အစောပိုင်းခရစ်ယာန်များနှင့် မောရှေပညတ်
အစောပိုင်းခရစ်ယာန်များနှင့် မောရှေပညတ်
“ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကိုပို့ဆောင်၍ ငါတို့၏အထိန်းဖြစ်သတည်း။”—ဂလာတိ ၃:၂၄။
၁၊ ၂။ မောရှေ၏ပညတ်တရားကို ဂရုတစိုက်လိုက်နာကြသော ဣသရေလလူမျိုးတို့အပေါ် သက်ရောက်သည့်အကျိုးကျေးဇူးအချို့ကား အဘယ်နည်း။
ယေဟောဝါသည် ဣသရေလလူတို့အား ပညတ်ဥပဒေသများကို ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်တွင် ပေးခဲ့သည်။ လူတို့သည် ကိုယ်တော်၏စကားကိုနားထောင်မည်ဆိုလျှင် သူတို့ကိုကောင်းချီးပေးမည်၊ သူတို့သည် ပျော်ရွှင်၍ ကျေနပ်ရောင့်ရဲကြရလိမ့်မည်ဟု ကိုယ်တော်မိန့်ဆိုခဲ့၏။—ထွက်မြောက်ရာ ၁၉:၅၊ ၆။
၂ ထိုပညတ်ကို မောရှေပညတ် သို့မဟုတ် “ပညတ်တရား” ဟု ရိုးရိုးလေးခေါ်ဆိုခဲ့ပြီး ၎င်းသည် “သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းရှိ၏။” (ရောမ ၇:၁၂) ယင်းက သနားကြင်နာခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်းနှင့် အိမ်နီးချင်းကောင်းပီသခြင်းတို့ကဲ့သို့သော မွန်မြတ်သည့်အကျင့်များကို တိုးပွားစေသည်။ (ထွက်မြောက်ရာ ၂၃:၄၊ ၅; ဝတ်ပြုရာ ၁၉:၁၄; တရားဟောရာ ၁၅:၁၃-၁၅; ၂၂:၁၀၊ ၂၂) ပညတ်တရားက ဂျူးလူမျိုးကို အချင်းချင်းချစ်စေသည်။ (ဝတ်ပြုရာ ၁၉:၁၈) ထို့ပြင် သူတို့သည် ပညတ်တရားအောက်၌မရှိသော တစ်ပါးအမျိုးသားတို့နှင့် မရောနှောရ၊ စုံဖက်ခြင်းမပြုရချေ။ (တရားဟောရာ ၇:၃၊ ၄) မောရှေပညတ်သည် ဘုရားသခင့်လူမျိုးကို အယူမှားသူတို့၏အတွေးအခေါ်နှင့် အကျင့်ဓလေ့များဖြင့် ညစ်ညူးမသွားစေရန် ဂျူးတို့နှင့် တစ်ပါးအမျိုးသားတို့စပ်ကြား “အုတ်တံတိုင်းနံရံ” သဖွယ်တည်ရှိခဲ့သည်။—ဧဖက် ၂:၁၄၊ ၁၅; ယောဟန် ၁၈:၂၈။
၃။ မည်သူတစ်ဦးတစ်ယောက်မျှ ပညတ်တရားကို အပြည့်အဝမလိုက်နာနိုင်သောကြောင့် အဘယ်အကျိုးသက်ရောက်ခဲ့သနည်း။
၃ သို့သော် ဘုရားသခင့်ပညတ်တရားကို တစ်သဝေမတိမ်းလိုက်လျှောက်သူဂျူးများပင်လျှင် ၎င်းကို အပြည့်အဝမလိုက်နာနိုင်ပေ။ ယေဟောဝါသည် သူတို့ထံမှ အလွန်အမင်းတောင်းဆိုနေခြင်းလော။ မဟုတ်ပါ။ ဣသရေလလူတို့ကို ပညတ်တရားပေးရသည့်အကြောင်းတစ်ခုမှာ ‘အပြစ်ဒုစရိုက်များ၏သဘောကို ထုတ်ဖော်ပြသရန်’ ဖြစ်သည်။ (ဂလာတိ ၃:၁၉၊ သတင်းကောင်း) ပညတ်တရားက မိမိတို့ကိုရွေးနုတ်ရန် အရှင်တစ်ပါး အလွန်လိုအပ်နေကြောင်း စိတ်ရင်းမှန်သောဂျူး တို့ကို သတိပြုစေသည်။ ထိုအရှင်သခင်ရောက်လာသောအခါ တည်ကြည်သောဂျူးများသည် ဝမ်းမြောက်ခဲ့ကြသည်။ အပြစ်နှင့် သေခြင်း၏ကျိန်စာမှ သူတို့လွတ်မြောက်ခြင်းသည် လက်တစ်ကမ်းတွင်ရှိသည်တကား!—ယောဟန် ၁:၂၉။
၄။ ပညတ်တရားသည် အဘယ်သဘောမျိုးဖြင့် ‘ခရစ်တော်ထံသို့ ပို့ဆောင်သောအထိန်း’ ဖြစ်ခဲ့သနည်း။
