မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တုနှိုင်းမရသော ရွှင်လန်းမှုများ!

တုနှိုင်းမရသော ရွှင်လန်းမှုများ!

ဘဝ​အတ္ထုပ္ပတ္တိ

တု​နှိုင်း​မရ​သော ရွှင်လန်းမှုများ!

ရက်​ဂျင်​နယ်​လ် ဝေါ်လ်​ဝါ့ခ်​ပြောပြ​သည်

“ယေဟောဝါ​ရဲ့ အချိန်ပြည့်​ခရစ်ယာန်​သာသနာပြု​လုပ်ငန်း​ကနေ​ရတဲ့ ရွှင်လန်းမှု​တွေ​နဲ့ နှိုင်းယှဉ်​နိုင်​တဲ့​အရာ ဒီ​လောကမှာ​မရှိဘူး!” အ​သော့​ရေးထားတဲ့ ဒီ​စာ​ကလေး​ကို ၁၉၉၄ ခုနှစ် မေလ​က ကျွန်တော့်​ဇနီး​ကွယ်လွန်​ပြီး​မကြာခင်​မှာ သူ့ရဲ့ မှတ်တမ်းတွေ​ကြားထဲ ကျွန်တော်​တွေ့​လိုက်ရတယ်။

အိုင်​ရင်း​ရဲ့​စကား​တွေ​ကို ကျွန်တော်​ပြန်​သုံးသပ်ကြည့်​တဲ့​အခါ ပီရူး​နိုင်ငံ​မှာ ခရစ်ယာန်​သာသနာပြုတွေ​အဖြစ် ၃၇ နှစ်​နေခဲ့တဲ့ ပျော်ရွှင်​အားရစရာ​အချိန်ကို ပြန်​အမှတ်ရ​လာတယ်။ ၁၉၄၂ ခုနှစ် ဒီဇင်ဘာ​လမှာ လက်ထပ်​ပြီး​ကတည်းက ကျွန်တော်​တို့​ဟာ တကယ်​မြတ်နိုး​စ​ရာ​ကောင်း​တဲ့ ခရစ်ယာန်​တွဲဖက်​ဘဝကို ပိုင်ဆိုင်​ရရှိခဲ့တယ်၊ ကျွန်တော့်​ရဲ့​အကြောင်းကို ဒီကနေ​စ​ပြော​ရင်​သင့်တော်မယ်။

အိုင်​ရင်း​ဟာ အင်္ဂလန်​နိုင်ငံ၊ လီဗာ​ပူး​မြို့မှာ ယေဟောဝါသက်သေ​တစ်ယောက်​အဖြစ် ကြီးပြင်း​လာ​ခဲ့​တာ။ သမီး​သုံးယောက်​ထဲ​က တစ်ယောက်​ဖြစ်​ပြီး ပထမ​ကမ္ဘာ​စစ်​အတွင်းမှာ သူ့​အဖေ​ဆုံး​သွားတယ်။ နောက်ပိုင်း​မှာ သူ့​အမေက ဝင်​တန် ဖ​ရေ​ဆာ​နဲ့​လက်ထပ်​လိုက်ပြီး ဆစ်ဒနီ​ဆို​တဲ့ သားတစ်ယောက်​ရလာတယ်။ ဒုတိယ​ကမ္ဘာ​စစ်​မဖြစ်ခင်​လေးမှာ ဝေ​လ​ပြည်နယ်​မြောက်ဘက်၊ ဘ​န်​ဂါ​မြို့ကို မိသားစု​လိုက်​ပြောင်းရွှေ့​သွား​ကြတယ်၊ ၁၉၃၉ ခုနှစ်​မှာ အဲဒီ​မြို့မှာ​ပဲ အိုင်​ရင်း​နှစ်ခြင်း​ခံ​တယ်။ ဆစ်ဒနီ​က မ​နှစ်​က နှစ်ခြင်း​ခံ​ခဲ့​တော့ သူတို့​နှစ်ယောက်​ဟာ အန်​ဂဲ​လ်​စီ​ကျွန်း​အပါအဝင် ဘ​န်​ဂါ​မြို့ကနေ ကာ​နာ​ဗန်​မြို့​အထိ ဝေ​လ​ပြည်နယ် မြောက်ဘက်​ကမ်းရိုးတန်း​တစ်လျှောက် အချိန်ပြည့်​ဧဝံဂေလိ​ဟောပြောသူ၊ ရှေ့ဆောင်​တွေ​အဖြစ် အတူတူ အမှုဆောင်ခဲ့ကြတယ်။

အဲဒီအချိန်မှာ ကျွန်တော်​က လီဗာ​ပူး​မြို့ရဲ့ အရှေ့တောင်ဘက် ၁၃ မိုင်​အကွာမှာ​ရှိတဲ့ ရန်​ကော်​န်​အသင်းတော်မှာ၊ အခု​အခေါ်​အရ ဦးစီး​ကြီးကြပ်မှူး​အဖြစ် အမှုဆောင်​နေတာ။ တိုက်နယ်​စည်းဝေးပွဲ​တစ်ခု​မှာ ကျွန်တော့်​ဆီ အိုင်​ရင်း​လာပြီး သူ​ဟောပြောလို့​ရနိုင်​မယ့် ရပ်ကွက်​ရှိမရှိ​မေးမြန်းပါ​တယ်၊ ရန်​ကော်​န်​မှာ​နေတဲ့ သူ့​အစ်မ အိမ်ထောင်သည်​ဗီရာ​နဲ့ လာ​နေ​မ​လို့​တဲ့။ သူ​အလည်​လာတဲ့ နှစ်ပတ်​အတွင်းမှာ အိုင်​ရင်း​နဲ့​ကျွန်တော် အတော်လေး​ခင်​သွားတယ်၊ နောက်ပိုင်း​မှာ ဘ​န်​ဂါ​မြို့ကို​သွားပြီး သူ့​ဆီ မကြာခဏ သွားလည်တယ်။ ရက်သတ္တပတ်​အဆုံး​တစ်နေ့​မှာ ကျွန်တော်​လက်ထပ်ခွင့်​တောင်းဆို​တာ​ကို အိုင်​ရင်း​လက်ခံ​လိုက်လို့ ဝမ်းသာ​လိုက်တာ!

