မေတ္တာစစ်မွေးမြူနည်း
မေတ္တာစစ်မွေးမြူနည်း
“မေတ္တာသည် သက်စောင့်ဆေးဖြစ်၏; မေတ္တာသည် အသက်ဖြစ်၏။”—ဂျိုးဇက် ဂျွန်ဆင်၏ အသက်ရှင်ရခြင်းရည်ရွယ်ချက်၊ ၁၈၇၁။
လူတစ်ဦးသည် မေတ္တာတရားကို မည်သို့သင်ယူရသနည်း။ စိတ်ပညာ လေ့လာခြင်းဖြင့်လော။ မိမိဘာသာ စူးစမ်းလေ့လာခြင်းဖြင့်လော။ အချစ်ဇာတ်လမ်းများ ကြည့်ခြင်းဖြင့်လော။ ဝေးလေစွ။ ပထမအချက်အနေနှင့် မိဘများ၏ ပုံသက်သေနှင့် လေ့ကျင့်ပေးမှုမှ မေတ္တာတရားကို သင်ယူကြ၏။ ချစ်ခင်ကြင်နာမှုရှိသော ဝန်းကျင်ရှိ ကလေးများသည် မိဘများက မိမိတို့ကို ကျွေးမွေးစောင့်ရှောက်၍ ပြောဆိုဆက်သွယ်မှုရှိပြီး အလွန်စိတ်ဝင်စားမှုပြသည်ကို တွေ့မြင်ရသည့်အခါ မေတ္တာ၏အဓိပ္ပာယ်ကို နားလည်လာကြလိမ့်မည်။ အမှား၊ အမှန်နှင့်ပတ်သက်သော ခိုင်မာသည့်မူများကို လိုက်နာရန် မိဘများက သင်ပေးသည့်အခါတွင်လည်း မေတ္တာတရားကို သူတို့ သိရှိလာကြသည်။
မေတ္တာစစ်ဟူသည် တွယ်တာမှု သို့မဟုတ် တမ်းတလွမ်းဆွတ်မှုရှိရုံထက်မကချေ။ မေတ္တာစစ်သည် တစ်ဖက်က အပြည့်အဝတန်ဖိုးမထားတတ်သည့် သားသမီးများအား မေတ္တာဖြင့် ဆုံးမပဲ့ပြင်ပေးရသည့်အခါမျိုး၌ပင် သူတို့၏အကောင်းဆုံးအကျိုးအတွက် တစ်စိုက်မတ်မတ် လုပ်ဆောင်ပေးတတ်၏။ ကိုယ်ကျိုးစွန့်မေတ္တာပြသော အကောင်းဆုံးပုံနမူနာရှင်မှာ ဖန်ဆင်းရှင်ဖြစ်၏။ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “ငါ့သား၊ ထာဝရဘုရားဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကို စစ်ဆေးတော်မူသောအခါ စိတ်မပျက်နှင့်။ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ကို ဒဏ်ခတ်တော်မူတတ်၏။”—ဟေဗြဲ ၁၂:၅၊ ၆။
အသင်မိဘတို့၊ မိသားစုအပေါ်မေတ္တာထားရာတွင် ယေဟောဝါကို မည်သို့တုပနိုင်သနည်း။ လင်နှင့်မယား တစ်ဦးအပေါ်တစ်ဦးဆက်ဆံရာတွင် သင်တို့ပြသော ပုံသက်သေသည် မည်မျှအရေးကြီးပါသနည်း။
ပုံသက်သေဖြင့် မေတ္တာသင်ပေးလော့
သင်သည် ခင်ပွန်းဖြစ်လျှင် သင်၏ဇနီးကို အလွန်တန်ဖိုးထားပြီး ဂုဏ်တင်လေးစားစွာ ဆက်ဆံသလော။ သင်သည် ဇနီးဖြစ်လျှင် သင်၏ခင်ပွန်းကို ချစ်မြတ်နိုးလျက် ထောက်မပေးနေသလော။ ခင်ပွန်းနှင့်ဇနီးတို့သည် တစ်ဦးကိုတစ်ဦး ချစ်ခင်လေးစားသင့်သည်ဟု သမ္မာကျမ်းစာကဆို၏။ (ဧဖက် ၅:၂၈; တိတု ၂:၄) မိဘများက ထိုသို့လုပ်ဆောင်ကြသောအခါ ခရစ်ယာန်မေတ္တာပါလုပ်ရပ်များကို သူတို့သားသမီးများကိုယ်တိုင် မြင်တွေ့ကြသည်။ ထိရောက်မှုရှိပြီး အဖိုးတန်သင်ခန်းစာတစ်ရပ်ပေတည်း!
