လူငယ်များ—သင်တို့၏အလုပ်ကို ယေဟောဝါမေ့လျော့မည်မဟုတ်!
လူငယ်များ—သင်တို့၏အလုပ်ကို ယေဟောဝါမေ့လျော့မည်မဟုတ်!
“သင်တို့လုပ်ဆောင်သောအလုပ်မှစ၍ သန့်ရှင်းသူတို့ကို အထက်ကလုပ်ကျွေးသည်သာမက ယခုပင် လုပ်ကျွေးခြင်းအမှုကိုလည်းကောင်း၊ ထိုသို့ပြုသောအားဖြင့် နာမတော်ကိုထောက်၍ ပြသောမေတ္တာကိုလည်းကောင်း ဘုရားသခင်သည် မေ့လျော့ရအောင် မတရားသောအရှင်ဖြစ်တော်မူသည်မဟုတ်။”—ဟေဗြဲ ၆:၁၀၊ သမ္မာ။
၁။ သင်၏အမှုဆောင်ခြင်းကို ယေဟောဝါတန်ဖိုးထားကြောင်း ဟေဗြဲကျမ်းနှင့် မာလခိကျမ်းတို့က မည်သို့ဖော်ပြသနည်း။
သင်သည် မိတ်ဆွေတစ်ဦးအတွက် ကြင်နာသောလုပ်ရပ်တစ်ခု လုပ်ဆောင်ပေးပြီးနောက် ကျေးဇူးတင်ကြောင်း ဖော်ပြမခံရဘဲနေခဲ့ဖူးသလော။ စေတနာရှိရှိလုပ်ဆောင်ပေးမှုသည် တန်ဖိုးထားခြင်းမခံရသောအခါ အလွန်အမင်း အခံရခက်စေနိုင်သည်၊ ပို၍ဆိုးသည်မှာ လုံးဝမေ့ပစ်ခံရခြင်းပင်ဖြစ်၏။ သို့သော် ယေဟောဝါအား စိတ်နှလုံးအကြွင်းမဲ့ ကျွန်ုပ်တို့ဝတ်ပြုကိုးကွယ်သည့်အခါ အလွန်ပင်ကွာခြားလှသည်! သမ္မာကျမ်းစာကဤသို့ဆိုသည်– “သင်တို့လုပ်ဆောင်သောအလုပ်မှစ၍ သန့်ရှင်းသူတို့ကို အထက်ကလုပ်ကျွေးသည်သာမက ယခုပင်လုပ်ကျွေးခြင်းအမှုကိုလည်းကောင်း၊ ထိုသို့ပြုသောအားဖြင့် နာမတော်ကိုထောက်၍ ပြသောမေတ္တာကိုလည်းကောင်း ဘုရားသခင်သည်မေ့လျော့ရအောင် မတရားသောအရှင်ဖြစ်တော်မူသည်မဟုတ်။” (ဟေဗြဲ ၆:၁၀၊ သမ္မာ) ယင်းက ဘာကိုဆိုလိုသည်ကို စဉ်းစားကြည့်ပါ။ သင်လုပ်ဆောင်ပေးခဲ့သည့်အရာနှင့် ကိုယ်တော့်အမှုတော်တွင် သင်ဆက်လက်ထမ်းဆောင်မည့်အရာတို့ကို ကိုယ်တော်မေ့လျော့မည်ဆိုလျှင် ကိုယ်တော့်ဘက်မှ မဖြောင့်မတ်သည့်လုပ်ရပ်၊ အပြစ်ဟု ယင်းကို ယေဟောဝါ အမှန်တကယ်ယူမှတ်ပေလိမ့်မည်။ အမှန်ပင်ကျေးဇူးတင်လေးမြတ်တတ်သော ဘုရားသခင်ပေတည်း!—မာလခိ ၃:၁၀။
၂။ ယေဟောဝါထံအမှုတော်ဆောင်ခြင်းကို အဘယ်အရာက အမှန်ပင်ထူးခြားစေသနည်း။
၂ ဤကျေးဇူးသိတတ်သောဘုရားသခင်ကို ဝတ်ပြု၍ အမှုတော်ထမ်းဆောင်ရန် အထူးအခွင့်အရေးတစ်ခု သင်၌ရှိသည်။ ခြောက်သန်းခန့်မျှသာရှိသော သင်၏ယုံကြည်သူချင်းများကို ကမ္ဘာတစ်ဝန်း လူ သန်းပေါင်းခြောက်ထောင်နှင့် နှိုင်းယှဉ်ကြည့်လိုက်သောအခါ သင်၏အခွင့်အရေးသည် အမှန်ပင်ထူးမြတ်လှ၏။ ထို့အပြင် သတင်းကောင်းကို သင်နားထောင်ပြီး တုံ့ပြန်နေသည့်အချက်က ယေဟောဝါသည် သင့်ကိုစိတ်ဝင်စားနေသည်ဟူသည့် သက်သေသာဓကပင်။ အမှန်မှာ၊ ယေရှုဤသို့မိန့်ဆိုခဲ့၏– “ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည် သွေးဆောင်တော်မမူလျှင်၊ အဘယ်သူမျှငါ့ထံသို့မလာနိုင်။” (ယောဟန် ၆:၄၄) မှန်ပါသည်၊ ယေဟောဝါသည် ခရစ်တော်၏ပူဇော်ရာယဇ်အကျိုးကျေးဇူးများကို ခံစားစေရန် လူတစ်ဦးစီအား ထောက်ကူတော်မူ၏။
သင်၏မဟာအခွင့်အရေးကို ကျေးဇူးတင်လေးမြတ်ခြင်း
၃။ ယေဟောဝါထံအမှုထမ်းရခြင်း၏ အခွင့်ထူးအတွက် ကျေးဇူးတင်လေးမြတ်မှုကို ကောရ၏သားများမည်သို့ဖော်ပြခဲ့ကြသနည်း။