တနင်္ဂနွေ​နေ့မှာ​အိမ်​ပြန်လာ​ပြီး ချက်ချင်းပဲ ကျွန်တော်​တို့​ရဲ့​မင်္ဂလာပွဲ​အတွက် အစီအစဉ်​ဆွဲ​ရော၊ ဒါပေမဲ့ အင်္ဂါ​နေ့မှာ ကြေးနန်း​စာ​ရောက်​လာတယ်။ “ဒီ​ကြေးနန်း​စာ​က ရှ​င့်​စိတ်ထိခိုက်​သွားမှာ​မို့ တောင်းပန်​ပါ​တယ်။ ကျွန်မ​တို့​ရဲ့​မင်္ဂလာပွဲ​ကို ကျွန်မ​ဖျက်သိမ်း​လိုက်ပါ​တယ်။ ရှင်းပြ​စာ ပို့​ထား​တယ်” လို့​ဖတ်​လိုက်ရ​တော့ ကျွန်တော်​အရမ်း​စိတ်ပျက်​သွားတယ်။ ဘာများ​ဖြစ်သွား​လို့လဲ။

နောက်​တစ်ရက်​မှာပဲ အိုင်​ရင်း​ရဲ့​စာ ရောက်​လာတယ်။ ယော့ခ်ရှိုင်း​ယား​ပြည်နယ် ဟော့စ်​ဖို့​သ်​မြို့မှာ ဟီ​လ်​ဒါ ပက်​ဂျက် *နဲ့​အတူ ရှေ့ဆောင်​သွား​လုပ်မယ်​လို့ ကျွန်တော့်​ကို သူ​စာရေး​ပြောပြ​တယ်။ သူက လိုအပ်​တဲ့​ဒေသမှာ အမှုဆောင်ဖို့ တောင်းဆို​ခံရ​ရင် သွားရောက်​အမှုဆောင်​ပါ့​မယ်​လို့ လွန်ခဲ့တဲ့ ၁၂ လ​က သဘောတူ​ထား​တဲ့​အကြောင်း၊ သူ့​အတွက် “ဒါဟာ ယေဟောဝါ​ကို ကတိပြု​ထား​တာ​နဲ့​တူတယ်၊ ရှ​င့်​ကို မသိ​ခင်​ကတည်းက ကိုယ်တော့်​ကို ကတိပေး​ထား​တဲ့​အတွက် ကျွန်မ​ကတိတည်​ရမယ်​လို့ ခံစား​ရတယ်” လို့​ရှင်းပြတယ်။ ကျွန်တော် ဝမ်းနည်း​ပက်လက်​ဖြစ်သွား​ရပေမဲ့ သူ့ရဲ့ တည်ကြည်​ဖြောင့်မတ်​တဲ့​စိတ်​ကို အရမ်း​လေးစား​သွားတယ်၊ ဒါနဲ့ ကျွန်တော်​က “သွားပါ။ မင်းကို​ငါ​စောင့်နေ​ပါ့​မယ်” လို့​စာပြန်​လိုက်တယ်။

ယော့ခ်ရှိုင်း​ရား​ပြည်နယ်​မှာ​ရှိနေတုန်း အိုင်​ရင်း​ဟာ သိစိတ်​ရှိ​ရှိ စစ်​ကြိုးပမ်းမှု​ကို မထောက်ပံ့​လို့ ထောင်​သုံးလ​ကျ​ခဲ့တယ်။ ဒါပေမဲ့ ၁၈ လ​ကြာ​တော့ ၁၉၄၂ ခုနှစ် ဒီဇင်ဘာ​လမှာ ကျွန်တော်​တို့​လက်ထပ်ခဲ့​တယ်။

ကျွန်တော့်​ရဲ့ ငယ်​စဉ်​ဘဝ

၁၉၁၉ ခုနှစ်​မှာ ကျမ်း​စာစောင်​များ​မှ လေ့လာ​စ​ရာ​များ *ဆို​တဲ့​စာအုပ်​တစ်စုံ​ကို ကျွန်တော့်​အမေ​ဝယ်ခဲ့တယ်။ အဲဒီတုန်းက အဖေ​အမှန်အကန်​ပြော​တဲ့​အတိုင်းပဲ အမေ​ဟာ ဘယ်​စာအုပ်​ကို​မှ မဖတ်​ခဲ့​ဘူး၊ ဒါပေမဲ့ ဒီ​စာအုပ်​တွဲ​တွေ​ကို သူ့​ကျမ်းစာ​နဲ့ သေသေချာချာ လေ့လာ​ကြည့်​ဖို့ အမေ​ဆုံးဖြတ်​ခဲ့တယ်​တဲ့။ ပြော​တဲ့​အတိုင်း လေ့လာ​ခဲ့​ပြီး ၁၉၂၀ ပြည့်နှစ်​မှာ သူ​နှစ်ခြင်း​ခံ​ခဲ့တယ်။

အဖေက လူ​အေး​ဆိုတော့ အမေ​လုပ်ချင်တာကို မတား​ခဲ့​ဘူး၊ သူတို့ရဲ့ သားသမီး​လေးယောက်​ဖြစ်​တဲ့ ကျွန်တော့်​အစ်မ​နှစ်ယောက် ဂွင်း​နဲ့​အိုင်​ဗီ၊ ကျွန်တော့်​အစ်ကို အဲ​လက်​ခ်​နဲ့ ကျွန်တော့်​ကို အမှန်တရား​လမ်းစဉ်​အတိုင်း ပြုစု​ပျိုးထောင်​ပေး​တာ​ကိုလည်း မတားဆီး​ဘူး။ လီဗာ​ပူး​မြို့ကနေ စ​တန်​လေ ရော်​ဂျာ​နဲ့ တခြား​တည်ကြည်​တဲ့ သက်သေခံတွေ ရွန်​ကော်​န်​မြို့ကို​လာပြီး ကျမ်းစာ​ဟောပြောချက်​တွေ​ပေး​ခဲ့​ကြတယ်၊ မကြာခင် အဲဒီမြို့မှာ အသင်းတော်သစ်​တစ်ခု​ရှိလာ​ရော။ ကျွန်တော်​တို့​မိသားစု​လည်း အသင်းတော်​နဲ့​အတူ ဝိညာဉ်​ရေး​ဘက် တိုးတက်လာ​ခဲ့တယ်။

ဂွင်း​က ချာ့ခ်ျ​အော့ဖ်​အင်္ဂလန်​အသင်းသား​ဖြစ်​ဖို့ သင်တန်း​တွေ​တက်​နေရာ​ကနေ အမေနဲ့​အတူ ကျမ်းစာ​စလေ့လာ​တာ​နဲ့ ချက်ချင်းပဲ အဲ့ဒီ​သင်တန်းကို​မ​တက်​တော့​ဘူး။ သင်တန်းကို သူ​ဘာကြောင့်​လာ​မ​တက်​တော့​တဲ့​အကြောင်း ခရစ်ယာန်​ဘုန်းကြီး​လာ​စုံစမ်း​တဲ့​အခါ သူ​လုံးဝ​မဖြေနိုင်​တဲ့ မေးခွန်းတွေ တရ​စပ်​မေးမြန်း​ခံ​လိုက်ရတယ်။ ဂွင်း​က သခင့်​ဆုတောင်းချက်​ရဲ့​အဓိပ္ပာယ်​ကို မေးတယ်၊ နောက်ဆုံး သူက​ပဲ အဲဒီ​ခရစ်ယာန်​ဘုန်းကြီး​ကို ရှင်းပြ​လိုက်တယ်! အဆုံး​မှာ ၁ ကောရိန္သု ၁၀:၂၁ ကို သူ​ကိုးကား​ဖတ်ပြ​ပြီး ‘စားပွဲ​နှစ်​စားပွဲ​မှာ သူ​မစား’ နိုင်​တော့​ဘူးလို့ ပြတ်ပြတ်သားသား​ရှင်းပြတယ်။ ကျွန်တော်​တို့​အိမ်ကနေ ထွက်သွား​တဲ့​အချိန်​မှာ အဲ့ဒီ​ခရစ်ယာန်​ဘုန်းကြီး​က ဂွင်း​အတွက် ဆုတောင်းပေး​မယ်၊ ဂွင်း​ရဲ့​မေးခွန်းတွေကို ပြန်လာ​ဖြေ​မယ်​လို့​ပြော​ပေမဲ့ တစ်ခါ​မှ ပြန်​မလာ​ပါ​ဘူး။ ဂွင်း​နှစ်ခြင်း​ခံ​ပြီး​တာ​နဲ့ အချိန်ပြည့်​ဧဝံဂေလိ​ဟောပြောသူ​တစ်ယောက် ဖြစ်လာ​တော့​တာ​ပဲ။

