စာရှုသူများထံမှ မေးခွန်းလွှာ
စာရှုသူများထံမှ မေးခွန်းလွှာ
ဟေဗြဲ ၂:၁၄၊ ၁၅ တွင် စာတန်ကို “သေခြင်းတရားကိုအစိုးရသောသူ [“သေခြင်းကိုဖြစ်ပေါ်စေသည့် နည်းလမ်းရှိသူ၊” ကဘ]” ဟု အဘယ်ကြောင့် ခေါ်ဆိုထားသနည်း။
အတိုချုပ်ပြောရလျှင် စာတန်သည် သူကိုယ်တိုင်ဖြစ်စေ၊ သူ၏ကိုယ်စားလှယ်များအားဖြင့်ဖြစ်စေ လူတို့ကိုသေစေနိုင်၏ဟု ပေါလုဆိုလိုနေခြင်းဖြစ်သည်။ ယင်းနှင့်အညီ စာတန်ကို “ရှေးဦးစွာမှစ၍ လူအသက်ကိုသတ်သောသူ” ဟု ယေရှုခေါ်ဆိုခဲ့သည်။—ယောဟန် ၈:၄၄။
ဘာသာပြန်ကျမ်းအချို့က စာတန်ကို “သေခြင်းတန်ခိုးရှင်” ဟူ၍လည်းကောင်း “သေခြင်းကိုအစိုးရသည့် . . . တန်ခိုး” ရှိသူဟူ၍လည်းကောင်း ဘာသာပြန်ထားသောကြောင့် ဟေဗြဲ ၂:၁၄၊ ၁၅ ကို အဓိပ္ပာယ်လွဲမှားနိုင်သည်။ (သမာကျမ်း; သတင်းကောင်း) ၎င်းပြန်ဆိုချက်များအရ စာတန်သည် သူအလိုရှိသူမည်သူကိုမဆို သေစေနိုင်သော အကန့်အသတ်မဲ့စွမ်းပကားရှိသည်ဟု ယူဆစေနိုင်သည်။ သို့သော် ထိုသို့လုံးဝမဟုတ်ပါ။ ထိုသို့သာဆိုလျှင် သူသည် ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများကို ကြာမြင့်စွာကတည်းက မြေမျက်နှာပြင်ပေါ်မှ သုတ်သင်ရှင်းလင်းပစ်ပေလိမ့်မည်။—ကမ္ဘာဦး ၃:၁၅။
ဘာသာပြန်ကျမ်းအချို့တွင် “သေခြင်းကိုအစိုးရသည့် . . . တန်ခိုး” ဟူ၍လည်းကောင်း၊ ကမ္ဘာသစ်ဘာသာပြန်ကျမ်းတွင် “သေခြင်းကိုဖြစ်ပေါ်စေသည့် နည်းလမ်း” ဟူ၍လည်းကောင်း ဘာသာပြန်ထားသော ဂရိအသုံးအနှုန်းမှာ “ကရာတော့စ် တူ သာနာတူ” ဖြစ်သည်။ တူ သာနာတူသည် “သေခြင်း” ဟုအဓိပ္ပာယ်ရှိသည့် အသုံးအနှုန်းတစ်မျိုးဖြစ်သည်။ ကရာတော့စ်မှာ အရင်းခံအားဖြင့် “တွန်းအား၊ အစွမ်း၊ အင်အား” ကိုဆိုလိုသည်။ ဓမ္မသစ်ကျမ်း၏ ဘာသာရေးဆိုင်ရာအဘိဓာန်ကျမ်း အရ ယင်းသည် “၎င်းတွန်းအား သို့မဟုတ် အစွမ်းကို အသုံးချခြင်းထက် အစွမ်းရှိခြင်း၊ ယင်း၏အရေးပါမှု” ကိုဆိုလိုသည်။ ထို့ကြောင့် ဟေဗြဲ ၂:၁၄၊ ၁၅ တွင် ပေါလုက စာတန်၌ သေခြင်းကိုအစိုးရသည့် အကြွင်းမဲ့တန်ခိုးရှိသည်ဟု မဆိုလိုပါ။ ယင်းအစား သေခြင်းကိုဖြစ်ပေါ်စေနိုင်သော စာတန့်အစွမ်းကို သူဖော်ပြနေခြင်းဖြစ်သည်။