၃ ရှေ့ဆောင်းပါးတွင် ဆွေးနွေးဖော်ပြခဲ့သည့်အတိုင်း သင်သည် ယေဟောဝါ၏နှလုံးကိုရွှင်လန်းစေရန် ထူးခြားသည့်အနေအထား ရရှိထားသည်။ (သု. ၂၇:၁၁) အသေးအဖွဲလေးအဖြစ် ကျွန်ုပ်တို့ ဘယ်တော့မျှသဘောမထားသင့်သည့် အရာတစ်ခုဖြစ်သည်။ မှုတ်သွင်းခံဆာလံကျမ်းတစ်ကျမ်းတွင် ကောရ၏သားများသည် ယေဟောဝါထံအမှုထမ်းရသည့်အခွင့်အရေးကို ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြခဲ့ကြ၏။ ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “တံတိုင်းတော်တို့အတွင်း၌နေသောတစ်ရက်သည် အခြားအရပ်၌နေသောအရက်တစ်ထောင်ထက် သာ၍ကောင်းပါ၏။ မတရားသောသူ၏နေရာ၌နေရသောအခွင့်ထက် အကျွန်ုပ်၏ဘုရားသခင့်အိမ်တော်၌ တံခါးစောင့်အရာကို အကျွန်ုပ်သာ၍နှစ်သက်ပါ၏။”—ဆာလံ ၈၄:၁၀။
၄။ (က) လူအချို့အား ယေဟောဝါအားဝတ်ပြုခြင်းကို ကန့်သတ်ချုပ်ချယ်မှုအဖြစ် အဘယ်အရာက ရှုမြင်စေဖွယ်ရှိမည်နည်း။ (ခ) ယေဟောဝါသည် မိမိ၏ကျေးကျွန်များကို စိတ်ထက်သန်စွာသတိပြုနေပြီး ဆုချပေးနေကြောင်း အဘယ်နည်းအားဖြင့် ဖော်ပြသနည်း။
၄ သင်၏ ကောင်းကင်ခမည်းတော်၏အမှုတော် ထမ်းဆောင်ရသည့်အခွင့်ထူးနှင့်ပတ်သက်၍ အသင်လည်း ထိုသို့ခံစားရသလော။ တစ်ခါတစ်ရံ ယေဟောဝါကိုဝတ်ပြုခြင်းသည် သင်၏လွတ်လပ်မှုကို ကန့်သတ်ထားပုံပေါက်ကြောင်း ဝန်ခံရမည်။ ကျမ်းစာမူများနှင့်အညီအသက်ရှင်နေထိုင်ရန် ကိုယ်ကျိုးစွန့်ဖို့လိုသည်။ သို့သော် အဆုံးတွင် ယေဟောဝါတောင်းဆိုသမျှသည် သင်၏အကျိုးအတွက်ဖြစ်၏။ (ဆာလံ ၁:၁-၃) ထို့ပြင် သင်၏အားထုတ်မှုများကို ယေဟောဝါမြင်တော်မူပြီး သင်၏တည်ကြည်မှုကို တန်ဖိုးထားတော်မူ၏။ အမှန်ဆိုလျှင် ယေဟောဝါသည် “ကိုယ်တော်ကိုကြိုးစား၍ရှာသောသူအား အကျိုးပေးတော်မူ” သည်ဟု ပေါလုရေးသားခဲ့သည်။ (ဟေဗြဲ ၁၁:၆) ယေဟောဝါသည် ယင်းသို့လုပ်ဆောင်ရန် အခွင့်အရေးများရှာယူနေတော်မူ၏။ ရှေးဣသရေလနိုင်ငံမှ ဖြောင့်မတ်သည့်ပရောဖက်တစ်ပါး ဤသို့ဖော်ပြခဲ့သည်– “ထာဝရဘုရားသည် စုံလင်သောစေတနာစိတ်ရှိသောသူတို့ဘက်၌ ခိုင်ခံ့စွာနေခြင်းငှာ မြေကြီးတစ်ပြင်လုံးကို အနှံ့အပြားကြည့်ရှုလျက်ရှိတော်မူ၏။”—၂ ရာဇဝင်ချုပ် ၁၆:၉။
၅။ (က) သင်သည် ယေဟောဝါဘက်၌ စုံလင်သောစေတနာစိတ်ရှိကြောင်း တင်ပြနိုင်သည့် အကောင်းဆုံးနည်းလမ်းများမှတစ်ခုကား အဘယ်နည်း။ (ခ) သင်၏ယုံကြည်ခြင်းနှင့်ပတ်သက်၍ အခြားသူများအား ပြောပြရာတွင် အဘယ်ကြောင့် ခက်ခဲပုံရသနည်း။
၅ ယေဟောဝါဘက်၌ စုံလင်သောစေတနာစိတ်ရှိကြောင်း သင်တင်ပြနိုင်သည့် အကောင်းဆုံးနည်းလမ်းတစ်ခုမှာ အခြားသူများအား ကိုယ်တော့်အကြောင်းပြောပြခြင်းဖြစ်၏။ သင်၏ကျောင်းနေဖက်တချို့ကို သင့်ယုံကြည်ခြင်းအကြောင်းပြောဆိုဖို့ အခွင့်အရေးရရှိခဲ့ဖူးပါသလော။ အစပိုင်း၌ ယင်းသို့လုပ်ဆောင်ခြင်းသည် စိတ်ပျက်စရာအကြောင်းရှိပုံပေါ်ကာ အဆိုပါစိတ်ကူးကပင် အနည်းငယ် ကြောက်ရွံ့သွားစေနိုင်ပါသည်။ ‘ငါ့ကိုလှောင်ပြောင်ကြရင် ဘယ်လိုလုပ်မလဲ။ ယောဟန် ၁၅:၂၀) သို့ရာတွင် သင်၏ဘဝသည် သရော်ပြောင်လှောင်မှု၊ ငြင်းပယ်မှုနှင့်သာကြုံရမည်ဟု ဆိုလိုနေခြင်းမဟုတ်ပါ။ ယင်းနှင့်ဆန့်ကျင်လျက် သက်သေခံလူငယ်များစွာတို့သည် တလိုတလားနားထောင်ပေးတတ်သူကို ရှာတွေ့ခဲ့ကြပြီး သူတို့၏ခံယူချက်များကို စွဲကိုင်ထားခြင်းကြောင့် ရွယ်တူချင်းများထံမှ ရိုသေလေးစားမှုကိုပင် ရရှိခဲ့ကြပြီ။