မိဘများသည် ဖျော်ဖြေမှု၊ ကိုယ်ကျင့်တရား၊ ပန်းတိုင်များနှင့် ဦးစားပေးရာများကဲ့သို့သော ကိစ္စရပ်များနှင့်ပတ်သက်၍ မိသားစုအကျိုးအတွက် မြင့်မားသောစံနှုန်းများအတိုင်း လိုက်နာသောအခါ အိမ်တွင်း၌လည်း မေတ္တာတရား ထွန်းကားစေရာရောက်သည်။ ထိုသို့သောမိသားစုစံနှုန်းများချမှတ်ရာတွင် သမ္မာကျမ်းစာသည် အလွန်အထောက်အကူပြုကြောင်း ကမ္ဘာတစ်ဝန်းရှိလူတို့ တွေ့ရှိခဲ့ကြပြီး သမ္မာကျမ်းစာသည် အမှန်ပင် “ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ . . . [ဆုံးမ]ခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကိုပြုတတ်” သည်မှာ သက်သေထင်ရှား၏။ (၂ တိမောသေ ၃:၁၆၊ ၁၇) တောင်ပေါ်တရားတော်တွင် တွေ့ရသော ဘဝအတွက် ကျင့်ဝတ်စည်းမျဉ်း များနှင့် လမ်းညွှန်ချက်တို့သည် ကောင်းမွန်လှသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူမှတ်ထားကြသည်။—မဿဲအခန်းကြီး ၅ မှ ၇။
မိသားစုတစ်စုလုံးသည် ဘုရားသခင်ထံတော်မှ လမ်းညွှန်မှုကို ရှာယူပြီး ကိုယ်တော်၏စံနှုန်းများအတိုင်း ကျင့်စောင့်သောအခါ အိမ်သားတစ်ဦးစီသည် သာ၍လုံခြုံမှုခံစားရပြီး ကလေးများသည် မိဘတို့အပေါ် ချစ်ခင်လေးမြတ်စိတ်ဖြင့် ကြီးပြင်းလာဖို့ သာ၍အကြောင်းများသည်။ တစ်ဖက်ကကြည့်လျှင်၊ နှစ်ဘဝစံကာ မမှန်မကန်၊ လျော့တိလျော့ရဲစံနှုန်းများ ကျင့်သုံးသည့်အိမ်တွင် ကလေးများသည် စိတ်ဆိုးအမျက်ထွက်ကာ ကလန်ကဆန်ပြုလုပ်လာတတ်ကြ၏။—ရောမ ၂:၂၁; ကောလောသဲ ၃:၂၁။
ကြင်ဖော်မဲ့မိဘများကော အသို့နည်း။ သူတို့သည် သားသမီးများကို မေတ္တာတရားအကြောင်းသင်ပေးရာတွင် အကြီးအကျယ်အခွင့်မသာဘဲ ဖြစ်နေပါသလော။ ဖြစ်စရာမလိုပါ။ ပူးပေါင်းဆောင်ရွက်မှုရှိ မိခင်ကောင်း၊ ဖခင်ကောင်းတို့ကို အစားထိုး၍မရသော်လည်း မိသားစုဆက်ဆံရေးကောင်းခြင်းက ကြင်ဖော်မဲ့ခြင်းကို အတော်အတန်ခံသာစေကြောင်း တွေ့ရှိခဲ့ကြရသည်။ သင်သည် ကြင်ဖော်မဲ့မိဘတစ်ဦးဖြစ်လျှင် သင့်အိမ်ထောင်တွင် သမ္မာကျမ်းစာမူများ ကျင့်သုံးရန် ကြိုးစားပါ။ နယပုံပြင်ကျမ်းမှ ကျမ်းတစ်ပိုဒ်က မိဘဘဝနှင့်ပတ်သက်၍ ဤသို့ဆို၏– “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။”—သု. ၃:၅၊ ၆; ယာကုပ် ၁:၅။
