ဝိညာဉ်ရေး တန်ဖိုးထားရာစံများ—အဘယ်ကို ဦးတည်နေသနည်း
ဝိညာဉ်ရေး တန်ဖိုးထားရာစံများ—အဘယ်ကို ဦးတည်နေသနည်း
“လက်ထပ်ရန်စီစဉ်နေသူ စုံတွဲဆယ့်ငါးတွဲသည် အကြံပေးချက်ခံယူရန် [ကက်သလစ်] ညနေပိုင်းအစီအစဉ်တစ်ခုကို တက်ရောက်ခဲ့ကြသည်။ တက်ရောက်သူ ၃၀ အနက် ၃ ဦးသာလျှင် ယုံကြည်သည်ဟုဆို၏။”
လာ ခဝါး၊ ပြင်သစ်ကက်သလစ်နေ့စဉ်သတင်းစာ။
ဝတ်ပြုရေးနှင့်ဆိုင်သော တန်ဖိုးထားရာစံများသည် စိုးရိမ်ဖွယ်အခြေအနေ၌ရှိ၏။ ၁၉၉၉၊ ဇူလိုင် ၁၂ ရက်ထုတ် အပြည်ပြည်ဆိုင်ရာနယူးစ်ဝိခ်မဂ္ဂဇင်း၏ ရှေ့မျက်နှာဖုံး၌ “ဘုရားသခင်သေဆုံးပြီလော” ဟုမေးထားသည်။ အနောက်ဥရောပအတွက်ဆိုလျှင် ထိုမဂ္ဂဇင်း၏အဖြေမှာ ထိုအတိုင်းဖြစ်နေပုံရသည်။ အဆိုပါနှစ်၊ အောက်တိုဘာလတွင် ရောမမြို့၌ကျင်းပခဲ့သော ကက်သလစ်ချာ့ခ်ျအစည်းအဝေးအကြောင်းကို ပြင်သစ်သတင်းစာ လ မော်န်ဒ်က ဤသို့ဖော်ပြသည်– “ချာ့ခ်ျသည် မိမိအပေါ် ‘မလိုလား’ စိတ်ဝင်လာသော သင်းဝင်များကို သွန်သင်ဆုံးမဖို့ တစ်ခါနှင့်မျှမတူအောင် အခက်တွေ့လျက်ရှိသည်။ . . . အီတလီနိုင်ငံတွင် ကက်သလစ်အယူဝါဒသည် ညီညွတ်မှုမရှိတော့ချေ။ . . . ဂျာမနီနိုင်ငံတွင်မူ ကိုယ်ဝန်ဖျက်ချခြင်း အတိုင်ပင်ခံဌာနများနှင့်ပတ်သက်သော အငြင်းပွားမှုကြောင့် ပုပ်နှင့် အမိန့်အာဏာကို သည်းမခံနိုင်တော့သည့် ဒီမိုကရေစီစပ်ကြား ကွာဟမှုကျယ်ဝန်းသည်ထက် ကျယ်ဝန်းလျက်ရှိသည်။ အကဲခတ်သူအချို့က [နယ်သာလန်နိုင်ငံ၏] ကိုယ်ကျင့်တရားနှင့် ညင်သာစွာဇီဝိန်ခြွေခြင်းဆိုင်ရာ အတင့်ရဲသောအခြေအနေများသည် ၎င်းနိုင်ငံ ရုတ်ခြည်းခရစ်ယာန်မဟုတ်တော့ခြင်းကြောင့်ဖြစ်၏ဟု ယိုးစွပ်နေကြပြီ။”
အခြားနေရာများတွင်လည်း အခြေအနေမှာ အတော်ပင်ဆင်တူလျက်ရှိသည်။ ၁၉၉၉ ခုနှစ်တွင် ကန်တာဘရီဂိုဏ်းချုပ်၊ ဂျော့ဂျ် ကယ်ရီက အင်္ဂလီကန်ချာ့ခ်ျသည် “နောက်လူမျိုးဆက်တွင် ကွယ်ပျောက်တော့မည်” ဟုသတိပေးခဲ့သည်။ “ဥရောပခရစ်ယာန်၏နိဂုံး” ဟူသောဆောင်းပါးခေါင်းစဉ်ဖြင့် ပြင်သစ်သတင်းစာ လဖေဂါရိုကဤသို့ဆို၏– “နေရာတကာတွင် အလားတူပုံစံမျိုးကို တွေ့ရှိနိုင်သည်။ . . . လူတို့သည် လူ့ကျင့်ဝတ်နှင့် အယူဝါဒပိုင်းဆိုင်ရာရှုမြင်ပုံများကို သံသယဖြစ်သည်ထက်ဖြစ်လာနေကြသည်။”
