မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဂိလဒ်ကျောင်း—အနှစ် ၆၀ ရှိ ခရစ်ယာန်သာသနာပြုသင်တန်း

ဂိလဒ်ကျောင်း—အနှစ် ၆၀ ရှိ ခရစ်ယာန်သာသနာပြုသင်တန်း

ဂိလဒ်​ကျောင်း—အနှစ် ၆၀ ရှိ ခရစ်ယာန်​သာသနာပြု​သင်တန်း

“သမ္မာကျမ်းစာ​ကို ကျွန်မ​တို့ အပတ်​တ​ကုပ်​လေ့လာ​လို့ ယေဟောဝါ​နဲ့ ပို​နီးကပ်​လာပြီး ကိုယ်တော်​ရဲ့​အဖွဲ့အစည်း​အကြောင်းကို ပို​သိရှိ​လာတယ်။ အဲ့​ဒါက တိုင်းတစ်ပါး​မှာ တာဝန်​ထမ်းဆောင်​ဖို့ ကျွန်မ​တို့ကို ကြိုတင်​ပြင်ဆင်​ပေး​လိုက်တာပဲ။” ပထမ​အကြိမ်​သင်တန်းဆင်း​တစ်ဦး​က ကင်းမျှော်စင် သမ္မာကျမ်းစာ ဂိလဒ်​ကျောင်းတွင် သူ​တက်ရောက်​ခဲ့​သည့် လေ့လာမှု​အစီအစဉ်ကို အထက်ပါ​အတိုင်း ဖော်ပြ​ခဲ့​ခြင်း​ဖြစ်သည်။ ဂိလဒ်​ကျောင်း​စတင်​ဖွင့်လှစ်​ခဲ့​သည့် လွန်ခဲ့သော​အနှစ် ၆၀ ကတည်းက ခရစ်ယာန်​သာသနာပြု​များ​ကို စေလွှတ်​လျက်​ရှိသည်။ ၁၁၄ ကြိမ်​မြောက် သင်တန်းဆင်း​ပွဲ​ကို ၂၀၀၃၊ မတ် ၈ ရက်​နေ့တွင် နယူးယောက်​မြို့၊ ပက်​တာ​စင်​ရှိ ကင်းမျှော်စင်​ပညာပေး​ဌာန​၌ ကျင်းပ​ခဲ့​၏။ ခန်းမ​နှင့် ဆက်သွယ်ရေး​ဂြိုဟ်တု​တပ်ထား​သော ဒေသ​များ​တွင် စုရုံး​ရောက်ရှိ​နေကြ​သူ ၆,၄၀၄ ဦး​တို့သည် ဟောပြောချက်​များ၊ လူတွေ့မေးမြန်းခန်း​များနှင့် အုပ်စု​တစ်စု​နှင့်​ဆွေးနွေးပွဲ​များ ပါဝင်​သည့် ဤ​အစီအစဉ်ကို အာရုံစိုက်​နားဆင်​ခဲ့​ကြသည်။

အုပ်ချုပ်ရေးအဖွဲ့ဝင် သီအိုဒေါရ် ဂျဲရက်စ်​သည် သဘာပတိ​ဖြစ်၏။ သူ၏​အဖွင့်​မှတ်ချက်များ​က အာရှ၊ ကရစ်ဘီယံ၊ ဗဟို​အမေရိက၊ တောင်​အမေရိက​နှင့် ဥရောပ​တို့​မှ ဧည့်သည်​များ​ပါရှိ​သည့် အပြည်ပြည်ဆိုင်ရာ ပရိသတ်​အသီးသီး​ကို အာရုံစိုက်​စေ​ခဲ့​သည်။ ညီအစ်ကို​ဂျဲရက်စ်​သည် ၂ တိမောသေ ၄:၅ ကို​အခြေပြု​၍ ဂိလဒ်​သင်တန်းဆင်း ခရစ်ယာန်​သာသနာပြု​များ​၏ အဓိက​လုပ်ငန်းမှာ ခရစ်ယာန် “သာသနာပြု​ဆရာ ဆောင်ရွက်​ရသော​အမှုကို ဆောင်ရွက်” ရန်ဖြစ်​သည်​ဟု အလေးအနက်​ပြော​ခဲ့​သည်။ ခရစ်ယာန်​သာသနာပြု​များသည် သမ္မာကျမ်းစာ​ကို လူ​တို့အား သင်ပေးခြင်း​ဖြင့် အမှန်တရားကို သက်သေခံ​နေကြ​သည်။

