ကမ္ဘာချီမြင့်မြတ်သောပညာရေးတိုးမြှင့်မှုတွင် ကျွန်တော့်ပါဝင်မှု
ဘဝအတ္ထုပ္ပတ္တိ
ကမ္ဘာချီမြင့်မြတ်သောပညာရေးတိုးမြှင့်မှုတွင် ကျွန်တော့်ပါဝင်မှု
ရောဘတ် နစ္စဘက်တ် ပြောပြသည်
ဆွာဇီလန်ဘုရင် ဆိုဘူဇာ ၂ က သူ့ရဲ့နန်းတော်ကိုလာဖို့ ကျွန်တော့်ညီဂျော့ဂျ်နဲ့ ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့တယ်။ ၁၉၃၆ ခုနှစ်ကဖြစ်ခဲ့ပေမဲ့ ကျွန်တော်တို့ပြောခဲ့တဲ့စကားကို အခုထိ မှတ်မိသေးတယ်။ ရှင်ဘုရင်တစ်ပါးနဲ့ ဒီလိုကြာမြင့်စွာစကားပြောခဲ့တာဟာ မဟာကျမ်းစာပညာပေးလုပ်ငန်းမှာ ကျွန်တော်ရဲ့ကြာပြီဖြစ်တဲ့ ပါဝင်ခဲ့မှုရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။ အခု ကျွန်တော့်အသက် ၉၅ နှစ်မှာ တိုက်ကြီးငါးတိုက်ကို ရောက်သွားခဲ့ရတဲ့ အဲ့ဒီလုပ်ငန်းမှာပါဝင်ခွင့်ရခဲ့တာကို ပြန်သတိရပြီး ကြည်နူးမိတယ်။
အဖြစ်အပျက်အားလုံး စကော့တလန်နိုင်ငံ၊ အဲဒင်ဗာ့ဂ်မြို့မှာနေတဲ့ ကျွန်တော်တို့မိသားစုဆီ လက်ဖက်ခြောက်အရောင်းဈေးသည် ဒေါ့ပ်စင် ရောက်လာတဲ့ ၁၉၂၅ ခုနှစ်ကနေ စခဲ့တာ။ ကျွန်တော့်အသက် ၁၉ နှစ်ကျော်ကျော်လေးမှာ ဆေးဖော်စပ်တဲ့ပညာသင်အဖြစ် အလုပ်လုပ်ခဲ့တယ်။ ကျွန်တော်ငယ်သေးပေမဲ့ ၁၉၁၄-၁၈ ခုနှစ်အတွင်း ကမ္ဘာစစ်ကြောင့် မိသားစုတွေနဲ့ ဝတ်ပြုရေး အခြေအနေတွေ အကြီးအကျယ်ပြောင်းလဲနေတာကို ရင်လေးမိတယ်။ မစ္စတာဒေါ့ပ်စင် အလည်လာတဲ့တစ်ခေါက်မှာ ခေတ်များတစ်လျှောက် ဘုရားသခင့်အစီအစဉ် စာအုပ်ကို ပေးသွားတယ်။ အဲ့ဒီမှာ တိကျသေချာပြီး “အစီအစဉ်” ရှိတဲ့ ဉာဏ်ကြီးရှင်ဘုရားသခင်အကြောင်း ဖော်ပြထားပုံက ကျိုးကြောင်းညီညွတ်ပြီး ကျွန်တော်ကိုးကွယ်ချင်တဲ့ ဘုရားသခင်မျိုးနဲ့ တစ်ထပ်တည်းပဲ။
မကြာခင် အဲ့ဒီတုန်းက ကျမ်းစာကျောင်းသားတွေလို့ လူသိများခဲ့တဲ့ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေကို အမေနဲ့ကျွန်တော် စတက်ခဲ့ကြတယ်။ ၁၉၂၆၊ စက်တင်ဘာလမှာ အမေရော ကျွန်တော်ပါ ယေဟောဝါကို ဆက်ကပ်အပ်နှံပြီး ဂလက်စ်ဂိုမြို့မှာကျင်းပတဲ့ စည်းဝေးကြီးမှာ နှစ်ခြင်းခံလိုက်တယ်။
