ကမ္ဘာချီ ခရစ်ယာန် ညီအစ်ကိုအသင်းအပင်း၏အကျိုးကို သူတို့သယ်ပိုးကြ
ကမ္ဘာချီ ခရစ်ယာန် ညီအစ်ကိုအသင်းအပင်း၏အကျိုးကို သူတို့သယ်ပိုးကြ
ပြည်ပြည်ဆိုင်ရာအမှုထမ်းများ” နှင့် “အပြည်ပြည်ဆိုင်ရာစေတနာ့ဝန်ထမ်းများ” ဟူသည့်အသုံးအနှုန်းကို အသင်ကြားဖူးပါသလော။ ဤအုပ်စုများတွင်ပါဝင်ကြသည့် ယေဟောဝါသက်သေများသည် သမ္မာကျမ်းစာ၏နိုင်ငံတော်သတင်းတရား ပုံနှိပ်ဖြန့်ဖြူးသည့်အဆောက်အဦများ ဆောက်လုပ်ရေးတွင် မိမိတို့၏အချိန်နှင့်အစွမ်းအစတို့ကို စေတနာအလျောက်ပေးဆက်ကြ၏။ ထို့ပြင် အဆိုပါစေတနာ့ဝန်ထမ်းများသည် ကျမ်းစာသွန်သင်ပေးရာ နေရာများဖြစ်သည့် အစည်းအဝေးခန်းမများနှင့် ဘုရားသခင့်နိုင်ငံတော်ခန်းမများ ဆောက်လုပ်ရေးတွင်လည်း ပါဝင်ကူညီကြသည်။ လောလောဆယ်တွင် အဆိုပါစေတနာ့ဝန်ထမ်းများသည် အဓိကအားဖြင့် ငွေကြေးအနည်းအကျဉ်းသာရှိသည့်နိုင်ငံ ၃၄ နိုင်ငံရှိ ဆောက်လုပ်ရေးစီမံကိန်းများတွင် အကူအညီပေးနေကြသည်။ ဤခရစ်ယာန်ဓမ္မအမှုဆောင်များသည် ကမ္ဘာချီခရစ်ယာန်ညီအစ်ကိုအသင်းအပင်း၏အကျိုးကို ဤနည်းဖြင့်သယ်ပိုးနေကြရာတွင် အဘယ်အထူးစိန်ခေါ်ချက်များနှင့် ရွှင်လန်းမှုများ တွေ့ကြုံခံစားကြရသနည်း။ သူတို့ဆောင်ရွက်ကြသည့် “မြင့်မြတ်သောအမှုတော်” အပေါ် အဘယ်သဘောထား ရှိကြသနည်း။ (ဗျာ. ၇:၉၊ ၁၅၊ ကဘ) ယင်းကိုသိရှိရန် မက္ကဆီကိုနိုင်ငံတွင် အမှုဆောင်ခဲ့ကြသူ စေတနာ့ဝန်ထမ်းအချို့နှင့် တွေ့ဆုံကြစို့။
တိုင်းတစ်ပါးမှစေတနာ့ဝန်ထမ်းများသည် ၁၉၉၂ ခုနှစ် မေလတွင် မက္ကဆီကိုနိုင်ငံသို့ ဦးဆုံးရောက်ရှိလာကြသည်။ သူတို့ရောက်ပြီးမကြာမီပင် မက္ကဆီကိုနိုင်ငံရှိ ယေဟောဝါသက်သေများ၏လုပ်ငန်းများကို ကြီးကြပ်ပေးသည့် ဌာနခွဲရုံးတိုးချဲ့ရေးကို အဓိကထားဆောင်ရွက်ကြ၏။ အဆိုပါတိုးချဲ့မှုစီမံကိန်းတွင် ဌာနခွဲရုံး၌ အမှုထမ်းနေကြသည့် စေတနာ့ဝန်ထမ်းများအတွက် လူနေအိမ်များအပါအဝင် ပုံနှိပ်တိုက်နှင့် ရုံးအဆောက်အအုံအစရှိသည့် အသစ်စက်စက် အဆောက်အအုံ ၁၄ ခုကို ဆောက်လုပ်ကြသည်။