ကျောင်းသား​များသည် နောက်ဆုံး​သွန်သင်ချက်​ရရှိ

ယူနိုက်တက်​စ​တိတ်​ဌာနခွဲ​ကော်မတီဝင် ဂျွန် လာ​စ​န်​သည် ယုံကြည်ခြင်းကို ခိုင်ခံ့​စေသည့် “ဘုရားသခင်​သည် ငါ​တို့​ဘက်၌​ရှိတော်မူလျှင် အဘယ်သူ​သည် ငါ​တို့​တစ်ဖက်၌ နေနိုင်​မည်​နည်း” ဟူသော ဟောပြောချက်​ဖြင့် ဆက်တိုက်​ဟောပြောချက်​တို​အစီအစဉ်ကို စတင်​ခဲ့​သည်။ (ရောမ ၈:၃၁) ဟောပြောသူက မိမိတို့​တာဝန်​များ​တွင် ကြုံတွေ့​ရမည့် မည်သည့်​အခက်အခဲ​ကို​မဆို အောင်မြင်​ကျော်လွှား​ရန် ကူညီပေး​နိုင်သော ယေဟောဝါ​၏​တန်ခိုးတော်​ကို လုံးလုံးလျားလျား ယုံကြည်​စိတ်ချမှု​ရှိကြ​ဖို့ ကျောင်းသား​များ​အား ကျမ်းစာ​အခြေခံ​အချက်များ ရှင်းပြ​ခဲ့​၏။ ရောမ ၈:၃၈၊ ၃၉ ကို​အသုံးပြု၍ ညီအစ်ကို​လာ​စ​န်​သည် ကျောင်းသား​များ​အား ဤသို့​သတိပေး​ခဲ့​သည်– “သင်တို့​အကျိုးအတွက် ဘုရားသခင်​အသုံးပြု​နေတဲ့ တန်ခိုးတော်​ကို ခဏ​ရပ်​ပြီး စဉ်းစား​သုံးသပ်ပါ၊ သင်တို့​အပေါ်​ထား​တဲ့ ယေဟောဝါ​ရဲ့​ပုဂ္ဂိုလ်ရေး​တွယ်တာမှု​ကို အဘယ်အရာက​မှ ချိုးဖျက်​လို့​မရနိုင်​ဘူးဆို​တာ သတိရပါ။”

နောက်​ဟောပြောသူ​မှာ အုပ်ချုပ်ရေးအဖွဲ့ဝင် ဂို​င် ပီယပ်စ်​ဖြစ်သည်။ “သင်တို့​မျက်စိ​ကို ဆက်​ပျော်ရွှင်​စေပါ” ဟူသော ဟောပြောချက်ကို သူ​ရွေးချယ်​ဟောပြောခဲ့​သည်။ (လုကာ ၁၀:၂၃က​ဘ) သူက စစ်မှန်သော​ပျော်ရွှင်​ခြင်း​တွင် ယေဟောဝါ၊ ကိုယ်တော်​၏​ထာဝရ​ရည်ရွယ်ချက်​တို့ကို သိရှိခြင်း​အပြင် သမ္မာကျမ်းစာ​ပရောဖက်ပြုချက်​များ ပြည့်စုံခြင်း​ကို မြင်တွေ့ရ​ခြင်း​ပါဝင်​သည်​ဟု ရှင်းပြ​ခဲ့​သည်။ ကျောင်းသား​များသည် မည်သည့်​နေရာသို့​ပင်​သွား​ရ​ပါစေ၊ မိမိတို့​မျက်စိ​ကို ဆက်​ပျော်ရွှင်​စေခြင်း​အားဖြင့် စစ်မှန်သော​ပျော်ရွှင်မှု​ကို ထိန်းသိမ်း​ထား​နိုင်​ပါ​သည်။ ယေဟောဝါ​၏​ကောင်းမြတ်​မှု​ကို နက်နက်ရှိုင်းရှိုင်း စဉ်းစား​တွေးတော​ပြီး ကိုယ်တော်​၏​အလိုတော် ဆောင်ရွက်ခြင်း​အပေါ် မိမိတို့၏​စိတ်နှလုံး​ကို ဆက်၍​အာရုံစိုက်​ထား​ကြ​ရန် ကျောင်းဆင်း​များ​အား ညီအစ်ကို​ပီယပ်စ်​က အားပေး​တိုက်တွန်း​ခဲ့​သည်။ (ဆာလံ ၇၇:၁၂) ကျောင်းဆင်း​များသည် အပြုသဘောထား​ကို ထိန်းထား​ခြင်း​အားဖြင့် ကြုံတွေ့​ရမည့် မည်သည့်​ပြဿနာ​ကို​မဆို ကျော်လွှား​အောင်မြင်​နိုင်​ကြသည်။

