ကျွန်ုပ်တို့ ထီးတည်းနေ၍ မရသောအကြောင်းရင်း
ကျွန်ုပ်တို့ ထီးတည်းနေ၍ မရသောအကြောင်းရင်း
ရှေးခေတ်ဣသရေလဘုရင် ရှောလမုန်က ဤသို့ကြေညာခဲ့သည်– “လူသည် တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ကောင်း၏။ ကြိုးစားအားထုတ်လျှင် ကောင်းသောအကျိုးကိုရတတ်၏။ တစ်ယောက်လဲလျှင် တစ်ယောက်ထူလိမ့်မည်။ တစ်ယောက်တည်းသောသူလဲလျှင်မူကား အကျိုးနည်းပြီ။ ထူသောသူမရှိ။” (ဒေ. ၄:၉၊ ၁၀) လူ့အပြုအမူကိုလေ့လာသူ ဤပညာရှိသည် ကျွန်ုပ်တို့ အပေါင်းအဖော်လိုအပ်ကြောင်းနှင့် တစ်သီးပုဂ္ဂလမနေဖို့ အရေးကြီးကြောင်း မီးမောင်းထိုးပြသည်။ သို့သော် ယင်းသည် လူ့ထင်မြင်ချက်မျှသာမဟုတ်ပါ။ ဘုရားသခင့်ဉာဏ်ပညာတော်နှင့် ကိုယ်တော်၏မှုတ်သွင်းခြင်းခံရသောကြောင့် ထိုသို့ရှောလမုန်ဖော်ပြနိုင်ခဲ့ခြင်းဖြစ်သည်။
တစ်သီးပုဂ္ဂလနေခြင်းသည် ပညာမရှိပါ။ လူတို့သည် တစ်ဦးကိုတစ်ဦးလိုအပ်ကြသည်။ လူလူချင်းထံမှရရှိနိုင်သော ခွန်အားနှင့် အကူအညီကို ကျွန်ုပ်တို့လိုအပ်ကြသည်။ “ထီးတည်းနေသူသည် ကိုယ့်အတ္တဆန္ဒကိုသာ ရှာကြံမည်၊ လက်တွေ့ကျသောဉာဏ်ပညာမှန်သမျှကို ငြင်းပယ်ချိုးဖျက်ပစ်တတ်သည်” ဟုနယပုံပြင်ကျမ်းတစ်ချက်ကဆို၏။ (သု. ၁၈:၁၊ ကဘ) ထို့ကြောင့် အုပ်စုတစ်စုအဝင်ဖြစ်ရန်နှင့် အခြားသူများကို စိတ်ဝင်စားမှုပြရန် လူမှုရေးသိပ္ပံပညာရှင်များ အားပေးတိုက်တွန်းခြင်းသည် အဆန်းမဟုတ်ပါ။
အုပ်စုဖွဲ့နေထိုင်သည့်ဘဝ ပြန်လည်ဖော်ထုတ်စေခြင်းကို ထောက်ခံပြောဆိုရာတွင် ပါမောက္ခ ရောဘတ် ပတ်နမ်က “ဘာသာရေးယုံကြည်ချက်ကို အားဖြည့်ပေးခြင်း” အကြောင်းဖော်ပြသည်။ ယေဟောဝါသက်သေများသည် ဤကိစ္စတွင် ထူးခြားထင်ရှားသည်၊ အကြောင်းမှာ သူတို့သည် ကမ္ဘာတစ်ဝန်းတွင် မိသားစုနှင့်တူသောအသင်းတော်များ၌ အကာအကွယ်ရရှိခံစားကြရသောကြောင့်ဖြစ်သည်။ တမန်တော်ပေတရု၏စကားနှင့်အညီ သူတို့သည် ‘ညီအစ်ကိုများအသင်းအပင်းတစ်ခုလုံးကိုချစ်’ ကြပြီး “ဘုရားသခင်ကို” ရိုသေခန့်ညား “ကြောက်ရွံ့” ကြသည်။ (၁ ပေတရု ၂:၁၇) စစ်မှန်သောဝတ်ပြုရေးနှင့် ဆက်နွှယ်လျက်ရှိသော အပြုသဘောပါ လုပ်ဆောင်မှုများက ဘုရားသခင့်နှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာပါ အမှန်တရားကို မိမိတို့အိမ်နီးချင်းများအားသိရှိစေရန် ကူညီပေးခြင်းပါဝင်သောကြောင့် သက်သေခံများသည် တစ်သီးပုဂ္ဂလနေခြင်းနှင့် ယင်း၏ဆိုးကျိုးများကိုပါ ရှောင်ကြဉ်ကြသည်။—၂ တိမောသေ ၂:၁၅။
