ဒုက္ခသည် စခန်း၌ဘဝအသက်တာ
ဒုက္ခသည် စခန်း၌ဘဝအသက်တာ
“ဒုက္ခသည်စခန်း” ဆိုသည့်စကားလုံးကို ကြားလိုက်သည့်အခါ သင့်စိတ်ထဲ အဘယ်အရာပေါ်လာသနည်း။ ထိုစခန်းမျိုးသို့ အလည်ရောက်ဖူးသလော။ အမှန်ဆိုလျှင် ထိုစခန်းသည် အဘယ်အရာနှင့်တူသနည်း။
ဤဆောင်းပါးကိုရေးနေချိန်တွင် တန်ဇန်းနီးယားနိုင်ငံ၏ အနောက်ဘက်ပိုင်း၌ ဒုက္ခသည်စခန်း ၁၃ ခုကို ဖွင့်လှစ်တည်ထောင်ခဲ့ပေပြီ။ တန်ဇန်းနီးယားအစိုးရသည် ပြည်တွင်းစစ်များကြောင့် အိုးအိမ်မဲ့ဖြစ်ကြရသူ အခြားသောအာဖရိကန်နိုင်ငံများမှ ဒုက္ခသည် ၅၀၀,၀၀၀ ခန့်ကို ယူအဲန် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့်ပူးပေါင်း၍ ကူညီပေးလျက်ရှိ၏။ ဤစခန်းတွင်နေရသည့် ဘဝသည် အဘယ်သို့နည်း။
စခန်းသို့ရောက်ရှိလာကြခြင်း
လွန်ခဲ့သောနှစ်အနည်းငယ်က ဤစခန်းသို့ရောက်လာသည့် ဆယ်ကျော်သက်ရွယ်မိန်းကလေး ကဲန်ဒီဒါက သူနှင့်သူ့မိသားစု၏ အဖြစ်အပျက်ကို ဤသို့ရှင်းပြသည်– “ကျွန်မတို့ကို မှတ်ပုံတင်နံပါတ်ပါတဲ့ ခွဲတမ်းကတ်တစ်ခုပေးပြီး နီယာရူဂူဆူ ဒုက္ခသည်စခန်းမှာ နေရာချပေးတယ်။ အဲဒီကိုရောက်တော့ မြေကွက်နံပါတ်တစ်ခုနဲ့ လမ်းနံပါတ်တစ်ခု ကျွန်မတို့ရရှိကြတယ်။ ကိုယ်ပိုင်အိမ်လေးတစ်လုံးဆောက်နိုင်ဖို့ ဘယ်မှာ သစ်ပင်သွားခုတ်ရမယ်၊ မြက်တွေ ဘယ်မှာရှာရမယ်ဆိုတာကို ညွှန်ပြပေးကြတယ်။ ဒါနဲ့ ကျွန်မတို့ ရွှံ့နဲ့အုတ်ဖုတ်ကြတယ်။ UNHCR က ကျွန်မတို့ကို ပလတ်စတစ်မိုးကာကြီးတစ်ခုပေးတယ်၊ အဲဒါနဲ့ ကျွန်မတို့အိမ်မိုးလိုက်ကြတယ်။ ပင်ပန်းခက်ခဲတဲ့အလုပ်ဖြစ်ပေမဲ့ ကျွန်မတို့ရဲ့အိမ်ကလေးပြီးသွားတဲ့အခါ ပျော်လိုက်တာ။”
ခွဲတမ်းကတ်ကို နှစ်ပတ်ခြားတစ်ခါ ဗုဒ္ဓဟူးနေ့တိုင်း အသုံးပြုကြရသည်။ “UNHCR ဝေငှပေးတဲ့ အခြေခံစားသောက်ကုန်တွေကို ထုတ်ပေးတဲ့နေရာမှာ ကျွန်မတို့တန်းစီယူကြရတယ်” ဟုကဲန်ဒီဒါက ဆက်ပြောပြသည်။
နေ့စဉ်စားရသည့်အစားအစာကား အဘယ်အစာမျိုးနည်း။
“တစ်ဦးလျှင် ပြောင်းဖူးမှုန့် သုံးခွက်၊ စားတော်ပဲတစ်ခွက်၊ ပဲပုပ်စေ့အမှုန့် ၂၀ ဂရမ်၊ စားသုံးဆီ စားပွဲဇွန်းနှစ်ဇွန်းနှင့် ဆား ၁၀ ဂရမ်တို့ကို ကျွန်မတို့ရရှိကြတယ်။ တစ်ခါတလေ တစ်လလုံးလုံးသုံးဖို့ ဆပ်ပြာခဲတစ်ခဲလည်း ရကြပါသေးတယ်။”