နှစ်ခြင်းခံမယ့်သူတိုင်း ခြေဖနောင့်မှာကြိုးချည်လို့ရတဲ့ အပေါ်ဝတ်ရုံအရှည်ကြီးကို ရေချိုးဝတ်စုံရဲ့ အပေါ်ကနေဝတ်ရတယ်။ အဲ့ဒီအချိန်က အလေးအနက်ထားရမယ့် အချိန်အခါမျိုးမှာ ဒီလိုဝတ်ရုံရှည်ဝတ်တာဟာ သင့်တော်တယ်လို့ ယူဆခဲ့ကြတယ်။အဲ့ဒီအစောပိုင်းအချိန်တွေက ကျွန်တော်တို့ရဲ့သိနားလည်မှုအတော်များများကို ကောင်းသည်ထက်ကောင်းအောင် လုပ်ဆောင်ပေးဖို့လိုခဲ့တယ်။ အသင်းသားအားလုံးနီးပါး ခရစ္စမတ်ပွဲကို ကျင်းပခဲ့တယ်။ လူနည်းစုလေးပဲ လယ်ကွင်းဓမ္မအမှုမှာ ပါဝင်ခဲ့တယ်။ အကြီးအကဲတချို့တောင် တနင်္ဂနွေနေ့မှာ စာအုပ်စာတမ်းဝေငှတာ ဥပုသ်ကိုချိုးဖောက်နေတာလို့ဆိုပြီး ကန့်ကွက်ခဲ့တယ်။ ဒါပေမဲ့ ၁၉၂၅ ခုနှစ်ကစပြီး ကင်းမျှော်စင် ဆောင်းပါးတွေက “ဧဝံဂေလိတရားကို ရှေးဦးစွာ လူမျိုးအပေါင်းတို့အား ဟောရလိမ့်မည်” ဆိုတဲ့ မာကု ၁၃:၁၀ အစရှိတဲ့ ကျမ်းချက်တွေကို ပိုပြီးဖော်ပြလာပါတယ်။
အဲ့ဒီကမ္ဘာချီလုပ်ငန်းကို ဘယ်လိုပြီးအောင် လုပ်ဆောင်ကြမလဲ။ တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်တော် ပထမဦးဆုံးပါဝင်ခဲ့တုန်းက စိတ်ဝင်စားစရာကောင်းတဲ့ ဝတ်ပြုရေးစာအုပ်တွေကို လိုက်ရောင်းနေတာလို့ အိမ်ရှင်ကို ရိုးရိုးလေးပြောပြီး အရေးကြီးကျမ်းစာသွန်သင်ချက်ဆယ်ချက်ကို စောင်းကြိုးဆယ်ကြိုးနဲ့ နှိုင်းယှဉ်ရှင်းပြထားတဲ့ ဘုရားသခင့်စောင်းတော် စာအုပ်ကို ကမ်းလှမ်းခဲ့တယ်။ နောက်ပိုင်းမှာ အိမ်ရှင်ဖတ်ကြည့်ဖို့ သတင်းတရားကို အတိုချုပ်ရေးထားတဲ့ သက်သေခံကတ်ပြား တစ်ခုစီရခဲ့တယ်။ ခရီးဆောင်ဓာတ်ပြားစက်ကိုယူသွားပြီး အသံသွင်းထားတဲ့ လေးမိနစ်ခွဲဟောပြောချက်တွေကို ဖွင့်ပြခဲ့ကြတယ်။ အရင်ဓာတ်ပြားစက်တွေက တော်တော်လေးပေမဲ့ နောက်ပိုင်းဓာတ်ပြားစက်ပုံစံအသစ်တွေက အတော်လေးပေါ့သွားတဲ့အပြင် တချို့စက်တွေကို ဒေါင်လိုက်ထားပြီးတောင် ဖွင့်ပြနိုင်ခဲ့တယ်။
၁၉၂၅ ခုနှစ်ကနေ ၁၉၃၀ ပြည့်လွန်နှစ်တွေအထိ ကျွန်တော်တို့ အတတ်နိုင်ဆုံးဟောပြောသက်သေခံခဲ့ကြတာ။ အဲ့ဒီနောက် ၁၉၄၀ ပြည့်လွန်နှစ်များအစောပိုင်းမှာ သီအိုကရက်တစ်ဓမ္မအမှုကျောင်းကို အသင်းတော်အားလုံးမှာ အစပြုကျင်းပခဲ့တယ်။ နားထောင်ချင်တဲ့ အိမ်ရှင်တွေကို ဘုရားသခင့်နိုင်ငံတော်သတင်းတရား ကိုယ်တိုင်ဟောပြောတတ်ဖို့ သွန်သင်ပေးခဲ့တယ်။ စိတ်ဝင်စားသူတွေနဲ့ အိမ်တွင်းကျမ်းစာသင်အံမှုတွေပြုလုပ်ဖို့ အရေးကြီးတယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိလာကြရတယ်။ တစ်နည်းပြောရရင် အခုလုပ်ကိုင်နေတဲ့ ကမ္ဘာချီကျမ်းစာပညာပေးလုပ်ငန်းဟာ အစပဲရှိသေးတယ်။
ညီအစ်ကိုရပ်သဖော့ဒ်၏ အားပေးမှု
