မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့အား ငှက်များသင်ပေးနိုင်သောအရာ

ကျွန်ုပ်တို့အား ငှက်များသင်ပေးနိုင်သောအရာ

ကျွန်ုပ်​တို့အား ငှက်​များ​သင်ပေး​နိုင်သော​အရာ

“မိုးကောင်းကင်​၌​ကျင်လည်​သော​ငှက်​များ​ကို ကြည့်ရှု​ဆင်ခြင်​ကြလော့။ ထို​ငှက်​တို့သည် မျိုးစေ့ကို​မစိုက်​မ​ကြဲ၊ စပါး​ကို​မ​ရိတ်၊ ကျီ​၌​မ​စု​မ​သွင်း။ သို့သော်လည်း ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဘသည် သူတို့ကို​ကျွေးမွေး​တော်​မူ​၏။ ထို​ငှက်​တို့​ထက် သင်တို့သည် အလွန်​မြတ်​သည်မဟုတ်​လော။” (မဿဲ ၆:၂၆) ယေရှု​ခရစ်​သည် ဂါလိလဲ​ပင်လယ်​အနီး တောင်စောင်း​တစ်ခု​၌​ပေး​ခဲ့​သော ကိုယ်တော်​၏​ကျော်ကြား​သော တောင်ပေါ်​တရားတော်​၌ အဆိုပါ​စကား​များ​ကို မိန့်တော်မူ​ခဲ့​သည်။ ပရိသတ်​ထဲ​တွင် ကိုယ်တော်​၏​နောက်လိုက်​များ​သာ ရှိသည်​မဟုတ်။ နယ်မြေ​ဒေသ​အသီးသီး​မှ တပည့်​ဖြစ်လာ​မည့်​သူ လူအုပ်ကြီး​တစ်စု​လည်း တက်ရောက်​ခဲ့​ကြသည်။ သူတို့​အများစုမှာ ဆင်းရဲ​နွမ်းပါး​သူများ​ဖြစ်​ကြ​ပြီး ယေရှု ကုသ​ပေး​စေရန် လူနာများ​ကို​ပါ သူတို့​ခေါ်လာ​ခဲ့​ကြသည်။—မဿဲ ၄:၂၃–၅:၂; လုကာ ၆:၁၇-၂၀

ယေရှုသည် ရောဂါ​သည်​အားလုံး​ကို ကုသ​ပေး​ပြီး​နောက် သာ၍​အရေးပါသော ဝိညာဉ်​ရေး​လိုအပ်ရာ​များ​ကို အာရုံစိုက်​ဖြည့်စွက်​ပေး​ခဲ့​သည်။ ကိုယ်တော့်​သွန်သင်ချက်​များ​အနက်​တစ်ခု​မှာ အထက်​ဖော်ပြ​ပါ​အကြောင်းအရာ​ပါဝင်​သည်။

မိုးကောင်းကင်​၌​ကျင်လည်​သော​ငှက်​များ ရှိသည်​မှာ ကြာ​ပေ​ပြီ။ အချို့​ဆိုလျှင် အင်းဆက်ပိုး​များ​ကို စားသုံး​ကြ​၏၊ အခြား​ငှက်​များ​မူ သစ်သီး​သစ်စေ့​များ​ကို စားသုံး​ကြ​၏။ ဘုရားသခင်​သည် ငှက်​များ​စားသုံး​စ​ရာ​ကို ဤမျှ​ပေါများ​စွာ ပြင်ဆင်​ပေး​နိုင်​လျှင် လူသား​ကျေးကျွန်​များ နေ့စဉ်​စားစရာ​ရှိဖို့ အမှန်ပင်​ကူညီပေး​နိုင်​ပါ​လိမ့်​မည်။ ကိုယ်တော်​သည် သူတို့​စားစရာ​ရဖို့ ဝင်ငွေ​ရှိ​ရန် အလုပ်အကိုင်​ရှာ​ရာ​တွင် ကူညီ​ပေးခြင်း​ဖြင့် ကိုယ်တော်​ထိုသို့​ပြု​ပေမည်။ သို့​မဟုတ် သူတို့​စိုက်​ပျိုး​သော စားပင်​များ​ကို ဖြစ်ထွန်း​အောင်မြင်​စေ​ပေမည်။ အရေးပေါ်​အချိန်​များ​တွင်​မူ လိုအပ်​နေ​သူများကို မိမိတို့​၌​ရှိသော​အစာ ဝေမျှပေး​ကမ်း​ဖို့ ကြင်နာ​သော အိမ်နီးချင်း​များနှင့် မိတ်ဆွေများ​ကို ဘုရားသခင်​လှုံ့ဆော်ပေး​နိုင်​ပါ​သည်။

