“ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်လျက်နေကြလော့”
“ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်လျက်နေကြလော့”
“သင်၏ကိုယ်ကိုကိုယ်သိသောစိတ် သင့်ကို ညွှန်ကြားပါစေ” ဟုမကြာခဏ အကြံပြုလေ့ရှိသည်။ သို့သော် ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိသောစိတ်ကို အားကိုးအားထားနိုင်ရန် ၎င်းသည် အမှားအမှန်ကို ပိုင်းခြားသိရှိဖို့လိုသည့်အပြင် ၎င်း၏ညွှန်ကြားမှုကို အကင်းပါးစွာ သိရှိရမည်။
သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် ဇက္ခဲ၏ အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ ယေရိခေါမြို့တွင် နေထိုင်သော ဇက္ခဲသည် အခွန်ခေါင်းဖြစ်ပြီး ချမ်းသာကြွယ်ဝ၏။ သူသည် သူတစ်ပါးကို မညှာမတာ မတန်တဆအခွန်ကောက်ခြင်းဖြင့် ချမ်းသာကြွယ်ဝလာသည်ဟု ကိုယ်တိုင်ဝန်ခံ၏။ ဇက္ခဲ၏မတရားမှုက သူ၏ကိုယ်ကိုကိုယ်သိသောစိတ်ကို နှောင့်ယှက်ခဲ့သလော။ နှောင့်ယှက်ခဲ့ပါမူ ယင်းကို သူလျစ်လျူရှုနေပုံရ၏။—လုကာ ၁၉:၁-၇။
သို့ရာတွင် ဇက္ခဲသည် မိမိ၏လမ်းစဉ်ကို ဆင်ခြင်သုံးသပ်ရန် အကြောင်းပေါ်လာ၏။ ယေရိခေါမြို့သို့ ယေရှုကြွလာသည်။ အရပ်ပုသောဇက္ခဲသည် ကိုယ်တော့်ကို တွေ့ မြင်လိုသော်လည်း လူအုပ်ကြောင့် မမြင်နိုင်ခဲ့ချေ။ ထို့ကြောင့် ကောင်းစွာမြင်နိုင်ရန် ရှေ့သို့ပြေးပြီး သစ်ပင်ပေါ်တက်လေသည်။ ဇက္ခဲသည် ဤမျှစိတ်ဝင်စားသည်ကို ယေရှုသဘောကျသွားသဖြင့် သူ၏အိမ်သို့ မိမိလည်ပတ်မည်ဟု မိန့်ဆိုခဲ့၏။ ဇက္ခဲသည် ထင်ပေါ်ကျော်ကြားသော ဧည့်သည်တော်ကို ဝမ်းသာအားရ ဧည့်ခံကျွေးမွေးလေသည်။
ယေရှုနှင့် ဇက္ခဲပေါင်းသင်းခွင့်ရချိန်အတွင်း မြင်ရကြားရသမျှသည် သူ၏နှလုံးကို ထိမိခဲ့ရာ သူ၏လမ်းစဉ်များကို ပြောင်းလဲပစ်ရန် စေ့ဆော်ခံရလေသည်။ ထို့နောက် သူက “သခင်၊ အကျွန်ုပ်၏ဥစ္စာတစ်ဝက်ကို ဆင်းရဲသောသူတို့အား ပေးပါ၏။ တစ်စုံတစ်ယောက်သောသူ၏ ဥစ္စာအနည်းငယ်ကို အကျွန်ုပ်ယူမိလျှင် လေးဆပြန်၍ပေးပါ၏” ဟုကြေညာခဲ့သည်။—လုကာ ၁၉:၈။
ဇက္ခဲ၏ကိုယ်ကိုကိုယ်သိသောစိတ်သည် သွန်သင်ပညာပေးခံခဲ့ရပြီး ယင်းကို သူနားထောင်၍ လိုက်နာခဲ့ရာ များစွာအကျိုးသက်ရောက်ခဲ့သည်။ ယေရှုက “ယနေ့ပင် ကယ်တင်တော်မူခြင်းကျေးဇူးသည် ဤအိမ်အပေါ်မှာ သက်ရောက်လေ၏” ဟုမိန့်ဆိုချိန်တွင် ဇက္ခဲမည်မျှပျော်ရွှင်လိုက်မည်ကို မြင်ယောင်ကြည့်ပါ။—လုကာ ၁၉:၉။
အမှန်တကယ်အားရှိစရာပုံသက်သေပါတကား! ယခင်က ကျွန်ုပ်တို့ မည်သည့်လမ်းစဉ်ကိုပင် လိုက်ခဲ့ပါစေ ကျွန်ုပ်တို့ပြောင်းလဲနိုင်သည်ဟု ယင်းက ဖော်ပြ၏။ ဇက္ခဲနည်းတူ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသော ယေရှု၏စကားတော်ကို အလေးထားလုပ်ဆောင်ပြီး အမှားအမှန်သိမြင်နိုင်စွမ်းကို တိုးတက်စေနိုင်သည်။ ဤသို့ဖြင့် တမန်တော်ပေတရု တိုက်တွန်းထားသကဲ့သို့ ကျွန်ုပ်တို့သည် “ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်လျက်နေ” နိုင်မည်။ လေ့ကျင့်ထားသော ကိုယ်ကိုကိုယ်သိသောစိတ်၏ ညွှန်ကြားချက်ကို ကျွန်ုပ်တို့၏နားထောင်ပြီး မှန်ကန်ရာကို လုပ်ဆောင်နိုင်ကြပါမည်။—၁ ပေတရု ၃:၁၆။