သောက်သုံးရေကော ရနိုင်ပါသလော။ ရီဇီးကီဟုခေါ်သော အမျိုးသမီးငယ်တစ်ဦးက ဤသို့ဆိုသည်– “အနီးအနားမြစ်တွေကနေ ပိုက်လိုင်းတွေနဲ့ ရေစုပ်ယူပြီး ရေလှောင်ကန်ကြီးတွေထဲမှာ သိုလှောင်ထည့်ပေးထားတယ်။ စခန်းတိုင်းမှာရှိတဲ့ ရေစင်တွေဆီ ရေကိုမစုပ်တင်ခင် ကလိုရင်းဓာတ်ထည့်ပြီး ပြုပြင်ပေးတယ်။ ဒါပေမဲ့လည်း
မဖျားမနာကြဖို့ ကျွန်မတို့ ရေကျိုသောက်ရပါတယ်။ အဲ့ဒီရေဘုံပိုင်တွေကနေ ရေသယ်၊ အဝတ်လျှော်ဖွပ်ကြရတာ တစ်နေကုန်ပဲ။ တစ်ရက်ကို ရေတစ်ပုံးခွဲပဲသုံးခွင့်ရှိတယ်။”ဤသို့သောစခန်းတစ်ခုထဲ ကားမောင်းပတ်ကြည့်မည်ဆိုလျှင် မူကြိုကျောင်းများ၊ မူလတန်းကျောင်းများနှင့် အလယ်တန်းကျောင်းများကို သင်တွေ့ရမည်။ ဤစခန်းတွင် လူကြီးများကိုပင် စာသင်ပေးသည့် ကျောင်းအချို့လည်းရှိပေမည်။ စခန်းအပြင်ဘက်တွင် ရဲစခန်းနှင့် အစိုးရရုံးတစ်ရုံးက ထိုစခန်း၏လုံခြုံရေးကို ကြပ်မတ်ပေးသည်။ ထို့ပြင် ဒုက္ခသည်များ ဝယ်ယူစရာ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံ၊ ငါး၊ ကြက်နှင့် အခြားအခြေခံစားသောက်ကုန်များ ရောင်းချပေးသည့် ဈေးဆိုင်ငယ်လေးများစွာရှိသည့် ဈေးကြီးတစ်ခုကိုလည်း သင်တွေ့ရှိရပေမည်။ ဒေသခံအချို့သည် အဆိုပါဈေးသို့လာ၍ ရောင်းဝယ်ဖောက်ကားကြသည်။ သို့သော် ဝယ်ခြမ်းဖို့ငွေကို ဤဒုက္ခသည်များ အဘယ်မှရကြသနည်း။ သူတို့ထဲမှတချို့သည် ဟင်းသီးဟင်းရွက်စိုက်ခင်းငယ်လေး ပြုစုပျိုးထောင်ကြပြီး ခြံထွက်သီးနှံများကို ဈေး၌ရောင်းချကြသည်။ အခြားသူများကမူ သူတို့၏ခွဲတမ်းမှ ပြောင်းဖူးမှုန့် သို့မဟုတ် စားတော်ပဲအနည်းငယ်ရောင်းပြီး အသားငါးနှင့် သစ်သီးဝလံအနည်းငယ် ဝယ်တတ်ကြသည်။ အဆိုပါစခန်းသည် ဒုက္ခသည်စခန်းနှင့်မတူဘဲ ရွာကြီးတစ်ရွာနှင့်ပင် တူနေတော့သည်။ ဤဒုက္ခသည်များ သူတို့၏မွေးရပ်မြေတွင် ပျော်ရွှင်ခဲ့ကြသကဲ့သို့ ဈေးတွင် ရယ်မောပျော်ရွှင်နေကြသည်ကို မကြာခဏတွေ့ရှိကြရ၏။