ကျွန်တော်​တို့​အသင်းတော်မှာ လူငယ်တွေကို အရမ်း​ဂရုစိုက်​ကြတယ်။ ကျွန်တော်​အသက်​ခု​နစ်​နှစ်အရွယ်မှာ အကြီးအကဲ​တစ်ယောက် လာ​ဟောပြော​ပို့ချ​တဲ့​ဟောပြောချက်ကို ကျွန်တော်​နားထောင်ခဲ့တာ သတိရ​သေး​တယ်။ အဲဒီနောက် ကျွန်တော့်​ဆီ​လာပြီး သူ​စကားပြော​တယ်။ အာဗြဟံ​အကြောင်း၊ သူ့​သား​ဣဇာက်​ကို​ပူဇော်​ဖို့ သူ​ဘယ်လို​ကြိုးစား​ခဲ့​တဲ့​အကြောင်း ကျွန်တော်​ဖတ်နေ​တယ်လို့ သူ့ကို​ပြောပြ​တော့ သူက “စင်မြင့်​ထောင့်​ကို​သွားပြီး အဲဒီ​အကြောင်း ဦး​ကို​ပြောပြ​ပါ” လို့​ပြော​တယ်။ အဲဒီ​နေရာမှာ​ရပ်​ပြီး ကျွန်တော်​ရဲ့​ပထမဦးဆုံး “လူထု​ဟောပြောချက်” ကို​ပေး​လိုက်​ရလို့ ပျော်​လိုက်တာ မပြော​နဲ့​တော့!

၁၉၃၁ ခုနှစ်၊ အသက် ၁၅ နှစ်အရွယ်မှာ ကျွန်တော်​နှစ်ခြင်း​ခံ​ခဲ့တယ်၊ အဲဒီ​နှစ်မှာ​ပဲ အမေ​ဆုံး​သွားတယ်၊ အဲ့ဒီ​အချိန်​မှာ အလုပ်သင် လျှပ်စစ်​ပြင်​ဆရာ​ဖြစ်​ဖို့ ကျွန်တော်​ကျောင်းထွက်​လိုက်တယ်။ ၁၉၃၆ ခုနှစ်​မှာ အသံသွင်း​ထား​တဲ့ ကျမ်းစာ​ဟောပြောချက်တွေကို လူထုရှေ့ ဖွင့်ပြ​နေခဲ့​ကြ​တာ၊ အသက်ကြီး​ကြီး ညီအစ်မ​တစ်ယောက်​က ဒီ​လယ်ကွင်း​လုပ်ငန်းမှာပါ​ဝင်​ဖို့ ကျွန်တော့်​အစ်ကို​နဲ့ ကျွန်တော့်​ကို အားပေးခဲ့တယ်။ ဒါ​ကြောင့် အဲ​လက်​ခ်​နဲ့ ကျွန်တော် စက်ဘီး​တစ်စီး​ဝယ်​ဖို့ လီဗာ​ပူး​မြို့ကို​သွားတယ်၊ ဓာတ်စက်​သယ်သွား​လို့​ရအောင် စက်ဘီး​ဘေးမှာ ဘေးတွဲယာ​ဉ်​တစ်ခု​ချိတ်​တပ်​ခိုင်းတယ်။ ဘေးတွဲယာ​ဉ်​အနောက်​ဘက်မှာ ခြောက်​ပေ​အမြင့်​ရှိတဲ့ ဆစ်​ချိုး​လို့​ရတဲ့ တိုင်​တစ်ချောင်း​ရဲ့​ထိပ်မှာ အသံချဲ့စက်​ကိုလည်း တပ်ဆင်​ခိုင်း​လိုက်တယ်။ စက်ပြင်ဆရာ​က ဒီလို​ဘီး​မျိုး တစ်ခါ​မှ​မပြု​လုပ်​ဖူး​ဘူးလို့ ကျွန်တော်​တို့ကို ပြော​တယ်၊ ဒါပေမဲ့ ကျွန်တော်​တို့​လိုချင်​တဲ့​အတိုင်းပဲ! ကျွန်တော်​တို့​လည်း အသက်ကြီးတဲ့​ညီအစ်မ​ရဲ့​အားပေးမှုကို ကျေးဇူး​တင်ပြီး စိတ်​ထက်ထက်သန်သန်​ပဲ တစ်ရပ်​ကွက်​လုံး​နှံ့အောင် ပတ်​လိုက်တယ်၊ ကျွန်တော်​တို့​ရတဲ့ အခွင့်ထူး​တွေ​အတွက်​လည်း ကျေးဇူး​တင်​လိုက်တာ။