၄ မောရှေပညတ်သည် ယာယီအစီအစဉ်တစ်ခုမျှဖြစ်ခဲ့သည်။ ခရစ်ယာန်ချင်းတို့ထံ တမန်တော်ပေါလုစာရေးရာတွင် ယင်းကို သူက ‘ခရစ်တော်ထံသို့ ပို့ဆောင်သောအထိန်း’ ဟုဖော်ပြခဲ့သည်။ (ဂလာတိ ၃:၂၄) ရှေးခေတ်က အထိန်းတစ်ဦးသည် ကလေးတို့ကို ကျောင်းကြိုပို့ပေးရသည်။ သူသည် အများအားဖြင့် ဆရာမဟုတ်ဘဲ၊ ဆရာထံသို့ ကလေးတို့ကို ပို့ဆောင်ပေးသူတစ်ဦးသာဖြစ်သည်။ ထိုနည်းထပ်တူ မောရှေပညတ်သည် ဘုရားသခင်ကိုကြောက်ရွံ့သော ဂျူးတို့အား ခရစ်တော်ထံသို့ ပို့ဆောင်ပေးရန်ဖြစ်၏။ ယေရှုသည် မိမိနောက်လိုက်တို့နှင့်အတူ ‘ကပ်ကမ္ဘာကုန်သည်တိုင်အောင် အစဉ်မပြတ်ရှိ’ လိမ့်မည်ဟု ကိုယ်တော်ကတိပြုခဲ့၏။ (မဿဲ ၂၈:၂၀) ထို့ကြောင့် ခရစ်ယာန်အသင်းတော်တည်ထောင်သည်နှင့် “အထိန်း” ဖြစ်သော “ပညတ်တရား” တည်ရှိစရာအကြောင်း မရှိတော့ချေ။ (ရောမ ၁၀:၄; ဂလာတိ ၃:၂၅) သို့သော် ဂျူးခရစ်ယာန်အချို့သည် အရေးပါသော ဤအမှန်တရားကို ချက်ချင်းသဘောမပေါက်နိုင်ခဲ့ချေ။ ယင်းကြောင့် ယေရှုရှင်ပြန်ထမြောက်ပြီးနောက်၌ပင် ပညတ်တရားတောင်းဆိုသည့်အတိုင်း သူတို့ဆက်ပြုလုပ်နေခဲ့ကြသည်။ သို့သော် အခြားသူတို့မူ သူတို့၏အတွေးအခေါ်ကို ပြုပြင်ပြောင်းလဲခဲ့ကြ၏။ ထိုသို့ပြုရာတွင် သူတို့သည် ယနေ့ ကျွန်ုပ်တို့အတွက် စံနမူနာကောင်းချမှတ်ပေး၏။ မည်သို့ဖြစ်ကြောင်း ကြည့်ကြပါစို့။
ခရစ်ယာန်အယူဝါဒ၌ စိတ်လှုပ်ရှားဖွယ်တိုးတက်မှုများ
၅။ အမြင်အာရုံတစ်ခုတွင် အဘယ်ညွှန်ကြားချက်များကို ပေတရုရရှိခဲ့သနည်း၊ အဘယ်ကြောင့် သူထိတ်လန့်တုန်လှုပ်ခဲ့သနည်း။
၅ စီ.အီး. ၃၆ ခုနှစ်တွင် ခရစ်ယာန်တမန်တော်ပေတရုသည် ထူးခြားသောအမြင်အာရုံတစ်ခုရရှိခဲ့သည်။ ထိုအချိန်တွင် ကောင်းကင်မှအသံတစ်ခုက ပညတ်တရား၌ မသန့်ရှင်းဟုသတ်မှတ်ထားသော ငှက်များနှင့် တိရစ္ဆာန်များကို သတ်စားဖို့အမိန့်ပေးခဲ့သည်။ ထိုအခါ ပေတရု ထိတ်လန့်သွား၏! သူသည် “ညစ်ညူးသောအရာနှင့် မစင်ကြယ်သောအရာကို” တစ်ခါမျှမစားခဲ့ဖူးချေ။ သို့သော် ထိုအသံက “ဘုရားသခင်စင်ကြယ်စေတော်မူသောအရာကို ညစ်ညူးသည်မထင်နှင့်” ဟုသူ့ကိုမိန့်မှာ၏။ (တမန်တော် ၁၀:၉-၁၅) ထိုကြောင့် ပေတရုသည် ပညတ်တရားကို အတင်းအကျပ်ဆုပ်ကိုင်ထားမည့်အစား သူ၏ရှုမြင်ပုံကို ပြုပြင်ပြောင်းလဲခဲ့သည်။ ထို့နောက် သူသည် ဘုရားသခင့်ရည်ရွယ်ချက်များနှင့်ပတ်သက်၍ အံ့ဖွယ်ရာများသိရှိလာခဲ့သည်။
၆၊ ၇။ ယခု တစ်ပါးအမျိုးသားတို့ကို ဟောပြောနိုင်ကြောင်း အဘယ်အရာက ပေတရုအား ကောက်ချက်ချစေခဲ့သနည်း၊ နောက်ထပ် အဘယ်ကောက်ချက်များ ချခဲ့သေးသနည်း။
၆ ဤသို့ဖြစ်ပျက်ခဲ့သည်။ ပေတရုတည်းခိုနေသောအိမ်သို့ အမျိုးသားသုံးဦးရောက်လာရာ သူတို့နှင့်အတူ ဘုရားသခင်ကိုကြောက်ရွံ့သည့် ကော်နေလိအမည်ရှိသူ အရေဖျားလှီးခြင်းမခံထားသော တစ်ပါးအမျိုးသားတစ်ဦးအိမ်သို့ လိုက်ပါရန် သူ့ကို တောင်းဆို၏။ ထိုသူတို့ကို ပေတရုအိမ်ထဲခေါ်၍ ဧည့်ဝတ်ပြုလေသည်။ ဤအမြင်အာရုံ၏ အထူးအနက်အဓိပ္ပာယ်ကို ပေတရုနားလည်သွားပြီး နောက်တစ်နေ့တွင်ပင် ကော်နေလိ၏အိမ်သို့ သူတို့နှင့်အတူ လိုက်သွားလေသည်။ ထိုတွင် ပေတရုသည် ယေရှုခရစ်အကြောင်း ပြည့်ပြည့်စုံစုံသက်သေခံခဲ့သည်။ ထိုအချိန်တွင်ပေတရုက ဤသို့ပြောခဲ့သည်– “အကယ်စင်စစ် ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရသည်ကို ငါသိမြင်၏။” ကော်နေလိတစ်ဦးတည်းသာမက သူ၏ဆွေမျိုးများနှင့် မိတ်ဆွေအရင်းအချာတို့ပါ ယေရှုကိုယုံကြည်ကြသဖြင့် “ကြားနာရသောသူအပေါင်းတို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သည် သက်ရောက်တော်မူ၏။” အဆိုပါကိစ္စနှင့်ပတ်သက်၍ ယေဟောဝါ၏လက်တော်ကို အသိအမှတ်ပြုကာ ပေတရုသည် “သခင်ဘုရား [ယေရှုခရစ်] ၏နာမ၌ ဗတ္တိဇံကိုခံစေမည်အကြောင်း စီရင်လေ၏။”—တမန်တော် ၁၀:၁၇-၄၈။
၇ မောရှေပညတ်တရားအောက်မရှိခဲ့ကြသည့် တစ်ပါးအမျိုးသားတို့သည် ယခု ယေရှုခရစ်နောက်လိုက်များဖြစ်လာနိုင်ကြောင်း အဘယ်အရာက ပေတရုအား ကောက်ချက်ချစေသနည်း။ ဝိညာဉ်ရေးအရ ပိုင်းခြားသိမြင်နိုင်ခြင်းကြောင့်ဖြစ်သည်။ အရေဖျားလှီးခြင်းမခံသောတစ်ပါးအမျိုးသားတို့အပေါ် ဘုရားသခင်သည် ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းခဲ့ရာ မျက်နှာသာတော်နှင့်တွေ့ကြောင်း ကိုယ်တော်ဖော်ပြခဲ့သဖြင့် သူတို့ကို နှစ်ခြင်းပေးနိုင်ကြောင်း ပေတရုသိမြင်လာသည်။ တစ်ချိန်တည်းတွင် နှစ်ခြင်းခံယူနိုင်ရန် တစ်ပါးအမျိုးသားခရစ်ယာန်များသည် မောရှေပညတ်တရားကိုလိုက်လျှောက်ဖို့ ဘုရားသခင်မတောင်းဆိုကြောင်း ပေတရုသဘောပေါက်သည်မှာ ထင်ရှား၏။ အသင်သည် ထိုအချိန်က အသက်ရှင်ခဲ့မည်ဆိုလျှင် သင်၏ရှုမြင်ပုံကို ပြုပြင်ပြောင်းလဲရန် ပေတရုကဲ့သို့ တလိုတလားရှိလိမ့်မည်လော။
အချို့သူတို့ “အထိန်း” နောက်ဆက်လိုက်နေခဲ့
၈။ အရေဖျားလှီးခြင်းနှင့်ပတ်သက်၍ ပေတရု၏ရှုမြင်ချက်နှင့်မတူသော အဘယ်ရှုမြင်ချက်ကို ယေရုရှလင်မြို့ရှိ ခရစ်ယာန်အချို့က အားပေးအားမြှောက်ပြုခဲ့သနည်း၊ အဘယ်ကြောင့်နည်း။
၈ ကော်နေလိ၏အိမ်မှ ထွက်လာပြီးနောက် ယေရုရှလင်မြို့သို့ ပေတရုသွားခဲ့သည်။ အရေဖျားလှီးခြင်းမခံသောတစ်ပါးအမျိုးသားတို့တမန်တော် ၁၁:၁-၃) တစ်ပါးအမျိုးသားတို့သည် ယေရှု၏နောက်လိုက်များဖြစ်လာနိုင်ကြောင်း ဤသူတို့ အသိအမှတ်ပြုကြသော်လည်း “အရေဖျားလှီးခြင်းကိုခံသောသူတို့က” ဂျူးလူမျိုးမဟုတ်သော ထိုသူတို့သည် ကယ်တင်ခြင်းရရန် ပညတ်တရားကို လိုက်လျှောက်ကြရမည်ဟု အခိုင်အမာပြောဆိုသည်။ အခြားတစ်ဖက်တွင်မူ ဂျူးခရစ်ယာန်အနည်းငယ်သာရှိသော တစ်ပါးအမျိုးသားများသောဒေသတို့တွင် အရေဖျားလှီးခြင်းကိစ္စသည် အငြင်းပွားစရာကိစ္စတစ်ခု မဟုတ်ခဲ့ချေ။ ထိုရှုမြင်ချက်နှစ်ခုသည် ၁၃ နှစ်တိုင် မသဲမကွဲတည်ရှိနေခဲ့သည်။ (၁ ကောရိန္သု ၁:၁၀) အစောပိုင်းခရစ်ယာန်များ၊ အထူးသဖြင့် ဂျူးလူမျိုးတို့၏နယ်မြေတွင်နေထိုင်သော တစ်ပါးအမျိုးသားများအတွက် ယင်းသည် တကယ်စမ်းသပ်မှုတစ်ခုဖြစ်ခဲ့မည်တကား!