ချစ်ခြင်းမေတ္တာနှင့် ပေါင်းသင်းမှုတို့က သူတို့၏အသက်တာများကို ပြောင်းလဲစေခဲ့
ယေဟောဝါသက်သေများသည် စည်းလုံးသောလူ့အဖွဲ့အစည်းဖြစ်သည်၊ ထိုတွင်ရှိသူတိုင်းသည် အရေးပါ၏။ သာဓကအနေနှင့် လက်တင်အမေရိကရှိ မိသားစုတစ်ခုတည်းမှ အိမ်သူအိမ်သားသုံးဦးဖြစ်သော မီဂေးလ်၊ ဖရိုလဲန်းနှင့် အယ်လ်မာရုသ်တို့၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူတို့သည် အရိုး မူမမှန်ဘဲမွေးဖွားလာကြသောကြောင့် ပုညှက်လွန်ရောဂါရရှိကြသည်။ သူတို့သုံးယောက်စလုံးသည် ဘီးတပ်ကုလားထိုင်များဖြင့် သွားလာကြရသည်။ သက်သေခံများနှင့်ပေါင်းသင်းခြင်းက သူတို့၏အသက်တာကို မည်သို့အကျိုးသက်ရောက်စေခဲ့သနည်း။
မီဂေးလ်က ဤသို့ပြောပြသည်– “ဘေးကျပ်နံကျပ်အချိန်တွေကို ကျွန်တော်ဖြတ်ကျော်ခဲ့ရတယ်၊ ဒါပေမဲ့ ယေဟောဝါရဲ့လူမျိုးတော်နဲ့
ကျွန်တော်စပေါင်းသင်းကတည်းက ကျွန်တော့်ဘဝပြောင်းလဲသွားတယ်။ တစ်သီးပုဂ္ဂလနေခြင်းဟာ တကယ်ကြောက်ဖို့ကောင်းတာပဲ။ ခရစ်ယာန်အစည်းအဝေးတွေမှာ ယုံကြည်သူရောင်းရင်းများနဲ့ ပေါင်းဖော်ခြင်း၊ အပတ်တိုင်း သူတို့နဲ့အတူရှိနေခြင်းက ကျွန်တော့်ကို အကြီးအကျယ်ကျေနပ်ရောင့်ရဲစေတယ်။”အယ်လ်မာရုသ်ကလည်း ဤသို့ဖြည့်စွက်ပြောဆိုသည်– “ကျွန်မ အကြီးအကျယ်စိတ်ဓာတ်ကျတဲ့ အချိန်အခါတွေရှိခဲ့တယ်; သိပ်ပြီးဝမ်းနည်းကြေကွဲခဲ့တာ။ ဒါပေမဲ့ ယေဟောဝါအကြောင်း ကျွန်မသိလာတဲ့အခါ ကိုယ်တော်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိနိုင်တာကို သိလာတယ်။ အဲဒီဆက်ဆံရေးက ကျွန်မဘဝမှာ တန်ဖိုးအရှိဆုံးပဲ။ အိမ်သားတွေကလည်း ကျွန်မတို့ကို အများကြီးအားပေးထောက်မလို့ ကျွန်မတို့ ပိုပြီးစည်းလုံးလာတယ်။”