ဒုတိယ​ကမ္ဘာ​စစ်—စမ်းသပ်​ရာ​အချိန်

စစ်​ငွေ့​စစ်​ရိပ်​သန်း​လာ​လေ စ​တန်​လေ ရော်​ဂျာ​နဲ့ ကျွန်တော်​တို့​လည်း “ဖြစ်ရပ်မှန်များ​ကို ရင်ဆိုင်​ပါ” ဟောပြောချက်ကို ကြေညာ​တာ​နဲ့​အလုပ်များ​လေ​ပဲ၊ အဲဒါကို ၁၉၃၈ ခုနှစ်၊ စက်တင်ဘာ​လ ၁၁ ရက်​နေ့မှာ လန်ဒန်​မြို့၊ ရွိုင်​ယဲလ်​အဲလ်​ဘာ့​ခန်းမ​မှာ ဟော​ဖို့​ဖြစ်တယ်။ ဒီ​ဟောပြောချက်ကို စာအုပ်​ငယ်​ပုံစံ​နဲ့​ထုတ်ပြီး​တော့ နောက်​တစ်နှစ်​မှာ​ထုတ်ဝေ​ခဲ့​တဲ့ ဖက်ဆစ်​ဝါဒ​လော၊ လွတ်လပ်မှု​လော ဆို​တဲ့​စာအုပ်​ငယ်​နဲ့​ရော​ဝေ​တဲ့​အလုပ်မှာ ကျွန်တော်​ပါဝင်​ခဲ့​ရတယ်။ ဒီ​စာအုပ်​ငယ်​နှစ်အုပ်စလုံး​က ဂျာမနီ ဟစ်တလာ​ရဲ့ အာဏာရှင်​ဆန်​ဆန်​အုပ်ချုပ်​လို​တဲ့ ရည်မှန်းချက်​တွေ​ကို ရှင်းရှင်းလင်းလင်း လှစ်ဟ​ဖော်ထုတ်ပြ​ထား​တာ။ အဲဒီအချိန်မှာ ကျွန်တော့်​ရဲ့ လူထု​ဓမ္မ​အမှု​အတွက် ရွန်​ကော်​န်​မြို့မှာ ကျွန်တော့်​ကို​လူသိ​များ​လာပြီး လေးစား​လည်း​ခံ​ခဲ့​ရတယ်။ တကယ်တော့၊ သီအိုကရက်တစ်​လုပ်ငန်းမှာ အမြဲ​ပဲ ရှေ့တန်း​ကနေ ပါဝင်​လုပ်ဆောင်ခဲ့တဲ့​အတွက် နောက်ပိုင်း​မှာ အကူအညီ​ဖြစ်​ခဲ့တယ်။

ကျွန်တော်​အလုပ်​လုပ်တဲ့​ကုမ္ပဏီ​က မြို့အစွန်​အဖျား​မှာ​ရှိတဲ့ စက်ရုံ​အသစ်​တစ်ခု​ကို လျှပ်စစ်မီး​ကြိုး​သွယ်​ပေးဖို့ စာချုပ်​ချုပ်ဆို​ခဲ့တယ်။ အဲဒီ​စက်ရုံ​ဟာ စစ်​လက်နက်တွေ​ထုတ်လုပ်​တဲ့ စက်ရုံ​မှန်း သိလိုက်ရ​ပြီး​တဲ့​နောက် အဲဒီမှာ ကျွန်တော်​မ​လုပ်နိုင်​ကြောင်း သူတို့ကို​ရှင်းပြ​လိုက်တယ်။ ကျွန်တော့်​အလုပ်ရှင်တွေ​က မကြိုက်​ကြ​ပေမဲ့ ကျွန်တော့်​ရဲ့ အလုပ်သမား​ခေါင်းဆောင်​က ကျွန်တော့်​ဘက်က​နေ ကာကွယ်​ပြောဆို​ပေး​ပြီး ကျွန်တော့်​ကို တခြား​အလုပ်​ပေး​လုပ်တယ်။ အဲဒီ​အလုပ်သမား​ခေါင်းဆောင်​ရဲ့​အဒေါ်​ဟာ ယေဟောဝါသက်သေ​တစ်ယောက်​ဖြစ်​မှန်း နောက်​မှ​ကျွန်တော်​သိလာတယ်။

လုပ်ဖော်ဆောင်ဖက်​တစ်ယောက်​က​လည်း “ရက်​ဂ်၊ ဒီလောက်​နှစ်တွေ​ချီ ဒီ​သမ္မာကျမ်းစာ​လုပ်ငန်းမှာ ခင်ဗျား​ပါဝင်​လှုပ်ရှား​နေတာ​ဆိုတော့ ဒီလိုပဲ​ဆုံးဖြတ်​လိမ့်မယ်လို့ ကျွန်တော်​ထင်​ပြီး​သားပါ” လို့​ကျွန်တော့်​ကို အားပေးခဲ့တယ်။ ဒါပေမဲ့​လည်း ကျွန်တော့်​ကို ပြဿနာ​ရှာ​ချင်​တဲ့ အလုပ်ဖော်​တွေ​ရှိလို့ သတိထား​နေခဲ့​ရတယ်။

လက်ရှိ​လုပ်ငန်းမှာ​မြဲ​နေရင် ၁၉၄၀ ပြည့်နှစ် ဇွန်လ​က လီဗာ​ပူး​တရားရုံး​က​လက်ခံ​ထား​တဲ့ ကျွန်တော့်​ရဲ့ စစ်မှုထမ်း​ဖို့​ငြင်းပယ်​သူ မှတ်ပုံတင်​ကတ်ပြား​ကို အတည်ပြု​ပေး​မယ်​တဲ့။ ဒါ​ကြောင့် ခရစ်ယာန်​ဓမ္မ​အမှုကို ကျွန်တော်​ဆက်လုပ်​ကိုင်​နိုင်​ခဲ့​တာ။

အချိန်ပြည့်​လုပ်ငန်း​ထဲ ခြေစုံပစ်​ဝင်​ခဲ့

စစ်​ပြီးသွား​တဲ့​အခါ အလုပ်​ကနေ​ထွက်​ပြီး အိုင်​ရင်း​နဲ့​အတူ အချိန်ပြည့်​ဓမ္မ​အမှုမှာ​ပါဝင်​ဖို့ ဆုံးဖြတ်​လိုက်တယ်။ ၁၉၄၆ ခုနှစ်​မှာ ကျွန်တော်​တို့​ရဲ့​နေအိမ်​ဖြစ်လာ​တဲ့ ၁၈ ပေ​ရှည် နောက်​တွဲ​ယာဉ်​ကို ဆောက်လုပ်​ခဲ့တယ်၊ နောက်​တစ်နှစ်​မှာ ဂ​လော့​စ်​တာ​ရှာ​ပြည်နယ်​က အယ်​လ်ဗက်စ်​တန်​ရွာကို ပြောင်းရွှေ့​ဖို့ တောင်းဆို​ခံ​ခဲ့​ရတယ်။ အဲဒီနောက် ဆိုင်​ရဲ​န်​ဆဲ​က်​စ​တာ​ဆို​တဲ့ ရှေး​မြို့ဟောင်း​တစ်မြို့​နဲ့ ဘာ့သ်​မြို့မှာ ကျွန်တော်​တို့​ရှေ့ဆောင်​ခဲ့​ကြတယ်။ ၁၉၅၁ ခုနှစ်​မှာ နယ်လှည့်​ကြီးကြပ်မှူး​အဖြစ် ဝေ​လ​နယ်ရဲ့​တောင်ဘက်​က အသင်းတော်တွေကို လည်ပတ်​ဖို့ ကျွန်တော့်​ကို​ခန့်​ခဲ့တယ်၊ ဒါပေမဲ့ နှစ်နှစ်လောက်​မှာ ခရစ်ယာန်​သာသနာပြု​ဖို့ ကင်းမျှော်စင်​သမ္မာကျမ်းစာ​ရဲ့ ဂိလဒ်​သင်တန်း​ကျောင်း​ကို သွား​တက်ခွင့်​ရခဲ့ကြတယ်။

