နံ့သာပေါင်းမီးရှို့ခြင်း—စစ်မှန်သောဝတ်ပြုရေးတွင် ယင်းကိုအသုံးပြုသလော
နံ့သာပေါင်းမီးရှို့ခြင်း—စစ်မှန်သောဝတ်ပြုရေးတွင် ယင်းကိုအသုံးပြုသလော
“အမွှေးနံ့သာကို နတ်ဘုရားတွေကြိုက်ကြတယ်။” ၎င်းသည် ရှေးအီဂျစ်လူတို့၏ ဆိုရိုးစကားဖြစ်သည်။ နံ့သာပေါင်းမီးရှို့ခြင်းသည် သူတို့၏ဝတ်ပြုရေးတွင် အလွန်အရေးပါသည်။ အနီးအနားတွင် နတ်ဘုရားများရှိသည်ဟူသော ခံယူချက်ဖြင့် အီဂျစ်လူတို့သည် သူတို့၏ဝတ်ပြုရာနေရာများနှင့် အိမ်တွင်းယဇ်ပလ္လင်များပေါ်တွင်မက အရောင်းအဝယ်ပြုလုပ်နေစဉ်တွင် နံ့သာပေါင်းကို နေ့စဉ် မီးရှို့တတ်ကြသည်။ တခြားလူမျိုးများတွင်လည်း အလားတူဓလေ့ထုံးစံများရှိကြသည်။
နံ့သာပေါင်းကား အဘယ်နည်း။ ဤဝေါဟာရသည် အခိုးအငွေ့ သို့မဟုတ် မီးရှို့ရာဝတ္ထုကို ရည်ညွှန်း၏။ ယင်းကို လော်ဗန်၊ ဗော်လဆမ်ဆီမွှေး အစရှိသော မွှေးကြိုင်သည့် ထင်းရှူးစေးနှင့် သစ်စေးတို့ဖြင့် ပြုလုပ်ကြသည်။ အမွှေးရနံ့ရရှိရန် ၎င်းတို့ကို အမှုန့်ကြိတ်၍ ဟင်းခတ်အမွှေးအကြိုင်၊ သစ်ခေါက်နှင့် ပန်းများအစရှိသည်တို့နှင့် ရောနှောလေ့ရှိသည်။
ရှေးခေတ်က နံ့သာပေါင်းသည် နှစ်သက်ဖွယ်တန်ဖိုးရှိပစ္စည်းဖြစ်လာရာ ၎င်းတွင်ပါဝင်သောပစ္စည်းများသည် ကူးသန်းရောင်းဝယ်ရေး၏ အဓိကပစ္စည်းများဖြစ်လာလေသည်။ လှည်းကုန်သည်ယာဉ်တန်းများဖြင့် ရပ်ဝေးမှ အဆိုပါပစ္စည်းများကို သယ်ဆောင်လာတတ်ကြသည်။ ယာကုပ်၏သားငယ် ယောသပ်ကို “ဂိလဒ်ပြည်မှလာ၍ နံ့သာမျိုး၊ ဗာလစံစေး၊ မုရန်စေးများကို ကုလားအုတ်ပေါ်၌ တင်ဆောင်လျက်၊ အဲဂုတ္တုပြည်သို့ ခရီးသွား” နေကြသော ဣရှမေလကုန်သည်များထံ ရောင်းချလိုက်ကြောင်း သင်မှတ်မိပေမည်။ (ကမ္ဘာဦး ၃၇:၂၅) အာရှနှင့် ဥရောပကြား လော်ဗန်ကူးသန်းရောင်းဝယ်ရေးလမ်းပေါက်သွားသည့်အထိ နံ့သာပေါင်းရလိုသူများ အလွန်များပြားလာလေသည်၊ ထိုလမ်းကို နံ့သာပေါင်းကုန်သည်များ အစပြုခဲ့သည်မှာ သေချာပါသည်။