ဆေးရုံကြီးသို့ သင်သွားရောက်ခဲ့လျှင် ၎င်းစခန်းတွင် အထွေထွေရောဂါများကို ကုသပေးသည့် ဆေးပေးခန်းများရှိပြီး အရေးပေါ်နှင့် အခြားရောဂါဆိုးများကိုကား ဆေးရုံကြီးသို့ လွှဲပြောင်းပေးတတ်ကြောင်း ဆရာဝန်တစ်ဦးဦးက ရှင်းပြပေးပေမည်။ ဒုက္ခသည် ၄၈,၀၀၀ ရှိစခန်းတစ်ခုတွင် တစ်လလျှင် ကလေးမွေးဖွားခြင်း ၂၅၀ ခန့်ရှိနိုင်သဖြင့် ဆေးရုံ၏သားဖွားဆောင်
နှင့် သားဖွားခန်းများသည် အရေးပါမည်မှာ အံ့ဩစရာမဟုတ်ပေ။ဝိညာဉ်အစာကို ဝဝလင်လင်စားသုံးကြရ
ကမ္ဘာတစ်ဝန်းမှ ယေဟောဝါသက်သေများသည် တန်ဇန်းနီးယားနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိသည့် မိမိတို့၏ ဝိညာဉ်ရေးညီအစ်ကိုများအကြောင်း သိလိုကြပေမည်။ အားလုံးခြုံကြည့်လျှင် ထိုတွင်သက်သေခံ ၁,၂၀၀ ခန့်ရှိ၍ အသင်းတော်ပေါင်း ၁၄ ခုနှင့် အုပ်စု ၃ စုသို့ ဖွဲ့စည်းပေးထားသည်။ သူတို့အခြေအနေကား မည်သို့နည်း။
အဆိုပါအပ်နှံထားသည့်ခရစ်ယာန်များ ထိုစခန်းများသို့ရောက်သည်နှင့် ဘုရားသခင့်နိုင်ငံတော်ခန်းမဆောက်ဖို့ မြေကွက်တစ်ကွက်ကို ဦးဆုံးတောင်းခံခဲ့ကြသည်။ သို့ပြုခြင်းဖြင့် ဒုက္ခသည်များသည် သက်သေခံများအား ရှာတွေ့ပြီး သူတို့၏ပတ်စဉ်အစည်းအဝေးများကို တက်ရောက်နိုင်ကြမည်ဖြစ်၏။ လူဂူဖူစခန်းတွင် အသင်းတော် ၇ ခုရှိပြီး တက်ကြွလှုပ်ရှားသည့် ခရစ်ယာန်ဦးရေ စုစုပေါင်း ၆၅၉ ဦးရှိသည်။ တနင်္ဂနွေနေ့အစည်းအဝေးများတွင် ဤအသင်းတော် ၇ ခုသို့ တက်ရောက်ကြသူစုစုပေါင်းမှာ များသောအားဖြင့် ၁,၇၀၀ ဖြစ်သည်။
၎င်းစခန်းအားလုံးရှိ သက်သေခံများသည် ပို၍ကြီးမားသော ခရစ်ယာန်စည်းဝေးပွဲများနှင့် စည်းဝေးကြီးများကိုလည်း တက်ရောက်အကျိုးခံစားကြရသည်။ လူဂူဖူစခန်းတွင် ပထမဦးဆုံးအကြိမ် ခရိုင်စည်းဝေးကြီးကျင်းပသောအခါ တက်ရောက်သူ ၂,၃၆၃ ဦးရှိ၏။ သက်သေခံများသည် စည်းဝေးကြီးကျင်းပရာနေရာ အပြင်ဘက်တွင် နှစ်ခြင်းပေးဖို့ကန်ကို အသင့်ပြင်ဆင်ထားကြသည်။ ယင်းသည် မြေတွင်းတူး၍ ပလတ်စတစ်ခင်းပြီး ရေဖြည့်ထားသည့်ကန်ဖြစ်သည်။ ညီအစ်ကိုများသည် ရေကို တစ်မိုင်ကျော်ဝေးသည့် မြစ်မှ စက်ဘီးဖြင့် သယ်ယူခဲ့ကြရ၏။ တစ်ခေါက်လျှင် ရေငါးဂါလံသာသယ်ယူနိုင်သည်ဖြစ်ရာ အခေါက်ခေါက်အခါခါ သယ်ယူလာခဲ့ကြရသည်။ ဣန္ဒြေရရဝတ်စားထားသည့် နှစ်ခြင်းခံမည့်သူများသည် နှစ်ခြင်းယူဖို့အတွက် တန်းစီစောင့်ခဲ့ကြ၏။ စုစုပေါင်း ၅၆ ဦးကို ရေတွင်နှစ်ခြင်းပေးခဲ့သည်။ အဆိုပါစည်းဝေးကြီးတွင် အချိန်ပြည့်ဓမ္မအမှုဆောင်တစ်ဦးက လူပေါင်း ၄၀ ကို သူကျမ်းစာသင်ပေးခွင့်ရကြောင်း လူတွေ့မေးမြန်းခန်းတွင် ရှင်းပြခဲ့သည်။ သူကျမ်းစာသင်ပေးခဲ့သူလေးဦးသည် ထိုစည်းဝေးကြီးတွင် နှစ်ခြင်းခံခဲ့လေသည်။
ထိုနေရာသို့ နယ်လှည့်ကြီးကြပ်မှူးများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် ယေဟောဝါသက်သေများ၏ဌာနခွဲရုံးက စီစဉ်ပေးထားသည်။ ထိုသူတို့အထဲမှတစ်ဦးက ဤသို့ဆိုသည်– “ကျွန်တော်တို့ညီအစ်ကိုတွေဟာ ခရစ်ယာန်ဓမ္မအမှုမှာ အတော်ဇွဲရှိကြတယ်။ သူတို့ဟောပြောဖို့ရပ်ကွက် အတော်ကြီးတယ်၊ အသင်းတော်တစ်ခုမှာ သက်သေခံတစ်ယောက်စီဟာ ခရစ်ယာန်ဓမ္မအမှုမှာ တစ်လကို ၃၄
နာရီပါဝင်ကြတယ်။ စိတ်ဝင်စားသူတွေနဲ့ ကျမ်းစာသင်အံမှု ငါးခု ဒါမှမဟုတ် အဲဒီထက်မက ကျင်းပသူ အတော်များများရှိတယ်။ ရှေ့ဆောင် [အချိန်ပြည့်ဓမ္မအမှုဆောင်] တစ်ယောက်က ဒီထက်ပိုကောင်းတဲ့ရပ်ကွက်မျိုးကို ဘယ်နေရာမှာမှ ရှာတွေ့နိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့တယ်။ စခန်းကလူတွေဟာ ကျွန်တော်တို့ရဲ့စာပေတွေကို အရမ်းတန်ဖိုးထားကြတယ်။”ကျမ်းစာ,စာပေများ ဤစခန်းများသို့ မည်သို့ရောက်ရှိသနည်း။ ဌာနခွဲရုံးသည် စာပေများကို တန်ဂန်ရီကာကန်၏ အရှေ့ပိုင်းကမ်းခြေရှိ ကီဂိုမာမြို့သို့ မီးရထားဖြင့်တင်ပို့ပေးသည်။ ညီအစ်ကိုများသည် ထိုမြို့မှ စာပေများကို လက်ခံရရှိကာ ယင်းတို့ကို အသင်းတော်များထံပို့ပေးရန် စီစဉ်ကြသည်။ တစ်ခါတစ်ရံ ပစ်ကပ်ကားတစ်စီးငှားပြီး သူတို့ကိုယ်တိုင် စခန်းများသို့ အရောက်ပို့ပေးကြသည်။ ဤသို့ပြုရန် အလွန်ကြမ်းတမ်းသည့်လမ်းများပေါ် သုံးလေးရက်တိုင် ခရီးနှင်လာကြရ၏။
ရုပ်ပစ္စည်းအထောက်အပံ့