ကျောင်း​ရဲ့ ၂၁ ကြိမ်​မြောက်​သင်တန်းကို နယူးယောက်​အထက်ပိုင်း​က တောင်​လ​န်​စင်း​မှာ ကျင်းပ​ခဲ့တယ်၊ ၁၉၅၃ ခုနှစ်​က နယူးယောက်​မြို့မှာ​ကျင်းပ​တဲ့ ကမ္ဘာသစ်​အဖွဲ့အစည်း စည်းဝေးပွဲ​မှာ ကျွန်တော်​တို့​ကျောင်းဆင်း​ခဲ့​ကြတယ်။ ကျောင်းဆင်း​တဲ့​နေ့​အထိ အိုင်​ရင်း​နဲ့​ကျွန်တော်​ဟာ ဘယ်မှာ​တာဝန်ကျ​မယ်​ဆိုတာ​ကို မသိ​ရ​သေး​ဘူး။ ပီရူး​နိုင်ငံ​ကို သွားရမယ်​လို့ ကြားသိ​လိုက်ရ​တဲ့​အချိန်​မှာ ကျွန်တော်​တို့ အရမ်းပျော်​သွား​ကြတယ်! အကြောင်းကတော့ အိုင်​ရင်း​ရဲ့ မိတူဖကွဲ​မောင် ဆစ်ဒနီ ဖ​ရေ​ဆာ​နဲ့ သူ့ရဲ့​ဇနီး မာဂရက်​တို့​ဟာ ၁၉ ကြိမ်​မြောက် ဂိလဒ်​သင်တန်းဆင်း​ပြီး​နောက် လီ​မာ​ဌာနခွဲရုံး​မှာ အမှုဆောင်​နေကြ​တာ တစ်နှစ်​ကျော်​ရှိနေပြီ​လေ!

ဗီဇာ​ရဖို့ စောင့်နေ​တုန်း ဘ​ရွတ်​က​လင်​ဗေသလမှာ ခဏ​လုပ်အားပေး​ခဲ့​ရတယ်၊ ဒါပေမဲ့ မကြာခင်​မှာပဲ လီ​မာ​မြို့ကို ထွက်ခွာ​သွားခဲ့​ကြရတယ်။ ခရစ်ယာန်​သာသနာပြု​အနေ​နဲ့ တာဝန်ကျ​တဲ့ ဆယ်​နေရာ​ထဲ​က ပထမ​ဆုံး​နေရာ​က​တော့ ပီရူး​နိုင်ငံ​ရဲ့ အဓိက​ပင်လယ်​ဆိပ်ကမ်း​မြို့၊ လီ​မာ​မြို့ရဲ့​အနောက်​ဘက်မှာ​ရှိတဲ့ ခယာအို​မြို့​ဖြစ်တယ်။ အခြေခံ​စပိန်​ဘာသာ​စကား​ကို အဲ့ဒီ​အချိန်​မှာ သင်​ထားခဲ့​ပေမဲ့ အိုင်​ရင်း​ကော ကျွန်တော်​ပါ အဲဒီ​ဘာသာ​စကား​နဲ့ အပြန်အလှန်​မပြော​နိုင်​ကြ​သေး​ဘူး။ ဘယ်လို​လုပ်ကြ​မလဲ။

ဟောပြောခြင်း ပြဿနာ​များနှင့် အခွင့်ထူး​များ

ဂိလဒ်​ကျောင်းတက်​တုန်း​က မိခင်​တစ်ယောက်​ဟာ သူ့ရဲ့​ကလေး​ကို ဘာသာ​စကား​မသင်​ပေး​ရ​ဘဲ မိခင်​က ကလေး​ကို စကား​ပြောဆို​ရင်း သူ​စကား​တတ်လာ​တဲ့​အကြောင်း သင်ကြား​ပေး​ခဲ့တယ်။ ဒါ​ကြောင့် ကျွန်တော်​တို့ကို​အကြံပေး​ခဲ့​တာ​က “ချက်ချင်း သွား​ဟောပြောကြ​ပါ၊ ဘာသာ​စကား​ကို ပြည်သူ​တွေ​ဆီကနေ သင်ယူ​ကြ​ပါ။ ခင်ဗျား​တို့ကို သူတို့​ကူညီပေး​လိမ့်မယ်” တဲ့။ ဒီ​ဘာသာ​စကား​သစ်​ကို တတ်မြောက်​ဖို့​ကြိုးစား​နေတုန်းမှာ ကျွန်တော်​တို့​ရောက်​ပြီး နှစ်ပတ်​လောက်​ပဲ​ရှိသေးတယ်၊ ခယာအို​အသင်းတော်ရဲ့ ဦးစီး​ကြီးကြပ်မှူး​အဖြစ် ကျွန်တော့်​ကို​တာဝန်​ပေး​တော့ ကျွန်တော်​ဘယ်လို​ခံစား​ရမယ်ဆိုတာ​ကို စဉ်းစား​ကြည့်​ပါ! ဒါနဲ့ ကျွန်တော် ဆစ်ဒနီ ဖ​ရေ​ဆာ​နဲ့​သွား​တိုင်ပင်​တယ်၊ သူကလည်း အသင်းတော်​နဲ့၊ ရပ်ကွက်သား​တွေ​နဲ့ ရောနှော​ပေါင်းသင်း​ပါ​ဆိုပြီး ဂိလဒ်​ကျောင်း​မှာ ကြား​ခဲ့​တဲ့​အတိုင်း ပြော​ပြန်​တယ်။ ဒါနဲ့ ဒီ​အကြံပေး​ချက်​ကို လိုက်နာ​ဖို့ ကျွန်တော်​ဆုံးဖြတ်​လိုက်တယ်။

စနေနေ့​တစ်မနက်​မှာ လက်သမား​တစ်ယောက်​နဲ့ သူ့​ဆိုင်​မှာ တွေ့ဆုံ​တယ်။ သူက “ကျုပ်​အလုပ်​ဆက်လုပ်​စ​ရာ​ရှိပေမဲ့ ကျေးဇူးပြု​၍ ကျုပ်​နဲ့​ထိုင်​စကား​ပြောပါ” လို့​ပြော​တယ်။ ကျွန်တော်​က စကား​ထိုင်​ပြော​မယ်၊ ဒါပေမဲ့ “စကားပြော​မှား​တိုင်း ကျေးဇူးပြု​၍ ပြင်ပေး​ပါ။ စိတ်မဆိုး​ဘူး” လို့​သူ့ကို ပြော​လိုက်တယ်။ သူက​ရ​ယ်​ပြီး သဘောတူ​လိုက်တယ်။ သူ့​ဆီ​ကို တစ်ပတ်​နှစ်ခါ​သွားတယ်၊ ဘာသာ​စကား​သစ်​ကို သင်​ဖို့ ဒီ​နည်းဟာ အကောင်းဆုံး​ပဲ​ဆိုတာ​ကို ကျွန်တော်​သိလာတယ်။

