စာရှုသူများထံမှမေးခွန်းလွှာ
စာရှုသူများထံမှမေးခွန်းလွှာ
ဟေရှာယ ၃၀:၂၀ က “သင်တို့ကိုယ်တိုင် ကိုယ်တော်ကိုမြင်ရကြလိမ့်မည်” ဟုဆိုလျက်နှင့် ယေဟောဝါ၏စကားသံသည် “သင်တို့နောက်က” ဟု ဟေရှာယ ၃၀:၂၁ ကအဘယ်ကြောင့်ဆိုသနည်း။
ဟေရှာယ ၃၀:၂၀၊ ၂၁ [သမ္မာ] က ဤသို့ဆိုသည်– “သင်တို့ . . . ဆရာ [“မဟာသွန်သင်ရှင်၊” ကဘ] သည် နောက်တစ်ဖန် ပုန်းကွယ်၍နေတော်မမူ။ သင်တို့ကိုယ်တိုင် ကိုယ်တော်ကိုမြင်ရကြလိမ့်မည်။ သင်တို့သည် လက်ယာဘက်၊ လက်ဝဲဘက်သို့လမ်းလွှဲလျှင် ‘ဤလမ်းသည်မှန်၏။ လျှောက်လိုက်လော့’ ဟု သင်တို့နောက်ကပြောသောစကားသံကို ကြားရလိမ့်မည်။”
အဆိုပါကျမ်းချက်ကို စာသားအတိုင်းထောက်ရှုလျှင် စာဖတ်သူသည် မဟာသွန်သင်ရှင် ယေဟောဝါကို သူ့ရှေ့တွင်တွေ့သော်လည်း အသံတော်ကိုမူ နောက်ကကြားရမည်ဖြစ်၏။ သို့ရာတွင်၊ ထိုစကားလုံးများသည် ပုံဆောင်ချက်ဖြစ်ပြီး ထိုသို့ပင်နားလည်သင့်သည်။
အခန်းငယ် ၂၀ မှ စိတ်တွင်ပေါ်လာစေသည့် တင်စားချက်မှာ သခင်၏အမှုတော်ကို ထမ်းရွက်ဖို့ အသင့်ဖြစ်နေသော၊ သခင်ညွှန်ကြားသည့်အတိုင်း လုပ်ကိုင်ဖို့ အမြဲအသင့်ရှိနေသော ကျွန်တစ်ဦးဖြစ်သည်။ မိမိသခင်၏အလိုကိုသိနိုင်ရန် သူ၏လက်ကို ဂရုစိုက်ကြည့်ရှုနေသည့် ကျွန်တစ်ဦးကဲ့သို့ ယနေ့ ယေဟောဝါ၏လူမျိုးသည် ကိုယ်တော်၏ မြေကြီးဆိုင်ရာအဖွဲ့အစည်းမှတစ်ဆင့်ပေးသည့် အဆင့်ဆင့်တိုးတက်လာသော ကျမ်းစာအခြေပြုညွှန်ကြားချက်များကို အသေအချာစူးစိုက်ကြ၏။ (ဆာလံ ၁၂၃:၁၊ ၂) သူတို့သည် “သစ္စာနှင့်သတိပညာရှိသောကျွန်” မှတစ်ဆင့် ယေဟောဝါညွှန်ကြားလေသမျှကို ဂရုပြုလျက်နေကြကာ ကိုယ်တော်၏လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ကြသည်။—မဿဲ ၂၄:၄၅-၄၇၊ သမ။
သို့ဖြစ်လျှင် ကိုယ်တော်၏ကျေးကျွန်များ နောက်ကနေကြားသည့်စကားသံကား အဘယ်နည်း။ နောက်ကအသံသည် အတိတ်က ဘုရားသခင်မိန့်ဆိုခဲ့သောစကား၊ “သစ္စာရှိသောဘဏ္ဍာစိုး” မှတစ်ဆင့် နားလည်စေသည့် သမ္မာကျမ်းစာတွင် မိန့်မြွက်ထားသောစကားဖြစ်သည်ဟု ကောက်ချက်ချရန် ကျိုးကြောင်းဆီလျော်ပါသည်။ (လုကာ ၁၂:၄၃၊ ကဘ) ဘုရားသခင်၏ ခေတ်သစ်ကျေးကျွန်များသည် သမ္မာကျမ်းစာကို ဝီရိယစိုက်ထုတ်လေ့လာခြင်းနှင့် ၎င်း၏မူများကို မိမိတို့၏အသက်တာတွင် လက်တွေ့ကျင့်သုံးရန် “သစ္စာနှင့်သတိပညာရှိသောကျွန်၊” “သစ္စာရှိသောဘဏ္ဍာစိုး” ပြင်ဆင်ပေးသည့် စာပေများ၏အကူအညီကိုယူခြင်းအားဖြင့် ကိုယ်တော်၏အသံတော်ကို ကြားကြသည်။ မဟာသွန်သင်ရှင် ပြင်ဆင်ပေးတော်မူသည့် အချိန်တန်လမ်းညွှန်ချက်ကို ဂရုပြု၍ မှီခိုအားထားခြင်းဖြင့်လည်းကောင်း၊ လွန်ခဲ့သောရာစုနှစ်များစွာက ရေးသားခဲ့သည့် သမ္မာကျမ်းစာကို လေ့လာခြင်းအားဖြင့်လည်းကောင်း ကိုယ်တော်၏ကျေးကျွန်များသည် ကိုယ်တော့်ကို ပုံဆောင်သဘောအရ မိမိတို့ရှေ့တွေ့ မြင်ကြပြီး နောက်ကအသံကို ကြားကြသည်။—ရောမ ၁၅:၄။