မီဂေးလ်၏ဖခင်သည် မီဂေးလ်ကို ရေးတတ်၊ ဖတ်တတ်ဖို့ မေတ္တာဖြင့် သင်ကြားပေးခဲ့သည်။ ထို့နောက် မီဂေးလ်က ဖရိုလဲန်းနှင့် အယ်လ်မာရုသ်တို့ကို ပြန်သင်ပေးခဲ့သည်။ ယင်းက သူတို့၏ဝိညာဉ်ရေးအတွက် အရေးကြီးသည်။ “စာဖတ်တတ်လို့ ကျွန်မတို့ အကျိုးအများကြီးရခဲ့တယ်၊ အဲဒါကြောင့် သမ္မာကျမ်းစာနဲ့ ကျမ်းစာအခြေပြုစာပေတွေကို ကျွန်မတို့ဖတ်ရှုပြီး ဝိညာဉ်ရေးဘက် ခွန်အားရရှိနိုင်တာ” ဟု အယ်လ်မာရုသ်ကပြောပြသည်။
ယခု မီဂေးလ်သည် ခရစ်ယာန်အကြီးအကဲတစ်ဦးအဖြစ် အမှုထမ်းနေပါသည်။ ဖရိုလဲန်းသည် ကျမ်းစာတစ်အုပ်လုံးကို ကိုးကြိမ်ဖတ်ရှုပြီးပြီ။ အယ်လ်မာရုသ်သည် ၁၉၉၆ ခုနှစ်ကတည်းက ရှေ့ဆောင် သို့မဟုတ် အချိန်ပြည့် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူတစ်ဦးအဖြစ် ယေဟောဝါအား အမှုထမ်းခြင်းကို တိုးချဲ့ဆောင်ရွက်နေပါသည်။ သူဤသို့ပြောပြသည်– “ယေဟောဝါရဲ့ကောင်းချီးနဲ့ ချစ်စရာကောင်းတဲ့ သက်သေခံညီအစ်မတွေရဲ့ အားပေးကူညီမှုကြောင့် ဒီပန်းတိုင်ကို ကျွန်မမီနိုင်ခဲ့တာ၊ သူတို့ရဲ့အကူအညီနဲ့ ဟောပြောဖို့သာမကဘူး ကျမ်းစာသင်အံမှု ၁၁ ခုကျင်းပနိုင်လို့ သွန်သင်ပေးတဲ့အလုပ်မှာ ကျွန်မပါဝင်နိုင်တာ။”
နောက်ထပ်ပုံသက်သေကောင်းတစ်ခုကို အယ်မီလီယာတင်ပြခဲ့သည်၊ သူသည် မတော်တဆဖြစ်မှုတစ်ခုကြောင့် ခြေထောက်များနှင့် ကျောရိုး ဒဏ်ရာရသွားသဖြင့် ဘီးတပ်ကုလားထိုင်ကို အသုံးပြုခဲ့ရသည်။ မက္ကဆီကိုမြို့ရှိ ယေဟောဝါသက်သေများက သူနှင့်ကျမ်းစာလေ့လာခဲ့ကြရာ ၁၉၉၆ ခုနှစ်တွင် သူနှစ်ခြင်းခံခဲ့သည်။ အယ်မီလီယာက ဤသို့ပြောပြသည်– “အမှန်တရားကို မသိခင်က ကိုယ့်ကိုယ်ကိုသတ်သေချင်တယ်၊ ဆက်အသက်မရှင်ချင်တော့ဘူး။ စိတ်ထဲမှာ ဟာတာတာကြီးဖြစ်လို့ နေ့ရောညပါ ငိုပဲငိုနေတာ။ ဒါပေမဲ့ ယေဟောဝါရဲ့လူမျိုးတော်နဲ့ ကျွန်မပေါင်းသင်းတဲ့အခါ ညီအစ်ကိုတွေရဲ့မေတ္တာကို ခံစားရတယ်။ ပုဂ္ဂိုလ်ရေးအရ ကျွန်မကို သူတို့စိတ်ဝင်စားကြတာက ကျွန်မအတွက် အားဆေးတစ်ခွက်ပဲ။ အကြီးအကဲတစ်ယောက်ဆိုရင် ကျွန်မရဲ့အစ်ကိုကြီး၊ ဒါမှမဟုတ် အဖေလိုပဲ။ သူနဲ့ ဓမ္မအမှုထမ်းတချို့က ကျွန်မကို ဘီးတပ်ကုလားထိုင်မှာထိုင်ခိုင်းပြီး အစည်းအဝေးတွေ၊ ဟောပြောခြင်းလုပ်ငန်းတွေကို ခေါ်သွားတယ်။”