ကြင်ဖော်မဲ့မိဘတစ်ဦး၏ ကြည့်ရှုပြုစုမှုအောက် ကြီးပြင်းလာသူ လူကောင်းများစွာရှိပြီး ယခု ဤသူတို့သည် ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများ၏ ထောင်နှင့်ချီ ခရစ်ယာန်အသင်းတော်များတွင် ဘုရားသခင်၏အမှုတော်ကို တည်ကြည်စွာ ထမ်းဆောင်နေကြကြောင်း တွေ့ရှိရသည်။ ယင်းက ကြင်ဖော်မဲ့မိဘများသည်လည်း သူတို့သားသမီးများကို မေတ္တာတရားအကြောင်း အောင်မြင်စွာသွန်သင်ပေးနိုင်ကြောင်း သက်သေထူသည်။
လူခပ်သိမ်း မေတ္တာတရားမွေးမြူနိုင်ပုံ
မိသားစုအတွင်း တစ်ဦးအပေါ်တစ်ဦး ရှိသင့်သောချစ်ခင်ရင်းနှီးမှု မရှိတော့၍ “ပကတိကြင်နာစုံမက်ခြင်း” ကင်းခြင်းသည် ‘နောက်ဆုံးကာလ’ ၏အမှတ်အသားဖြစ်လိမ့်မည်ဟု သမ္မာကျမ်းစာက ကြိုဟောခဲ့သည်။ (၂ တိမောသေ ၃:၁၊ ၃) သို့တိုင် ချစ်ခင်ကြင်နာမှုမရှိသည့် အသိုင်းအဝိုင်းတွင် ကြီးပြင်းလာသူများပင်လျှင် မေတ္တာတရားမွေးမြူနိုင်ကြသည်။ မည်သို့အားဖြင့်နည်း။ ချစ်ခြင်းမေတ္တာ၏ပင်ရင်းဖြစ်ပြီး မိမိထံ စိတ်နှလုံးအကြွင်းမဲ့ လှည့်လာသူအားလုံးကို ချစ်ခင်ကြင်နာမှုပြသည့် ယေဟောဝါထံမှ သင်ယူခြင်းအားဖြင့်ဖြစ်သည်။ (၁ ယောဟန် ၄:၇၊ ၈) “ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း ထာဝရဘုရားသည် အကျွန်ုပ်ကို ချီယူတော်မူမည်” ဟုဆာလံဆရာတစ်ဦးက ဆိုခဲ့၏။—ဆာလံ ၂၇:၁၀။
ယေဟောဝါသည် ကိုယ်တော်၏မေတ္တာတော်ကို နည်းအမျိုးမျိုးဖြင့် ဖော်ပြ၏။ ယင်းတို့တွင် သမ္မာကျမ်းစာအားဖြင့်၊ သန့်ရှင်းသောဝိညာဉ်တော်အကူအညီအားဖြင့်၊ ခရစ်ယာန်ညီအစ်ကိုအသင်းအပင်း၏ နွေးထွေးသောထောက်မမှုအားဖြင့် ဖခင်တစ်ဦးသဖွယ် လမ်းညွှန်မှုပါဝင်သည်။ (ဆာလံ ၁၁၉:၉၇-၁၀၅; လုကာ ၁၁:၁၃; ဟေဗြဲ ၁၀:၂၄၊ ၂၅) အဆိုပါပြင်ဆင်ပေးချက်သုံးခုဖြင့် ဘုရားသခင်နှင့် အိမ်နီးချင်းတို့ကို ပိုမိုချစ်ခင်လာနိုင်ကြောင်း ဆင်ခြင်သုံးသပ်ကြည့်ပါ။
ဖခင်သဖွယ် မှုတ်သွင်းခံလမ်းညွှန်မှု