ပညာပေးလုပ်ငန်းမှာ ကျွန်တော်တိုးချဲ့ပါဝင်ချင်တဲ့အတွက် ၁၉၃၁ ခုနှစ်မှာ အချိန်ပြည့်ရှေ့ဆောင်ဓမ္မအမှုမှာ စာရင်းသွင်းခဲ့တယ်။ လန်ဒန်မြို့မှာ စည်းဝေးကြီးကျင်းပပြီးတာနဲ့ ချက်ချင်းပဲ စီစဉ်ခဲ့တယ်။ နေ့လယ်ထမင်းစားချိန်မှာ အဲ့ဒီတုန်းက လုပ်ငန်းကို ကြီးကြပ်ရတဲ့ ညီအစ်ကိုရပ်သဖော့ဒ်က ကျွန်တော်နဲ့ စကားပြောခွင့်တောင်းတယ်။ အာဖရိကနိုင်ငံကို ရှေ့ဆောင်တစ်ယောက်လွှတ်ဖို့ သူ့မှာ အစီအစဉ်ရှိတယ်တဲ့။ “ညီအစ်ကို သွားချင်သလား” လို့သူမေးတယ်။ ရုတ်တရက်အံ့အားသင့်သွားပေမဲ့ “ဟုတ်ကဲ့၊ ကျွန်တော်သွားမယ်” လို့ပြတ်ပြတ်သားသား ပြန်ပြောခဲ့တယ်။
အဲ့ဒီတုန်းက ကျွန်တော်တို့ရဲ့ အဓိကပန်းတိုင်ဟာ ကျမ်းစာ,စာပေတွေကို ဖြစ်နိုင်သရွေ့ များများဝေငှဖို့ဖြစ်တဲ့အတွက် အမြဲခရီးထွက်နေရတယ်။ အဲ့ဒီအချိန်က ကြီးကြပ်ရေးတာဝန်ရရှိထားတဲ့ ညီအစ်ကိုအားလုံးနီးပါးကို အိမ်ထောင်မပြုဖို့ တိုက်တွန်းထားတဲ့အတွက် ကျွန်တော်လည်း အဲ့ဒီလိုပဲအားပေးခံခဲ့ရတယ်။ ကျွန်တော့်ရပ်ကွက်က အာဖရိကတောင်ဘက်စွန်း ကိပ်တောင်းမြို့ကနေစပြီး အိန္ဒိယသမုဒ္ဒရာ ပင်လယ်ကမ်းရိုးတန်းကျွန်းတွေအပါအဝင် အာဖရိကတိုက်ရဲ့ အရှေ့ပိုင်းကမ်းခြေတစ်လျှောက်ဖြစ်တယ်။ အနောက်ပိုင်းနယ်စပ်အထိသွားဖို့ ကာလ်အဟာရ်အီသဲကန္တာရကိုဖြတ်ပြီး နိုင်းလ်မြစ်စမ်းဝ ဗစ်တိုးရီးယားအိုင်အထိ သွားခဲ့ရတယ်။ ဒီဧရိယာနယ်မြေမှာရှိတဲ့ အာဖရိကနိုင်ငံတစ်နိုင်ငံစီမှာ ကျွန်တော့်အလုပ်ဖော်နဲ့အတူ ခြောက်လစီ နေထိုင်ခဲ့ရတယ်။
ဝိညာဉ်ရေးဘဏ္ဍာပုံးနှစ်ရာ
ကိပ်တောင်းမြို့ကို ကျွန်တော်ရောက်တဲ့အခါ အရှေ့အာဖရိကကို ယူသွားရမယ့် စာအုပ်ပုံး ၂၀၀ ကိုထုတ်ပြတယ်။ အဲ့ဒီစာအုပ်တွေက ဥရောပဘာသာစကားလေးမျိုး၊ အာရှဘာသာစကားလေးမျိုးနဲ့ဖြစ်တယ်၊ အာဖရိကန်ဘာသာစကားနဲ့စာအုပ် တစ်အုပ်မှမပါဘူး။ ကျွန်တော်မရောက်လာခင်ကတည်းက ဒီစာအုပ်ပုံးတွေ ဘယ်လိုရောက်လာသလဲလို့ မေးကြည့်တော့ ကင်ညာနိုင်ငံမှာ သွားဟောပြောဖို့ မကြာခင်ကပဲ ထွက်သွားကြတဲ့ ရှေ့ဆောင်နှစ်ယောက် ဖရန့်ခ်နဲ့ ဂရေးစမစ်သ်တို့ ယူသွားဖို့ဖြစ်တယ်လို့ ပြောပြတယ်။ ကင်ညာနိုင်ငံကို ရောက်ပြီးမကြာခင်မှာပဲ သူတို့နှစ်ယောက်စလုံး ငှက်ဖျားမိပြီး ဖရန့်ခ်ခမျာ ဆုံးသွားရှာတယ်တဲ့။
