏၊ ယောဟန်ခရစ်ဝင်ကျမ်းတွင်ဖော်ပြထားသော တပည့်ဖြစ်ခြင်းနှင့်ဆိုင်သည့် ဤအရေးပါသော လိုအပ်ချက်သုံးခုကို ပြည့်မီခြင်းအားဖြင့် ကျွန်ုပ်တို့သည် “[ခရစ်တော်၏] တပည့်အမှန်ဖြစ်” ကြောင်း သက်သေထူကြသည်။—ယောဟန် ၈:၃၁; ၁၃:၃၅။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 3 ထိုပုံဥပမာထဲမှ စပျစ်ကိုင်းများသည် ယေရှု၏တမန်တော်များနှင့် ဘုရားသခင့်ကောင်းကင်နိုင်ငံတော်အမွေခံမည့် အခြားခရစ်ယာန်များကို ရည်ညွှန်းသော်လည်း ယင်းပုံဥပမာတွင် ခရစ်တော်၏ မျက်မှောက်ခေတ်နောက်လိုက်အားလုံး အကျိုးခံစားနိုင်သော အမှန်တရားများ ပါရှိသည်။—ယောဟန် ၃:၁၆; ၁၀:၁၆။
^ အပိုဒ်၊ 12 အသက်ကြီးရင့်ခြင်း သို့မဟုတ် ဖျားနာခြင်းကြောင့် အိမ်တွင်းအောင်းနေရသူများသည် စာရေးခြင်းဖြင့် သို့မဟုတ် အခွင့်သာလျှင် တယ်လီဖုန်းဖြင့် သက်သေခံနိုင်ကြသည်၊ သို့မဟုတ် အလည်လာသူများကို သတင်းကောင်းဟောပြောနိုင်သည်။
^ အပိုဒ်၊ 17 ယေဟောဝါသက်သေများထုတ်ဝေခဲ့။
ပြန်လည်သုံးသပ်ရန်မေးခွန်းများ
• အဘယ်အသီးမျိုးကို ကျွန်ုပ်တို့ လှိုင်လှိုင်သီးဖို့လိုသနည်း။
• “များစွာသောအသီးကိုသီး” ခြင်းပန်းတိုင်ကို အဘယ်ကြောင့် ကျွန်ုပ်တို့ လက်လှမ်းမီနိုင်သနည်း။
• ယောဟန်ခရစ်ဝင်ကျမ်း၌ပါသော တပည့်ဖြစ်ခြင်းနှင့်ဆိုင်သည့် အဘယ်အရေးကြီးသော လိုအပ်ချက်ချက်သုံးခုကို ကျွန်ုပ်တို့သုံးသပ်ခဲ့ကြပြီနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
‘ခံနိုင်ရည်ဖြင့်အသီး,သီး’ နိုင်ပုံ
တုံ့ပြန်မှုနည်းသောရပ်ကွက်များတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကို တည်ကြည်စွာ ဆက်ဟောပြောရန် သင့်အား အဘယ်အရာက ထောက်ကူပေးသနည်း။ ဤမေးခွန်းအတွက် အထောက်အကူပြုသော အဖြေအချို့မှာ ဤသို့ဖြစ်သည်။
“ရပ်ကွက်မှာ ဘယ်လိုပဲတုံ့ပြန်ကြပါစေ ယေရှုရဲ့ အကြွင်းမဲ့ထောက်မမှုကို ကျွန်တော်တို့ ရရှိထားတယ်ဆိုတာ သိထားခြင်းက အကောင်းမြင်စေပြီး ဇွဲရှိစေတယ်။”—ဟယ်ရီ၊ အသက် ၇၂ နှစ်; ၁၉၄၆ ခုနှစ်တွင် နှစ်ခြင်းခံခဲ့။
“၂ ကောရိန္သု ၂:၁၇ က ကျွန်တော့်ကို အမြဲအားရှိစေတယ်။ အဲဒီမှာ ကျွန်တော်တို့ဟာ ‘ဘုရားသခင့်ရှေ့တော်၌ ခရစ်တော်နှင့်အတူ’ ဓမ္မအမှုမှာပါဝင်ကြတယ်လို့ဆိုထားပါတယ်။ အမှုဆောင်ထွက်တဲ့အခါ အကောင်းဆုံးမိတ်ဆွေတွေနဲ့အတူရှိနေလို့ ကျွန်တော်ပျော်တယ်။”—ကလောဒီယို၊ အသက် ၄၃ နှစ်; ၁၉၇၄ ခုနှစ်တွင် နှစ်ခြင်းခံခဲ့။