တစ်ဦးတစ်ယောက်နှင့် ခင်မင်ရင်းနှီးရန် ထိုသူနှင့်အကျွမ်းဝင်ဖို့လိုသည်။ ယေဟောဝါသည် သမ္မာကျမ်းစာတွင် မိမိအကြောင်းဖော်ပြထားကာ ကိုယ်တော်ထံချဉ်းကပ်ကြရန် ဖိတ်ခေါ်၏။ သို့သော် ကျမ်းစာဖတ်ရုံနှင့် မလုံလောက်ချေ။ ၎င်း၏သွန်သင်ချက်များကို လက်တွေ့ကျင့်သုံးရမည်၊ သို့ဖြင့် အကျိုးကျေးဇူးများကို ခံစားရမည်။ (ဆာလံ ၁၉:၇-၁၀) “ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကို သွန်သင်၍ သင်သွားအပ်သောလမ်းဖြင့် ပို့ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏” ဟုဟေရှာယ ၄၈:၁၇ ကဆိုသည်။ မှန်ပါသည်၊ မေတ္တာ၏ပြယုဂ်ဖြစ်သော ယေဟောဝါသည် မလိုအပ်သော စည်းမျဉ်းဥပဒေများဖြင့် ကျွန်ုပ်တို့၏လွတ်လပ်မှုကို ချုပ်ကိုင်လို၍မဟုတ်ဘဲ ကျွန်ုပ်တို့အကျိုးအတွက် သွန်သင်ပေးတော်မူ၏။
သမ္မာကျမ်းစာ၏ တိကျမှန်ကန်သော အသိပညာရှိခြင်းကလည်း လူလူချင်းအပေါ် ချစ်တတ်လာစေသည်။ အကြောင်းမှာ ကျမ်းစာအမှန်တရားက လူသားများကို ဘုရားသခင် မည်သို့ရှုမြင်ကြောင်း သွန်သင်ပေးပြီး တစ်ဦးနှင့်တစ်ဦးဆက်ဆံရာတွင် ဖိလိပ္ပိ ၁:၉၊ ကဘ။
လိုက်လျှောက်သင့်သည့် မူများကို ဖော်ပြသည်။ ယင်းကိုသိထားခြင်းဖြင့် အိမ်နီးချင်းကိုချစ်ရန် ခိုင်လုံသောအခြေအမြစ်ရှိစေသည်။ တမန်တော်ပေါလုက “ငါဆုတောင်းသောအချက်ဟူမူကား၊ သင်တို့၏မေတ္တာသည် တိကျမှန်ကန်သောအသိပညာနှင့် ပြည့်ဝစုံလင်သော ပိုင်းခြားဝေဖန်နိုင်စွမ်းတို့ဖြင့် တိုး၍ကုံလုံကြွယ်ဝနေနိုင်မည်အကြောင်းတည်း” ဟုပြောခဲ့သည်။—“တိကျမှန်ကန်သောအသိပညာ” ကမေတ္တာကို နည်းမှန်လမ်းကျ မည်သို့လမ်းညွှန်နိုင်ပုံကို ဖော်ပြရန် တမန်တော် ၁၀:၃၄၊ ၃၅ ပါဤအခြေခံအမှန်တရားကို ဆင်ခြင်သုံးသပ်ကြည့်ပါ– “ဘုရားသခင်သည် လူမျက်နှာကို မှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌ မျက်နှာရသည်။” ဘုရားသခင်သည် နိုင်ငံသား သို့မဟုတ် လူအမျိုးအနွယ်ဖြင့်မဟုတ်ဘဲ လူတို့၏ဖြောင့်မတ်သောအမူအကျင့်များနှင့် ဘုရားသခင်ရေးရာကြောက်ရွံ့မှုဖြင့် အကဲဖြတ်လျှင် လူသားချင်းကို ထိုနည်းတူ ကျွန်ုပ်တို့မျက်နှာမလိုက်ဘဲ ရှုမြင်သင့်သည်မဟုတ်ပေလော။—တမန်တော် ၁၇:၂၆၊ ၂၇; ၁ ယောဟန် ၄:၇-၁၁၊ ၂၀၊ ၂၁။