ထို့နောက် နေ့စဉ်​သင်ကြား​ပေး​ခဲ့​သော သင်တန်းပို့ချ​သူ​နှစ်ဦး​က သင်တန်းဆင်း​များ​ကို နှုတ်ဆက်​အားပေး​စကားပြော​ခဲ့​သည်။ လော​ရဲ​န့်စ် ဘို​ဝင်​န်​က သူ၏​ဟောပြောချက်​ခေါင်းစဉ်​တွင် “သင်သည် ဘုန်း​အသရေ​ထင်ရှား​ရန် ကြိုးစား​နေ​သလော” ဟု​မေးခွန်းထုတ်ခဲ့​သည်။ လူအများစုက ဘုန်း​အသရေ​ဟူသည် ချီးမြှောက်ခံ​ရခြင်း၊ ဂုဏ်တင်​ခံရ​ခြင်း​နှင့် ထူး​ထူးချွန်​ချွန်​ဖြစ်​ခြင်း​တို့​နှင့် ဆက်စပ်​နေသည်​ဟု ထင်မြင်​ကြ​၏။ သို့ရာတွင် စစ်မှန်သော​ဘုန်း​အသရေ​ဖြစ်သည့် တန်ဖိုး​ကြီး​ဘဏ္ဍာ​မှာ ယေဟောဝါ​နှင့် အသရေရှိသော ဆက်ဆံ​ရေး​ရရှိ​ခြင်း​ဖြစ်သည်ဟု ဆာလံဆရာ​အာသ နားလည်​သဘောပေါက်​လာ​ခဲ့​၏။ (ဆာလံ ၇၃:၂၄၊ ၂၅) သမ္မာကျမ်းစာ​ကို အဓိပ္ပာယ်ရှိရှိ အဆက်မပြတ်​လေ့လာခြင်း​ဖြင့် ယေဟောဝါ​နှင့်​ရင်းနှီးသော​ဆက်ဆံ​ရေး​ကို ထိန်းသိမ်း​ထား​ရန် ကျောင်းဆင်း​များ​ကို အားပေးခဲ့​သည်။ ကောင်းကင်တမန်​တို့သည် ခရစ်တော်​အားဖြင့် ယေဟောဝါ​၏​ရည်ရွယ်ချက် အကောင်အထည်ဖော်​ခြင်း​နှင့်​စပ်လျဉ်း၍ အသေးစိတ်​အချက်အလက်​များ​ကို “စေ့စေ့​ကြည့်ရှု စဉ်းစား​ချင်​သော စေတနာ​စိတ်​ရှိကြ​၏။” (၁ ပေတရု ၁:၁၂) သူတို့သည် မိမိတို့​ခမည်းတော်​၏​ဘုန်းတော်​ကို ရောင်ပြန်ဟပ်​နိုင်​ရန် ကိုယ်တော့်​အကြောင်းကို ဖြစ်​နိုင်​သရွေ့ များများ​သင်ယူ​လို​ကြသည်။ ထို့နောက် ဟောပြောသူ​သည် တန်ဖိုး​ဖြတ်​မရ​သော ဘဏ္ဍာ​ကို ရှာတွေ့​ရန် အခြားသူများ​အား ကူညီ​ပေးခြင်း​ဖြင့် မိမိတို့၏​ခရစ်ယာန်​သာသနာပြု​တာဝန်​များ​တွင် ယေဟောဝါ​၏​ဘုန်းတော်​ထင်ရှားစေ​ဖို့ ကျောင်းသား​များ​ကို တိုက်တွန်း​ခဲ့​၏။