ပြင်သစ်၊ ဘယ်လ်ဂျီယံနှင့် ဆွစ်ဇာလန်နိုင်ငံတို့မှ ယေဟောဝါသက်သေများသည် ယင်းစခန်းများရှိ ဒုက္ခသည်များကို အထူးသဖြင့် အကူအညီပေးခဲ့ကြပြီ။ အချို့တို့သည် ပြည်ထဲရေးဝန်ကြီးဌာနနှင့် UNHCR ၏ခွင့်ပြုချက်ဖြင့် တန်ဇန်းနီးယားရှိ အဆိုပါစခန်းများသို့ သွားရောက်လည်ပတ်ခဲ့ကြသည်။ ဥရောပရှိသက်သေခံများသည် ပဲနို့ရည်၊ အဝတ်အထည်များ၊ ရှူးဖိနပ်များ၊ ကျောင်းသုံးစာအုပ်များနှင့် ဆပ်ပြာတို့ကို တန်ပေါင်းများစွာ စုဆောင်းပေးပို့ခဲ့ကြသည်။ အဆိုပါပစ္စည်းများကို ဤကျမ်းစာမူအတိုင်း ဒုက္ခသည်အားလုံးကို ဝေငှပေးခဲ့ကြသည်– “ငါတို့သည် အဆင်သင့်သည်အတိုင်း ခပ်သိမ်းသောသူတို့အား ကောင်းစွာသောအမှုကိုပြုလျက် ယုံကြည်ခြင်း၏ အိမ်သူအိမ်သားတို့အား အထူးသဖြင့်ပြုကြကုန်အံ့။”—ဂလာတိ ၆:၁၀၊ သမ္မာ။
လူလူချင်းစာနာထောက်ထားသည့် ဤလုပ်ဆောင်မှုများကြောင့် ဒုက္ခသည်များစွာ အကူအညီရရှိပြီး အကျိုးရလဒ်ကောင်းများစွာ ဖြစ်ထွန်းခဲ့သည်။ စခန်းတစ်ခုမှ ဒုက္ခသည်ရပ်ရွာကော်မတီက ဤသို့ကျေးဇူးတင်စကားပြောဆိုခဲ့သည်– “သုံးကြိမ်တိုင် သင်တို့ရဲ့အဖွဲ့အစည်း တင်ပြခဲ့သော လူလူချင်းစာနာထောက်ထားမှုအတွက် ရပ်ရွာတစ်ခုလုံးကိုယ်စား သင်တို့ကိုကျေးဇူးတင်ကြောင်း ပြောဆိုခွင့်ရသည့်အတွက် ကျွန်ုပ်တို့ဂုဏ်ယူဝမ်းမြောက်မိပါသည် . . . သင်တို့ပို့လိုက်သော အဝတ်အထည်များသည် လိုအပ်နေသူ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ် ၁၂,၆၅၄ ဦးအပြင် မွေးကင်းစကလေးငယ်များအတွက်ပါ ဖူလုံပါသည်။ . . . မြူရိုဗိုဇီဒုက္ခသည်စခန်းတွင် ဒုက္ခသည်ဦးရေမှာ ၃၇,၀၀၀ ဖြစ်သည်။ ခြုံ၍ကြည့်လျှင် ၁၂,၆၅၄ ဦး သို့မဟုတ် ၃၄.၂ ရာခိုင်နှုန်း အကူအညီရခဲ့သည်။”
အခြားစခန်းတစ်ခုမှ ဒုက္ခသည် ၁၂,၃၈၂ ဦးအား တစ်ဦးလျှင် အဝတ်သုံးစုံစီ ဝေငှပေးခဲ့ပြီး နောက်စခန်းတစ်ခုကလည်း အလယ်တန်း၊ မူလတန်းနှင့် မူကြိုကျောင်းများတွင် အသုံးပြုရန် ကျောင်းသုံးစာအုပ် ထောင်နှင့်ချီလက်ခံရရှိခဲ့ကြသည်။ နယ်တစ်နယ်မှ UNHCR ထောက်ပံ့ပို့ဆောင်ရေးအရာရှိတစ်ဦးက ဤသို့ကောက်ချက်ချခဲ့သည်– “ဒုက္ခသည်စခန်းတွေမှာရှိတဲ့လူတွေ တကယ်လိုအပ်နေတဲ့အချိန်မှာ သင်တို့လှူဒါန်းပေးပို့တဲ့ ပစ္စည်းတွေရလို့ ကျွန်တော်တို့ တကယ်ကျေးဇူးတင်တယ်။ နောက်ဆုံးပေးပို့လိုက်တဲ့ ကုန်သေတ္တာငါးခုနဲ့စာအုပ်တွေကို လက်ခံရရှိခဲ့တယ်၊ အဲ့ဒါကို ကျွန်တော်တို့ရဲ့ လူမှုဝန်ဆောင်မှုအဖွဲ့က ဒုက္ခသည်တွေကို ခွဲဝေပေးလိုက်ပါပြီ။ . . . ကျေးဇူးအထူးတင်ပါတယ်။”