ချစ်ခြင်းမေတ္တာ—ဘုရားသခင်၏ဝိညာဉ်အသီးတစ်လုံး
အချိန်တန်မိုးကြောင့် သီးစားခြံတွင် သီးအားကောင်းစေသကဲ့သို့ ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ‘ဝိညာဉ်အသီး’ ဟုသမ္မာကျမ်းစာခေါ်ဆိုသည့် အရည်အသွေးများကို လူတို့သီးပွင့်နိုင်ကြမည်။ (ဂလာတိ ၅:၂၂၊ ၂၃) ပထမဆုံးအသီးမှာ ချစ်ခြင်းမေတ္တာဖြစ်၏။ (၁ ကောရိန္သု ၁၃:၁၃) သို့သော် ဘုရားသခင်၏ဝိညာဉ်တော်ကို မည်သို့ရရှိနိုင်သနည်း။ အရေးပါသောနည်းတစ်နည်းမှာ ဆုတောင်းခြင်းအားဖြင့်ဖြစ်၏။ ဘုရားသခင်၏ဝိညာဉ်တော်ရရှိရန် ဆုတောင်းမည်ဆိုလျှင် ကျွန်ုပ်တို့ကို ကိုယ်တော်ပေးတော်မူလိမ့်မည်။ (လုကာ ၁၁:၉-၁၃) သင်သည် သန့်ရှင်းသောဝိညာဉ်တော်ရရှိရန် ‘အဆက်မပြတ်’ ဆုတောင်းသလော။ ထိုသို့ဆုတောင်းလျှင် သင်၏ဘဝအသက်တာတွင် မေတ္တာအပါအဝင် တန်ဖိုးရှိဝိညာဉ်အသီးများကို ပိုမိုသီးပွင့်လာပေမည်။
သို့ရာတွင် ဘုရားသခင်၏ဝိညာဉ်တော်နှင့် ဆန့်ကျင်သည့် ဝိညာဉ်နောက်တစ်မျိုးရှိသေးသည်။ ၎င်းကို သမ္မာကျမ်းစာက “လော[က]ဝိညာဉ်” ဟုခေါ်ဆို၏။ (၁ ကောရိန္သု ၂:၁၂; ဧဖက် ၂:၂) ယင်းသည် မကောင်းဆိုးဝါးသြဇာဖြစ်ပြီး ၎င်း၏ရင်းမြစ်မှာ ဘုရားသခင်ထံမှ ဝေးကွာသည့် လူသားများ၏ “ဤလောကကိုအစိုးရသောမင်း” စာတန်ပင်ဖြစ်သည်။ (ယောဟန် ၁၂:၃၁) ဖုန်ထပြီး အမှိုက်ပွစေသည့် လေကဲ့သို့ ‘ဤလောကဝိညာဉ်’ သည်ချစ်ခြင်းမေတ္တာကင်းမဲ့စေ၍ သွေးသားအားနည်းမှုအလိုသို့ လိုက်စေသည့် တပ်မက်မှုများကို နှိုးဆွပေးတတ်၏။—ဂလာတိ ၅:၁၉-၂၁။
လူတို့သည် ဥစ္စာပစ္စည်းတပ်မက်၍ ငါသာပဓာနတွေးခေါ်မှုရှိမည်၊ အကြမ်းဖက်စိတ်ထားများရှိပြီး ချစ်ခြင်းမေတ္တာကို ဤလောကကဲ့သို့ တလွဲအဓိပ္ပာယ်ကောက်ယူနေကြမည်ဆိုလျှင် ထိုဆိုးညစ်သောဝိညာဉ်ကို ခံယူနေကြ၏။ သင်သည် စစ်မှန်သောမေတ္တာ တိုးပွားများပြားလိုလျှင် ဤလောကဝိညာဉ်ကို ခိုင်မာပြတ်သားစွာ တွန်းလှန်ရမည်။ (ယာကုပ် ၄:၇) သို့သော် မိမိ၏ခွန်အားကို မကိုးစားဘဲ ယေဟောဝါ၏အကူအညီကို တောင်းခံပါ။ စကြဝဠာတွင် တန်ခိုးအထက်မြက်ဆုံးတွန်းအားဖြစ်သည့် ကိုယ်တော်၏ဝိညာဉ်တော်သည် သင့်ကိုခွန်အားပေးပြီး၊ အောင်မြင်စေပါလိမ့်မည်။—ဆာလံ ၁၂၁:၂။
ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းမှ မေတ္တာကို သင်ယူလော့
ကလေးများသည် မိသားစုတွင် မေတ္တာပြခံရ၍ ကိုယ်တိုင်မေတ္တာပြတတ်လာသကဲ့သို့ လူကြီးလူငယ်မရွေး ကျွန်ုပ်တို့အားလုံးသည် တခြားခရစ်ယာန်များနှင့် ပေါင်းသင်းခြင်းဖြင့် မေတ္တာတိုးပွားလာနိုင်သည်။ (ယောဟန် ၁၃:၃၄၊ ၃၅) ခရစ်ယာန်အသင်းတော်၏ အဓိကလုပ်ဆောင်ချက်တစ်ချက်မှာ လူတိုင်း “မေတ္တာစိတ်ရှိစေ ခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှာလည်းကောင်း တိုက်တွန်းနှိုးဆော်” သည့်ဝန်းကျင် ပျိုးထောင်ပေးရန်ဖြစ်သည်။—ဟေဗြဲ ၁၀:၂၄။
အထူးသဖြင့် ကျွန်ုပ်တို့ဝန်းကျင်ရှိ မေတ္တာမဲ့လောက၌ “ပင်ပန်း၍အားလျော့” နေသူများသည် ဤကဲ့သို့သောမေတ္တာမျိုးကို တန်ဖိုးထားကြသည်။ (မဿဲ ၉:၃၆၊ သမ္မာ) ကလေးဘဝတွင် မေတ္တာမခံစားခဲ့ရသော ဆိုးကျိုးများစွာကို လူကြီးဘဝ၌ မေတ္တာပါသောဆက်ဆံမှုများက ထေပေးနိုင်ကြောင်း တွေ့ရှိခဲ့ကြရပြီ။ ထို့ကြောင့် ဆက်ကပ်အပ်နှံပြီးသော ခရစ်ယာန်ဟူသရွေ့သည် မိမိတို့နှင့်ပေါင်းသင်းလာကြသူ လူသစ်များကို လှိုက်လှဲစွာကြိုဆိုခြင်းသည် တကယ်ကိုအရေးကြီးလှပေသည်!
“မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏”
“မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏” ဟူ၍ သမ္မာကျမ်းစာကဆိုသည်။ (၁ ကောရိန္သု ၁၃:၈) မည်သို့အားဖြင့်နည်း။ တမန်တော်ပေါလုက ဤသို့ပြောပြသည်– “မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။ မလျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကိုမရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည်ဟုမထင်တတ်။” (၁ ကောရိန္သု ၁၃:၄၊ ၅) ဤမေတ္တာသည် စိတ်ကူးယဉ်မေတ္တာ သို့မဟုတ် အပေါ်ယံမေတ္တာမဟုတ်သည်မှာ ရှင်းနေပါသည်။ ထိုသို့ဖြစ်မည့်အစား၊ မေတ္တာပြသူများသည် ဘဝ၏စိတ်ပျက်စရာများနှင့် နာကြည်းစရာများကို သိရှိကြသော်လည်း ယင်းကြောင့် လူသားချင်းအပေါ်ထားရှိသည့် သူတို့၏မေတ္တာကို ပျက်စီးမသွားစေပါ။ ဤသို့သောမေတ္တာသည် “စုံလင်ခြင်းအဖွဲ့အစည်း” အမှန်ပင်ဖြစ်ပါသည်။—ကောလောသဲ ၃:၁၂-၁၄။