ဝတ်ပြုရေး၌ပါဝင်သူနည်းလာ
ဥရောပတွင် ချာ့ခ်ျတက်သူအရေအတွက် ထိုးကျသွားပြီ။ တနင်္ဂနွေနေ့တိုင်း မားစ်ပွဲတက်ရောက်သူ ပြင်သစ်ကက်သလစ်များမှာ ၁၀ ရာခိုင်နှုန်းပင်မရှိ၊ ပါရီမြို့နေ ကက်သလစ် ၃ မှ ၄ ရာခိုင်နှုန်းသာလျှင် ချာ့ခ်ျကို မှန်မှန်တက်ရောက်ကြသည်။
အမေရိကန်ပြည်ထောင်စု၊ ဂျာမနီနှင့် စကင်ဒီနေဗီယန်းနိုင်ငံများတွင် အလားတူဖြစ်နေ၏၊ သို့မဟုတ် ချာ့ခ်ျတက်သူပို၍ပင် နည်းသည်။ဝတ်ပြုရေးအာဏာပိုင်များ အလွန်စိုးရိမ်နေကြသည်မှာ ခရစ်ယာန်ဘုန်းကြီးဖြစ်လိုသူ ရှားပါးလာခြင်းဖြစ်သည်။ ရာစုနှစ်တစ်ခုပင်မပြည့်မီ ပြင်သစ်နိုင်ငံရှိ ခရစ်ယာန်ဘုန်းကြီးအရေအတွက်သည် ပြည်သူ ၁၀,၀၀၀ အတွက် ဘုန်းကြီး ၁၄ ဦးရှိရာမှ ယခုအခါ ၁၀,၀၀၀ လျှင် ၁ ဦးပင် မကျန်ရှိတော့ချေ။ ဥရောပတစ်ခွင် ဘုန်းကြီးများ၏ ပျမ်းမျှအသက် တိုးလာလျက်ရှိပြီး အိုင်ယာလန်နှင့် ဘယ်လ်ဂျီယံစသည့်နိုင်ငံများ၌ပင် အရေအတွက်လျော့နည်းနေသည်။ တစ်ချိန်တည်းတွင် အယူဝါဒအမေးအဖြေသင်တန်းများတွင် နာမည်စာရင်းသွင်းသူ လူငယ်အရေအတွက်မှာ လျော့နည်းနေသဖြင့် . . . ချာ့ခ်ျသည် ၎င်းသင်တန်းများကို ပြန်လည်ဖွင့်လှစ်နိုင်စွမ်းရှိမရှိ သံသယဝင်နေကြသည်။
ဝတ်ပြုရေးနှင့်ပတ်သက်လာသောအခါ ယုံကြည်စိတ်ချမှုသည် အတိတ်တွင် ကျန်ရစ်ခဲ့ပုံရသည်။ “ဘာသာတရားတစ်ခုတည်း၌သာ အမှန်တရားရှာတွေ့နိုင်” သည်ဟုယုံကြည်သူ ပြင်သစ်လူမျိုး ၆ ရာခိုင်နှုန်းသာရှိတော့သည်၊ ၁၉၈၁ ခုနှစ်တွင် ၁၅ ရာခိုင်နှုန်း၊ ၁၉၅၂ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်းရှိခဲ့ခြင်းနှင့် နှိုင်းယှဉ်ကြည့်ပါ။ ဝတ်ပြုရေးကိုလျစ်လျူရှုမှု ပျံ့နှံ့လျက်ရှိသည်။ ဘာသာရေးခံယူချက်မရှိဟုဆိုသူ အချိုးအစားသည် ၁၉၈၀ ပြည့်နှစ်တွင် ၂၆ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၀၀ ပြည့်နှစ်တွင် ၄၂ ရာခိုင်နှုန်းသို့ မြှင့်တက်ခဲ့ပြီ။—လီ ဗဲလျူအာ ဒီ ဖရန်စီယာ—အီဗီလူရှင်း ဒီ ၁၉၈၀ အေ ၂၀၀၀ (ပြင်သစ်တန်ဖိုးထားမှု—၁၉၈၀ မှ ၂၀၀၀ ပြည့်နှစ်အထိ တိုးတက်မှု)။