ဒီသတင်းဟာ အလေးအနက်ထားစဉ်းစားစရာဖြစ်စေခဲ့ပေမဲ့ ကျွန်တော့်ကို မလန့်သွားစေခဲ့ပါဘူး။ ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက် ဒေးဗစ်နောမန်နဲ့အတူ ကိပ်တောင်းမြို့ကနေမိုင် ၃,၀၀၀ လောက်ဝေးတဲ့ ကျွန်တော်တို့ ဦးဆုံးတာဝန်ကျတဲ့ တန်ဇန်းနီးယားနိုင်ငံကို သင်္ဘောနဲ့ ထွက်ခွာလာခဲ့ကြတယ်။ ကင်ညာနိုင်ငံ၊ မွမ်ဘာဆာမြို့က
ခရီးသွားကိုယ်စားလှယ်တစ်ယောက်က ကျွန်တော်တို့ရဲ့ စာအုပ်ပုံးတွေကို သိမ်းပေးထားပြီး ကျွန်တော်တို့ မှာတဲ့နေရာကို စာအုပ်ပုံးတွေပို့ပေးခဲ့တယ်။ မြို့တိုင်းမှာ အရင်ဆုံး စီးပွားရေးရပ်ကွက်ဖြစ်တဲ့ ဆိုင်တွေ၊ ရုံးတွေမှာ ကျွန်တော်တို့ သက်သေခံခဲ့ကြတယ်။ ကျွန်တော်တို့စာအုပ်ပုံးတွေမှာ စာအုပ်ကြီး ၉ အုပ်နဲ့ စာအုပ်ငယ် ၁၁ အုပ်အစုံလိုက်ပါတယ်၊ ရောင်စုံစာအုပ်တွေဖြစ်လို့ သက်တံရောင်စုံစာအုပ်တွေလို့ နာမည်ရလာတယ်။အဲ့ဒီကနေ ပင်လယ်ကမ်းရိုးတန်းအရှေ့ပိုင်းကနေမိုင် ၂၀ လောက်ဝေးတဲ့ ဇန်ဇဘားကျွန်းကိုသွားဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဇန်ဇဘားကျွန်းဟာ နှစ်ရာစုတစ်လျှောက် ကျွန်အရောင်းအဝယ်ဗဟိုချက်မတစ်ခုဖြစ်ခဲ့တယ်၊ လေးညှင်းပွင့်ပေါလို့ နာမည်ကြီးတယ်၊ မြို့ထဲဝင်တာနဲ့ ဘယ်နေရာကိုပဲသွားသွား လေးညှင်းပွင့်အနံ့ရတယ်။ မြို့ကို စနစ်တကျမတည်ထားလို့ ကျွန်တော်တို့ သွားလိုတဲ့နေရာကို ရှာရတာ နည်းနည်းခက်တယ်။ လမ်းတွေက ကွေ့ကောက်ပြီး ရှုပ်ထွေးနေတဲ့အတွက် လမ်းပျောက်သွားနိုင်တယ်။ ကျွန်တော်တို့တည်းတဲ့ ဟိုတယ်က အတော်လေးကို နေလို့ထိုင်လို့ကောင်းပေမဲ့ သံမှိုရိုက်ထားတဲ့တံခါးတွေနဲ့ အုတ်နံရံအထူကြီးတွေကြောင့် ကြည့်ရတာ ဟိုတယ်နဲ့မတူဘဲ အကျဉ်းထောင်နဲ့ပိုတူတယ်။ ဒါပေမဲ့ အဲ့ဒီမှာ ဟောပြောလို့ကောင်းတယ်၊ ကျွန်တော်တို့ရဲ့စာပေတွေကို အာရပ်၊ အင်ဒီးယန်းနဲ့ တခြားသူတွေ တလိုတလား လက်ခံယူကြတယ်။
မီးရထားများ၊ သင်္ဘောများနှင့် ကားများ
အဲ့ဒီတုန်းက အရှေ့အာဖရိကမှာ ခရီးသွားရတာ မလွယ်ဘူး။ ဥပမာပြောရရင်၊ မွမ်ဘာဆာမြို့ကနေ ကင်ညာကုန်းမြင့်ဒေသတွေကို သွားတဲ့လမ်းမှာ ကျိုင်းကောင်ကပ်ဆိုက်လို့ ရထားဆက်မသွားနိုင်တော့ဘူး။ သန်းနဲ့ချီတဲ့ကျိုင်းကောင်တွေ နေရာတကာမှာသေနေလို့ မီးရထားလမ်းတွေ အရမ်းချောပြီး ရထားမသွားနိုင်တဲ့အတွက် ရထားလမ်းကို စက်ခေါင်းကနေ ရေနွေးလောင်း ဆေးကြောပြီး ဖြည်းဖြည်းချင်း ဆက်သွားခဲ့ရတယ်။ ကုန်းမြင့်ဒေသကို မီးရထား စတက်ပြီး ကုန်းမြင့်ဒေသရဲ့ အေးမြတဲ့ရာသီဥတုကို ခံစားရတော့မှ စိတ်သက်သာရာရတော့တယ်!