ငါ့ရဲ့ဘာသာကထူးဆန်းလိုက်တာလို့ သူတို့ထင်လိုက်ရင်ကော ဘယ်လိုလုပ်မလဲ’ ဟုသင်မေးပေမည်။ ဘုရားသခင့်နိုင်ငံတော်သတင်းတရားကို လူတိုင်းနားထောင်ကြလိမ့်မည်မဟုတ်ဟု ယေရှုအသိအမှတ်ပြုခဲ့၏။ (“ယေဟောဝါသည် သင့်ကိုမစတော်မူမည်”
၆၊ ၇။ (က) အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦး သူ၏အတန်းဖော်များကို မည်သို့သက်သေခံနိုင်ခဲ့သနည်း။ (ခ) ဂျနီဖာ၏တွေ့ ကြုံမှုမှ သင်အဘယ်အရာသိရှိခဲ့ရပြီနည်း။
၆ သို့သော် သင်၏ယုံကြည်ခြင်းအကြောင်းကို အားတင်း၍ မည်သို့ထုတ်ဖော်ပြောပြနိုင်မည်နည်း။ သင်၏ဘာသာတရားအကြောင်း လူတို့မေးမြန်းသည့်အခါ အရိုးခံအတိုင်း အသိပေးပါလေ။ အသက် ၁၇ နှစ်အရွယ် ဂျနီဖာ၏တွေ့ကြုံမှုကို သုံးသပ်ကြည့်ပါ။ “ကျောင်းမှာ နေ့လယ်စာစားနေတဲ့အချိန်ဖြစ်တယ်။ ကျွန်မရဲ့စားပွဲဝိုင်းက မိန်းကလေးတွေဟာ ဘာသာတရားအကြောင်း ဆွေးနွေးနေကြတယ်၊ မိန်းကလေးတစ်ယောက်က ကျွန်မကို ဘယ်ဘာသာကလဲလို့ မေးလာပါတယ်” ဟုသူကဆို၏။ ဂျနီဖာသည် ပြန်ဖြေဖို့ ထိတ်လန့်ခဲ့ပါသလော။ “ကျွန်မကို ဘယ်လိုတုံ့ပြန်လိုက်မယ်ဆိုတာကို မသိတဲ့အတွက် ထိတ်ခနဲတော့ဖြစ်သွားတယ်” ဟုသူကဝန်ခံသည်။ ထို့ကြောင့် ဂျနီဖာ အဘယ်အရာလုပ်ဆောင်ခဲ့သနည်း။ “ကျွန်မဟာ ယေဟောဝါသက်သေတစ်ယောက်ပါလို့ အဲဒီမိန်းကလေးတွေကို ပြောပြလိုက်ပါတယ်။ အစပိုင်းမှာ သူတို့အံ့သြသွားပုံရတယ်။ ယေဟောဝါသက်သေတွေဟာ လူထူးလူဆန်းတွေဖြစ်ကြတယ်လို့လည်း သူတို့ယူဆထားခဲ့ပုံရပါတယ်။ အဲဒါက ကျွန်မကို သူတို့မေးခွန်းတွေမေးဖို့ လှုံ့ဆော်ပေးတယ်၊ ကျွန်မလည်း သူတို့ရဲ့ ယူဆချက်အမှားတချို့ကို ရှင်းပြပေးနိုင်ခဲ့ပါတယ်။ အဲဒီနေ့နောက်ပိုင်းမှာတောင် မိန်းကလေးတချို့ဟာ ရံဖန်ရံခါ ကျွန်မဆီကို မေးခွန်းလာမေးတတ်ပါတယ်” ဟုသူကဆက်၍ဆို၏။
၇ သူ၏ယုံကြည်ချက်များအကြောင်း ထုတ်ဖော်ပြောပြဖို့ အခွင့်အရေးယူလိုက်ခြင်းက ဂျနီဖာကို နောင်တရစေခဲ့ပါသလော။ လုံးဝမရစေခဲ့ပါ! “နေ့လယ်စာစားချိန်လည်းပြီးရော သက်သေခံခွင့်ရလိုက်တဲ့အတွက် ကျွန်မအရမ်းပျော်ရွှင်ခဲ့တယ်။ အခု အဲဒီမိန်းကလေးတွေမှာ ယေဟောဝါသက်သေတွေဟာ အမှန်တကယ် ဘယ်လိုလူတွေဖြစ်ကြတယ်ဆိုတဲ့ ယူဆချက်ကောင်းကောင်း ရှိသွားကြပြီ” ဟုသူကဆို၏။ ယခု ဂျနီဖာပေးလိုက်သောအကြံပြုချက်ကား ရိုးရိုးလေးပင်– “အတန်းဖော်တွေ ဒါမှမဟုတ် ဆရာ၊ ဆရာမတွေကို သက်သေခံဖို့ အခက်အခဲတွေ့လာရင် ချက်ချင်းဆုတောင်းလိုက်ပါ။ ယေဟောဝါ သင်တို့ကို ကူညီမစပါလိမ့်မယ်။ သက်သေခံဖို့ သင့်အခွင့်အရေးကို ကောင်းစွာအသုံးပြုလိုက်တဲ့အတွက် သင်ဝမ်းသာပါလိမ့်မယ်။”—၁ ပေတရု ၃:၁၅။
၈။ (က) မျှော်လင့်မထားသည့် အခြေအနေတစ်ခုကို တွေ့ ကြုံရင်ဆိုင်ရသည့်အခါ ဆုတောင်းခြင်းက နေဟမိကို မည်သို့ကူညီပေးခဲ့သနည်း။ (ခ) ကျောင်းတွင် ယေဟောဝါထံ တိုတိုတုတ်တုတ်နှင့် တိတ်တဆိတ်ဆုတောင်းဖို့လိုကောင်းလိုမည့် အခြေအနေတချို့ကားအဘယ်နည်း။