ယနေ့အထိ ဘာသာရေးအခမ်းအနားများနှင့် ထုံးတမ်းစဉ်လာပွဲများတွင် နံ့သာပေါင်းများကို အသုံးပြုနေဆဲရှိသည်။ ထို့ပြင် အမွှေးရနံ့ရလို၍ အိမ်များတွင်လည်း နံ့သာပေါင်းမီးရှို့သူ များသည်ထက်များလာပြီ။ နံ့သာပေါင်းမီးရှို့ခြင်းကို ခရစ်ယာန်များ မည်သို့ရှုမြင်အပ်သနည်း။ ဝတ်ပြုရေးတွင် ယင်းကို ဘုရားသခင် လက်ခံသလော။ ထိုကိစ္စနှင့်ပတ်သက်၍ သမ္မာကျမ်းစာအဆိုကို ဆန်းစစ်ကြည့်ကြစို့။
“ထာဝရဘုရားအဖို့ သန့်ရှင်းရမည်”
ရှေးဣသရေလလူမျိုးတို့၏ ယဇ်ပုရောဟိတ်များ တဲတော်၌ ထမ်းဆောင်ရသည့် တာဝန်များတွင် နံ့သာပေါင်းမီးရှို့ခြင်းသည် အရေးပါသည်။ မက်ကလင်းတော့ခ်နှင့် စထရောင်းတို့၏ စွယ်စုံကျမ်းက ဤသို့ဆို၏– “ဟေဗြဲလူတို့သည် များသောအားဖြင့် ဝတ်ပြုရေးတွင် သို့မဟုတ် မြင့်မြတ်သောယဇ်ပူဇော်ခြင်းတွင် နံ့သာပေါင်းကို မီးရှို့ကြပုံရသည်၊ အခြားနေရာတွင် နံ့သာပေါင်း အသုံးပြုခြင်းအကြောင်း မဖတ်ရချေ။”
ယေဟောဝါဘုရားသခင်သည် တဲတော်တွင် မီးရှို့ရန် ပစ္စည်းလေးမျိုးကို ရောစပ်အသုံးပြုဖို့ ဤသို့အညွှန်းပေးခဲ့သည်– “မွှေးသောနံ့သာမျိုးတည်းဟူသော နတပ်စေး၊ မွှေးသောငါးခွံ၊ ဂါလဗန်စေး၊ စင်သောလောဗန်စေးတို့ကို အညီအမျှချိန်ယူ၍ ဆေးသမားအတတ်နှင့် နှာဆေးကို ဖော်တတ်သည်နည်းတူ ရောနှော၍ သန့်ရှင်းစင်ကြယ်သော နံ့သာပေါင်းကို ဖော်ရမည်။ အချို့ကိုလည်း ညက်ညက်ထောင်းပြီးမှ ငါသည် သင်နှင့်တွေ့ရာအရပ်၊ ပရိသတ်စည်းဝေးရာတဲတော်၌ သက်သေခံချက်ရှေ့မှာထားရမည်။” (ထွက်မြောက်ရာ ၃၀:၃၄-၃၆) ရဗ္ဗိဂျူးများသည် ဝတ်ပြုရာအိမ်တော်တွင် အသုံးပြုရန် အခြားပစ္စည်းများကို နောက်ပိုင်းတွင် ထပ်ထည့်ခဲ့သည်ဟု ကျမ်းပညာရှင်များက ဖော်ပြသည်။
ထွက်မြောက်ရာ ၃၀:၃၇၊ ၃၈) ယဇ်ပုရောဟိတ်များသည် သတ်မှတ်ထားသော ယဇ်ပလ္လင်ပေါ်တွင် နံ့သာပေါင်းကို တစ်နေ့လျှင် နှစ်ကြိမ် မီးရှို့ကြရသည်။ (၂ ရာဇဝင်ချုပ် ၁၃:၁၁) ထို့ပြင် အပြစ်ဖြေရာနေ့တွင် ယဇ်ပုရောဟိတ်မင်းကြီးသည် အသန့်ရှင်းဆုံးအခန်း၌ နံ့သာပေါင်းကို မီးရှို့ကြ၏။—ဝတ်ပြုရာ ၁၆:၁၂၊ ၁၃။