ကမ်းရိုးတန်းမြို့တွေကို မီးရထား၊ သင်္ဘောတွေနဲ့ အလွယ်တကူရောက်နိုင်ပေမဲ့ ကျေးလက်ဒေသတွေဆီ ကားနဲ့သွားတာ အကောင်းဆုံးပဲ။ ကျွန်တော့်ညီဂျော့ဂျ်ရောက်လာပြီး ကျွန်တော်နဲ့တွဲအမှုဆောင်လို့ ဝမ်းသာခဲ့ရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီအခါကျမှ အိပ်ရာတွေ၊ မီးဖိုချောင်၊ သိုလှောင်ခန်းနဲ့ ခြင်စကာပြတင်းပေါက်တွေပါတဲ့ အတော်အသင့်ကြီးတဲ့ ထရပ်ကားတစ်စီးဝယ်နိုင်လို့ပဲ။ ကားအမိုးပေါ်မှာ အသံချဲ့စက်တွေကိုလည်း တပ်ထားတယ်။ အဲ့ဒီလိုနဲ့ပဲ နေ့ပိုင်းမှာ ကျွန်တော်တို့ တစ်အိမ်မှတစ်အိမ် သက်သေခံထွက်နိုင်ပြီး ညနေပိုင်းမှာ ဈေးကွက်ထဲမှာ ကျွန်တော်တို့ရဲ့ဟောပြောချက်တွေကို လာနားထောင်ကြဖို့ လူတွေကို ဖိတ်ခေါ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ဖွင့်ပြခဲ့တဲ့ “ငရဲ ပူသလား” ဆိုတဲ့ ဓာတ်ပြားကို လူကြိုက်များခဲ့တယ်။ ကျွန်တော်တို့ရဲ့ “ကားအိမ်” နဲ့တောင်အာဖရိက,ကနေ ကင်ညာအထိ မိုင် ၂,၀၀၀ ခရီးတစ်ခေါက်ထွက်ခဲ့ကြတယ်၊ အဲ့ဒီအချိန်မှာ အာဖရိကန်ဘာသာစကားတချို့နဲ့ စာအုပ်ငယ်အမျိုးမျိုး ပါလာတာကြောင့် ကျွန်တော်တို့ဝမ်းသာခဲ့ကြတယ်၊ ဒေသခံလူတွေကလည်း အဲ့ဒီစာအုပ်တွေကို အားရဝမ်းသာလက်ခံယူခဲ့ကြတယ်။
အဲ့ဒီလိုခရီးစဉ်တွေမှာ ကျွန်တော်တို့ စိတ်ကြည်နူးစရာတစ်ခုက အာဖရိကန်တောရိုင်းတိရစ္ဆာန် အတော်များများကို တွေ့ခဲ့ရတာပဲ။ ညမှောင်သွားတဲ့အခါ လုံခြုံမှုရှိဖို့ ကားထဲမှာပဲနေကြတယ်၊ ယေဟောဝါဖန်ဆင်းထားတဲ့ တိရစ္ဆာန်အမျိုးမျိုးကို သူတို့ရဲ့သဘာဝပတ်ဝန်းကျင်မှာတွေ့လိုက်ရတာ ယုံကြည်ခြင်းပိုခိုင်ခံ့စေတယ်။
အတိုက်အခံစတင်
တောရိုင်းတိရစ္ဆာန်တွေရဲ့ရန်ကို သတိထားနေနိုင်ပေမဲ့ ကျွန်တော်တို့ရဲ့ ဘုရားသခင့်နိုင်ငံတော် ဟောပြောခြင်းလုပ်ငန်းကို
လူသိရှင်ကြား စတင်အတိုက်အခံလုပ်ကြတဲ့ အစိုးရအရာရှိတွေနဲ့ အမျက်ခြောင်းခြောင်းထနေတဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ရန်ကို ရင်ဆိုင်ရတာက ပိုခက်တယ်။ အဓိကပြဿနာကြီးတစ်ခုက သူ့ကိုယ်သူ “ဘုရားသခင့်သားတော်” လို့အဓိပ္ပာယ်ရတဲ့ မဝါးနား လီဆာလို့ခေါ်တဲ့ ဘာသာရေးအယူသီးသူတစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်တယ်၊ ဝမ်းနည်းစရာက “ကင်းမျှော်စင်” လို့အဓိပ္ပာယ်ရတဲ့ ကီတာဝါလီလို့ဆိုပြီး သူ့အုပ်စုက နာမည်ကြီးနေတာ။ ကျွန်တော်တို့မရောက်ခင်လေးမှာ ဒီလူက အာဖရိကန်အတော်များများကို နှစ်ခြင်းပေးမယ်ဆိုပြီး