၈ သင်၏ယုံကြည်ခြင်းနှင့်ပတ်သက်၍ သက်သေခံဖို့ အခွင့်အရေးကြုံလာသောအခါ ယေဟောဝါထံ ‘ချက်ချင်းဆုတောင်းလိုက်ပါ’ ဟု ဂျနီဖာက အကြံပြုထောက်ခံသည်ကို ဂရုပြုပါ။ ပါရှန်းဘုရင် အာတဇေရဇ်၏ ဖလားတော်ဝန် နေဟမိသည် မျှော်လင့်မထားသည့် အခြေအနေတစ်ခုကို ရင်ဆိုင်ရသောအခါ ယင်းသို့ပင် အတိအကျပြုခဲ့၏။ နေဟမိသည် ဂျူးများ၏ မနှစ်မြို့ဖွယ်ကောင်းသော အခြေအနေနှင့်ပတ်သက်၍ သတင်းရရှိကာ ယေရုရှလင်မြို့ရိုးနှင့်တံခါးများ ပျက်စီးနေကြောင်းကို သူသိရှိခဲ့သောအခါ သိသိသာသာပင် စိတ်ဆင်းရဲခဲ့သည်။ နေဟမိ၏ စိုးရိမ်တကြီးဖြစ်နေဟန်ကို ရှင်ဘုရင်သတိပြုမိသွားသည်၊ ထို့ကြောင့် နေဟမိကို ဘာဖြစ်နေကြောင်း မေးလိုက်၏။ အဖြေမပေးမီ လမ်းညွှန်မှုအတွက် နေဟမိဆုတောင်းခဲ့သည်။ ထို့နောက် ယေရုရှလင်သို့ပြန်သွားခွင့်နှင့် ပြိုကျနေသည့်မြို့ကို ပြန်တည်ဆောက်ခွင့်ပြုရန် သတ္တိရှိရှိ သူတောင်းဆိုခဲ့သည်။ နေဟမိ၏တောင်းဆိုချက်ကို အာတဇေရဇ်ခွင့်ပြုလိုက်လေသည်။ (နေဟမိ ၂:၁-၈) သင်ခန်းစာကား အဘယ်နည်း။ သင်၏ယုံကြည်ခြင်းနှင့်စပ်လျဉ်း၍ သက်သေခံဖို့ အခွင့်အရေး ပေါ်ပေါက်လာချိန်တွင် သင်စိုးရိမ်နေမည်ဆိုလျှင် တိတ်တဆိတ်ဆုတောင်းလိုက်ပါ။ ပေတရုက “သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော် [ယေဟောဝါ] ၌အပ်နှံကြလော့” ဟုရေးသားခဲ့သည်။—၁ ပေတရု ၅:၇; ဆာလံ ၅၅:၂၂။
‘ပြန်ပြောခြင်းငှာ အသင့်ရှိနေကြလော့’
၉။ အသက် ၁၃ နှစ်အရွယ်ဖြစ်သူ လေအာသည် လူငယ်များအမေးစာအုပ် ၂၃ အုပ်ကို မည်သို့ဝေငှနိုင်ခဲ့သနည်း။
၉ နောက်တွေ့ကြုံမှုတစ်ခုကို သုံးသပ်ကြည့်ပါ။ ၁၃ နှစ်အရွယ် လေအာသည် ကျောင်း၌ နေ့လယ်စာစားချိန် ခေတ္တရပ်နားစဉ်အတွင်း လူငယ်များအမေး—တာသွားသည့်အဖြေ *စာအုပ်ကို ဖတ်ရှုနေခဲ့သည်။ “တခြားသူတွေက ကျွန်မကိုစောင့်ကြည့်နေကြတယ်၊ ပြီးတော့ မကြာခင်မှာပဲ လူအုပ်တစ်အုပ်ဟာ ကျွန်မအနားမှာ ရစ်သီရစ်သီလုပ်နေကြတယ်။ ဘာအကြောင်းတွေရေးထားတဲ့စာအုပ်လဲဆိုပြီး သူတို့မေးမြန်းပါလေရော” ဟုသူကဆို၏။ အဆိုပါနေ့အကုန်ပိုင်းတွင် မိန်းကလေး လေးယောက်သည် လေအာထံမှ လူငယ်များအမေးစာအုပ်တစ်အုပ် တောင်းယူသွားခဲ့ကြသည်။ မကြာမီ အဆိုပါမိန်းကလေးများသည် အခြားသူများကို ထိုစာအုပ်ပေးဖတ်ခဲ့ကြရာ သူတို့သည်လည်း တစ်အုပ်စီလိုချင်ခဲ့ကြ၏။ နောက်အပတ်အနည်းငယ်ကြာသော် လေအာသည် လူငယ်များအမေးစာအုပ် ၂၃ အုပ်ကို ကျောင်းနေဖက်များနှင့် သူတို့၏သူငယ်ချင်းများကို ဝေငှပေးခဲ့လေသည်။ အစပိုင်းတွင် သူဖတ်ရှုနေသည့်စာအုပ်နှင့်ပတ်သက်၍ အခြားသူများမေးမြန်းလာစဉ် ထုတ်ဖော်ပြောပြဖို့ လေအာအတွက် လွယ်ကူခဲ့ပါသလော။ မလွယ်ကူခဲ့ချေ။ “ပထမတော့ ကျွန်မ ထိတ်ခနဲဖြစ်သွားတယ်။ ဒါပေမဲ့ ယေဟောဝါ ကျွန်မနဲ့အတူရှိနေတယ်ဆိုတာကို သိထားတဲ့အတွက် ကျွန်မဆုတောင်းခဲ့တယ်” ဟုသူဝန်ခံသည်။
၁၀၊ ၁၁။ ဣသရေလမိန်းမငယ်လေးတစ်ဦးသည် ရှုရိဗိုလ်ချုပ်အား ယေဟောဝါကိုသိရှိလာရန် မည်သို့ကူညီပေးနိုင်ခဲ့သနည်း၊ အဆိုပါဗိုလ်ချုပ်မင်းသည် အဘယ်ပြောင်းလဲမှုများကို ပြုလုပ်ခဲ့သနည်း။