ကျောင်း​မော်ကွန်းထိန်း ဝေါ​လ်​လေး​စ် လစ်​ဗာ​ရန်​စ်​သည် “နက်နဲ​သော​အရာ​၌ ဘုရားသခင်​၏​ဉာဏ်ပညာ​ကို ပြသ​ကြလော့” ဟူသော အကြောင်းအရာ​ဖြင့် အဖွင့်​ဟောပြောချက်​အစီအစဉ်ကို နိဂုံး​ချုပ်​ခဲ့​သည်။ (၁ ကောရိန္သု ၂:၇) တမန်​တော်​ပေါလု​၏ ခရစ်ယာန်​သာသနာပြု​လုပ်ငန်း​စဉ်​အတွင်း သူ​ပြော​ခဲ့​သော ဤ​ဘုရားသခင့်​ဉာဏ်ပညာ​ဟူသည် အဘယ်နည်း။ ယင်းသည် ကမ္ဘာ့​ငြိမ်သက်မှု​နှင့် စည်းလုံးမှု​တို့ကို ဆောင်ကြဉ်း​ပေး​ရန် ယေဟောဝါ​၏​ပညာ​ရှိ၍ တန်ခိုး​ကြီးမား​လှ​သော နည်းလမ်းများ​ဖြစ်၏။ ဤ​ဉာဏ်ပညာ​သည် ယေရှု​အပေါ် ဗဟို​ပြု​သည်။ ပေါလု​သည် လူမှုရေး​ခရစ်ဝင်​တရားကို ဟောပြော​မည့်​အစား အာဒံ​အပြစ်​၏​အကျိုးဆက်များ​ကို ဘုရားသခင် မည်သို့​ပြုပြင်​မည်​ကို လူ​တို့​သိရှိ​လာရန် ကူညီပေး​ခဲ့​သည်။ (ဧဖက် ၃:၈၊ ၉) ဟောပြောသူ​သည် ပရိသတ်​ကို ဤသို့​တိုက်တွန်း​ခဲ့​သည်– “ယေဟောဝါ​ဟာ မိမိရဲ့​ရည်ရွယ်ချက် ဘယ်လို​ဖြစ်မြောက်အောင် ဆောင်ရွက်​ပေး​မယ်​ဆိုတာ သိရှိ​လာဖို့ လူတွေကို ကူညီပေး​ရတဲ့ ခရစ်ယာန်​သာသနာပြု​တာဝန်​ကို အခွင့်ထူး​တစ်ရပ်​အနေ​နဲ့ ရှုမြင်ခဲ့တဲ့ ပေါလု​လို သင်တို့ရဲ့​လုပ်ငန်းတော်​အခွင့်ထူး​ကို အသုံးပြုပါ။”

ထို့နောက် ဂိလဒ်​သင်တန်းပို့ချ​သူ​နောက်​တစ်ဦး မာ့ခ် နူ​မဲ​ရ်​သည် သင်တန်းသား​အချို့​နှင့် အားတက်တရော​ဆွေးနွေးမှု​တစ်ခု​ကို ကြီးကြပ်​ခဲ့​သည်။ “ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို လေ့လာခြင်း​က ထက်သန်​သော​ခရစ်ယာန်​ဓမ္မ​အမှုဆောင်​များ ဖြစ်လာ​စေ” ဟူသော ဟောပြောချက်သည် ရောမ ၁၀:၁၀ မှ​ပေါလု​၏​စကား​များ​ကို ပေါ်လွင်​စေ​ခဲ့​သည်။ ကျောင်းတက်​နေစဉ်​အတွင်း ပျော်ရွှင်​ခဲ့​ရသော လယ်ကွင်း​လုပ်ငန်းတော် တွေ့ကြုံမှု​များစွာကို သင်တန်းသား​များ ပြောပြ​ခဲ့​ကြ​၏။ ကျွန်ုပ်​တို့သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို လေ့လာ​ဆင်ခြင်​သုံးသပ်​သောအခါ ယေဟောဝါ​ဘုရားသခင်​နှင့် ကိုယ်တော်​၏​နိုင်ငံတော်​တို့​နှင့်​ပတ်သက်​သည့် အံ့ဖွယ်​အရာများ​သည် ကျွန်ုပ်​တို့​နှလုံး​တွင် ပြည့်​လာပြီး သူတစ်ပါး​အား ပြောပြ​လာ​ကြ​မည်​ဖြစ်​ကြောင်း သူတို့၏​တွေ့ကြုံမှု​များ​က ဖော်ပြ​ခဲ့​သည်။ ကျောင်းသား​များသည် ကင်းမျှော်စင်​ပညာပေး​ဌာန​တွင် ငါး​လ​တာ​နေထိုင်​စဉ်​အတွင်း အနီးအနား​အသင်းတော်များ​၏ နှံ့စပ်​စွာ​အမှုဆောင်​ပြီး​သော ဒေသ​များ​ရှိ စိတ်ဝင်စား​သူများ​နှင့် အိမ်တွင်း​ကျမ်းစာ​သင်အံမှု ၃၀ ကျော်​ကို စတင်​ကျင်းပ​ခဲ့​သည်။