ရေနှစ်သတ်ခဲ့တယ်။ နောက်ဆုံးမှာ သူ့ကို ဖမ်းပြီး ကြိုးမိန့်ပေးခဲ့တယ်။ နောက်ပိုင်းမှာ အဲ့ဒီလူကိုကြိုးမိန့်ပေးတဲ့သူနဲ့ ကျွန်တော် စကားပြောခွင့်ရခဲ့တယ်၊ အဲ့ဒီအယူသီးသူဟာ ကျွန်တော်တို့ကင်းမျှော်စင်အသင်းနဲ့ လုံးဝမဆိုင်ဘူးလို့ ပြောပြနိုင်ခဲ့တယ်။အဓိကအနေနဲ့ ငွေရေးကြေးရေးကြောင့် ကျွန်တော်တို့ပညာပေးလုပ်ငန်းကို မကြိုက်ကြတဲ့ ဥရောပသားတွေနဲ့လည်း ပြဿနာဖြစ်သေးတယ်။ ကုန်သိုလှောင်ရုံမန်နေဂျာတစ်ယောက်က “လူဖြူတစ်ယောက် ဒီနိုင်ငံမှာ ဆက်နေချင်တယ်ဆိုရင် အာဖရိကန်တွေကို သူတို့ရဲ့လုပ်အားခ ခေါင်းပုံဖြတ်ခံနေရတယ်ဆိုတာ အသိမပေးနဲ့” ဆိုပြီး မကျေမနပ်ပြောခဲ့တယ်။ ဒါကြောင့် ရွှေတွင်းကုမ္ပဏီခေါင်းဆောင်တစ်ယောက်က သူ့ရုံးကနေ ကျွန်တော်တို့ကို နှင်ထုတ်ခဲ့တာ။ အဲ့ဒီနောက် ဒေါသတကြီးနဲ့ ကျွန်တော့်ကို လမ်းအဆုံးအထိ လိုက်ပို့တယ်။
ဝတ်ပြုရေးနဲ့ စီးပွားရေး အတိုက်အခံသမားတွေက အကြီးအကျယ်လွှမ်းမိုးနေတော့ နောက်ဆုံးမှာ ရိုဒီးရှား (အခု ဇင်ဘာဘွေ) အစိုးရက ကျွန်တော်တို့ကို နိုင်ငံကနေ ထွက်သွားခိုင်းတယ်။ အဲ့ဒီဆုံးဖြတ်ချက်ကို ကျွန်တော်တို့ အယူခံဝင်တဲ့အခါ အာဖရိကန်တွေကို မဟောဘူးဆိုရင် နေထိုင်ခွင့်ရမယ်ဆိုပြီး ကျွန်တော်တို့ အောင်မြင်သွားတယ်။ အကြောင်းပြချက်တစ်ခုက ကျွန်တော်တို့စာပေဟာ “အာဖရိကန်ဦးနှောက်နဲ့ မအပ်စပ်ဘူး” လို့ အရာရှိတစ်ယောက်က ထုတ်ပြောတယ်။ ဒါပေမဲ့ တခြားနိုင်ငံတွေမှာ ကျွန်တော်တို့ရဲ့ ပညာပေးလုပ်ငန်းကို အာဖရိကန်တွေကြား အတားအဆီးမရှိ လုပ်ဆောင်နေပြီး သူတို့ကတောင် အားပေးသေးတယ်။ အဲ့ဒီနိုင်ငံတွေထဲက တစ်နိုင်ငံကတော့ ဆွာဇီလန်နိုင်ငံဖြစ်တယ်။
ဆွာဇီလန်နိုင်ငံဘုရင်က ဖိတ်ခေါ်
ဆွာဇီလန်နိုင်ငံဟာ ၆,၇၀၄ စတုရန်းမိုင်သာရှိတဲ့ လွတ်လပ်တဲ့နိုင်ငံငယ်ကလေးတစ်ခုဖြစ်ပြီး တောင်အာဖရိကအတွင်းမှာရှိတယ်။ ဒီဆောင်းပါးရဲ့အစမှာ ဖော်ပြထားသလို စကားဖောင်ဖွဲ့အောင်ပြောတတ်တဲ့ ဘုရင်ဆိုဘူဇာ ၂ နဲ့ကျွန်တော်တို့ အဲ့ဒီမှာ တွေ့ဆုံခဲ့ကြတာ။ ဗြိတိသျှတက္ကသိုလ်တစ်ခုမှာ သူပညာသင်ရင်း တတ်ခဲ့တဲ့အင်္ဂလိပ်ဘာသာစကားကို သူကောင်းကောင်းပြောနိုင်တယ်။ သာမန်အဝတ်အစားနဲ့ ကျွန်တော်တို့ကို ကြိုဆိုလက်ခံစကားပြောခဲ့တယ်။