တဲတော်၌ မီးရှို့သော နံ့သာပေါင်းသည် မြင့်မြတ်ပြီး ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ဖို့သာ သီးသန့်အသုံးပြုရ၏။ ယေဟောဝါက ‘ထိုသို့သောနံ့သာပေါင်းကိုဖော်သည်နည်းတူ၊ အခြားသောနံ့သာပေါင်းကို ကိုယ်သုံးဖို့မဖော်ရ။ သင်တို့တွင် ထာဝရဘုရားသခင်အဖို့ သန့်ရှင်းရမည်။ အကြင်သူသည် မိမိရှူစရာဖို့ ထိုနံ့သာပေါင်းနှင့်တူအောင်ဖော်၏၊ ထိုသူသည် မိမိအမျိုးမှ ပယ်ရှင်းခြင်းကိုခံရမည်’ ဟုမိန့်မှာခဲ့သည်။ (နံ့သာပေါင်းပူဇော်ရာယဇ်အားလုံးကို ဘုရားသခင်လက်ခံတော်မမူချေ။ ယဇ်ပုရောဟိတ်များနည်းတူ နံ့သာပေါင်းကို ရောင့်တက်စွာ ပူဇော်ခဲ့ကြသော ယဇ်ပုရောဟိတ်မဟုတ်သူများကို ကိုယ်တော် အပြစ်ပေးခဲ့သည်။ (တောလည်ရာ ၁၆:၁၆-၁၈၊ ၃၅-၄၀; ၂ ရာဇဝင်ချုပ် ၂၆:၁၆-၂၀) ဂျူးလူမျိုးသည် မှားယွင်းသောဝတ်ပြုရေးတွင်ပါဝင်ပြီး အသွေးသွန်းသောလက်များဖြင့် နံ့သာပေါင်းပူဇော်ခြင်းကို ယေဟောဝါရွံရှာတော်မူ၏။ သူတို့၏အရေခြုံမှုကို ယေဟောဝါ ဤသို့အခိုင်အမာမိန့်ဆိုခဲ့သည်– “သင်တို့မီးရှို့သော နံ့သာပေါင်းကို ငါရွံရှာ၏။” (ဟေရှာယ ၁:၁၃၊ ၁၅) ဣသရေလလူတို့သည် ဝတ်ပြုရာအိမ်တော်ကို ပိတ်၍ တခြားယဇ်ပလ္လင်များပေါ်တွင် နံ့သာပေါင်းမီးရှို့ခဲ့ကြသည့်အထိ ယေဟောဝါတောင်းဆိုထားသော ဝတ်ပြုရေးကို လွန်စွာလျစ်လျူရှုလာခဲ့ကြသည်။ (၂ ရာဇဝင်ချုပ် ၂၈:၂၄၊ ၂၅) နှစ်အတန်ကြာသော် သန့်ရှင်းသောနံ့သာပေါင်းကို မှားယွင်းသောဘုရားများ၏ ယုတ်ညံ့သောဝတ်ပြုရေးတွင်ပင် အသုံးပြုခဲ့ကြသည်။ ထိုသို့ပြုမူခြင်းကို ယေဟောဝါ စက်ဆုပ်ရွံရှာတော်မူ၏။—ယေဇကျေလ ၁၆:၂၊ ၁၇၊ ၁၈။
နံ့သာပေါင်းနှင့် အစောပိုင်းခရစ်ယာန်များ
စီ.အီး. ၃၃ ခုနှစ်တွင် ပဋိညာဉ်သစ်ကို ခရစ်တော်အစပြုသောအခါ သန့်ရှင်းသောနံ့သာပေါင်း ပူဇော်ရမည်ဟူသော ယဇ်ပုရောဟိတ်၏ ပညတ်ပဋိညာဉ် အဆုံးတိုင်ခဲ့သည်။ (ကောလောသဲ ၂:၁၄) အစောပိုင်းခရစ်ယာန်များသည် ဝတ်ပြုရေးတွင် နံ့သာပေါင်းမီးရှို့ကြသည်ဟု မဖော်ပြထားချေ။ ယင်းနှင့်စပ်လျဉ်း၍ မက်ကလင်းတော့ခ်နှင့် စထရောင်းတို့၏ စွယ်စုံကျမ်း ကဤသို့ဆိုသည်– “နံ့သာပေါင်းကို [အစောပိုင်းခရစ်ယာန်များ] အသုံးမပြုခဲ့သည်မှာ သေချာသည်။ ယင်းကိုအသုံးပြုခြင်းသည် အယူမှားဝါဒ၏အမှတ်အသားတစ်ခုဖြစ်၏။ . . . ယုံကြည်သက်ဝင်သူတစ်ဦးက အယူမှားယဇ်ပလ္လင်ပေါ် နံ့သာပေါင်းအနည်းငယ် ပစ်တင်ခြင်းသည် ဝတ်ပြုကိုးကွယ်ခြင်း အထိမ်းအမှတ်ဖြစ်သည်။”