ကျင့်ဝတ်စံနှုန်းများ ပြောင်းလဲနေခြင်း
လူ့ကျင့်ဝတ်စံနှုန်းများလည်း စိုးရိမ်ဖွယ်အခြေအနေဆိုက်နေသည်မှာ ထင်ရှားသည်။ အစောပိုင်း၌ဖော်ပြခဲ့သည့်အတိုင်း ချာ့ခ်ျတက်သူအများသည် မိမိတို့ချာ့ခ်ျ၏ ကျင့်ဝတ်ဥပဒေများကို လက်မခံကြတော့ချေ။ အမူအကျင့်စံနှုန်းများကို ဘာသာရေးခေါင်းဆောင်များ ချမှတ်ပိုင်ခွင့်ရှိသည်ဟု သူတို့သဘောမတူကြတော့ချေ။ လူ့အခွင့်အရေးနှင့်ပတ်သက်၍ ပုပ်၏ရပ်တည်ချက်ကို ထောက်ခံအားပေးသူ လူအုပ်များပင် သူတို့တစ်ဦးချင်းစီ၏အသက်တာနှင့်ပတ်သက်ပြီး ပုပ်က ပြောဆိုလာသောအခါ သူတို့လက်မခံကြတော့ချေ။ ဥပမာ၊ သန္ဓေတားခြင်းနှင့်ပတ်သက်၍ ပုပ်၏ရပ်တည်ချက်ကို အများစုက လျစ်လျူရှုခဲ့ကြပြီး ချာ့ခ်ျမောင်နှံစုံများပင် အပါအဝင်ဖြစ်သည်။
ဤသဘောထားသည် လူ့အဖွဲ့အစည်း အလွှာအသီးသီးရှိ ဘာသာရေးကိုင်းရှိုင်းသူများကော ဘာသာရေးစိတ်မဝင်စားသူများကိုပါ ထိခိုက်လျက်ရှိသည်။ သန့်ရှင်းသောသမ္မာကျမ်းစာတွင် အတိအလင်းတားမြစ်ထားသော အမူအကျင့်များကို သည်းခံခွင့်ပြုထားကြသည်။ လွန်ခဲ့သောအနှစ် နှစ်ဆယ်က ပြင်သစ်နိုင်ငံသား ၄၅ ရာခိုင်နှုန်းသည် လိင်တူမေထုန်ကို သဘောမတူ လက်မခံနိုင်ခဲ့ကြချေ။ ယနေ့ ယင်းကို လက်သင့်ခံစရာဖြစ်သည်ဟု ယူမှတ်သူ ၈၀ ရာခိုင်နှုန်းရှိပါသည်။ လူအများသည် အိမ်ထောင်ရေးသစ္စာရှိမှုကို နှစ်သက်လိုလားကြသော်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုများကို လုံးဝလက်မခံစရာအဖြစ် ပြစ်တင်ရှုတ်ချသူ ၃၆ ရာခိုင်နှုန်းသာရှိသည်။—ရောမ ၁:၂၆၊ ၂၇; ၁ ကောရိန္သု ၆:၉၊ ၁၀; ဟေဗြဲ ၁၃:၄။
ဝတ်ပြုရေး ရောယှက်လုံးထွေးမှု