ကိုရီးယားနိုင်ငံမှ ၁၇ နှစ်အရွယ် ခရစ်ယာန်မိန်းကလေးတစ်ဦး၏ ပုံနမူနာကို သုံးသပ်ကြည့်ပါ။ သူသည် ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်လာသောအခါ သူ၏မိသားစုက မကြိုက်ကြသောကြောင့် အိမ်မှနှင်ထုတ်ခံခဲ့ရသည်။ သို့သော် သူသည် စိတ်ဆိုးမည့်အစား ယင်းကို ဆုတောင်း၍ သမ္မာကျမ်းစာနှင့် သန့်ရှင်းသောဝိညာဉ်တော်တို့က မိမိ၏စဉ်းစားတွေးခေါ်မှုကို ပုံသွင်းစေသည်။ ထို့နောက် မိသားစုကို အမှန်တကယ်ချစ်ခင်သည့်အတွက် မကြာခဏ စာရေးအားပေးခဲ့၏။ အကျိုးကား သူ၏အစ်ကိုနှစ်ဦးသည် ကျမ်းစာစလေ့လာကြပြီး ယခု ဆက်ကပ်အပ်နှံပြီးသောခရစ်ယာန်များ ဖြစ်နေကြပေပြီ။ သူ၏မိခင်နှင့် မောင်လေးသည်လည်း ကျမ်းစာအမှန်တရားကို လက်ခံကြသည်။ နောက်ဆုံးတွင် အပြင်းအထန်အတိုက်အခံပြုခဲ့သော သူ၏ဖခင်သည် စိတ်ထားပြောင်းလဲသွားသည်။ သက်သေခံမိန်းကလေးက ဤသို့စာရေးသည်– “ကျွန်မတို့အားလုံး ခရစ်ယာန်ချင်းတွေနဲ့ အိမ်ထောင်ပြုခဲ့ကြတယ်၊ အခုဆိုရင် ကျွန်မတို့မိသားစုမှာ စည်းလုံးစွာနဲ့ ဝတ်ပြုသူ စုစုပေါင်း ၂၃ ယောက်ရှိနေပြီ။” မေတ္တာအောင်ပွဲခံလိုက်လေသတည်း!
သင့်တွင် မေတ္တာစစ်ရှိပြီး တခြားသူများကိုလည်း မေတ္တာစစ်ရှိဖို့ ကူညီပေးလိုသလော။ သို့ဆိုလျှင် ထိုအဖိုးတန်အရည်အသွေး၏ရင်းမြစ်ဖြစ်သော ယေဟောဝါထံ အကူအညီတောင်းပါ။ ကိုယ်တော်၏နှုတ်မြွက်စကားတော်ကို နှလုံးသွင်း၍ သန့်ရှင်းသောဝိညာဉ်တော်အတွက် ဆုတောင်းကာ ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းနှင့် မှန်မှန်ပေါင်းသင်းပါ။ (ဟေရှာယ ၁၁:၉; မဿဲ ၅:၅) မကြာမီ ဆိုးညစ်သူအားလုံး ပပျောက်သွားပြီး ခရစ်ယာန်မေတ္တာစစ် ရှိသူများသာလျှင် ကျန်ရစ်တော့မည်ကို သိရှိရခြင်းသည် အလွန်ဝမ်းသာပီတိဖြစ်စရာပါတကား! ချစ်ခြင်းမေတ္တာသည် ပျော်ရွှင်ခြင်းနှင့် အသက်ရှင်ခြင်း၏ အဓိကသော့ချက်အမှန်ဖြစ်သည်။—ဆာလံ ၃၇:၁၀၊ ၁၁; ၁ ယောဟန် ၃:၁၄။
[စာမျက်နှာ ပါ ရုပ်ပုံ6]
ဆုတောင်းခြင်းနှင့် သမ္မာကျမ်းစာကို လေ့လာခြင်းသည် မေတ္တာစစ်ကို မွေးမြူရန်အကူအညီဖြစ်စေလိမ့်မည်