၁၀ ဆီးရီးယားနိုင်ငံသို့ သုံ့ပန်းအဖြစ်ခေါ်ဆောင်ခံခဲ့ရသည့် ဣသရေလမိန်းမငယ်လေးတစ်ဦးလည်း အလားတူအခြေအနေမျိုးကို ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း လေအာ၏တွေ့ကြုံမှုက သင့်ကိုပြန်အမှတ်ရစေပေမည်။ ရှုရိဗိုလ်ချုပ်မင်းနေမန်သည် နူနာစွဲနေ၏။ သူ၏ဇနီးသည် စကားလက်ဆုံပြောဆိုမှုကို အစပြုခဲ့ကောင်းပြုခဲ့မည်ဖြစ်ရာ ယင်းက ဤဣသရေလမိန်းမငယ်လေးအား သူ၏ယုံကြည်ခြင်းအကြောင်း ထုတ်ဖော်ပြောဆိုစေခဲ့သည်။ သူက “ကျွန်မသခင်သည် ရှမာရိမြို့၌ရှိသော ပရောဖက်ထံသို့ရောက်ပါစေသော။ ထိုပရောဖက်သည် သခင်၌စွဲသောနူနာကို ပျောက်စေလိမ့်မည်” ဟုပြောဆိုခဲ့၏။—၄ ဓမ္မရာဇဝင် ၅:၁-၃။
၁၁ ဤမိန်းမငယ်လေး၏ ရဲစွမ်းသတ္တိကြောင့် “ဣသရေလပြည်မှတစ်ပါး အဘယ်ပြည်၌မျှ ဘုရားသခင်မရှိ” သည်ကို နေမန်သိရှိလာခဲ့ရ၏။ “မီးရှို့ရာယဇ်အစရှိသော အဘယ်ယဇ်ကိုမျှ ထာဝရဘုရား [ယေဟောဝါ] မှတစ်ပါး အခြားသောဘုရားအား နောက်တစ်ဖန်မပူဇော်ပါ” ဟုလည်း သန္နိဋ္ဌာန်ပင်ချခဲ့လေသည်။ (၄ ဓမ္မရာဇဝင် ၅:၁၅၊ ၁၇) ထိုမိန်းမငယ်လေး၏ရဲရင့်မှုကို ယေဟောဝါကောင်းချီးပေးခဲ့ မည်မှာ သေချာပါသည်။ ယနေ့ လူငယ်များစွာတို့ကိုလည်း ကိုယ်တော်သည် ထပ်တူကောင်းချီးပေးနိုင်၍ ပေးတော်မူပါလိမ့်မည်။ လေအာသည် အလားတူတွေ့ကြုံခဲ့ရ၏။ အချိန်တန်သော် သူ၏ကျောင်းနေဖက်အချို့ သူ့ထံရောက်လာကြကာ လူငယ်များအမေးစာအုပ်သည် သူတို့၏အမူအကျင့်ကို ပြောင်းလဲပေးနေကြောင်း ပြောဆိုခဲ့ကြသည်။ “ယေဟောဝါအကြောင်းပိုသိရှိလာဖို့၊ သူတို့ရဲ့ဘဝအသက်တာကို ပြောင်းလဲဖို့ အခြားသူတွေကို ကူညီပေးနေရလို့ ကျွန်မဝမ်းသာလိုက်တာ” ဟုလေအာကဆို၏။
၁၂။ သင်၏ယုံကြည်ခြင်းကို ခုခံကာကွယ်ရန် သင်မည်သို့အားဖြည့်ထားနိုင်မည်နည်း။
၁၂ ဂျနီဖာနှင့်လေအာတို့ကဲ့သို့သော အလားတူတွေ့ ကြုံမှုမျိုး သင်၌လည်းရှိနိုင်ပေသည်။ ခရစ်ယာန်တစ်ဦးအနေနှင့် “သင်တို့မျှော်လင့်ခြင်း၏အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား၊ နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့်ပြန်ပြောခြင်းငှာ . . . အသင့်ရှိနေကြလော့” ဟုရေးသားခဲ့သူ ပေတရု၏သတိပေးချက်ကို အမြဲလိုက်နာသင့်ပေသည်။ (၁ ပေတရု ၃:၁၅) သင်မည်သို့လုပ်ဆောင်နိုင်သနည်း။ “ရဲရင့်စွာ” ဟောပြောရန် သူတို့အား ကူညီပေးတော်မူမည့် ယေဟောဝါထံဆုတောင်းခဲ့ကြသည့် ပထမရာစုခရစ်ယာန်များ၏လမ်းစဉ်ကို အတုယူပါ။ (တမန်တော် ၄:၂၉) ထို့နောက် သင်၏ယုံကြည်ချက်များနှင့်ပတ်သက်၍ အခြားသူများအား ပြောပြရာတွင် ရဲစွမ်းသတ္တိရှိပါလေ။ အကျိုးရလဒ်များကြောင့် သင်အံ့အားသင့်သွားပေမည်။ ထို့ပြင် ယေဟောဝါ၏နှလုံးကို ရွှင်လန်းစေပါလိမ့်မည်။
ဗီဒီယိုများနှင့် အထူးသုတေသနပြုချက်များ
၁၃။ လူငယ်အချို့သည် သက်သေခံဖို့ အဘယ်အခွင့်အရေးများ ယူခဲ့ကြသနည်း။ (စာမျက်နှာ ၂၀ နှင့် ၂၁ ရှိလေးထောင့်ကွက်များကိုရှု။)