စာတန်သည် “သေခြင်းကိုဖြစ်ပေါ်စေသည့် နည်းလမ်း” ကိုမည်သို့အသုံးချသနည်း။ ယောဘကျမ်းတွင် အနည်းငယ်ထူးခြားသည့် အဖြစ်အပျက်တစ်ခုကို ကျွန်ုပ်တို့ဖတ်ရကြသည်။ ထိုမှတ်တမ်းအရ စာတန်သည် ယောဘ၏သားသမီးများကို ‘သေစေ’ ဖို့ လေပြင်းမုန်တိုင်းတစ်ခု အသုံးပြုခဲ့ကြောင်း သိရှိရသည်။ သို့သော် ဘုရားသခင့်ခွင့်ပြုချက်ဖြင့်သာ စာတန် ထိုသို့ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သတိပြုပါ၊ အရေးကိစ္စတစ်ခုကို အဆုံးအဖြတ်ပေးဖို့ ထိုသို့ ကိုယ်တော်ခွင့်ပြုခဲ့ရခြင်းလည်းဖြစ်သည်။ (ယောဘ ၁:၁၂၊ ၁၈၊ ၁၉) အမှန်မှာ၊ စာတန်ကိုယ်တိုင် ယောဘကို မသတ်နိုင်ခဲ့ပါ။ သူ့ကိုသတ်ခွင့် မရခဲ့ချေ။ (ယောဘ ၂:၆) စာတန်သည် တစ်ခါတစ်ရံ တည်ကြည်သူလူသားများကို သေစေနိုင်သည်မှန်သော်လည်း သူအလိုရှိတိုင်း ကျွန်ုပ်တို့ကိုသတ်ပစ်နိုင်မည်ဟု စိုးရိမ်စရာမလိုကြောင်း ၎င်းကဖော်ပြသည်။
စာတန်သည် လူသားကိုယ်စားလှယ်များအားဖြင့်လည်း သေခြင်းကိုဖြစ်ပေါ်စေခဲ့ပြီ။ ယင်းကြောင့် ခရစ်ယာန်များစွာတို့သည် သူတို့၏ယုံကြည်ခြင်းအတွက် သေဆုံးခဲ့ကြသည်၊ အချို့မှာ ဒေါသထွက်နေသော လူအုပ်များ၏လက်ချက်ဖြင့် အသေသတ်ခံခဲ့ကြရသည်၊ အုပ်စိုးရှင်အရာရှိများ သို့မဟုတ် လာဘ်စားသောတရားသူကြီးများ၏ အခွင့်အမိန့်ဖြင့် မတရားစွာ အသတ်ခံခဲ့ကြရသည်။—ဗျာ. ၂:၁၃။
ထို့အပြင် စာတန်သည် လူ့အားနည်းချက်များကို တစ်ခါတစ်ရံအသုံးပြုပြီး သေစေခဲ့ပြီ။ ရှေးဣသရေလလူမျိုးခေတ်တွင် ပရောဖက်ဗာလမ်သည် “ထာဝရဘုရားကိုပြစ်မှားစေခြင်းငှာ” ဣသရေလလူမျိုးကိုသွေးဆောင်ဖို့ မောဘလူမျိုးအား အကြံပေးခဲ့သည်။ (တောလည်ရာ ၃၁:၁၆) ယင်းကြောင့် ဣသရေလလူမျိုး ၂၃,၀၀၀ ကျော် သေဆုံးခဲ့ရသည်။ (တောလည်ရာ ၂၅:၉; ၁ ကောရိန္သု ၁၀:၈) ယနေ့လည်း အချို့တို့သည် စာတန်၏ “ပရိယာယ်တို့” ဖြင့်လှည့်စားခံရပြီး အကျင့်ယိုယွင်းမှု၊ သို့မဟုတ် ဘာသာတရားမဲ့သော အခြားအမူအကျင့်များကိုပြုဖို့ ဖြားယောင်းသွေးဆောင်ခံခဲ့ကြရပြီ။ (ဧဖက် ၆:၁၁) ထိုသူတို့သည် ချက်ချင်းအသက်ဆုံးရှုံးလေ့မရှိသည်မှာ မှန်ပါသည်။ သို့သော် သူတို့သည် ထာဝရအသက်ရဖို့အလားအလာကို လက်လွတ်ဆုံးရှုံးသွားကြသည်၊ ထိုနည်းဖြင့် သူတို့ကို စာတန်သေစေသည်။
အန္တရာယ်ပြုနိုင်သော စာတန်၏အစွမ်းကို ကျွန်ုပ်တို့အသိအမှတ်ပြုသော်လည်း သူ့ကို အကြောင်းမဲ့ကြောက်နေစရာမလိုပါ။ စာတန်၌ သေခြင်းကိုဖြစ်ပေါ်စေသည့်နည်းလမ်းရှိသည်ဟုဆိုစဉ် ပေါလုက “[စာတန်] ကို ချိုးဖဲ့ဖျက်ဆီးခြင်းငှာလည်းကောင်း၊ သေဘေးကိုကြောက်၍ တစ်သက်လုံးကျွန်ခံရသောသူတို့ကို ကယ်လွှတ်ခြင်းငှာ” ခရစ်တော်အသေခံခဲ့ကြောင်းကိုလည်း ဖော်ပြခဲ့သည်။ (ဟေဗြဲ ၂:၁၄၊ ၁၅) ယေရှုသည် ရွေးနုတ်ဖိုးပေး၍ ယုံကြည်သူလူသားများကို အပြစ်တရားနှင့် သေခြင်းတရား၏ ကျွန်အဖြစ်မှ အမှန်လွတ်မြောက်စေခဲ့ပြီ။—၂ တိမောသေ ၁:၁၀။
စာတန်၌ သေခြင်းကိုဖြစ်ပေါ်စေသည့် နည်းလမ်းရှိခြင်းသည် အလေးအနက်စဉ်းစားစရာဖြစ်သည်မှန်သော်လည်း ယေဟောဝါသည် စာတန်နှင့် သူ၏ကိုယ်စားလှယ်များ ဖြစ်ပေါ်စေသော မည်သည့်အန္တရာယ်ကိုမဆို ပျက်ပြယ်စေနိုင်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပါသည်။ ရှင်ပြန်ထမြောက်ပြီးသော ယေရှုသည် ‘စာတန်၏အမှုတို့ကိုပယ်ဖျက်’ လိမ့်မည်ဟု ယေဟောဝါအာမခံထားတော်မူ၏။ (၁ ယောဟန် ၃:၈) ယေရှုသည် ယေဟောဝါ၏တန်ခိုးတော်ဖြင့် လူသေများကို ရှင်ပြန်ထမြောက်စေပြီး သေခြင်းကို ပယ်ဖျက်ပါလိမ့်မည်။ (ယောဟန် ၅:၂၈၊ ၂၉) အဆုံးတွင် ယေရှုသည် စာတန်ကို တွင်းနက်ထဲချပစ်ခြင်းအားဖြင့် စာတန်၌ အစွမ်းတန်ခိုးအကန့်အသတ်မျှသာရှိကြောင်း သိသာထင်ရှားစေပါလိမ့်မည်။ နောက်ဆုံးတွင် စာတန်သည် ထာဝရဖျက်ဆီးခြင်း ခံရဖို့ရှိသည်။—ဗျာ. ၂၀:၁-၁၀။