“ပွင့်ပွင့်လင်းလင်းပြောရရင် ဟောပြောခြင်းလုပ်ငန်းဟာ ကျွန်တော်ကြိုးစားရုန်းကန်ရတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်။ ဒါပေမဲ့ ‘အကျွန်ုပ်၏ဘုရားသခင်အားဖြင့် မြို့ရိုးကို ခုန်လွှားခြင်းပြုနိုင်ပါ၏’ ဆိုတဲ့ ဆာလံ ၁၈:၂၉ မှာပါတဲ့စကားမှန်တယ်ဆိုတာ ကျွန်တော့်ကိုယ်တွေ့ပါပဲ။”—ဂဲရက်ဒ်၊ အသက် ၇၉ နှစ်; ၁၉၅၅ တွင် နှစ်ခြင်းခံခဲ့။
“အမှုဆောင်ထွက်တဲ့အခါ ကျမ်းချက်တစ်ချက်လောက်ကိုပဲ ဖတ်ပြနိုင်ခဲ့ပါစေ အနည်းဆုံးလူတစ်ယောက်ရဲ့နှလုံးကို သမ္မာကျမ်းစာနဲ့ဆန်းစစ်စေနိုင်ခဲ့တာကို ကျွန်မကျေနပ်တယ်။”—အယ်လ်နာ၊ အသက် ၂၆ နှစ်; ၁၉၈၉ ခုနှစ်တွင် နှစ်ခြင်းခံခဲ့။
“ချဉ်းကပ်နည်းအမျိုးမျိုးကို ကျွန်တော်သုံးကြည့်နေတယ်။ ချဉ်းကပ်နည်းတွေများလွန်းလို့ ကျွန်တော့်ဘဝရဲ့ကျန်တဲ့နှစ်တွေမှာ အဲဒါတွေအားလုံးကို သုံးလို့ကုန်နိုင်မှာမဟုတ်ဘူး။”—ပေါလ်၊ အသက် ၇၉ နှစ်; ၁၉၄၀ တွင်နှစ်ခြင်းခံခဲ့။
“အပျက်သဘောနဲ့တုံ့ပြန်တာတွေကို ကျွန်တော်ဗွေမယူဘူး။ လူတွေကို ရင်းနှီးလွတ်လပ်တဲ့နည်းနဲ့ ချဉ်းကပ်ပြီး သူတို့နဲ့စကားစမြည်ပြောတဲ့အခါ သူတို့ရဲ့အမြင်ကိုနားထောင်ပေးဖို့ ကျွန်တော်ကြိုးစားတယ်။”—ဒယ်နီယယ်လ်၊ အသက် ၇၅ နှစ်; ၁၉၄၆ ခုနှစ်တွင် နှစ်ခြင်းခံခဲ့။
“နှစ်ခြင်းခံယူခါစလူသစ်တချို့က သူတို့သက်သေခံဖြစ်လာတဲ့ကိစ္စမှာ ကျွန်မရဲ့ဟောပြောခြင်းလုပ်ငန်း တစ်စိတ်တစ်ပိုင်းပါဝင်တယ်လို့ ကျွန်မကိုလာပြောတယ်။ ကျွန်မ,မသိလိုက်တာက တစ်ဦးတစ်ယောက်က နောက်ပိုင်းမှာ သူတို့နဲ့ကျမ်းစာလေ့လာပြီး တိုးတက်အောင် ကူညီပေးခဲ့တာတဲ့။ ကျွန်မတို့ရဲ့ဓမ္မအမှုဟာ ပူးပေါင်းဆောင်ရွက်ကြတဲ့လုပ်ငန်းဖြစ်လို့ ပျော်ရွှင်မိပါတယ်။”—ဂျိုအဲန်း၊ အသက် ၆၆ နှစ်; ၁၉၅၄ ခုနှစ်တွင်နှစ်ခြင်းခံခဲ့။
‘ခံနိုင်ရည်ဖြင့်အသီး,သီး’ ရန် သင့်အား အဘယ်အရာကထောက်ကူပေးသနည်း။—လုကာ ၈:၁၅။
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ဝိညာဉ်အသီးကိုသီးခြင်း၊ ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ကြေညာခြင်းအားဖြင့် ကျွန်ုပ်တို့အသီးများစွာသီးကြ
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
‘များစွာသောအသီးကို သီးနေလော့’ ဟူ၍ တမန်တော်များအား မိန့်တော်မူသောအခါ ယေရှုအဘယ်အရာကိုဆိုလိုသနည်း