သည် “ဘုရားသခင်၏နှုတ် [မြွက်] တရားတော်ကိုခံယူကြသည်” ဟူသောသတင်းကို ထိုတွင်ရှိ အသင်းတော်ကြားသိပြီးနောက် ဂျူးတပည့်အချို့သည် ယင်းကို မကြိုက်မနှစ်သက်ခဲ့ကြချေ။ (၉။ အရေဖျားလှီးခြင်းကိစ္စကို ဖြေရှင်းပေးရန် အဘယ်ကြောင့်အရေးကြီးခဲ့သနည်း။
၉ နောက်ဆုံး စီ.အီး. ၄၉ ခုနှစ်တွင် ပေါလုဟောပြောနေသော ရှုရိပြည်အန္တိအုတ်မြို့သို့ ယေရုရှလင်မြို့မှ ခရစ်ယာန်များရောက်လာကြသောအခါ အဆိုပါကိစ္စသည် ရှင်းလင်းစရာကိစ္စဖြစ်လာလေသည်။ သူတို့က ဘာသာပြောင်းဝင်လာသောတစ်ပါးအမျိုးသားတို့သည် ပညတ်တရားအရ အရေဖျားလှီးခြင်းခံရမည်ဟု စတင်၍သွန်သင်နေကြ၏။ ထို့နောက် သူတို့နှင့် ပေါလု၊ ဗာနဗတို့စပ်ကြား စကားများ၍ ဆွေးနွေးငြင်းခုံခဲ့ကြလေသည်! အဆိုပါကိစ္စကိုမဖြေရှင်းခဲ့ပါမူ ဂျူးဖြစ်စေ၊ တစ်ပါးအမျိုးသားနောက်ခံရှိ ခရစ်ယာန်များဖြစ်စေ အမှန်ပင်ထိမိလဲကြတော့မည်ဖြစ်သည်။ သို့ဖြင့် ပေါလုနှင့် အခြားသူအချို့သည် အဆိုပါကိစ္စကို ခရစ်ယာန်အုပ်ချုပ်ရေးအဖွဲ့အား အပြီးသတ်ဆုံးဖြတ်ပေးစေရန် ယေရုရှလင်မြို့သို့ သွားခဲ့ကြသည်။—တမန်တော် ၁၅:၁၊ ၂၊ ၂၄။
စိတ်ရင်းမှန်ဖြင့် သဘောထားမတိုက်ဆိုင်ခဲ့ကြ —ထို့နောက် စည်းလုံးညီညွတ်မှုရ
၁၀။ တစ်ပါးအမျိုးသားတို့၏အခြေအနေနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်မချမီ အုပ်ချုပ်ရေးအဖွဲ့ ထည့်သွင်းစဉ်းစားခဲ့သည့် အချက်အချို့ကား အဘယ်နည်း။
၁၀ ထိုစုဝေးခဲ့ကြသောအစည်းအဝေးတွင် အချို့သူတို့က အရေဖျားလှီးခြင်းကို အထင်အရှားလိုလားကြပြီး အခြားသူတို့က ဆန့်ကျင်ဘက်ရှုမြင်ချက်ကို အမှန်တင်ပြခဲ့ကြမည်။ သို့သော် ထိုနေ့ရက်တွင် စိတ်လှုပ်ရှားမှု မကြီးစိုးခဲ့ချေ။ အကြီးအကျယ်ငြင်းခုံကြပြီးနောက် တမန်တော်ပေတရုနှင့် ပေါလုတို့က အရေဖျားလှီးခြင်းမခံသူတို့နှင့်ပတ်သက်၍ ယေဟောဝါပြုလုပ်တော်မူခဲ့သည့် နိမိတ်လက္ခဏာများကို တင်ပြပြောဆိုခဲ့သည်။ ဘုရားသခင်သည် အရေဖျားလှီးခြင်းမခံသောတစ်ပါးအမျိုးသားတို့အပေါ် သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခဲ့ကြောင်း သူတို့ရှင်းပြခဲ့သည်။ တစ်နည်းအားဖြင့် သူတို့က ‘ဘုရားသခင်လက်ခံခဲ့သူတို့ကို ခရစ်ယာန်အသင်းတော်က သင့်လျော်စွာငြင်းဆန်နိုင်သလော’ ဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။ ထို့နောက် တပည့်ယာကုပ်သည် ဤကိစ္စတွင် တက်ရောက်သူအားလုံး ယေဟောဝါ၏အလိုတော်ကို ပိုင်းခြားသိမြင်စေရန် ကျမ်းစာပိုဒ်တစ်ပိုဒ်ကို ဖတ်ပြခဲ့၏။—တမန်တော် ၁၅:၄-၁၇။
၁၁။ အရေဖျားလှီးခြင်းနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချရာတွင် အဘယ်အခြေခံအကြောင်း မပါဝင်ခဲ့သနည်း၊ ထိုဆုံးဖြတ်ချက်ကို ယေဟောဝါကောင်းချီးပေးကြောင်း အဘယ်အရာက ဖော်ပြသနည်း။