ဤဆောက်လုပ်ရေးစီမံကိန်းတွင် ကနေဒါ၊ ဂရိတ်ဗြိတိန်၊ ယူနိုက်တက်စတိတ်နှင့် အခြားနိုင်ငံများမှ စေတနာ့ဝန်ထမ်း ၇၃၀ ကျော်တို့သည် မက္ကဆီကိုနိုင်ငံတစ်ဝန်းလုံးမှ ရာနှင့်ချီသော စေတနာ့ဝန်ထမ်းများနှင့်အတူ ပခုံးချင်းယှဉ် အမှုထမ်းဆောင်ခဲ့ကြသည်။ ထို့ပြင် ဌာနခွဲရုံးအနီးအနားရှိ အသင်းတော်ပေါင်း ၁,၆၀၀ မှ သက်သေခံပေါင်း ၂၈,၀၀၀ ကျော်တို့ကလည်း စနေတနင်္ဂနွေနေ့များတွင် ဤဆောက်လုပ်ရေးလုပ်ငန်းများကို လာရောက်ကူညီပေးခဲ့ကြ၏။ သူတို့အားလုံးသည် ကျွမ်းကျင်ရာအတတ်ပညာများအတွက် အခကြေးငွေမယူဘဲ တလိုတလားအမှုဆောင်ခဲ့ကြသည်။ ယေဟောဝါ၏အမှုတော်ကို ဤနည်းဖြင့် ထမ်းဆောင်ရခြင်းကို အခွင့်ထူးအဖြစ်ယူမှတ်ကြ၏။ ဆောက်လုပ်ရေးစီမံကိန်းတစ်လျှောက်လုံး ဆာလံ ၁၂၇:၁ ပါ ဤမှုတ်သွင်းခံစကားကို သူတို့စွဲမှတ်ထားခဲ့ကြ၏– “ထာဝရဘုရားသည် အိမ်ကိုဆောက်တော်မမူလျှင် ဆောက်သောသူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏။”
သူတို့ရင်ဆိုင်ရသည့် စိန်ခေါ်ချက်များ
တိုင်းတစ်ပါးတွင် တာဝန်ထမ်းဆောင်ကြစဉ် အပြည်ပြည်ဆိုင်ရာ စေတနာ့ဝန်ထမ်းများရင်ဆိုင်ကြရသည့် စိန်ခေါ်ချက်များကား အဘယ်နည်း။ ဤတွင် သူတို့၏သဘောထားအချို့ကို တင်ပြထားပါသည်။ ယူနိုက်တက်စတိတ်မှ ကားတစ္စနှင့်ဆဲလီ ဇနီးမောင်နှံတို့သည် ဂျာမနီ၊ အိန္ဒိယ၊ မက္ကဆီကို၊ ပါရာဂွေး၊ ရိုမေးနီးယား၊ ရုရှား၊ စီနီဂဲလ်နှင့် ဇမ်ဘီယာနိုင်ငံတို့ရှိ ဆောက်လုပ်ရေးစီမံကိန်းများတွင် ကူညီပေးခဲ့၏။ ကားတစ္စက ဤသို့ပြန်ပြောပြသည်– “ဦးဆုံးစိန်ခေါ်ချက်ကတော့ မင်နီစိုတာပြည်နယ်က ကျွန်တော်တို့ရဲ့ မိခင်အသင်းတော်မှာ ရှေ့ဆောင် [အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုဆောင်] နေတဲ့ ကျွန်တော်တို့ရဲ့သမီးနဲ့ ခွဲခွာရတာပဲ။ ကျွန်တော့်ဇနီးနဲ့ ကျွန်တော်ဟာ အဲဒီအသင်းတော်နဲ့ပူးပေါင်းခဲ့တာ ၂၄ နှစ်ရှိပြီဆိုတော့ နေသားကျနေပြီ။”
ဆဲလီကလည်း ဤသို့ဆိုသည်– “ကိုယ်နဲ့စိမ်းနေတဲ့နေရာမှာနေရတာ စိန်ခေါ်ချက်ပဲ၊ အမျိုးသားထက် အမျိုးသမီးအတွက် ပိုခက်တယ်၊ ဒါပေမဲ့ နေလို့ရမှန်း ကျွန်မသိလာတယ်။ အင်းဆက်ပိုးမွှား အများကြီးကိုတောင် ကျွန်မ,မမှုတော့ဘူး!” သူဤသို့ဆက်ပြောပြသည်– “နိုင်ငံတစ်နိုင်ငံမှာဆိုရင် ကျွန်မတို့ စေတနာ့ဝန်ထမ်းဆယ်ယောက်ဟာ မီးဖိုချောင်မရှိ၊ ရေချိုးခန်းနှစ်ခန်းသာပါတဲ့ တိုက်ခန်းတစ်ခန်းမှာ အတူတူနေခဲ့ရတာ။ အဲဒီမှာ ကျွန်မပိုစိတ်ရှည်တတ်လာတယ်။”