ကျွန်တော်​တို့ ခရစ်ယာန်​သာသနာပြု​ဖို့ ဒုတိယ​တာဝန်ကျ​တဲ့ အီ​ကာ​မြို့​မှာလည်း လက်သမား​နောက်​တစ်ယောက်​နဲ့​တွေ့ဆုံ​ပြန်​တယ်၊ သူ့ကိုလည်း ခယာအို​မြို့က​အစီအစဉ်ကို ပြောပြ​တယ်။ သူလည်းပဲ ကျွန်တော့်​ကို​ကူညီပေး​မယ်​လို့​ပြော​တယ်၊ ဒါ​ကြောင့် ကျွန်တော့်​ရဲ့ စပိန်​ဘာသာ​စကား အတော်လေး​တိုးတက်​လာတယ်။ ဒါတောင် ကျွမ်း​ကျွမ်းကျင်​ကျင်​ပြောတတ်​ဖို့ သုံးနှစ်​ကြာ​ခဲ့တယ်။ ဒီ​လက်သမား​ဆရာ​က အမြဲ​အလုပ်​များတယ်၊ ဒါပေမဲ့ သူ့ကို ကျမ်းချက်​တွေ​ဖတ်ပြ၊ အဓိပ္ပာယ်​ရှင်းပြ​ပေး​နဲ့ ကျမ်းစာ​သင်အံမှု​ပြုလုပ်​နိုင်​ခဲ့တယ်။ သူ့​ဆီ​ကို ကျွန်တော်​သွားတဲ့ တစ်ပတ်​မှာ သူ့ရဲ့​အလုပ်ရှင်​က အလုပ်သစ်​တစ်ခု​ရလို့ လီ​မာ​မြို့ကို​သူ​ထွက်သွား​ပြီ​လို့ ပြောပြ​တယ်။ နောက်ပိုင်း​မှာ အိုင်​ရင်း​နဲ့ ကျွန်တော်​တို့​လည်း လီ​မာ​မြို့မှာ စည်းဝေးကြီး​သွား​တက်​တော့ အဲ့ဒီ​လူနဲ့ ထပ်​ဆုံ​မိ​ကြတယ်။ သူဟာ ကျမ်းစာ​ဆက်သင်​နိုင်​ဖို့ ဒေသခံ​သက်သေခံတွေ​နဲ့ ဆက်သွယ်​ခဲ့​ပြီး သူနဲ့​သူ့​မိသားစုဟာ ယေဟောဝါ​ရဲ့ ဆက်ကပ်​အပ်နှံ ကျေးကျွန်​တွေ​ဖြစ်နေ​ကြပြီ​ဆိုတာ​သိရ​တော့ ဝမ်းသာ​လိုက်တာ!

အသင်းတော်​တစ်ခု​မှာ နှစ်ခြင်း​ခံ​ပြီး​ပေမဲ့လည်း လက်မ​ထပ်​ထား​ကြ​တဲ့ အတူ​နေ​စုံတွဲ​တစ်တွဲ​ရှိတယ်လို့ သိလိုက်​ရတယ်။ ကျမ်းစာ​မူတွေကို သူတို့နဲ့ ဆွေးနွေး​လိုက်တဲ့အခါ သူတို့ရဲ့​အိမ်ထောင်မင်္ဂလာ​ကို တရားဝင်​လုပ်ဖို့ သူတို့​ဆုံးဖြတ်​လိုက်ကြတယ်၊ ဒါမှ သူတို့ဟာ နှစ်ခြင်း​ခံ​ပြီး​တဲ့​သက်သေခံတွေ​လို့ သတ်မှတ်​ခံရ​မှာ။ ဒါ​ကြောင့် သူတို့ရဲ့ ထိမ်းမြား​လက်ထပ်​ခြင်း​ကို စာရင်း​သွင်း​ဖို့ မြို့တော်​ခန်းမ​ကို ကျွန်တော်​ခေါ်​သွားတယ်။ ဒါပေမဲ့ ပြဿနာ​တစ်ခုပေါ်​လာတယ်၊ သူတို့မှာ မွေး​စာရင်း​မလုပ်ထားတဲ့ သားသမီး​လေးယောက်​ရှိနေတာကိုး၊ ဥပဒေ​အရ မွေး​စာရင်း​လုပ်ဖို့​လိုတယ်။ မြို့တော်ဝန် ဘယ်လို​တုံ့ပြန်​မယ်​ဆိုတာ​ကို ကျွန်တော်​တို့ အသေအချာ​မသိကြဘူး။ မြို့တော်ဝန်​က “ခင်ဗျား​ရဲ့ ယေဟောဝါသက်သေ​မိတ်ဆွေ​တွေ​က ခင်ဗျား​ရဲ့​အိမ်ထောင်ရေး​ကို တရားဝင်​ဖြစ်စေချင်​တော့ ကျွန်တော်​က​လည်း ခင်ဗျား​ရဲ့​ကလေး​တစ်ယောက်စီ​အတွက် ဆင့်ခေါ်​စာ​မ​ထုတ်ပေး​တော့​ဘဲ အခမဲ့ မွေး​စာရင်း​ထုတ်ပေး​လိုက်မယ်” လို့​ပြော​လိုက်တယ်။ ဒီ​မိသားစုဟာ​ဆင်းရဲ​တဲ့​အတွက် ဒဏ်ငွေ​ဆောင်​ရမယ်​ဆိုရင် ဝန်ထုပ်ကြီး​ဖြစ်သွား​မှာ၊ ဒါ​ကြောင့် ကျွန်တော်​တို့ သူ့ကို​အရမ်း​ကျေးဇူး​တင်​တယ်!

နောက်ပိုင်း​မှာ ယေဟောဝါသက်သေ​တွေ​ရဲ့ ဘ​ရွတ်​က​လင် ဌာနချုပ်​က အဲလ်ဘတ် ဒီ. ရှ​ရိုး​ဒါး အလည်​ရောက်လာ​ပြီး လီ​မာ​မြို့ အခြား​တစ်​နေရာမှာ သာသနာပြု​အိမ်သစ်​တစ်လုံး ဆောက်လုပ်​ဖို့ မှာ​သွားတယ်။ ဒါ​ကြောင့် အိုင်​ရင်း​နဲ့ ကျွန်တော်၊ ယူနိုက်တက်​စ​တိတ်​က ဖ​ရန်​ဆစ်​နဲ့ အယ်​လစ်​ဇ​ဘက် ဂွတ်​ဆို​တဲ့ ညီအစ်မ​နှစ်ယောက်​နဲ့ ကနေဒါ​လူမျိုး ဇနီး​မောင်နှံ​တစ်စုံ​တို့​ဟာ ဆန် ဘို​ယာ​ခရိုင်​ကို ပြောင်းရွှေ့​သွား​ကြတယ်။ နှစ်နှစ်၊ သုံးနှစ်​အတွင်းမှာပဲ တိုးတက်​တဲ့ အသင်းတော်​နောက်တစ်ခု တည်ထောင်​နိုင်​တဲ့​ကောင်းချီး​ရခဲ့တယ်။