၁၃ လူငယ်များစွာတို့သည် ဗီဒီယိုခွေများကို အသုံးပြု၍ ကျောင်းနေဖက်များ သို့မဟုတ် ဆရာများကို သူတို့ယုံကြည်ခြင်းအကြောင်း ရှင်းပြခဲ့ကြပြီ။ တစ်ခါတစ်ရံ ကျောင်းသုတေသနပြုချက်များ ပြုလုပ်သည့်အခါ ယေဟောဝါကိုချီးမွမ်းဖို့ အခွင့်အရေးပေါ်လာသည်။ ဥပမာ၊ ယေဟောဝါသက်သေများဖြစ်ကြသည့် အသက် ၁၅ နှစ်အရွယ် ယောက်ျားလေးနှစ်ဦးသည် ကမ္ဘာ့သမိုင်းအချိန်၏ အပိုင်းကဏ္ဍတစ်ခုအနေနှင့် ကမ္ဘာ့ဘာသာတရားတစ်ခုအကြောင်း မှတ်တမ်းရေးရန် တာဝန်တစ်ခုရရှိခဲ့ကြသည်။ ဤယောက်ျားလေးနှစ်ဦးသည် သူတို့၏မှတ်တမ်းတွင် ယေဟောဝါသက်သေများအကြောင်း စပ်တူရေးရန် ပူးပေါင်းလိုက်ကြသည်၊ ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများစာအုပ်ကို သူတို့၏ရင်းမြစ်အဖြစ် အသုံးပြုကြလေသည်။ * ထို့ပြင် သူတို့သည် ငါးမိနစ်စာ နှုတ်တိုက်တင်ပြပြောဆိုခဲ့ရသေးသည်။ ထို့နောက် ဆရာနှင့်ကျောင်းသားများက မေးခွန်းအမြောက်အမြားမေးခဲ့ကြရာ အဆိုပါယောက်ျားလေးနှစ်ဦးသည် အတန်းရှေ့တွင် နောက်ထပ် မိနစ် ၂၀ ကြာပြောပြရပြန်သည်။ အပတ်များစွာကြာပြီးနောက် သူတို့၏အတန်းဖော်များသည် ယေဟောဝါသက်သေများနှင့်ပတ်သက်သည့် မေးခွန်းများစွာကို ဆက်လက်မေးမြန်းခဲ့ကြလေသည်!
၁၄၊ ၁၅။ (က) လူကိုကြောက်ရွံ့ ခြင်းသည် အဘယ်ကြောင့်ထောင်ချောက်ဖြစ်သနည်း။ (ခ) သင်၏ယုံကြည်ချက်ကို အခြားသူများအား ဝေငှခြင်းနှင့်ပတ်သက်၍ သင်အဘယ်ကြောင့် ယုံကြည်စိတ်ချသင့်သနည်း။
၁၄ ဆိုခဲ့ပြီးသောတွေ့ကြုံမှုများက ဖော်ပြသည့်အတိုင်း ယေဟောဝါသက်သေတစ်ဦးအနေနှင့် မိမိ၏ယုံကြည်ချက်များနှင့် ခံယူချက်များကို အခြားသူများအားပြောပြခြင်းက ကြီးမားသောကောင်းချီးများရရှိနိုင်ပေသည်။ လူကိုကြောက်ရွံ့ ခြင်းကြောင့် အခြားသူများ ယေဟောဝါကိုသိကျွမ်းလာရန် ကူညီပေးရခြင်း၏ အခွင့်ထူးနှင့် ရွှင်လန်းမှုကို လက်မလွတ်လိုက်ပါနှင့်။ သမ္မာကျမ်းစာကဤသို့ဖော်ပြသည်– “လူကိုကြောက်ရွံ့ခြင်းသဘောသည် ကျော့ကွင်းကိုထောင်တတ်၏။ ထာဝရဘုရားကိုခိုလှုံသောသူမူကား လုံခြုံလိမ့်မည်။”—သု. ၂၉:၂၅။
၁၅ ခရစ်ယာန်လူငယ်တစ်ဦးအနေနှင့် သင့်ရွယ်တူချင်းများအတွက် တစ်ခုတည်းသော လိုအပ်ရာဖြစ်သည့် ယခုပင်အကောင်းဆုံးသော ဘဝလမ်းစဉ်နှင့် အနာဂတ်အတွက် ထာဝရအသက်ကတိတော် သင်၌ရှိနေကြောင်း သတိရပါ။ (၁ တိမောသေ ၄:၈) စိတ်ဝင်စားစရာမှာ၊ အမေရိကန်ပြည်ထောင်စုတွင် လူအများစုသည် စိတ်ဝင်စားမှုမပြ၊ လောကစိတ်ဓာတ်သာလွှမ်းမိုးနေကြသည်ဟု သင်ထင်ကောင်းထင်ပေမည်၊ အနည်းဆုံး လူငယ်ထက်ဝက်ခန့်သည် ဘာသာရေးကို အလွန်အလေးအနက်ထားကြောင်း၊ ဘာသာရေးယုံကြည်ချက်သည် သူတို့အသက်တာတွင် “အရေးကြီးဆုံးသော ဩဇာလွှမ်းမိုးမှု” ဟု သုံးပုံတစ်ပုံက ပြောဆိုကြကြောင်း ဆန္ဒမဲကောက်ခံမှုတစ်ခုက ဖော်ပြခဲ့၏။ ကမ္ဘာ့အခြားဒေသများတွင်လည်း အလားတူအခြေအနေရှိပုံရသည်။ သို့ဖြစ်၍ ကျောင်းရှိ သင်၏ရွယ်တူချင်းများသည် သင်ပြောဆိုရမည့်သမ္မာကျမ်းစာအကြောင်းကို ဝမ်းမြောက်ဝမ်းသာ နားထောင်လိုကြပါလိမ့်မည်။
လူငယ်တစ်ဦးအနေနှင့် ယေဟောဝါထံချဉ်းကပ်လော့
၁၆။ ယေဟောဝါ၏စိတ်တော်နှင့်တွေ့ ခြင်းတွင် ကိုယ်တော့်အကြောင်း အခြားသူများအားပြောပြခြင်းအပြင် အဘယ်အရာအကျုံးဝင်သေးသနည်း။