အစောပိုင်းခရစ်ယာန်များသည် သေမည်ကို စိုးရိမ်ရသော်လည်း ရောမဧကရာဇ်ကို “ဘုရားသခင်အဖြစ်” အသိအမှတ်ပြုရန် နံ့သာပေါင်းမီးရှို့ခြင်း မပြုခဲ့ကြချေ။ (လုကာ ၄:၈; ၁ ကောရိန္သု ၁၀:၁၄၊ ၂၀) ထိုခေတ်အခါက ရုပ်ပုံဝတ်ပြုရေးတွင် နံ့သာပေါင်းကို အသုံးပြုခြင်းကြောင့် အစောပိုင်းခရစ်ယာန်များသည် အမွှေးနံ့သာကူးသန်းရောင်းဝယ်ရေး မပြုခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပေ။
ယနေ့ နံ့သာပေါင်းမီးရှို့ခြင်း
ယနေ့ နံ့သာပေါင်းကို မည်သို့အသုံးပြုကြသနည်း။ ခရစ်ယာန်ဘောင်ချာ့ခ်ျအများတွင် အခမ်းအနားပွဲများနှင့် ဝတ်ပြုရေးတွင် နံ့သာပေါင်းကို မီးရှို့ကြသည်။ အာရှတိုက်သား မိသားစုများစွာသည် သူတို့၏ဘုရားများကို အလေးအမြတ်ပြုရန်နှင့် လူသေရန်မှကာကွယ်မှုရရန် သူတို့၏ဝတ်ပြုရာနေရာများနှင့် အိမ်ရှေ့ရှိ ယဇ်ပလ္လင်များပေါ်တွင် နံ့သာပေါင်းကို မီးရှို့ကြ၏။ ဝတ်ပြုရေးပွဲများတွင် နံ့သာပေါင်းကို ပက်ဖျန်းရန်၊ အနာကျက်စေရန်၊ ချေးချွတ်ရန်နှင့် ကာကွယ်ရန် အမျိုးမျိုးအသုံးပြုကြသည်။
ဘာသာရေးမကိုင်းရှိုင်းသူများပင်လျှင် နံ့သာပေါင်းမီးရှို့ခြင်းကို နှစ်သက်လာကြပြီ။ အချို့သည် ဆင်ခြင်တွေးတောမှုပြုစဉ်တွင် နံ့သာပေါင်းမီးရှို့ကြ၏။ ရုပ်လောကကိုကျော်လွန်၍ “သိမ်မွေ့နက်နဲပြီး
မဖော်ပြနိုင်သည့်အခြေအနေ” နှင့် “အစွမ်းတန်ခိုး” ရရှိရန် နံ့သာပေါင်းကို အသုံးပြုပါဟု လမ်းညွှန်စာအုပ်တစ်အုပ်က အကြံပြုသည်။ ဘဝပြဿနာများကို ဖြေရှင်းရန် “သဘာဝလွန်သတ္တဝါများ” နှင့်အဆက်အသွယ်ရစေသည့် နံ့သာပေါင်းမီးရှို့ခြင်းထုံးတမ်းများကို ပြုလုပ်ကြဖို့လည်း ယင်းကအကြံပြု၏။ ဤဓလေ့ထုံးစံများကို ခရစ်ယာန်များပြုလုပ်သင့်သလော။ယေဟောဝါသည် စင်ကြယ်သောဝတ်ပြုရေးကို