၁၁ ယခု အုပ်ချုပ်ရေးအဖွဲ့ကို အားလုံးအာရုံစိုက်နေကြသည်။ သူတို့၏ဂျူးနောက်ခံက အရေဖျားလှီးခြင်းကို အလေးသာစေမည်လော။ လုံးဝမဟုတ်ပါ။ ဤတည်ကြည်သောအမျိုးသားတို့သည် သမ္မာကျမ်းစာနှင့် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်၏ ဦးဆောင်မှုကိုလိုက်လျှောက်ရန် စိတ်ပိုင်းဖြတ်ထားကြသည်။ အကျုံးဝင်သောထွက်ဆိုချက်မှန်သမျှကို ကြားနာပြီးနောက် တစ်ပါးအမျိုးသားခရစ်ယာန်များသည် အရေဖျားလှီးခြင်းခံပြီး မောရှေပညတ်တရားအောက်ရောက်စရာ လုံးဝမလိုကြောင်း အုပ်ချုပ်ရေးအဖွဲ့က တစ်စိတ်တစ်ဝမ်းတစ်သဘောတည်း ဆုံးဖြတ်လေသည်။ ထိုသတင်းကို ညီအစ်ကိုများတမန်တော် ၁၅:၁၉-၂၃၊ ၂၈၊ ၂၉; ၁၆:၁-၅) သို့တိုင် အရေးပါသောမေးခွန်းတစ်ခုကို ဖြေဆိုရန်လိုအပ်နေသည်။
ကြားသောအခါ သူတို့ဝမ်းမြောက်ကြပြီး အသင်းတော်များသည် စတင်၍ “အရေအတွက်အားဖြင့် တစ်နေ့ထက်တစ်နေ့တိုးပွားများပြား” လာလေသည်။ ရှင်းလင်းပြတ်သားသော သီအိုကရက်တစ်လမ်းညွှန်မှုကို လိုက်နာခဲ့သောခရစ်ယာန်များသည် ယုံကြည်စိတ်ချလောက်သော သမ္မာကျမ်းစာအဖြေကိုရ၍ ကောင်းချီးခံစားခဲ့ရသည်။ (ဂျူးခရစ်ယာန်များကော အသို့နည်း
၁၂။ အဘယ်မေးခွန်းကို မဖြေဘဲချန်ထားခဲ့သနည်း။
၁၂ တစ်ပါးအမျိုးသားခရစ်ယာန်တို့သည် အရေဖျားလှီးခြင်းခံစရာမလိုကြောင်း အုပ်ချုပ်ရေးအဖွဲ့က အထင်အရှားဖော်ပြခဲ့၏။ သို့သော် ဂျူးခရစ်ယာန်များကော အသို့နည်း။ အုပ်ချုပ်ရေးအဖွဲ့၏ဆုံးဖြတ်ချက်က အဆိုပါမေးခွန်း၏ထိုအပိုင်းကို အတိအကျမဖော်ပြခဲ့ချေ။
၁၃။ ကယ်တင်ခြင်းရဖို့ မောရှုပညတ်တရားကိုလိုက်လျှောက်ရန်လို၏ဟု အခိုင်အမာဆိုခြင်းသည် အဘယ်ကြောင့်မှားသနည်း။
၁၃ “ပညတ်တရားဘက်၌ စိတ်အားကြီးသော” ဂျူးခရစ်ယာန်အချို့က သူတို့၏သားသမီးများကို ဆက်၍အရေဖျားလှီးပေးပြီး ပညတ်အချို့ကို လိုက်လျှောက်နေဆဲဖြစ်သည်။ (တမန်တော် ၂၁:၂၀) ထိုထက်မက အခြားသူတို့မှာမူ ဂျူးများကယ်တင်ခြင်းရဖို့ ပညတ်တရားလိုက်လျှောက်ရန်လိုသည်ဟု အခိုင်အမာပြောဆိုကြသည်။ ဤကိစ္စတွင် သူတို့သည် အလွန်လွဲမှားနေကြ၏။ ဥပမာ၊ အဘယ်ခရစ်ယာန်မဆို အပြစ်ဖြေရန် တိရစ္ဆာန်ယဇ်ကို မည်သို့ပူဇော်နိုင်မည်နည်း။ ခရစ်တော်၏ပူဇော်ရာယဇ်က ထိုသို့သောပူဇော်ရာယဇ်များကို ခေတ်ကုန်သွားစေခဲ့ပြီ။ ပညတ်တရားအရ ဂျူးတို့သည် တစ်ပါးအမျိုးသားတို့နှင့် တရင်းတနှီးမဆက်ဆံရဟူသော ပညတ်နှင့်ပတ်သက်၍ကော အသို့နည်း။ သို့ဖြစ်လျှင် စိတ်အားထက်သန်သောဧဝံဂေလိဟောပြောသူများအတွက် ဤကန့်သတ်ချက်များကိုလိုက်နာပြီး တစ်ချိန်တည်းတွင် ယေရှုသွန်သင်ပေးခဲ့သမျှကို တစ်ပါးအမျိုးသားများအား သွန်သင်ပေးဖို့တာဝန်ကို ထမ်းဆောင်ရန် အလွန်ပင် အခက်တွေ့စေပေလိမ့်မည်။ (မဿဲ ၂၈:၁၉၊ ၂၀; တမန်တော် ၁:၈; ၁၀:၂၈) * အုပ်ချုပ်ရေးအဖွဲ့၏အစည်းအဝေးတစ်ခု၌ ဤကိစ္စကို ဖြေရှင်းခဲ့သည်ဟု သက်သေသာဓကမရှိချေ။ သို့တိုင် အသင်းတော်သည် အကူအညီမရဘဲ ပစ်ထားမခံခဲ့ရချေ။
၁၄။ ပညတ်တရားနှင့်ပတ်သက်၍ ပေါလု၏မှုတ်သွင်းခံစာစောင်များက အဘယ်လမ်းညွှန်ချက်ပေးခဲ့သနည်း။
၁၄ ထိုအခါ အုပ်ချုပ်ရေးအဖွဲ့မှလာသော စာပုံစံမဟုတ်ဘဲ တမန်တော်များရေးသားခဲ့သော နောက်ထပ်မှုတ်သွင်းခံစာစောင်များမှ ညွှန်ကြားချက်များ ရရှိလေသည်။ ဥပမာ၊ တမန်တော်ပေါလုက ရောမပြည်တွင်နေထိုင်သော ဂျူးများနှင့် တစ်ပါးအမျိုးသားတို့ထံ တိကျပြတ်သားသောသတင်းတစ်ရပ်ကို ပေးပို့ခဲ့၏။ သူတို့ထံရေးသောစာတွင် ပေါလုက ဂျူးအစစ်အမှန်သည် ‘အတွင်းအားဖြင့်ဖြစ်၏၊ သူ၏အရေဖျားလှီးခြင်းသည် ဝိညာဉ်တော်အားဖြင့် စိတ်နှလုံးတွင်ဖြစ်၏’ ဟုရှင်းပြခဲ့သည်။ (ရောမ ၂:၂၈၊ ၂၉) ထိုစာတွင်ပင် ပေါလုက ခရစ်ယာန်တို့သည် ပညတ်တရားအောက်၌မရှိတော့ကြောင်း သက်သေထူရန် ပုံဥပမာတစ်ခုကို အသုံးပြုခဲ့၏။ အမျိုးသမီးတစ်ဦးသည် အမျိုးသားနှစ်ဦးကို တစ်ပြိုင်တည်း လက်ထပ်၍မရနိုင်ကြောင်း သူဆင်ခြင်စေခဲ့သည်။ သို့သော် ခင်ပွန်းသေဆုံးသွားလျှင် သူသည် လွတ်လပ်စွာနောက်အိမ်ထောင်ပြုနိုင်၏။ ထို့နောက် ပေါလုက အဆိုပါပုံဥပမာကိုအသုံးပြု၍ ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် မောရှေပညတ်တရားအောက်ဆက်နေစဉ် တစ်ချိန်တည်းတွင် ခရစ်တော်နှင့်မစပ်ဆိုင်နိုင်ကြောင်း ရှင်းပြခဲ့သည်။ သူတို့သည် ‘ပညတ်တရားတွင်အသေ’ ဖြစ်မှ ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်နိုင်ကြမည်။—ရောမ ၇:၁-၅။
လိုရင်းချက် နားလည်ရန် နှေးကွေး
၁၅၊ ၁၆။ ဂျူးခရစ်ယာန်အချို့သည် ပညတ်တရား၏လိုရင်းချက်ကို အဘယ်ကြောင့်နားမလည်သနည်း၊ ယင်းက ဝိညာဉ်ရေးအရ နိုးနိုးကြားကြားရှိနေဖို့လိုကြောင်းနှင့်ပတ်သက်၍ အဘယ်အရာကိုဖော်ပြသနည်း။
၁၅ ပညတ်တရားနှင့်ပတ်သက်၍ ပေါလု၏ကျိုးကြောင်းဆင်ခြင်မှုကို မငြင်းခုံနိုင်ချေ။ သို့ဖြစ်လျှင် ဂျူးခရစ်ယာန်အချို့သည် လိုရင်းချက်ကို အဘယ်ကြောင့်နားမလည်ခဲ့ရသနည်း။ အကြောင်းတစ်ခုမှာ သူတို့သည် ဝိညာဉ်ရေးထိုးထွင်းသိမြင်မှု မရှိသောကြောင့်ဖြစ်သည်။ ဥပမာ၊ သူတို့သည် ကြေခဲသောဝိညာဉ်အစာကို မမှီဝဲခဲ့ကြချေ။ (ဟေဗြဲ ၅:၁၁-၁၄) ထို့ပြင် ခရစ်ယာန်အစည်းအဝေးများကို သူတို့ မှန်မှန်မတက်ခဲ့ကြချေ။ (ဟေဗြဲ ၁၀:၂၃-၂၅) လိုရင်းချက်ကို အချို့နားမလည်နိုင်သည့် အခြားအကြောင်းတစ်ခုမှာ ပညတ်တရားသဘောသဘာဝကိုယ်နှိုက်ကြောင့်ဖြစ်ပေမည်။ ပညတ်တရားသည် ဝတ်ပြုရာအိမ်တော်၊ ယဇ်ပုရောဟိတ်မင်းအစရှိသော မြင်တွေ့နိုင်၊ ထိတွေ့ခံစားနိုင်သောအရာများအပေါ် အခြေပြုသည်။ ဝိညာဉ်ရေးစိတ်ထားမရှိသူတစ်ဦးအတွက် မမြင်ရသောအရာများအပေါ်အခြေပြုသည့် ခရစ်ယာန်ဘာသာတရား၏ သာ၍နက်နဲသောမူဝါဒများကို လက်ခံယုံကြည်ဖို့ထက် ပညတ်တရားကိုလက်ခံဖို့ သာ၍လွယ်ကူသည်။—၂ ကောရိန္သု ၄:၁၈။
၁၆ ခရစ်ယာန်အမည်ခံသူအချို့သည် ပညတ်တရားကိုလိုက်နာရန် စိတ်အားထက်သန်ခဲ့ရခြင်းအကြောင်း နောက်တစ်ခုကို ဂလာတိအသင်းတော်ထံ ပေါလုရေးသောစာစောင်တွင် အကြမ်းဖျင်းဖော်ပြထား၏။ ဤသူတို့သည် ဂုဏ်အသရေရှိသောသူ၊ ပင်မဘာသာတရား၏အဖွဲ့ဝင်များအဖြစ် ရှုမြင်ခံလို၍ဖြစ်ကြောင်း သူရှင်းပြခဲ့သည်။ ရပ်ကွက်ထဲတွင် သိသာစေမည့်အစား ရပ်ကွက်နှင့်အဆင်ပြေပြေ ရောနှောနေသွားနိုင်ဖို့ မည်သို့ပင်လိုက်လျောရပါစေ၊ လိုက်လျောဖို့အသင့်ရှိသူများဖြစ်သည်။ ဘုရားသခင့်မျက်နှာသာတော်ရဖို့ထက် လူတို့၏မျက်နှာရဖို့ သူတို့သာ၍စိတ်ဝင်စားခဲ့ကြသည်။—ဂလာတိ ၆:၁၂။
၁၇။ ပညတ်တရားကိုလိုက်လျှောက်ခြင်းနှင့်ဆိုင်သည့် လျောက်ပတ်သောရှုမြင်ချက်ကို အဘယ်အချိန်အခါ၌ လုံးဝရှင်းလင်းစွာရရှိခဲ့သနည်း။