၁၆ ယေဟောဝါ၏နှလုံးကို ဝမ်းမြောက်စေခြင်းသည် ကိုယ်တော့်အကြောင်းပြောဆိုရုံထက်မကပါ။ ကိုယ်တော်၏စံနှုန်းများနှင့်အညီ ကျင့်ကြံပြုမူဖို့လည်း လိုအပ်ပေသည်။ တမန်တော်ပေါလုက “ပညတ်တော်တို့ကိုစောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်” ဟုရေးသားခဲ့၏။ (၁ ယောဟန် ၅:၃) ယေဟောဝါထံ သင်ချဉ်းကပ်မည်ဆိုလျှင် ယင်းအဆိုမှန်ကန်ကြောင်း သင်တွေ့ရလိမ့်မည်။ သင်မည်သို့လုပ်ဆောင်နိုင်မည်နည်း။
၁၇။ ယေဟောဝါထံ သင်မည်သို့ချဉ်းကပ်နိုင်မည်နည်း။
၁၇ ကျမ်းစာနှင့် ကျမ်းစာအခြေပြုစာပေများကို အချိန်ယူဖတ်ရှုပါလေ။ ယေဟောဝါကိုသင်ပိုမိုသိရှိလာလေ ကိုယ်တော့်ကိုနာခံဖို့ လွယ်ကူလာလေဖြစ်ပြီး ကိုယ်တော့်အကြောင်း အခြားသူများကိုပြောပြလာလေဖြစ်မည်။ ယေရှုက “ကောင်းသောသူသည် ကောင်းသောမိမိစိတ်နှလုံးဘဏ္ဍာတိုက်ထဲက ကောင်းသောအရာကိုထုတ်ဖော်တတ်၏။ . . . စိတ်နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ်၏” ဟုမိန့်တော်မူခဲ့၏။ (လုကာ ၆:၄၅) ထို့ကြောင့် သင်၏နှလုံးကို ကောင်းသောအရာများဖြင့် ဖြည့်ဆည်းထားပါလေ။ ယင်းနှင့်စပ်လျဉ်း၍ ပန်းတိုင်များချမှတ်ထားလျှင် မကောင်းပေလော။ ဤလာမည့်အပတ် အသင်းတော်အစည်းအဝေးများအတွက် ပြင်ဆင်ရာတွင် သင်တိုးတက်အောင်ပြုနိုင်ပါသည်။ သင်၏နောက်ပန်းတိုင်တစ်ခုမှာ တိုတုတ်သောအဖြေများကို လှိုက်လှိုက်လှဲလှဲ ပါဝင်ဖြေဆိုခြင်းဖြစ်နိုင်သည်။ ထို့ပြင် သင်သိရှိလာသည့်အရာများကို လက်တွေ့ကျင့်သုံးဖို့လည်း အရေးကြီး၏။—ဖိလိပ္ပိ ၄:၉။
၁၈။ သင်သည် အတိုက်အခံအချို့ ကြုံတွေ့ရသည့်တိုင် အဘယ်အရာနှင့်ပတ်သက်၍ သင်ယုံကြည်စိတ်ချနိုင်သနည်း။
၁၈ ယေဟောဝါအားဝတ်ပြုခြင်းမှ ရရှိလာသည့် ကောင်းချီးများသည် အမှန်ပင် ကြာရှည်တည်မြဲမည့် ထာဝရကောင်းချီးများ ဖြစ်ပေသည်။ သင်သည် ယေဟောဝါသက်သေတစ်ဦးဖြစ်နေသောကြောင့် ရံဖန်ရံခါ အတိုက်အခံပြုမှု သို့မဟုတ် ကဲ့ရဲ့လှောင်ပြောင်မှုကို အတိုင်းအတာတစ်ခုအထိ တွေ့ကြုံရပေမည်။ သို့သော် မောရှေအကြောင်း စဉ်းစားသုံးသပ်ကြည့်ပါ။ သမ္မာကျမ်းစာက ‘သူသည် နောက်ရလတ္တံ့သောအကျိုးကို ထောက်စာမျှော်လင့်လျက်နေ၏’ ဟုဆို၏။ (ဟေဗြဲ ၁၁:၂၄-၂၆) ကိုယ်တော်အကြောင်းသင်ယူပြီး အခြားသူများကိုပြောပြဖို့ သင်ကြိုးပမ်းအားထုတ်သည့်အတွက် သင့်အား ယေဟောဝါဆုချမည်ကို အသင်လည်း ယုံကြည်စိတ်ချနိုင်ပေသည်။ အမှန်ဆိုရလျှင်၊ ကိုယ်တော်သည် “နာမတော်ကိုထောက်၍ ပြသောမေတ္တာကို . . . မေ့လျော့” မည်မဟုတ်ချေ။—ဟေဗြဲ ၆:၁၀။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 9 ယေဟောဝါသက်သေများထုတ်ဝေသည်။
^ အပိုဒ်၊ 13 ယေဟောဝါသက်သေများထုတ်ဝေသည်။
သင်မှတ်မိသလော
• သင်၏အမှုဆောင်ခြင်းကို ယေဟောဝါတန်ဖိုးထားကြောင်း သင်မည်သို့စိတ်ချနိုင်သနည်း။
• ကျောင်း၌သက်သေခံရာတွင် လူအချို့အား အောင်မြင်မှုရရှိစေခဲ့သည့် နည်းလမ်းများကားအဘယ်နည်း။
• အတန်းဖော်များကိုသက်သေခံရန် သင်မည်သို့အားဖြည့်ထားနိုင်မည်နည်း။
• ယေဟောဝါထံ သင်မည်သို့ချဉ်းကပ်နိုင်မည်နည်း။
[လေ့လာရန်မေးခွန်းများ]
[[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
အသက်ငယ်သော်ငြား ယေဟောဝါကိုချီးမွမ်း!