အယူမှားသောဝတ်ပြုရေး၏ ဓလေ့ထုံးတမ်းများနှင့် ရောနှောရန် ကြိုးစားသူများကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချထားသည်။ တမန်တော်ပေါလုသည် ဟေရှာယပရောဖက်ပြုချက်ကို ကိုးကား၍ ယင်းသည် ခရစ်ယာန်များနှင့်သက်ဆိုင်ကြောင်း ဖော်ပြပြီး မှားယွင်းသောဝတ်ပြုရေး၏ မစင်ကြယ်သောလွှမ်းမိုးမှုအောက်မှ ထွက်လာရန် တိုက်တွန်းခဲ့သည်။ သူက ဤသို့ရေးသားခဲ့သည်– ‘ထာဝရဘုရားသခင်မိန့်တော်မူပြန်သည်ကား၊ သင်တို့သည် ထိုသူတို့အထဲမှထွက်၍ အသီးအခြားနေကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှမတို့ကြနှင့်။ ထိုသို့ပြုလျှင် သင်တို့ကို ငါသည်လက်ခံမည်။’ (၂ ကောရိန္သု ၆:၁၇; ဟေရှာယ ၅၂:၁၁) ခရစ်ယာန်စစ်များသည် အယူမှားသောဝတ်ပြုရေး သို့မဟုတ် မှော်အတတ်နှင့် ဆက်နွှယ်သော အဘယ်အရာကိုမဆို သတိနှင့်ကြဉ်ရှောင်ကြသည်။—ယောဟန် ၄:၂၄။
ဝတ်ပြုရေးအခမ်းအနားများနှင့် နတ်ဆိုးအတတ်ပညာတွင် နံ့သာပေါင်းကို အသုံးပြုသည့်အတွက် နံ့သာပေါင်းမီးရှို့ခြင်းအားလုံးသည် မှား၏ဟု ဆိုလိုသလော။ မဆိုနိုင်ပါ။ လူတစ်ဦးသည် မိမိအိမ်တွင် အမွှေးရနံ့ရလို၍ နံ့သာပေါင်းကို မီးရှို့လိုပေမည်။ (သု. ၂၇:၉) သို့တိုင် ခရစ်ယာန်တစ်ဦးသည် နံ့သာပေါင်းကို မီးရှို့မည်၊ မရှို့မည်ကို ဆုံးဖြတ်ရာတွင် အကြောင်းအရာတချို့ကို သုံးသပ်သင့်သည်။ သင်နေထိုင်သောဒေသရှိ တခြားသူများက နံ့သာပေါင်းအသုံးပြုခြင်းကို အယူမှားဝတ်ပြုရေးထုံးတမ်းနှင့် ဆက်စပ်လိုက်မည်လော။ သင့်ရပ်ကွက်ရှိ နတ်ပွဲများတွင် နံ့သာပေါင်းကို အသုံးပြုတတ်သလော။ သို့မဟုတ် ဝတ်ပြုရေးနှင့်မဆိုင်သည့်ပွဲများတွင် အသုံးပြုလေ့ရှိသလော။
လူတစ်ဦးသည် နံ့သာပေါင်းမီးရှို့လိုလျှင် သူ၏ကိုယ်ကိုကိုယ်သိသောစိတ်နှင့် သူတစ်ပါး၏အမြင်ကို ထည့်တွက်ပြီးမှ ဆုံးဖြတ်ပြုလုပ်သင့်သည်။ (၁ ကောရိန္သု ၁၀:၂၉) ရောမမြို့သားများထံ တမန်တော်ပေါလုရေးလိုက်သော စကားသည် အကျုံးဝင်နေဆဲဖြစ်သည်။ သူက ဤသို့ရေးသားခဲ့သည်– “ငြိမ်သက်ခြင်းနှင့်လည်းကောင်း၊ အချင်းချင်းတည်ဆောက်ခြင်းနှင့်လည်းကောင်း ယှဉ်သောအရာတို့ကို မီအောင်လိုက်ကြကုန်အံ့။ ဘုရားသခင်၏အမှုတော်ကို သင်၏အစာအလိုငှာ မဖျက်ဆီးနှင့်။ အစာအမျိုးမျိုးတို့သည် စင်ကြယ်၏။ သို့သော်လည်း သူတစ်ပါးထိမိလဲစရာအကြောင်းနှင့် စားသောသူသည် အပြစ်ရှိ၏။ အမဲသားကိုစားခြင်း၊ စပျစ်ရည်ကိုသောက်ခြင်းကိစ္စမှစ၍ ညီအစ်ကိုထိမိ၍လဲစရာအကြောင်း၊ မှားယွင်းစရာအကြောင်း၊ အားနည်းစရာအကြောင်းများကို ရှောင်အပ်၏။”—ရောမ ၁၄:၁၉-၂၁။
‘မီးရှို့သောနံ့သာပေါင်းကဲ့သို့ ပြင်ဆင်လျက်ရှိသော’ ဆုတောင်းချက်များ
ဣသရေလလူတို့ပူဇော်သော နံ့သာပေါင်းသည် ဘုရားသခင်နားညောင်းတော်မူသော ဆုတောင်းချက်များကို ဆီလျော်စွာပုံဆောင်၏။ ထို့ကြောင့် ဆာလံဆရာဒါဝိဒ်သည် ယေဟောဝါအား ဤသို့သီဆိုခဲ့သည်– “အကျွန်ုပ်၏ [ဆုတောင်းချက်] သည် မီးရှို့သောနံ့သာပေါင်းကဲ့သို့ . . . ရှေ့တော်၌ ပြင်ဆင်လျက်ရှိပါစေသော။”—ဆာလံ ၁၄၁:၂။
သစ္စာရှိဣသရေလလူတို့သည် နံ့သာပေါင်းပူဇော်ခြင်းကို အဓိပ္ပာယ်မဲ့ထုံးတမ်းတစ်ခုအဖြစ် မရှုမြင်ခဲ့ချေ။ ယေဟောဝါအညွှန်းပေးခဲ့သည့်အတိုင်း နံ့သာပေါင်းကိုပြင်ဆင်၍ မီးရှို့ခြင်းကို သူတို့အလွန်ဂရုစိုက်ပြုလုပ်ခဲ့ကြသည်။ ယနေ့ ခရစ်ယာန်များသည် ပကတိနံ့သာပေါင်းကို မပူဇော်ကြတော့ဘဲ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ကို အထူးကျေးဇူးတင်၍ အလွန်လေးစားစွာဖြင့် ဆုတောင်းနေကြသည်။ ဝတ်ပြုရာအိမ်တော်တွင် ယဇ်ပုရောဟိတ်များ ပူဇော်သော သင်းကြိုင်သည့်နံ့သာပေါင်းကဲ့သို့ ‘သဘောဖြောင့်သောသူ၏ ဆုတောင်းချက်ကို ထာဝရဘုရားနှစ်သက်တော်မူ၏’ ဟုသမ္မာကျမ်းစာက အာမခံသည်။—သု. ၁၅:၈။
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
တဲတော်နှင့် ဝတ်ပြုရာ အိမ်တော်တွင် မီးရှို့သော နံ့သာပေါင်းသည် သန့် ရှင်းမြင့်မြတ်၏
[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]
ဆင်ခြင်တွေးတောခြင်းနှင့်ဆက်နွှယ်လျက် နံ့သာပေါင်းမီးရှို့ခြင်းသည် ခရစ်ယာန်များအတွက် လျော်ကန်သလော