၁၇ ပေါလုနှင့်အခြားသူတို့၏ ဘုရားသခင့်မှုတ်သွင်းခံစာစောင်များကို ဂရုတစိုက်လေ့လာခဲ့ကြသော ပိုင်းခြားသိမြင်မှုရှိ ခရစ်ယာန်များသည် ပညတ်တရားနှင့်ပတ်သက်၍ တိကျမှန်ကန်သောကောက်ချက်များချခဲ့ကြသည်။ သို့သော် စီ.အီး. ၇၀ ခုနှစ်မှသာ မောရှေပညတ်တရားအပေါ် လျောက်ပတ်သောရှုမြင်ချက်ကို ဂျူးခရစ်ယာန်အားလုံးရရှိခဲ့ကြောင်း ထင်ရှားသည်။ ဘုရားသခင်သည် ယေရုရှလင်မြို့၊ ၎င်း၏ဝတ်ပြုရာအိမ်တော်နှင့် ယင်း၏ယဇ်ပုရောဟိတ်အစီအစဉ်ဆိုင်ရာမှတ်တမ်းများကို ပျက်စီးစေခဲ့သောအခါ ထိုအမှုဖြစ်ပျက်ခဲ့သည်။ ဤသို့ဖြစ်ပျက်ပြီးနောက် ပညတ်တရား၏အပိုင်းကဏ္ဍအားလုံးကို မည်သူမျှမလိုက်လျှောက်နိုင်တော့ချေ။
ယနေ့ သင်ခန်းစာကျင့်သုံးခြင်း
၁၈၊ ၁၉။ (က) ဝိညာဉ်ရေးကျန်းမာသန်စွမ်းနေနိုင်ရန် အဘယ်သဘောထားများကို မွေးမြူ၍ အဘယ်သဘောထားများကို ရှောင်ရှားရမည်နည်း။ (ခ) တာဝန်ခံညီအစ်ကိုများ၏ ညွှန်ကြားချက်ကိုလိုက်နာခြင်းနှင့်ပတ်သက်၍ ပေါလု၏ပုံဥပမာက မည်သို့သွန်သင်ပေးသနည်း။ (စာမျက်နှာ ၂၄ ရှိ လေးထောင့်ကွက်ရှု။)
၁၈ ရှေးလွန်လေပြီးသော ဤဖြစ်ရပ်များကို သုံးသပ်ပြီးနောက် သင်သည် ဤသို့စဉ်းစားနေပေလိမ့်မည်– ‘အဲဒီအချိန်တုန်းက ငါအသက်ရှင်ခဲ့ရင် ဘုရားသခင့်အလိုတော် အဆင့်ဆင့်ထင်ရှားလာတာကို ငါဘယ်လိုတုံ့ပြန်မလဲ။ အစဉ်အလာကိုပဲ ငါဆက်ကိုင်စွဲထားမှာလား။ ဒါမှမဟုတ် အမှန်ကိုရှင်းရှင်းလင်းလင်းနားလည်မယ့်အချိန်အထိ စိတ်ရှည်ရှည်နဲ့စောင့်နေမလား။ အဲ့ဒီလိုရှင်းလာတဲ့အခါ စိတ်နှလုံးအပြည့်နဲ့ ငါထောက်ခံပါ့မလား။’
၁၉ ထိုစဉ်အချိန်က ကျွန်ုပ်တို့အသက်ရှင်ခဲ့မည်ဆိုလျှင် မည်သို့တုံ့ပြန်ခဲ့ကြလိမ့်မည်ကို တပ်အပ်မပြောနိုင်ချေ။ သို့သော် ကျွန်ုပ်တို့ကိုယ်ကို ဤသို့မေးမြန်းနိုင်သည်– ‘ယနေ့ ကျမ်းစာရှင်းပြချက်တွေကို တင်ဆက်ဖော်ပြတဲ့အခါ ငါဘယ်လိုတုံ့ပြန်သလဲ။ (မဿဲ ၂၄:၄၅) ကျမ်းဆိုင်ရာညွှန်ကြားချက်ရတဲ့အခါ အဲ့ဒါကို ကျင့်သုံးဖို့ကြိုးစားသလား၊ ပညတ်ရဲ့စာသားကိုသာမဟုတ်ဘဲ ယင်း၏ ဆိုလိုရင်းကိုကျင့်သုံးသလား။ (၁ ကောရိန္သု ၁၄:၂၀) မေးခွန်းတချို့ရဲ့အဖြေကိုရဖို့ ကြန့်ကြာနေပုံရှိမယ်ဆိုရင် ယေဟောဝါကို ငါစိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းတတ်သလား။’ ယနေ့ ကျွန်ုပ်တို့ရရှိနိုင်ကြသောဝိညာဉ်အစာကို ကောင်းစွာအသုံးပြုကြခြင်းဖြင့် “မရွေ့မသွားမည်အကြောင်း” အရေးကြီးလှသည်။ (ဟေဗြဲ ၂:၁၊ သမ္မာ) ယေဟောဝါသည် ကိုယ်တော်၏နှုတ်မြွက်စကားတော်၊ ဝိညာဉ်တော်နှင့် မြေကြီးဆိုင်ရာအဖွဲ့အစည်းအားဖြင့် ညွှန်ကြားပေးသောအခါ ဂရုစိုက်နားထောင်ကြစို့။ ထိုသို့ပြုမည်ဆိုလျှင် ယေဟောဝါသည် ကျွန်ုပ်တို့ကို ထာဝစဉ်ပျော်ရွှင်၍ ကျေနပ်ဖွယ်အသက်တာမျိုးဖြင့် ကောင်းချီးပေးပါလိမ့်မည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 13 ရှုရိပြည်အန္တိအုတ်မြို့သို့ ပေတရုလည်ပတ်ခဲ့သောအခါ တစ်ပါးအမျိုးသားယုံကြည်သူတို့နှင့် ရင်းနှီးစွာပေါင်းသင်းခဲ့သည်။ သို့သော် ယေရုရှလင်မြို့မှ ဂျူးခရစ်ယာန်များရောက်လာသောအခါ ပေတရုသည် “အရေဖျားလှီးခြင်းကိုခံသောသူတို့၏မျက်နှာကိုထောက်၍ တစ်ပါးအမျိုးသားတို့နှင့်မပေါင်းဝံ့။ တစ်ယောက်တခြားစီနေ၏။” ရိုသေလေးစားရသောတမန်တော်က ဘာသာပြောင်းဝင်လာသော တစ်ပါးအမျိုးသားတို့နှင့် မစားမသောက်တော့သည့်အခါ သူတို့မည်မျှဝမ်းနည်းမည်ကို စဉ်းစားကြည့်နိုင်သည်။—ဂလာတိ ၂:၁၁-၁၃။