ဆယ်ကျော်သက်ရွယ်မရောက်သေးသူများပင် ကျောင်းတွင် သက်သေခံနိုင်ကြပြီ။ ဤတွေ့ ကြုံမှုများကို သုံးသပ်ကြည့်ပါ။
အသက်ဆယ်နှစ်အရွယ် အမ်ဘာ၏ ပဉ္စမတန်းတွင် ဒုတိယကမ္ဘာ စစ်အတွင်း ဂျူးများကို နာဇီတို့တိုက်ခိုက်သည့်အကြောင်းပါသည့် စာအုပ်တစ်အုပ်ကို ဖတ်ရှုလျက်နေကြ၏။ အမ်ဘာက သူ၏ဆရာမအား ခရမ်းရောင် တြိဂံများဗီဒီယိုခွေယူလာပေးရန် ဆုံးဖြတ်လိုက်သည်။ ယေဟောဝါသက်သေများလည်း နာဇီအုပ်ချုပ်မှုအောက်တွင် နှိပ်စက်ညှဉ်းပန်းခံခဲ့ရကြောင်း ဆရာမသိရှိသွားရာ အလွန်အံ့အားသင့်သွားခဲ့ရ၏။ အဆိုပါဆရာမက ဗီဒီယိုခွေကို တစ်ခန်းလုံးအား ပြသပေးခဲ့လေသည်။
အသက်ရှစ်နှစ်အရွယ်ရှိသူ အဲလက်စ်ဇာသည် ခရစ္စမတ်ပွဲတွင် သူမပါဝင်နိုင်ရသည့်အကြောင်းကိုရှင်းပြရန် သူ၏အတန်းသို့ စာတစ်စောင်ရေးသားခဲ့၏။ အဲလက်စ်ဇာသည် ၎င်းစာကို သူ၏အတန်းအပြင် အခြားအတန်းနှစ်တန်းတွင်ပါ အသံကျယ်ကျယ်နှင့်ဖတ်ပြခဲ့ရာ သူ၏ဆရာမက အလွန်အထင်ကြီးသွားခဲ့သည်! နိဂုံးချုပ်တွင် သူက “ကျွန်မနဲ့မတူတဲ့ အခြားသူတွေရဲ့ ယုံကြည်ချက်တွေကို ရိုသေလေးစားဖို့ သွန်သင်ခံခဲ့ရပါတယ်၊ ခရစ္စမတ်ပွဲမှာမပါဝင်ဖို့ ကျွန်မရဲ့ဆုံးဖြတ်ချက်ကို ရိုသေလေးစားကြတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟုဆိုခဲ့၏။
ပထမတန်းစတင်တက်ရောက်ပြီးနောက် မကြာမီ အဲရစ်သည် ကျွန်ုပ်၏ကျမ်းစာပုံပြင်ကို ကျောင်းသို့ယူသွားခဲ့ပြီး အတန်းဖော်များကိုပြသဖို့ ခွင့်ပြုချက်တောင်းခံခဲ့သည်။ သူ၏ဆရာမက “ငါ့မှာ ပိုကောင်းတဲ့စိတ်ကူးရှိတယ်၊ စာအုပ်ကို အတန်းရှေ့မှာဖတ်ပြပါလား” ဟုပြော၏။ အဲရစ်ဖတ်ပြခဲ့သည်။ ဖတ်ပြပြီးနောက်တွင် သူက စာအုပ်ရချင်တဲ့သူ လက်ထောင်ကြပါဟု အားလုံးကိုဖိတ်ခေါ်လိုက်သည်။ ဆရာမအပါအဝင် လူဆယ့်ရှစ်ယောက် လက်ထောင်ခဲ့ကြသည်! ယခုအခါ အဲရစ်သည် သူကိုယ်ပိုင်အထူးသက်သေခံရပ်ကွက် သူ့တွင် ရှိကြောင်း သိမြင်လာသည်။
အသက်ကိုးနှစ်အရွယ် ဝှစ်တနီသည် ယေဟောဝါသက်သေများနှင့်ပညာရေး *ဘရိုရှာအတွက် ကျေးဇူးတင်နေ၏။ “ကျွန်မမေမေဟာ နှစ်တိုင်း ကျွန်မရဲ့ဆရာမတွေကို ဒီဘရိုရှာပေးလေ့ရှိတယ်၊ ဒါပေမဲ့ ဒီနှစ်တော့ ကျွန်မကိုယ်တိုင်ပေးခဲ့ပါတယ်။ အဲဒီဘရိုရှာကြောင့် ကျွန်မရဲ့ဆရာမက ကျွန်မကို ‘သီတင်းပတ်အတွက် အတော်ဆုံးကျောင်းသား’ လို့ခေါ်ခဲ့ပါတယ်” ဟုသူကဆိုသည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 56 ဖော်ပြထားသည့်စာပေအားလုံးကို ယေဟောဝါသက်သေများထုတ်ဝေသည်။
[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
သူတို့၏ယုံကြည်ခြင်းအကြောင်း ပြောဆိုရန် တချို့အသုံးပြုခဲ့ကြသည့် အခြေအနေများ
ကျောင်းအစီရင်ခံစာ သို့မဟုတ် လေ့လာမှုတစ်ခု တာဝန်ပေးခံရသောအခါ သူတို့အားသက်သေခံခွင့်ရစေသည့် အကြောင်းအရာ တစ်ခုကို တချို့ရွေးချယ်ခဲ့ကြပြီ
လူငယ်အတော်များများသည် အတန်းထဲတွင်ဆွေးနွေးနေသည့် အကြောင်းအရာနှင့်ဆက်စပ်သည့် ဗီဒီယို သို့မဟုတ် စာပေတစ်ခုကို ၎င်းတို့၏ဆရာအား ပေးခဲ့ကြပြီ
လူငယ်တချို့သည် အားလပ်ချိန်အတွင်း ကျမ်းစာ သို့မဟုတ် ကျမ်းစာအခြေပြုစာပေတစ်ခုခုကို ဖတ်ရှုနေသည့်အခါ အခြားလူငယ်များချဉ်းကပ်လာကြပြီး မေးခွန်းများမေးခဲ့ကြပြီ
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
အတွေ့အကြုံရှိသူများသည် လူငယ်များအား ယေဟောဝါထံအမှုထမ်းရန် လေ့ကျင့်ပေးနိုင်ကြ