အနောက်တိုင်းလူ့အဖွဲ့အစည်းတွင် လူတိုင်း မိမိစိတ်ကြိုက်ရွေးချယ်၍ ယုံကြည်ခံယူခွင့်ရှိ၏ဟူသော ဝတ်ပြုရေး ပေါ်ပေါက်နေသည်။ အယူဝါဒအချို့ကို လက်ခံကြပြီး အခြားတို့ကိုမူ ပစ်ပယ်နေကြသည်။ အချို့သည် ခရစ်ယာန်အမည်ခံပြီး ပြန်လည်ဝင်စားခြင်းကို ယုံကြည်နေကြသည်၊ အခြားသူတို့မှာမူ တစ်ချိန်တည်းမှာပင် ဘာသာတရားအယူဝါဒအမျိုးမျိုးကို လက်သင့်ခံထားကြသည်။ (ဒေ. ၉:၅၊ ၁၀; ယေဇကျေလ ၁၈:၄၊ ၂၀; မဿဲ ၇:၂၁; ဧဖက် ၄:၅၊ ၆) ယနေ့ ယုံကြည်သူများစွာတို့သည် အဖတ်ဆယ်မရသည့်အထိ ချာ့ခ်ျ၏လမ်းစဉ်များမှ လုံးလုံးသွေဖည်လျက်ရှိကြောင်း လီ ဗဲလျူအာ ဒီ ဖရန်စီယာစာအုပ်က ဖော်ပြသည်။
သို့သော် ဝတ်ပြုရေးတစ်သီးပုဂ္ဂလဖြစ်ခြင်း ခေတ်ရေစီးကြောင်းသည် အန္တရာယ်မကင်းချေ။ အခြေခိုင်နေသောစနစ်တစ်ခုခုကို အမှီသဟဲမပြုဘဲ ပုဂ္ဂလိက ဘာသာတရားကို မည်သူမျှမဖန်တီးနိုင်ဟု အင်စတီကျု ဒီ ဖရဲန့် အဖွဲ့ဝင် ဘာသာရေးသမိုင်းဆရာ ယန်း ဒီလျူမိုက အခိုင်အမာခံယူသည်။ “သတ်သတ်မှတ်မှတ်ဖြစ်သော ဘာသာဝါဒတစ်ခုတွင် အမြစ်မစွဲပါက ယုံကြည်ခြင်းမရှိနိုင်။” ဝိညာဉ်ရေးရာကြံ့ခိုင်သည့်စံများနှင့် ဝတ်ပြုရေးထုံးစံတို့သည် တပေါင်းတစည်းတည်းဖြစ်ရမည်။ မတည်ငြိမ်မှုဖြင့် ပျက်ယွင်းနေသောလူ့အဖွဲ့အစည်းတွင် ထိုသို့သောပေါင်းစည်းမှုကို မည်သည့်နေရာ၌ တွေ့ရှိနိုင်မည်နည်း။
ဘုရားသခင်သည် လူသားတို့ကို လွတ်လပ်ခွင့်ပေးထားသော်လည်း အမူအကျင့်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ လက်ခံဖွယ်ကောင်းသောစံများကို အတည်ပြုပေးထားကြောင်း သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို သတိပေးသည်။ ရှေးကတည်းက တန်ဖိုးထားလေးစားခံခဲ့ရသော ဤစာအုပ်သည် ယနေ့ လက်တွေ့ကျပြီး ‘မိမိတို့ခြေရှေ့မှာ မီးခွက်ဖြစ်၍ လမ်းခရီးကိုလင်းစေ’ ကြောင်း ကမ္ဘာတစ်ဝန်းမှ သန်းပေါင်းများစွာသောသူတို့ အသိအမှတ်ပြုကြသည်။ (ဆာလံ ၁၁၉:၁၀၅) သူတို့သည် ထိုသို့ မည်သို့ကောက်ချက်ချကြသနည်း။ နောက်ဆောင်းပါးတွင် ယင်းအကြောင်းကို ဆွေးနွေးပါမည်။