သင်မည်သို့ဖြေဆိုမည်နည်း
• ပညတ်တရားသည် အဘယ်သဘောမျိုးဖြင့် ‘ခရစ်တော်ထံသို့ ပို့ဆောင်သောအထိန်း’ ဖြစ်သနည်း။
• အမှန်တရားကို သိနားလည်ပုံနှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲချက်များကို ပေတရုနှင့် “အရေဖျားလှီးခြင်းကိုခံသောသူတို့” ၏တုံ့ပြန်ပုံများ ကွာခြားခြင်းကို သင်မည်သို့ ရှင်းပြမည်နည်း။
• ယနေ့ အမှန်တရားကို ယေဟောဝါ ဖော်ပြပေးပုံနှင့်ပတ်သက်၍ သင် အဘယ်အရာကို သိရှိလာခဲ့ပြီနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၄ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
စမ်းသပ်မှုတစ်ခုကို ပေါလု နှိမ့်ချစွာတုံ့ပြန်ပုံ
ပေါလုသည် သာသနာပြုခရီးစဉ်တစ်ခုမှ အောင်မြင်စွာပြန်လာပြီးနောက် စီ.အီး. ၅၆ ခုနှစ်တွင် ယေရုရှလင်မြို့သို့ ရောက်လာ၏။ ထိုတွင် သူ့ကို စမ်းသပ်မှုတစ်ခုက စောင့်ကြိုနေ၏။ ပညတ်တရားကို ဖယ်ရှားလိုက်ပြီဟု ပေါလုသွန်သင်နေကြောင်း အသင်းတော်ထံ သတင်းရောက်နေသည်။ အသက်ကြီးသူတို့က ပညတ်တရားအကြောင်း ပွင့်လင်းစွာ ပေါလုပြောဆိုသောစကားများကြောင့် ဘာသာပြောင်းဝင်လာခါစ ဂျူးခရစ်ယာန်များ ထိမိလဲသွားမည်ကိုသာမက ခရစ်ယာန်များသည် ယေဟောဝါ၏အစီအစဉ်များကို မလေးစားကြဟု ထင်မှတ်သွားကြမည်ကို စိုးရိမ်နေကြသည်။ အသင်းတော်တွင် နာဇရိကတိကဝတ်ဖြစ်နိုင်သည့် ကတိကဝတ်တစ်ခုပြုထားသူ ဂျူးခရစ်ယာန်လေးဦးရှိ၏။ ထိုသူတို့သည် ၎င်းကတိကဝတ်အတိုင်း ပြုမူဆောင်ရွက်ရန် ဝတ်ပြုရာအိမ်တော်သို့ သွားကြရမည်ဖြစ်သည်။
အသက်ကြီးသူတို့က ပေါလုအား ဝတ်ပြုရာအိမ်တော်သို့ ထိုသူတို့နှင့်အတူ လိုက်ပါသွားပြီး သူတို့၏စရိတ်စကများကိုခံပေးရန် တောင်းဆိုလေသည်။ ပေါလုသည် ကယ်တင်ခြင်းရဖို့ ပညတ်တရားကိုလိုက်လျှောက်စရာမလိုဟု ကျိုးကြောင်းဆင်ခြင်၍ ဖော်ပြရေးသားထားသည့် မှုတ်သွင်းခံစာ အနည်းဆုံးနှစ်စောင်ရေးသားခဲ့ပြီ၊ သို့သော် သူသည် အခြားသူတို့၏သိစိတ်ကို ထောက်စာပေးပါသည်။ ယခင်က သူဤသို့ရေးသားခဲ့သည်– ငါသည် “ပညတ်တရားကိုဆည်းကပ်သောသူတို့ကိုရခြင်းအလိုငှာ၊ ပညတ်တရားကိုဆည်းကပ်သောသူတို့၌ ပညတ်တရားကိုကျင့်သောသူကဲ့သို့ဖြစ်၏။” (၁ ကောရိန္သု ၉:၂၀-၂၃) ပေါလုသည် အရေးပါသောကျမ်းစာမူများနှင့်ပတ်သက်လျှင် ဘယ်သောအခါမျှ အလျှော့ပေးလိုက်လျောခြင်းမပြုသော်လည်း အသက်ကြီးသူတို့ အကြံပြုတောင်းဆိုသည့်အတိုင်း ပြုလုပ်နိုင်၏ဟု သူယူဆသည်။ (တမန်တော် ၂၁:၁၅-၂၆) ထိုသို့ပြုမူခြင်းသည် မမှားချေ။ ကတိကဝတ်များပြုခြင်းအစီအစဉ်နှင့်ပတ်သက်၍ ကျမ်းစာနှင့်မညီညွတ်ချက်ကို မတွေ့ရချေ၊ ဝတ်ပြုရာအိမ်တော်ကို ရုပ်ပုံကိုးကွယ်မှုအတွက်မဟုတ်ဘဲ စစ်မှန်သောဝတ်ပြုရေးအတွက် အသုံးပြုခဲ့ကြသည်။ ထိုအကြောင်း၌ ထိမိမလဲစေရန် ပေါလုသည် အသက်ကြီးသူများတောင်းဆိုသည့်အတိုင်း ပြုမူဆောင်ရွက်ခဲ့၏။ (၁ ကောရိန္သု ၈:၁၃) ယင်းသို့ပြုရန် ပေါလုဘက်မှ အတော်အတန်နှိမ့်ချမှုပြခဲ့ရမည်မှာ မလွဲဧကန်ဖြစ်သည်၊ ယင်းက သူ့အပေါ်လေးစားမှုတိုးပွားစေသည်။
[စာမျက်နှာ ၂၂၊ ၂၃ ပါ ရုပ်ပုံ]
ခရစ်ယာန်များအကြားတွင် မောရှေပညတ်အပေါ် ခြားနားသောရှုမြင်ချက် နှစ်အတန်ကြာရှိခဲ့