ရင့်ကျက်သူ​တို့၏​မြွက်ကြား​သံ​များ ထွက်ပေါ်​လာ

ကျောင်းသား​များသည် ကျောင်း​ချိန်​ကာလ​အတွင်း ယူနိုက်တက်​စ​တိတ် ဗေသလ​မိသားစုဝင်​များနှင့် ပေါင်းသင်း​ခြင်း​မှ အကျိုး​ရရှိခဲ့​ကြသည်။ ဌာနခွဲ​အမှုထမ်း​ဝင်​များ​ဖြစ်​ကြသော ရောဘတ် စီ​ရန်ကို​နှင့် ရောဘတ် ပီ. ဂျွန်​ဆင်​တို့သည် ကင်းမျှော်စင်​ပညာပေး​ဌာန​တွင် ယခု​လောလောဆယ် အထူး​သင်တန်းတက်​နေကြ​သော နယ်လှည့်​ကြီးကြပ်မှူး​များ​အပါအဝင် ယေဟောဝါ​၏​နှစ်​ကြာ​သစ္စာရှိ​ကျေးကျွန်​အချို့​နှင့် လူတွေ့မေးမြန်းခန်း​များ ပြုလုပ်​ခဲ့​ကြသည်။ လူတွေ့မေးမြန်း​ခံရ​သူအား​လုံး​သည် တစ်ချိန်က ခရစ်ယာန်​သာသနာပြု​များ​အဖြစ် အမှုဆောင်ခဲ့​ကြသော ဂိလဒ်​ကျောင်းဆင်း​များ​ဖြစ်​ကြသည်။ ကျောင်းသား​များ၊ သူတို့၏​မိသားစု​များနှင့် မိတ်ဆွေများ​သည် အတွေ့အကြုံ​ရှိသော ဤ​ဝိညာဉ်​ရေး​လူများ​ထံ​မှ အားတက်ဖွယ် ဉာဏ်ပညာ​စကား​ကို ကြား​ခဲ့​ကြ​ရသည်။

သူတို့၏​အကြံဉာဏ်​တွင် ဤ​အချက်များ​ပါ​သည်– “ခရစ်ယာန်​ဓမ္မ​အမှုမှာ၊ အသင်းတော်မှာ ဖြစ်​နိုင်​သရွေ့ အလုပ်​များနေ​ပါ။” “ကိုယ်ကို​ကိုယ် သိပ်​အလေး​မပေး​ပါ​နဲ့။ ခရစ်ယာန်​သာသနာပြု​တစ်ယောက်​အနေ​နဲ့ သင့်ရဲ့​ရည်ရွယ်ချက်​အပေါ် အာရုံစိုက်​ထားပြီး သင်​တာဝန်ကျ​ရာ​အရပ်​ကို သင့်​အိမ်​အဖြစ် ရှုမြင်ပါ။” မည်သည့်​ဒေသ​တွင်​ပင် တာဝန်​ထမ်းဆောင်​ရ​ပါစေ၊ ဂိလဒ်​သင်တန်း​က ခရစ်ယာန်​အမှုဆောင်​တစ်ဦး ကောင်းမှု​ပြု​လာနိုင်​ဖို့ အရည်အချင်း​ပြည့်မီ​စေ​ပုံ​ကို တခြား​အကျိုးရှိ​မှတ်ချက်များ​ဖြင့် ဖော်ပြ​ခဲ့​သည်။ မှတ်ချက်​တချို့​မှာ ဤသို့​ဖြစ်သည်– “ကျွန်တော်​တို့ အတူတကွ ပူးပေါင်း​လုပ်ဆောင်​ရမယ်ဆိုတာ သိရှိ​လာ​ခဲ့​ကြတယ်။” “ယဉ်ကျေးမှု​ဓလေ့​အသစ်​ကို ကျွန်တော်​တို့​လက်ခံ​တတ်​ဖို့ ကျောင်း​ကနေ ကူညီပေး​ခဲ့တယ်။” “ကျမ်းချက်​တွေ​ကို ရှုထောင့်​အမျိုးမျိုးနဲ့ အသုံးပြု​တတ်​ဖို့ ကျွန်တော်​တို့ကို သင်ပေးတယ်။”