အလယ်ပိုင်း​ကုန်းမြင့်​ဒေသက ပေ ၁၀,၀၀၀ ကျော်​ရှိတဲ့ ဝ​မ်​ကိုင်​အို​မှာ သွား​အမှုဆောင်တဲ့​အခါ သက်သေခံ​အ​ယောက် ၈၀ ရှိတဲ့ အသင်းတော်​နဲ့​ပူးပေါင်း​ခဲ့​ရတယ်။ အဲဒီ​ဒေသမှာ တစ်နိုင်ငံ​လုံး​ရဲ့ ဒုတိယ​မြောက် နိုင်ငံတော်​ခန်းမ​ကို ဝိုင်းဝန်း​ဆောက်လုပ်​ခွင့်​ရခဲ့တယ်။ ခန်းမ​ဆောက်​ဖို့​ဝယ်ယူ​လိုက်တဲ့​မြေကွက်​ရဲ့ ပိုင်ဆိုင်မှု​နဲ့​ပတ်သက်ပြီး တရားဝင်​ဖြစ်စေ​ဖို့ တရားရုံး​ကို သုံး​ခေါက်​သွား​လိုက်​ရလို့ ကျွန်တော့်​ကို ယေဟောဝါသက်သေ​တွေ​ရဲ့ တရားဝင်​ကိုယ်စားလှယ်​တာဝန်​ပေး​ထား​တယ်။ ဒီလို​လှုပ်ရှား​ဆောင်ရွက်မှု​တွေ​အပြင် အစောပိုင်း​နှစ်တွေ​က တည်ကြည်​ခဲ့​ကြ​တဲ့ ခရစ်ယာန်​သာသနာပြုတွေ တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်းမှာ တိုးချဲ့​ပါဝင်​ခဲ့​ကြ​တဲ့ ခိုင်မာ​တဲ့​အုတ်မြစ်​ကြောင့် ၁၉၅၃ ခုနှစ်​တုန်း​က သက်သေခံ ၂၈၃ ယောက်​ကနေ က​နေ့​ဆိုရင် ပီရူး​နိုင်ငံ​မှာ ၈၃,၀၀၀ ကျော်​ရှိနေတာကို တွေ့မြင်​နေရ​ပြီ။

ဝမ်းနည်း​စွာ​ထွက်ခွာ​လာ​ရခြင်း

သာသနာပြု​အိမ်တွေမှာ ခရစ်ယာန်​သာသနာပြုတွေ​နဲ့ ကောင်းကောင်း ပေါင်းသင်း​ခဲ့​လိုက်ရတယ်၊ အဲဒီ​သာသနာပြု​အိမ်တွေမှာ အခွင့်ထူး​အနေ​နဲ့ အိမ်​ကြီးကြပ်မှူး​တာဝန်​ကို ကျွန်တော်​ထမ်းဆောင်​ခဲ့​ရတယ်။ တနင်္လာ​နေ့ မနက်​တိုင်း ကျွန်တော်​တို့​ရဲ့​တစ်ပတ်တာ​လုပ်ငန်း​ကို အတူတကွ ကြိုတင်​ဆွေးနွေး​ကြတယ်၊ ပြီး​တော့ ကျွန်တော်​တို့​ရဲ့​သာသနာပြု​အိမ်​တာဝန်​တွေ​ကို ခွဲ​ယူ​ကြတယ်။ အဓိက​လုပ်ငန်း​က ဟောပြောခြင်း​ဆိုတာ​ကို ကျွန်တော်​တို့အားလုံး သဘောပေါက်​ကြ​တဲ့​အတွက် စည်းစည်းလုံးလုံး​လုပ်ဆောင်ခဲ့​ကြတယ်။ ကျွန်တော်​တို့​နေခဲ့တဲ့ ဘယ်​သာသနာပြု​အိမ်မှာ​မှ အကြီးအကျယ်​အငြင်းပွား​တာ​မျိုး တစ်ခါ​မှ​မဖြစ်ခဲ့​လို့ ဝမ်းသာတယ်။

ကျွန်တော်​တို့ နောက်ဆုံး​တာဝန်ကျ​တဲ့​နေရာ​က လီ​မာ​မြို့ရဲ့ ဆင်ခြေ​ဖုံး​ရပ်ကွက်​နောက်တစ်ခု​ဖြစ်​တဲ့ ဘ​ရန်​ယာ​ရပ်ကွက်မှာ​ဖြစ်တယ်။ သက်သေခံ​အ​ယောက် ၇၀ ရှိ အဲဒီ​ချစ်စရာ​ကောင်း​တဲ့ အသင်းတော်ဟာ သက်သေခံ​အ​ယောက် ၁၀၀ ကျော်​အထိ အမြန်​အ​ဆန် တိုးတက်လာ​လို့ ပါ​လို​မီ​ယာ​အသင်းတော်ကို ထပ်​ဖွဲ့​လိုက်ရတယ်။ ဒီ​အချိန်​လောက်​မှာ အိုင်​ရင်း မ​ကျန်း​မမာ​ဖြစ်လာ​တယ်။ တစ်ခါ​တ​လေ သူ​ဘာ​ပြော​မှန်း သူ​မမှတ်မိ​နိုင်တာ​ကို ကျွန်တော် ဦးဆုံး​သတိပြုမိ​လိုက်တယ်၊ တစ်ခါ​တ​လေ​ကျ​ပြန်​တော့​လည်း အိမ်ပြန်​ရမယ့်​လမ်းကို မှတ်မိ​ဖို့​ခက်ခဲ​နေတယ်။ ကောင်းကောင်း​ဆေးကု​ပေး​ပေမဲ့လည်း သူ့ရဲ့​အခြေအနေ​က တဖြည်းဖြည်း ပို​ဆိုးရွား​လာတယ်။

၁၉၉၀ ပြည့်နှစ်​မှာ အင်္ဂလန်​နိုင်ငံ​ကို​ပြန်​ဖို့ ဝမ်းနည်း​စွာ အစီအစဉ်​ဆွဲ​ခဲ့​ရတယ်၊ ကျွန်တော့်​အစ်မ အိုင်​ဗီ​က သူ့​အိမ်မှာ ကျွန်တော်​တို့ကို​နေထိုင်ခွင့်​ပေး​တယ်။ လေးနှစ်​ကြာ​တော့ အသက် ၈၁ နှစ်အရွယ်မှာ အိုင်​ရင်း​ကွယ်လွန်​သွားခဲ့တယ်။ ကျွန်တော့်​ဇာတိ​မြို့မှာ​ရှိတဲ့ အသင်းတော်​သုံးခု​ထဲ​က တစ်ခု​မှာ အကြီးအကဲ​တစ်ယောက်​အဖြစ် ကျွန်တော်​အမှုဆောင်​ရင်း အချိန်ပြည့်​ဓမ္မ​အမှုမှာ ဆက်​ပါဝင်​နေပါတယ်။ တစ်ခါ​တ​လေ မ​န်​ချက်​စ​တာ​မြို့ကို​သွားပြီး အဲ့ဒီ​က စပိန်​ဘာသာ​စကားပြော​အုပ်စု​ကို အားပေး​ရတယ်။