ဘာသာစကားအသစ်သင်ယူခြင်းသည်လည်း စိန်ခေါ်ချက်တစ်ခုဖြစ်ပြီး ကြိုးစားအားထုတ်မှုနှင့် နှိမ့်ချမှုရှိဖို့လိုသည်။ နိုင်ငံအသီးသီးရှိ ဆောက်လုပ်ရေးစီမံကိန်းများတွင် ခင်ပွန်းသည်နှင့်အတူ တာဝန်ထမ်းဆောင်ခဲ့သည့် ရှယ်ရွန်က ဤသို့ဆိုသည်– “သင်အမှုဆောင်နေတဲ့နိုင်ငံရဲ့ ဘာသာစကားကို မတတ်တာက တကယ့်စိန်ခေါ်ချက်ပဲ။ ကျွန်မတို့ရောက်ခါစမှာ ကိုယ်ပြောချင်တာတွေကို မပြောနိုင်လို့ ဝိညာဉ်ရေးညီအစ်ကိုညီအစ်မတွေနဲ့ မရင်းနှီးနိုင်ခဲ့ဘူး။ အဲ့ဒါအတော်စိတ်ဓာတ်ကျစရာကောင်းတယ်။ ဒါပေမဲ့ ကျွန်မတို့တာဝန်ကျတဲ့တိုင်းတစ်ပါးက ညီအစ်ကိုတွေဟာ ကျွန်မတို့ကို အရမ်းစိတ်ရှည်တယ်၊ ကျွန်မတို့ရဲ့အကျိုးကို လိုလားကြတယ်။ ဒါနဲ့ မကြာခင်မှာပဲ ပြောပြောဆိုဆိုရှိလာရော။”
ခရစ်ယာန်ဓမ္မအမှုတွင်ပါဝင်ရန် ရဲရင့်ခြင်းရှိရ
ကိုယ်ကျိုးစွန့်ကြသည့် ဤစေတနာ့ဝန်ထမ်းများသည် ဆောက်လုပ်ရေးလုပ်ငန်းကို အကြီးအကျယ် ပံ့ပိုးကူညီပေးကြသော်လည်း အမှန်မှာ သူတို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ကြွေးကြော်သူများဖြစ်ကြောင်း မမေ့ကြပါ။ ထို့ကြောင့် သူတို့ပူးပေါင်းနေသောအသင်းတော်များ၏ ဟောပြောခြင်းလုပ်ငန်းတွင် အပြည့်အဝပါဝင်ကြသည်။ တိုင်းတစ်ပါးနိုင်ငံတွင် လယ်ကွင်းဓမ္မအမှု၌ပါဝင်သည့်အခါ ဘာသာခြားစကားပြောဆိုရန် ရဲရင့်ဖို့လိုကြောင်း ဂွာဒါလွတ်၊ မာလာဝီ၊ မက္ကဆီကိုနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့ရှိ ဆောက်လုပ်ရေးစီမံကိန်းများတွင် ကူညီပေးခဲ့ကြသူ အွိုင်းကေနှင့် အင်-မာရီအမည်ရှိ ဇနီးမောင်နှံတို့က ဝန်ခံသည်။
အင်-မာရီက ဤသို့ပြန်ပြောပြသည်– “ကျွန်မတို့ရောက်ခါစမှာ စကားမတတ်တော့ မပြောရဲလို့ ဒေသခံသက်သေခံတွေနဲ့ပဲ အမှုဆောင်အမြဲသွားပြီး သူတို့ကိုပဲ စကားပြောခိုင်းတဲ့အတွက် ကျွန်မတို့ရဲ့ ပါဝင်မှုနည်းတာပေါ့။ ဒါပေမဲ့ တစ်မနက်ကျတော့ ကိုယ့်ဘာသာကိုယ် လယ်ကွင်းအမှုဆောင်ထွက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ခပ်လန့်လန့်ပဲ၊ နှလုံးတွေလည်းတုန်နေတယ်။ ကျွန်မကြိုတင်ပြင်ဆင်ထားပြီး ပြောဆိုတဲ့စကားကို နားထောင်တဲ့ အမျိုးသမီးငယ်တစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်။ သူ့ကို ကျမ်းချက်တစ်ချက်ဖတ်ပြပြီး စာအုပ်ဝေငှလိုက်တဲ့အခါ အဲဒီအမျိုးသမီးက ‘ကျွန်မသိချင်တာရှိတယ်။ ကျွန်မရဲ့ ဆွေမျိုးတစ်ယောက်က ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာနေတယ်။ ကျွန်မလည်း လေ့လာချင်တယ်။’ ဒီစကားကိုကြားတော့ ကျွန်မဝမ်းသာလွန်းလို့ ဘာပြန်ပြောရမှန်းမသိဖြစ်သွားတယ်။ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး ကျွန်မ ကျမ်းစာသင်ပေးမယ်လို့ပြောခဲ့တယ်။”