၁၉၉၂ ခုနှစ်တွင် ယေဟောဝါသက်သေတစ်ဦးအဖြစ် နှစ်ခြင်းခံခဲ့သော ဟိုစေးသည် ထီးတည်းနေသူဖြစ်သည်။ သူသည် အသက် ၇၀ ရှိပြီ၊ ၁၉၉၀ ပြည့်နှစ်က အငြိမ်းစားယူခဲ့သည်။ ဟိုစေးသည် စိတ်ကျရောဂါခံစားခဲ့ဖူးသည်၊ သို့သော် သက်သေခံတစ်ဦးက သူ့ကိုဟောပြောပြီးနောက် ခရစ်ယာန်အစည်းအဝေးများကို ချက်ချင်းစတက်သည်။ ဖိလိပ္ပိ ၁:၁; ၁ ပေတရု ၅:၂) ဤယုံကြည်သူချင်းများသည် သူ့ “စိတ်ကိုသက်သာစေ” သူများဖြစ်ကြသည်။ (ကောလောသဲ ၄:၁၁) သူ့ကို ဆရာဝန်ထံခေါ်သွားကြသည်၊ သူ့အိမ်ကို အလည်အပတ်သွားကြပြီး သူ ခွဲစိတ်ကုသခံရသည့် လေးကြိမ်အတွင်း သူ့ကိုထောက်မကူညီပေးခဲ့ကြသည်။ သူဤသို့ပြောပြသည်– “ကျွန်တော့်ကို သူတို့တကယ်အရေးစိုက်တယ်။ သူတို့ဟာ ကျွန်တော့်မိသားစုပဲ။ သူတို့နဲ့ပေါင်းသင်းရတာ ကျွန်တော်ပျော်တယ်။”
ထိုတွင် သူကြားရ၊ မြင်ရသမျှကို ကြိုက်နှစ်သက်ခဲ့သည်။ ဥပမာ၊ ညီအစ်ကိုများ၏ပေါင်းဖော်မှုကို သူမြင်တွေ့ခဲ့ရပြီး သူ့ကို လူရာသွင်းသည်ဟု ခံစားမိသည်။ သူ၏အသင်းတော်ရှိ အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများက ယခု သူ့ကိုကြည့်ရှုစောင့်ရှောက်ပေးကြသည်။ (ပေးကမ်းခြင်း၌ စစ်မှန်သောပျော်ရွှင်မှုရှိ
ရှောလမုန်ဘုရင်က “လူသည် တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ကောင်း၏” ဟုဆိုသောအခါ စည်းစိမ်ဥစ္စာကို အစွမ်းကုန်ဆည်းပူးခြင်းသည် အချည်းနှီးသက်သက်ဖြစ်သည်ဟု ပြောပြီးခါစဖြစ်သည်။ (ဒေ. ၄:၇-၉) ယနေ့ လူအများသည် ဥစ္စာကို မက်မက်မောမောစုဆောင်းနေကြသည်၊ မိသားစုအတွင်းနှင့် အပြင်တွင် အဘယ်ပေါင်းသင်းဆက်ဆံမှုမျှ မပြုရလျှင်ပင် ထိုသို့ပြုနေကြသည်။
လူအများသည် တပ်မက်လုံးကြီးပြီး တစ်ကိုယ်ကောင်းဆန်စိတ်ကြောင့် တစ်သီးပုဂ္ဂလနေကြသည်။ ထိုသို့ပြုကြသည့်အတွက် သူတို့မှာ ပျော်ရွှင်မှုမရှိ၊ စိတ်ကျေနပ်မှုလည်းမရှိကြချေ၊ ထိုစိတ်ထားရှိသူတို့သည် စိတ်အလိုမကျ၊ မျှော်လင့်ချက်ကင်းမဲ့ကြသည်။ ၎င်းနှင့်ဆန့်ကျင်သည့် ဖော်ပြပါအဖြစ်အပျက်များက ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများ၊ ကိုယ်တော်နှင့် အိမ်နီးချင်းများကိုချစ်သည့်မေတ္တာ၏ လှုံ့ဆော်မှုကိုခံရသူများနှင့် ပေါင်းဖော်ခြင်း၏ အကျိုးကျေးဇူးများကို ဖော်ပြသည်။ ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်ခြင်း၊ ခရစ်ယာန်ချင်းတို့၏ထောက်မကူညီမှုရ၍ စိတ်ဝင်စားမှုကိုခံစားရခြင်းနှင့် ဓမ္မအမှု၌ ဇွဲရှိရှိပါဝင်ခြင်းတို့က တစ်သီးပုဂ္ဂလနေခြင်းနှင့်ဒွန်တွဲသည့် အပျက်သဘောထားများကို ကျော်လွှားရှောင်ရှားစေသည်။—သု. ၁၇:၁၇; ဟေဗြဲ ၁၀:၂၄၊ ၂၅။
ကျွန်ုပ်တို့သည် တစ်ဦးကိုတစ်ဦး မှီခိုအားထားနေရကြသည်ဖြစ်ရာ သူတစ်ပါးအကျိုးဆောင်ပေးရခြင်းမှ စိတ်ကျေနပ်မှုရရှိခြင်းသည် ဓမ္မတာပင်ဖြစ်သည်။ သူတစ်ပါးအကျိုးဆောင်ခဲ့သူ အဲလဘတ် အိုင်စတိုင်းက ဤသို့ဆိုသည်– “လူတစ်ဦး၏တန်ဖိုးကိုသိရန် သူရရှိနိုင်ရာကိုမဟုတ်ဘဲ ထိုသူပေးကမ်းရာကိုထောက်ရှုနိုင်၏။” ယင်းသည် ကျွန်ုပ်တို့သခင်ယေရှုခရစ်၏ ဤစကားများနှင့် သဘောတူညီသည်– ‘ခံယူခြင်းထက်ပေးကမ်းခြင်း၌ ပျော်ရွှင်မှုသာ၍ရှိ၏။’ (တမန်တော် ၂၀:၃၅) ထို့ကြောင့် မေတ္တာခံယူရရှိခြင်းသည် ကောင်းသည်မှန်သော်လည်း သူတစ်ပါးကိုမေတ္တာပြခြင်းကလည်း ကိုယ်စိတ်နှစ်ဖြာကျန်းမာစေပါသည်။
ဝိညာဉ်ရေးဘက် အားပေးထောက်မရန် အသင်းတော်များထံ နှစ်ချီလည်ပတ်ခဲ့၍ မရှိဆင်းရဲသောခရစ်ယာန်များအတွက် အစည်းအဝေးခန်းမများ ဆောက်လုပ်ရာတွင် ကူညီပေးခဲ့သည့် နယ်လှည့်ကြီးကြပ်မှူးတစ်ဦးက သူ၏ခံစားချက်ကို ဤသို့ဖော်ပြခဲ့သည်– “ညီအစ်ကိုတွေရဲ့အကျိုးကို သယ်ပိုးရလို့၊ ကျေးဇူးတင်ကြောင်းထင်ရှားတဲ့မျက်နှာတွေကိုမြင်ရလို့ ရရှိတဲ့ပျော်ရွှင်မှုက ကျွန်တော့်ကို ထပ်ကူညီပေးဖို့အခွင့်အရေးတွေ ဆက်ရှာယူစေတယ်။ သူတစ်ပါးကို ပုဂ္ဂိုလ်ရေးအရ စိတ်ဝင်စားမှုပြခြင်းဟာ ပျော်ရွှင်မှုရဲ့သော့ချက်ပဲဆိုတာ ကျွန်တော်ကိုယ်တိုင်ခံစားရတယ်။ အကြီးအကဲတွေအနေနဲ့ ကျွန်တော်တို့ဟာ ‘လေကွယ်ရာအရပ်ကဲ့သို့လည်းကောင်း၊ . . . သွေ့ခြောက်သောမြေ၌စီးသော ချောင်းရေကဲ့သို့လည်းကောင်း၊ နေပူသောအရပ်၌ ကျောက်လုံးကြီးအရိပ်ကဲ့သို့လည်းကောင်း’ ဖြစ်သင့်တယ်ဆိုတာ ကျွန်တော်သိထားတယ်။”—ဟေရှာယ ၃၂:၂။
စည်းလုံးစွာအတူတကွနေထိုင်ခြင်းသည် အလွန်တင့်တယ်လှတကား!