မကြာသေး​ခင်​က အားရစရာ​ကောင်း​တဲ့ တွေ့ ကြုံ​မှု​တစ်ခု​ရခဲ့တယ်၊ တကယ်တော့ အဲဒီ​တွေ့ ကြုံ​မှု​ဟာ ဓာတ်ပြား​စက်​နဲ့ အိမ်ရှင်​တွေ​ကို ငါး​မိနစ်​ဟောပြောချက်​တွေ ဖွင့်ပြခဲ့​တဲ့ လွန်ခဲ့တဲ့ နှစ်များ​စွာ​က စ​ခဲ့​တာ။ သူ့​အမေ​နောက်ကနေ သတင်းစကားကို နားထောင်​ခဲ့​တဲ့ ကျောင်းသူ​မ​လေး​တစ်ယောက်ကို ကျွန်တော် ကောင်းကောင်း​မှတ်မိ​သေး​တယ်။

ဒီ​မိန်းကလေးဟာ နောက်ပိုင်း ကနေဒါ​နိုင်ငံ​ကို ပြောင်းရွှေ့​သွားတယ်၊ ရွန်​ကော်​န်​မြို့မှာ နေထိုင်​သေး​တဲ့ အခု သက်သေခံ​ဖြစ်နေ​တဲ့ သူ့​သူငယ်ချင်း​က သူနဲ့​အဆက်အသွယ်​ရှိတယ်။ မကြာသေး​ခင်​က သူ့​ဆီ​ကို သက်သေခံ​အမျိုးသမီး​နှစ်ယောက် ရောက်လာ​ပြီး သူတို့​ပြော​တဲ့​စကား​တွေ​က သူ​ကြား​ခဲ့​ဖူး​တဲ့ ငါး​မိနစ်​ကြာ ဓာတ်ပြား​ဟောပြောချက်​က အသုံးအနှုန်းတွေကို ရုတ်တရက်​ပြန်သတိရ​စေတယ်​လို့ စာရေး​အကြောင်းကြား​တယ်။ ဒါ​အမှန်တရား​ပဲ​လို့ သူ​အသိအမှတ်​ပြုပြီး အခု ယေဟောဝါ​ရဲ့ ဆက်ကပ်​အပ်နှံ​ကျေးကျွန်​တစ်ယောက်​ဖြစ်နေ​တဲ့​အကြောင်း၊ ပြီး​တော့ လွန်ခဲ့တဲ့ အနှစ် ၆၀ ကျော်​က သူ့​အမေ​အိမ်ကို လာခဲ့တဲ့ လူငယ်လေး​ကို ကျေးဇူး​တင်​စကားပြော​ပေး​ပါ​လို့ တောင်းဆို​ခဲ့တယ်​တဲ့! မှန်ပါတယ်၊ အမှန်တရား​မျိုးစေ့တွေ ဘယ်လို​အမြစ်စွဲ​ပြီး ဘယ်လို​ကြီးထွား​လာမယ်​ဆိုတာ​ကို ကျွန်တော်​တို့​မသိကြ​ပါ​ဘူး။—ဒေ. ၁၁:၆

ယေဟောဝါ​ရဲ့ တန်ဖိုး​ကြီးမား​တဲ့​လုပ်ငန်းတော်မှာ ကျွန်တော့်​ဘဝကို​အသုံးချ​လိုက်​ရလို့ အရမ်း​ကျေးဇူး​တင်​တာ​ပဲ။ ၁၉၃၁ ခုနှစ်​မှာ ကျွန်တော့်​အသက်ကို ဆက်ကပ်​အပ်နှံ​လိုက်ပြီး​ကတည်းက ယေဟောဝါ​လူမျိုးတော်​တွေ​ရဲ့ စည်းဝေးပွဲ​တစ်ခု​ကို​မှ မလွတ်​ခဲ့​ဘူး။ အိုင်​ရင်း​နဲ့ ကျွန်တော်​တို့​မှာ သားသမီး​အရင်း​တွေ​မရှိကြ​ပေမဲ့ ဝိညာဉ်​ရေး​သဘော​အရ သားသမီး​အ​ယောက် ၁၅၀ ကျော်​ရှိလို့ ဝမ်းသာတယ်၊ သူတို့​အားလုံး​လည်း ကောင်းကင်​ခမည်းတော် ယေဟောဝါ​ရဲ့​အမှုတော်ကို ထမ်းဆောင်​နေကြ​တယ်။ ကျွန်တော့်​ချစ်​ဇနီး ပြော​ခဲ့​တဲ့​အတိုင်းပဲ ကျွန်တော်​တို့​ရဲ့ အခွင့်ထူး​တွေ​ဟာ တကယ်ပဲ တု​နှိုင်း​မရတဲ့ ရွှင်လန်းမှု​တွေ​ပဲ။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 9 “မိဘ​ခြေရာ​အတိုင်း လိုက်လျှောက်ခြင်း၊” ဟီ​လ်​ဒါ ပက်​ဂျက်​၏ ဘဝ​အတ္ထုပ္ပတ္တိ​ကို ၁၉၉၅၊ အောက်တိုဘာ ၁ ရက် ကင်းမျှော်စင်၊ စာမျက်နှာ ၁၉-၂၄ တွင် ဖော်ပြ​ထား​သည်။

^ အပိုဒ်၊ 12 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည်။

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

၁၉၀၀ ပြည့်လွန်​နှစ်များ​အစောပိုင်းက အမေ

[စာမျက်နှာ ၂၄၊ ၂၅ ပါ ရုပ်ပုံ]

အပေါ်– ကျွန်တော်​တို့​ရဲ့ နောက်​တွဲ​ယာဉ်​အရှေ့​မှာ အိုင်​ရင်း​နဲ့​ကျွန်တော်

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ဝဲ​ဘက်– ၁၉၄၀ ပြည့်နှစ်၊ အင်္ဂလန်​နိုင်ငံ လိ​ဒ်စ်​မြို့မှာ ဟီ​လ်​ဒါ ပက်​ဂျက်၊ ကျွန်တော်၊ အိုင်​ရင်း​နဲ့ ဂျွိုက်စ် ရိုလီ

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

၁၉၅၂ ခုနှစ်၊ ဝေ​လ​ပြည်နယ်၊ ကာ့ဒစ်ဖ်​မြို့မှာ လူထု​ဟောပြောချက်ကို ကြေညာ​နေခြင်း