ဒေသခံသတင်းစာများကလည်း ထိုထောက်ပံ့ကူညီပေးမှုအကြောင်း သတင်းထုတ်လွှင့်ခဲ့ကြသည်။ ၂၀၀၁၊ မေ ၂၀ ရက်ထုတ် ဆန်းဒေးနယူးစ်သတင်းစာမှ ခေါင်းစီးက ဤသို့ဆိုသည်– “တန်ဇန်းနီးယား ဒုက္ခသည်များအတွက် အဝတ်အထည်များ ရောက်လာ။” ၂၀၀၂၊ ဖေဖော်ဝါရီ ၁၀ ရက်ထုတ်သတင်းစာတွင် ဤသို့ဖော်ပြသည်– “ပေးကမ်းလှူဒါန်းသည့် အဝတ်အထည်များအတွက် ဒုက္ခသည်အဖွဲ့က ကျေးဇူးတင်ရှိပါသည်၊ အဘယ်ကြောင့်ဆိုသော် အဝတ်အစားမရှိကြသည့်အတွက် ကျောင်းထွက်လိုက်ရသော ကလေးအချို့သည် ယခုအခါ ကျောင်းမှန်မှန်ပြန်တက်နိုင်ကြပြီ။”
ကျဉ်းကျပ်နေကြသော်လည်း အားကိုးရာမဲ့မဟုတ်
ဒုက္ခသည်အများစုသည် တစ်နှစ်ကြာမှ စခန်း၏ဘဝပုံစံအသစ်အတိုင်း နေထိုင်တတ်ကြသည်။ ရိုးရိုးရှင်းရှင်းသာ သူတို့နေထိုင်ကြပါသည်။ အဆိုပါစခန်းများမှ ယေဟောဝါသက်သေများသည် ဒုက္ခသည်ချင်းများအား သမ္မာကျမ်းစာမှ စိတ်သက်သာမှုပေးသည့် သတင်းကောင်းကို အချိန်များစွာအကုန်ခံ၍ ဝေမျှပြောဆိုကြသည်။ လူအားလုံး “သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန်မသင်ရကြ” တော့မည့် ကမ္ဘာသစ်အကြောင်းကို သူတို့ပြောပြကြသည်။ ထိုအခါ လူအားလုံးတို့သည် “ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တစ်ယောက်မျှမရှိရ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏။” ယင်းသည် ဘုရားသခင်၏ကောင်းချီးဖြင့် ဒုက္ခသည်စခန်းများမရှိသည့် ကမ္ဘာဖြစ်မည်မှာ ရှင်းနေပါသည်။—မိက္ခာ ၄:၃၊ ၄; ဆာလံ ၄၆:၉။
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
နဒူတာစခန်းရှိအိမ်ရာများ
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
လူကိုလီစခန်း ဘုရားသခင့်နိုင်ငံတော်ခန်းမ(ညာဘက်ပုံ) လူဂူဖူစခန်းတွင် နှစ်ခြင်းပေးနေခြင်း (အောက်ဘက်ပုံ)
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
လူဂူဖူစခန်းတွင် ခရိုင်စည်းဝေးကြီးကျင်းပနေ