“အမှန်တရားကို ဝေမျှချင်စိတ်နဲ့ ကျွန်မတို့ပြုလုပ်ခဲ့တာကို ယေဟောဝါကောင်းချီးပေးလို့ ကျွန်မတို့ အရမ်းကျေးဇူးတင်ပြီး ဝမ်းသာလိုက်တာ” ဟု အင်-မာရီက ထပ်ပြောပြသည်။ အဆိုပါအမျိုးသမီးသည် တိုးတက်လာပြီး မက္ကဆီကိုစီးတီးတွင် ကျင်းပသော ခရိုင်စည်းဝေးကြီးတစ်ခု၌ သက်သေခံတစ်ဦးအဖြစ် နှစ်ခြင်းခံခဲ့သည်။ အွိုင်းကေနှင့် အင်-မာရီတို့သည် သူတို့၏ခရစ်ယာန်ဓမ္မအမှုအကြောင်း ဤသို့အကျဉ်းချုံးဖော်ပြ၍ ပြောဆိုခဲ့သည်– “ဆောက်လုပ်ရေးစီမံကိန်းတွေမှာ ပါဝင်ခွင့်ရတာကို ကျွန်တော်တို့ အရမ်းတန်ဖိုးထားတယ်၊ ဒါပေမဲ့ အမှန်တရားကို လူတစ်ယောက် သက်ဝင်ယုံကြည်လာအောင် ကူညီပေးလို့ ရလာတဲ့ရွှင်လန်းမှုနဲ့ ကျေနပ်မှုကပိုသာတယ်။”
ကိုယ်ကျိုးစွန့်စိတ်ဓာတ်
မှန်ပါသည်၊ တိုင်းတစ်ပါးမှ ညီအစ်ကိုများ၏အကျိုး သယ်ပိုးရန် မိသားစုနှင့် မိတ်ဆွေသူငယ်ချင်းများကိုစွန့်ခဲ့ရသော စေတနာ့ဝန်ထမ်းများသည် ကိုယ်ကျိုးစွန့်ကြရ၏၊ သို့သော် သူတို့သည် ထူးခြားသော ရွှင်လန်းအားရမှုများကိုလည်း ခံစားကြရသည်။ အဘယ်ရွှင်လန်းမှုများနည်း။
ကိုလံဘီယာ၊ ဂူယာနာ၊ ပွာတီရီကို၊ မက္ကဆီကို၊ အီကွေဒေါ၊ အင်ဂိုလာနှင့် အယ်လ်ဆာဗေးဒေါနိုင်ငံတို့တွင် ဇနီးဖြစ်သူ ပယ်မလာနှင့်အတူ အမှုဆောင်ခဲ့သည့် ဟောင်းဝါ့ဒ်က ဤသို့ရှင်းပြသည်– “နိုင်ငံအသီးသီးက ညီအစ်ကိုညီအစ်မတွေနဲ့ တွေ့ဆုံရပြီး အပြည်ပြည်က ညီအစ်ကိုအသင်းအပင်းရဲ့ မေတ္တာနှောင်ကြိုးကို ကိုယ်တိုင်တွေ့ ကြုံခံစားရတာ အခွင့်ထူးပဲ။ အဲ့ဒီအကြောင်းကို မကြာခဏ ဖတ်ရပေမဲ့ ယဉ်ကျေးမှုမတူ၊ နောက်ခံမတူတဲ့ သူတွေနဲ့နေထိုင်ပြီး အမှုဆောင်ရတဲ့အခါ ကျွန်တော်တို့ရဲ့ အဖိုးထိုက်လှတဲ့ ညီအစ်ကိုအသင်းအပင်းကို ပိုပြီးတောင် တန်ဖိုးထားတတ်လာတယ်။”