နှစ်​ကြာ​အုပ်ချုပ်ရေးအဖွဲ့ဝင် ဂျွန် အီး. ဘားရ်​သည် ဤ​အစီအစဉ်​၏ အဓိက​ဟောပြောချက်ကို ပေး​ခဲ့​သည်။ သူ၏​ကျမ်း​ဆိုင်ရာ​အဓိက​အချက်​မှာ “သူတို့၏​အသံသည် မြေတစ်ပြင်လုံး၌ နှံ့ပြား​လေ​ပြီ” ဖြစ်၏။ (ရောမ ၁၀:၁၈) ယနေ့ ဘုရားသခင်​၏​လူမျိုးတော်သည် ဤ​စိန်ခေါ်ချက်​ကို ရင်ဆိုင်​နိုင်​ခဲ့ပြီ​လော​ဟူ၍ သူ​မေးခွန်းထုတ်​ခဲ့​သည်။ အမှန်ပင် ရင်ဆိုင်​နိုင်​ခဲ့​ပါ​ပြီ! ၁၈၈၁ ခုနှစ်​ကတည်းက ကင်းမျှော်စင် မဂ္ဂဇင်း​ကို​ဖတ်​လာ​ခဲ့​ကြသော စာဖတ်​ပရိသတ်​များ​အား “သင်တို့သည် ဟောပြောနေကြ​သလော” ဟု​မေးခဲ့သည်။ ထို့နောက် ဟောပြောသူ​သည် ယူ.အက်စ်.အေ. အိုဟိုင်အို​ပြည်နယ်၊ စီ​ဒါ​ပွိုင့်​တွင်​ကျင်းပ​ခဲ့​သည့် ၁၉၂၂ စည်းဝေးကြီး​၏ “ဘုရင်​နှင့် သူ၏​နိုင်ငံတော်​ကို ကြေညာ​ကြ!” ဟူသော သမိုင်းဝင်​ဖိတ်ခေါ်ချက်​ကို ပရိသတ်​အားလုံး​အား အမှတ်​ရစေ​ခဲ့​သည်။ အချိန်​ကုန်လွန်​လာ​သည်​နှင့်​အမျှ ဘုရားသခင့်​သစ္စာရှိ​ကျေးကျွန်​များ​၏ စိတ်​ထက်သန်မှု​သည် အံ့ဖွယ်​ဘုရားသခင့်​နိုင်ငံတော်​အမှန်တရားကို လူမျိုးအပေါင်း​အား ကြေညာ​ရန် လှုံ့ဆော်ပေး​ခဲ့​သည်။ ယေဟောဝါ​အား ဂုဏ်တင်​ပြီး ချီးမွမ်း​ရန် စာပေ​စာတမ်း​အားဖြင့်​ဖြစ်စေ၊ နှုတ်​အားဖြင့်​ဖြစ်စေ မြေကြီးစွန်း​တိုင်အောင် သတင်းကောင်း​ရောက်ရှိ​ခဲ့ပြီ။ စိတ်​လှုပ်ရှား​ဖွယ်​နိဂုံး​ချုပ်​တွင် ညီအစ်ကို​ဘားရ်​က မိမိတို့၏​ကောင်းချီး​များ​ကို ရေတွက်​ရန် ကျောင်းဆင်း​များ​အား တိုက်တွန်း​ပြီး ဤသို့​ဆို​သည်– “သင်တို့ရဲ့​တာဝန်​နဲ့​ပတ်သက်ပြီး ယေဟောဝါ​ကို နေ့စဉ်​နဲ့​အမျှ ဆုတောင်း​တဲ့​အခါ ‘သူတို့၏​အသံသည် မြေတစ်ပြင်လုံး၌ နှံ့ပြား​လေ​ပြီ’ ဆို​တဲ့​စကား ပြည့်စုံ​ဖို့ သင်တို့​လုပ်ဆောင်​ရတဲ့​အပိုင်း​အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူး​တင်​ပါ။”

ဤ​ဟောပြောချက်​ပြီး​နောက် နှုတ်​ခွန်း​ဆက်​စာ​များ ဖတ်​ကြား​ပြီး သဘာပတိ​သည် ကျောင်းဆင်း​တစ်ဦးစီ​အား ဒီ​ပ​လို​မာ​ပေး​ခဲ့​သည်။ ထို့နောက် ချစ်​မြတ်နိုး​ရသော​ကျောင်း​မှ ထွက်ခွာ​ရချိန်တွင် ဝမ်းနည်း​ဝမ်းသာ​ဖြစ်နေ​ကြသော သင်တန်းသား​များ​အတွက် သင်တန်း​ကိုယ်စားလှယ်​တစ်ဦး​က အုပ်ချုပ်ရေး​အဖွဲ့​နှင့် ဗေသလ​မိသားစုကို လိပ်မူ​ထား​သည့် လှိုက်လှဲသော​သန္နိ​ဋ္ဌာန်​ကို ဖတ်ပြ​ခဲ့​၏၊ ထို​စာ​တွင် ယေဟောဝါ​ကို “ယခု​မှ​စ၍ အစဉ်အဆက်​ကောင်းချီး​ပေး​ကြ” မည့်​ကျောင်းဆင်း​များ​၏ ဆုံးဖြတ်ချက်​ကို ဖော်ပြ​ထား​သည်။—ဆာလံ ၁၁၅:၁၈

ဤ​ကျောင်းဆင်း​များသည် သူတို့၏​ဒေသ​အသစ်​တွင် နေသားကျ​ကာ အနှစ် ၆၀ တိုင်တိုင် သွားရောက်​လုပ်ဆောင်ခဲ့​ကြ​သူများ​ကဲ့သို့ ကမ္ဘာချီ​ဟောပြောခြင်း​လုပ်ငန်း​တိုးတက်မှု​တွင် ကောင်းစွာ​ပါဝင်​ကူညီ​နိုင်​ကြ​ပါစေ​ကြောင်း ကျွန်ုပ်​တို့​ဆုတောင်းပေး​ပါ​သည်။

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

သင်တန်း​ဆိုင်ရာ​အချက်အလက်​များ

ကိုယ်စား​ပြု​နိုင်ငံ​အရေအတွက်– ၁၂

တာဝန်​ပေးအပ်​ခံရ​သည့် နိုင်ငံ​အရေအတွက်– ၁၆

ကျောင်းသား/သူ​အရေအတွက်– ၄၈

ပျမ်းမျှ​အသက်– ၃၄.၄

ပျမ်းမျှ​အမှန်တရား​သက်တမ်း– ၁၇.၆

ပျမ်းမျှ​အချိန်ပြည့်​အမှုဆောင် သက်တမ်း– ၁၃.၅

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ဂိလဒ်​ကင်းမျှော်စင်​ကျမ်းစာ​ကျောင်း​၏ ၁၁၄ ကြိမ်​မြောက်​သင်တန်း

အောက်ပါ​စာရင်း​တွင် အတန်း​များ​ကို ရှေ့တန်း​မှ နောက်​တန်း​သို့ ရေတွက်​ပြီး အမည်များ​ကို လက်ဝဲ​မှ လက်ယာဘက်​သို့ စီ​ထား​သည်။

(1) Rosa, D.; Garrigolas, J.; Lindströ​m, R.; Pavanello, P.; Tait, N. (2) Van Hout, M.; Donabauer, C.; Martí​nez, L.; Millar, D.; Festré, Y.; Nutter, S. (3) Martí​nez, P.; Clarke, L.; Maughan, B.; Fischer, L.; Romo, G. (4) Romo, R.; Eadie, S.; Tuynman, C.; Campbell, P.; Millar, D.; Rosa, W. (5) Lindströ​m, C.; Garrigolas, J.; Markevich, N.; Lindala, K.; van den Heuvel, J.; Tait, S.; Nutter, P. (6) Maughan, P.; Pavanello, V.; Eadie, N.; West, A.; Clarke, D.; Markevich, J. (7) Fischer, D.; Donabauer, R.; Curry, P.; Curry, Y.; Carfagno, W.; West, M.; Tuynman, A. (8) Van Hout, M.; Campbell, C.; Festré, Y.; Carfagno, C.; van den Heuvel, K.; Lindala, D..