ငှက်​ဘဝကို အသေအချာ​လေ့လာ​ကြည့်​ခြင်း​ဖြင့် ကျွန်ုပ်​တို့​သင်ယူ​နိုင်​စ​ရာ များစွာ​ရှိပါ​သေး​သည်။ ဘုရားသခင်​သည် ငှက်​များ​တွင် ပင်ကို​အသိစိတ်​ရှိစေရန် ဖန်ဆင်း​ထား​သည်၊ ထို​အသိစိတ်​ဖြင့် ငှက်သိုက်​များ​ဆောက်လုပ်​နိုင်​ကြ​ပြီး ငှက်​သားပေါက်​များ​ကို ကျွေးမွေး​ပြုစု​နိုင်​ကြ​၏။ ဤ​ငှက်သိုက်​နှစ်မျိုး​နှစ်​စား​ကို သတိပြုပါ။ လက်ဝဲဘက်​မှ​ပုံ​မှာ အာဖရိက​ပျံလွှားငှက်​တစ်မျိုး (African rock martin) ၏​အသိုက်​ဖြစ်သည်။ ထို​ငှက်​သည် ကျောက်ဆောင်​မျက်နှာပြင် သို့​မဟုတ် အိမ်နံရံ​ပေါ်​တွင် အသိုက်​ဆောက်​လေ့​ရှိသည်။ ဤသို့​သော​အသိုက်​များ​၏​အမိုး​မှာ ငေါ​ထွက်​နေသော​ကျောက်ဆောင် သို့​မဟုတ် ပုံ​တွင်​ဖော်ပြ​ထား​သည့်​အတိုင်း အဆောက်အအုံ​၏​အမိုး​စွန်း​ဖြစ်သည်။ အသိုက်​၏​ကြမ်းခင်း​သည် ရွှံ့​လောက်​စာလုံး​ငယ်​များ​စီ​ထား​သည့် ခွက်​ပုံစံ​ဖြစ်သည်။ ငှက်​ဖို​ရော ငှက်​မပါ ရွှံ့​ခဲ​လေး​များ​ကို ကြိုးစား​စုသိမ်း​ကြ​ပြီး အသိုက်​ဆောက်​ပြီး​ရန် တစ်လ​ကျော်​ကြာ​နိုင်၏။ ထို့နောက် အသိုက်​အတွင်းပိုင်း​ကို မြက်​နှင့် ကြက်ငှက်​အမွေး​များ ခင်း​ကြသည်။ နှစ်ကောင်စလုံး မိမိတို့၏​သားငယ်​များ​ကို မျှဝေ​အစာ​ကျွေး​လေ့​ရှိသည်။ အောက်တွင်​တွေ့ရ​သော​အသိုက်​မှာ စာ​ဘူး​တောင်း​ငှက် (masked weaver) ဖို​၏​အသိုက်​ဖြစ်သည်။ လုံ့လ​ဝီရိယ​ရှိသော ဤ​အာဖရိက​ငှက်​သည် မြက်​ရွက်​ပြား​များ သို့​မဟုတ် အခြား​ရှည်​မျော​မျော​သစ်​ရွက်​များ​ဖြင့် အသိုက်​ဆောက်​သည်။ အသိုက်​တစ်ခု​ကို တစ်ရက်​အတွင်း​အပြီး​ဆောက်​နိုင်​ပြီး ရာသီ​တစ်ခု​အတွင်း အသိုက်​ပေါင်း ၃၀ ကျော် ရက်လုပ်​နိုင်​သည်!

အဘယ်​သင်ခန်းစာ​ရသနည်း။ ဘုရားသခင်​သည် အသိုက်​ဆောက်လုပ်​ဖို့ အတတ်ပညာ​နှင့် လိုအပ်သော​ပစ္စည်း​များ​ကို ငှက်​များ​အား ပေး​ထား​လျှင် မိမိ၏​လူသား​ကျေးကျွန်​များ​အား လိုအပ်​သည့်​အိမ်​နေရာများ​ရရှိရန် ထောက်ကူ​နိုင်​သည်။ သို့သော် ကျွန်ုပ်​တို့​လိုအပ်ရာ​များ​ရ​ရန် ယေဟောဝါ​၏​အကူအညီ​ရလိုလျှင် ကျွန်ုပ်​တို့​တစ်စုံတစ်ရာ​ပြုလုပ်​ဖို့​လို​ကြောင်း ယေရှု​ဤသို့​တင်ပြ​ခဲ့​သည်။ “ဘုရားသခင်​၏​နိုင်ငံတော်​နှင့် ဖြောင့်မတ်ခြင်း​တရားတော်​ကို ရှေ့​ဦးစွာရှာ​ကြလော့။ နောက်​မှ ထို​အရာများ​ကို​ထပ်၍ ပေး​တော်​မူ​လတ္တံ့” ဟု ယေရှု​ကတိပြု​ထား​သည်။ (မဿဲ ၆:၃၃) ‘ဘုရားသခင့်​နိုင်ငံတော်​ကို ရှေးဦး​ထားခြင်း​တွင် အဘယ်အရာ​ပါဝင်​သနည်း’ ဟု​သင်​သိ​လို​ပေမည်။ ဤ​မဂ္ဂဇင်း​ကို​ဝေငှကြ​သော ယေဟောဝါသက်သေ​များသည် ထို​မေးခွန်း​ကို ဝမ်းသာ​အားရ ဖြေဆို​ပေး​ပါ​လိမ့်​မည်။