ကော့စ်တာရီကာ၊ ကိုလံဘီယာ၊ ဇမ်ဘီယာ၊ မက္ကဆီကိုနှင့် အီကွေဒေါနိုင်ငံတို့ရှိ ဆောက်လုပ်ရေးစီမံကိန်းများတွင် ပါဝင်ကူညီပေးခဲ့သူ ဂယ်ရီကလည်း ဤအစီအစဉ်မှ မိမိအကျိုးများစွာရရှိခဲ့သည်ဟု ခံစားရ၏။ သူဤသို့ပြောပြသည်– “ကျွန်တော်တာဝန်ကျခဲ့တဲ့ နိုင်ငံတွေက ဌာနခွဲရုံးတွေမှာ အမှုထမ်းနေကြတဲ့ ရင့်ကျက်တဲ့ညီအစ်ကိုတွေနဲ့ ပေါင်းသင်းရလို့ နှစ်တွေတစ်လျှောက်မှာ ရရှိခဲ့တဲ့လေ့ကျင့်မှုက ကျွန်တော့်ရဲ့တာဝန်တွေ ထမ်းဆောင်တဲ့အခါ ပေါ်ပေါက်လာတတ်တဲ့ စိန်ခေါ်ချက်တွေကို ကောင်းစွာရင်ဆိုင်ဖြေရှင်းတတ်ဖို့ ကူညီပေးတယ်။ ယုံကြည်ခြင်းကိုလည်း ပိုခိုင်ခံ့စေတယ်၊ ဘာကြောင့်လည်းဆိုတော့ ယေဟောဝါရဲ့ ကမ္ဘာချီအဖွဲ့အစည်းရဲ့ စည်းလုံးညီညွတ်မှုကို ခံစားခွင့်ပေးတယ်၊ ဘာသာစကား၊ လူမျိုး၊ ယဉ်ကျေးမှုတွေ မတူပေမဲ့ စည်းလုံးကြတယ်။”
ဤအချိန်အတောအတွင်း၊ မက္ကဆီကိုနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်း ပြီးစီးသွားခဲ့ရာ အဆိုပါတိုးချဲ့ဆောက်လုပ်ခဲ့သော ဌာနခွဲရုံးအဆောက်အအုံတို့ကို ဤနှစ်တွင် ဆက်ကပ်အပ်နှံခဲ့သည်။ ဘုရားသခင်အားချစ်သည့်အတွက် အပြည်ပြည်ဆိုင်ရာအမှုထမ်းများနှင့် အပြည်ပြည်ဆိုင်ရာစေတနာ့ဝန်ထမ်းများ ပြုလုပ်ခဲ့သောအမှုသည် မက္ကဆီကိုနိုင်ငံနှင့် အခြားနိုင်ငံများရှိ စစ်မှန်သောဝတ်ပြုရေးကို တိုးချဲ့ကျယ်ပြန့်စေရန် များစွာအထောက်အကူပေးခဲ့ပြီ။ ကမ္ဘာချီခရစ်ယာန်ညီအစ်ကိုများ၏အကျိုးကို သယ်ပိုးရန် သူတို့၏ တလိုတလားစိတ်ဓာတ်နှင့် ကိုယ်ကျိုးစွန့်စိတ်ဓာတ်တို့ကို ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများ အလွန်တန်ဖိုးထားလေးမြတ်ကြပါသည်။
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
အီကွေဒေါ
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ကိုလံဘီယာ
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
အင်ဂိုလာ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
မက္ကဆီကိုဌာနခွဲရုံး၏ အဆောက်အအုံသစ်များကို စတင်ဆောက်လုပ်နေ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ဌာနခွဲဥယျာဉ်
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
အောက်ပုံ– အဆောက်အအုံသစ်အချို့ရှေ့ ဆောက်လုပ်ရေးလုပ်သားတချို့
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
ဟောပြောခြင်းလုပ်ငန်းတွင် ဒေသခံအသင်းတော်များနှင့်အတူ တပျော်တပါးပါဝင်နေကြသည့် ဆောက်လုပ်ရေးစေတနာ့ဝန်ထမ်းများ