စိတ်ထားမှန်သူတွေအတွက် ဘုရားသခင်ရည်ရွယ်ထားတဲ့ မြေကြီးပရဒိသုအကြောင်း သူနဲ့ စကားပြောဖြစ်ခဲ့ကြတယ်။ အဲ့ဒီအကြောင်းကို သူအထူးစိတ်မဝင်စားပေမဲ့ အဲ့ဒါနဲ့နွှယ်နေတဲ့ အကြောင်းတစ်ခုကိုတော့ အရမ်းစိတ်ဝင်စားခဲ့တယ်။ ဘုရင်က ဆင်းရဲသားတွေနဲ့ စာမတတ်သူတွေရဲ့ လူနေမှုအဆင့်အတန်းကို တိုးတက်စေချင်တယ်။ ပညာရေးထက် ချာ့ခ်ျအသင်းသားဖြစ်လာစေဖို့ ပိုစိတ်ဝင်စားကြတဲ့ ခရစ်ယာန်ဘောင်သာသနာပြုတွေရဲ့ လုပ်ငန်းကို သူမကြိုက်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရှေ့ဆောင်တချို့ရဲ့ လုပ်ဆောင်မှုကို ဘုရင်က ကောင်းကောင်းသိတဲ့အပြင် ကျွန်တော်တို့ရဲ့ ကျမ်းစာပညာပေးလုပ်ငန်းကို ငွေမယူဘဲ ဒါမှမဟုတ် တခြားဝန်ဆောင်မှုတွေမတောင်းဆိုဘဲ တလိုတလားလုပ်ဆောင်နေတာကို ချီးမွမ်းခဲ့တယ်။
ကျမ်းစာပညာပေးလုပ်ငန်း အရှိန်အဟုန်တိုးမြှင့်
၁၉၄၃ ခုနှစ်မှာ ခရစ်ယာန်သာသနာပြုတွေကို လေ့ကျင့်ပေးဖို့ ကင်းမျှော်စင် သမ္မာကျမ်းစာ ဂိလဒ်ကျောင်းကို ဖွင့်လှစ်ခဲ့တယ်။ ကျမ်းစာ,စာပေဝေငှခြင်းကို အဓိကအာရုံစိုက်မယ့်အစား စိတ်ဝင်
စားသူတွေရှာတွေ့ရင် သူတို့ဆီပြန်သွား ကူညီပေးဖို့ကို အလေးထားခဲ့တယ်။ ၁၉၅၀ ပြည့်နှစ်မှာ ဂျော့ဂျ်နဲ့ ကျွန်တော့်ကို ၁၆ ကြိမ်မြောက် ဂိလဒ်သင်တန်း တက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ အဲ့ဒီမှာ ခင်မင်စရာကောင်းတဲ့ ဩစတြေးလျညီအစ်မ ဂျီးန်ဟိုက်ဒ်နဲ့ ကျွန်တော်တွေ့ဆုံခဲ့တာ၊ ကျွန်တော်တို့နှစ်ယောက်စလုံး ကျောင်းဆင်းပြီးနောက် သူက ဂျပန်နိုင်ငံမှာ ခရစ်ယာန်သာသနာပြုတာဝန်ကျခဲ့တယ်။ အဲ့ဒီတုန်းက တစ်ကိုယ်ရေဘဝကို အားပေးဆဲဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ခင်မင်မှုဟာ ဆက်မတိုးခဲ့ဘူး။ဂိလဒ်သင်တန်းပြီးတဲ့နောက်မှာ ဂျော့ဂျ်နဲ့အတူ အိန္ဒိယသမုဒ္ဒရာကျွန်းဖြစ်တဲ့ မော်ရေးရှပ်မှာ ကျွန်တော်ခရစ်ယာန်သာသနာပြုတာဝန် ရခဲ့တယ်။ ကျွန်းသားတွေနဲ့မိတ်ဖွဲ့ပြီး သူတို့ရဲ့ဘာသာစကားကို သင်ယူတဲ့အပြင် သူတို့နဲ့ အိမ်တွင်းကျမ်းစာသင်အံမှုတွေ ပြုလုပ်ခဲ့ကြတယ်။ နောက်ပိုင်းမှာ ကျွန်တော့်ညီ ဝီလျမ်နဲ့ သူ့ဇနီးမြူရီရဲလ်တို့လည်း ဂိလဒ်ကျောင်းဆင်းခဲ့ကြတယ်။ ကျွန်တော်သွားဟောပြောခဲ့တဲ့ ရပ်ကွက်ဟောင်းဖြစ်တဲ့ ကင်ညာနိုင်ငံမှာ သူတို့တာဝန်ကျတယ်။
ရှစ်နှစ်တာကာလဟာ ကုန်မြန်လိုက်တာ၊ ၁၉၅၈ ခုနှစ်မှာ နယူးယောက်မြို့မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးမှာ ဂျီးန်ဟိုက်ဒ်နဲ့ ကျွန်တော်ပြန်ဆုံတယ်။ ကျွန်တော်တို့ရဲ့ ခင်မင်ရင်းနှီးမှုကို ပြန်စပြီးနောက်မှာ ကျွန်တော်တို့ စေ့စပ်လိုက်ကြတယ်။ အဲ့ဒီနောက် မော်ရေးရှပ်ကျွန်းကနေ ဂျပန်နိုင်ငံမှာ ခရစ်ယာန်သာသနာပြုဖို့ ကျွန်တော်ပြောင်းရွှေ့ခံရပြီး အဲ့ဒီမှာပဲ ၁၉၅၉ ခုနှစ်မှာ ဂျီးန်နဲ့လက်ထပ်လိုက်တယ်။ အဲ့ဒီနောက် ဟိုတုန်းက အသင်းတော်ငယ်ကလေးတစ်ခုပဲရှိသေးတဲ့ ဟီရိုရှီးမားမြို့မှာ ခရစ်ယာန်သာသနာပြုလုပ်ငန်းကို ပျော်ပျော်ရွှင်ရွှင် အစပြုလုပ်ဆောင်ခဲ့ကြတယ်။ ဒီကနေ့ အဲ့ဒီမြို့မှာ အသင်းတော် ၃၆ ခုရှိနေပြီ။
ဂျပန်နိုင်ငံကို ဆာယိုနာရ
နှစ်တွေကုန်လွန်လာတာနဲ့ ကျွန်တော်တို့နှစ်ယောက်စလုံးရဲ့ ကျန်းမာရေးချို့တဲ့လာတာကြောင့် ခရစ်ယာန်သာသနာပြုလုပ်ငန်းမှာပါဝင်ဖို့ တဖြည်းဖြည်းခက်လာတယ်၊ နောက်ဆုံးတော့ ဂျပန်နိုင်ငံကထွက်ခွာခဲ့ရပြီး ဂျီးန်ရဲ့ဇာတိနိုင်ငံ ဩစတြေးလျမှာ အခြေချရတဲ့ အခြေအနေပေါ်လာတယ်။ ဟီရိုရှီးမားမြို့ကနေ ထွက်ခွာခဲ့ရတဲ့နေ့ဟာ ဝမ်းနည်းစရာနေ့တစ်နေ့ပါ။ ဘူတာရုံစင်္ကြံမှာ ကျွန်တော်တို့ချစ်ရတဲ့ မိတ်ဆွေအားလုံးကို ဆာယိုနာရလို့ နှုတ်ဆက်ခဲ့ရပါတယ်။
အခုဆိုရင် ကျွန်တော်တို့ ဩစတြေးလျနိုင်ငံမှာ အခြေချနေထိုင်နေကြတယ်၊ ကျွန်တော်တို့မှာရှိတဲ့ အစွမ်းအစလေးနဲ့ နယူးဆောက်ဝေးလ်ပြည်နယ်က အာမီဒေလ်အသင်းတော်မှာ ယေဟောဝါရဲ့အမှုတော်ကို ဆက်ပြီးအစွမ်းကုန်ထမ်းဆောင်နေကြပါတယ်။ ခရစ်ယာန်အမှန်တရားဘဏ္ဍာကို အနှစ်ရှစ်ဆယ်နီးပါး လူတွေကို ဝေမျှပေးခဲ့ရတာ တကယ်ကိုရွှင်လန်းအားရစရာပဲ! အံ့ဩစရာကောင်းလောက်အောင် ကျမ်းစာပညာပေးလုပ်ငန်းအစီအစဉ် တိုးတက်လာတာကို ကျွန်တော်မြင်တွေ့ခဲ့ရပြီး ထူးခြားတဲ့ ဝိညာဉ်ရေးအဖြစ်အပျက်တွေကိုပါ ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်။ ဒီလိုတိုးတက်လာတာဟာ ဘယ်သူကြောင့်၊ ဘယ်လူအုပ်စုကြောင့်မှ မဟုတ်ဘူး။ တကယ်တော့ “ထိုအမှုသည် ထာဝရဘုရား ပြုတော်မူသောအမှုဖြစ်၏။ ငါတို့မျက်မှောက်၌လည်း အံ့သြဖွယ်ဖြစ်၏” ဆိုတဲ့ ဆာလံဆရာရဲ့စကားအတိုင်းပါပဲ။—ဆာလံ ၁၁၈:၂၃။
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
ကျွန်တော်တို့ရဲ့ မော်တော်ကားအိမ်နဲ့အတူ ကျွန်တော့်ညီဂျော့ဂျ်
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
ဗစ်တိုးရီးယားအိုင်တွင် ကျွန်တော်
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
၁၉၃၈ ခုနှစ်က ဆွာဇီလန်နိုင်ငံတွင် လူထုဟောပြောပွဲ တက်ရောက်ခဲ့ကြသော အထက်တန်းကျောင်းသားများ
[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]
၁၉၅၉ ခုနှစ်က ကျွန်တော်တို့လက်ထပ်သည့်နေ့နှင့် ယနေ့ ဂျီးန်နှင့်အတူ