အခြားသူများကို ကူညီပေးခြင်း၊ ယေဟောဝါအား ဝတ်ပြုသူများနှင့် ပေါင်းဖော်ခြင်းမှ အမှန်ပင် အကျိုးများစွာရရှိပြီး စစ်မှန်သောပျော်ရွှင်မှုရ၏။ ဆာလံဆရာက ဤသို့ဆိုသည်– “ညီအစ်ကိုတို့သည် သဘောတူလျက် ပေါင်းဖော်ကြသည်အရာမှာ အလွန်ကောင်းပေ၏။ အလွန်တင့်တယ်လျောက်ပတ်ပေ၏။” (ဆာလံ ၁၃၃:၁) မီဂေးလ်၊ ဖရိုလဲန်းနှင့် အယ်လ်မာရုသ်တို့၏အဖြစ်က ဖော်ပြသည့်အတိုင်း တစ်ဦးကိုတစ်ဦးအားပေးထောက်မရာ၌ မိသားစုစည်းလုံးမှုသည် အရေးပါသောအချက်တစ်ချက်ဖြစ်သည်။ စစ်မှန်သောဝတ်ပြုရေး၌ တစ်ဦးနှင့်တစ်ဦးစည်းလုံးခြင်းသည်လည်း ကောင်းချီးတစ်ရပ်ပင်တည်း! ခရစ်ယာန်လင်ယောက်ျားများနှင့် ဇနီးသည်များကို အကြံပေးဆုံးမပြီးနောက် တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “အချုပ်အချာစကားဟူမူကား၊ သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်းရှိကြလော့။ စိတ်ကြင်နာခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်းရှိကြလော့။”—၁ ပေတရု ၃:၈။
အမှန်တကယ်ရင်းနှီးခင်မင်ခြင်းသည် စိတ်ဓာတ်ရေးနှင့် ဝိညာဉ်ရေးနှစ်ရပ်စလုံးကို များစွာအကျိုးပေးသည်။ ယုံကြည်ခြင်း၌ရှိသော အပေါင်းအဖော်များကို ပေါလု ဤသို့တိုက်တွန်းအားပေးသည်– “စိတ်ငယ်သောသူတို့ကို အားပေးကြလော့။ အားနည်းသောသူတို့ကို ထောက်မကြလော့။ ခပ်သိမ်းသောသူတို့အား ရှည်သောစိတ်ရှိစေကြလော့။ . . . အချင်းချင်းတို့၌လည်းကောင်း၊ ခပ်သိမ်းသောသူတို့၌လည်းကောင်း ကာလအစဉ်ကြိုးစား၍ ကျေးဇူးပြုကြလော့။”—၁ သက်သာလောနိတ် ၅:၁၄၊ ၁၅။
ထို့ကြောင့် သူတစ်ပါးကိုကောင်းမှုပြုရန် လက်တွေ့ကျနည်းလမ်းများကို ရှာဖွေပါ။ “ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့်ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့၊” ထိုသို့ပြုခြင်းက သင့်ဘဝကို ပို၍အဓိပ္ပာယ်ရှိစေပြီး စိတ်ကျေနပ်ရောင့်ရဲမှုရစေမည်။ (ဂလာတိ ၆:၉၊ ၁၀) ယေရှု၏တပည့်ဖြစ်သူ ယာကုပ်က ဤသို့ရေးသားခဲ့သည်– “ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍၊ နေ့တိုင်းစားရသောအစာမရှိသောအခါ၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူက၊ ‘ငြိမ်ဝပ်စွာသွားကြလော့။ နွေးကြလော့။ ဝကြလော့’ ဟုပြောလျက်၊ သူတို့ကိုယ်နှင့် တော်လျော်သောအသုံးအဆောင်ကို မပေးဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။” (ယာကုပ် ၂:၁၅၊ ၁၆) ထိုမေးခွန်း၏အဖြေမှာ ရှင်းပါသည်။ ကျွန်ုပ်တို့သည် “ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြ” ဖို့လိုသည်။—ဖိလိပ္ပိ ၂:၄။
ယေဟောဝါသက်သေများသည် အထူးလိုအပ်ချိန်တွင် သို့မဟုတ် ဘေးအန္တရာယ်ကျရောက်ချိန်တွင် အခြားသူများကို ရုပ်ပစ္စည်းဖြင့် ကူညီပေးခြင်းအပြင် အလွန်အရေးပါသောနည်းတစ်နည်းဖြစ်သော ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောခြင်းအားဖြင့်လည်း လူသားချင်းကိုအကျိုးပြုရာ၌ အလွန်အလုပ်များနေကြသည်။ (မဿဲ ၂၄:၁၄) မျှော်လင့်ချက်နှင့် နှစ်သိမ့်မှုပေးသော ဤသတင်းကိုကြွေးကြော်ရာ၌ သက်သေခံ ၆,၀၀၀,၀၀၀ ကျော်ပါဝင်နေခြင်းက အခြားသူများကို သူတို့တကယ်ပင် မေတ္တာဖြင့် စိတ်ဝင်စားကြောင်း သက်သေထူသည်။ သို့သော် သမ္မာကျမ်းစာဖြင့် အကူအညီပေးခြင်းသည် လူ့လိုအပ်ချက်နောက်တစ်ခုကိုလည်း ဖြည့်ဆည်းပေးသည်။ ယင်းကား အဘယ်နည်း။
အရေးပါသောလိုအပ်ချက်တစ်ခု ဖြည့်ဆည်းပေးခြင်း
စစ်မှန်သောပျော်ရွှင်မှုရှိရန် ဘုရားသခင်နှင့် လျောက်ပတ်သောဆက်ဆံရေးရှိဖို့လိုသည်။ “လူသည် နေရာတိုင်း အချိန်တိုင်းတွင်၊ ကနဦးမှစ မျက်မှောက်အချိန်အထိ မိမိထက်ကြီးမြတ်သည်၊ သာ၍တန်ခိုးကြီးသည်ဟု သူတို့ခံယူရာကို အကူအညီတောင်းဆိုလိုစိတ်ရှိခြင်းက ယုံကြည်သက်ဝင်မှုဟူသည် မွေးရာပါဖြစ်ပြီး ၎င်းကို သိပ္ပံနည်းကျကျ အသိအမှတ်ပြုသင့်ကြောင်း ဖော်ပြသည်။ . . . အမြင့်မြတ်ဆုံးအရှင်အား ကမ္ဘာတစ်လွှားရှိလူတို့ရှာဖွေခြင်း၊ ယုံကြည်ခြင်းကိုမြင်ရသည့်အတွက် ကြောက်ရွံ့ရိုသေမှု၊ ကြည်ညိုလေးမြတ်မှုရှိသင့်သည်။”—အေ. ခရက်စီ၊ မောရစ္စဆန်ရေးသားသော လူဆိုသည်မှာ ထီးတည်းနေ၍မရစာအုပ်။
ယေရှုခရစ်က ‘ဝိညာဉ်ရေးတွင် မိမိတို့လိုလျက်နေကြောင်း သတိပြုသူများသည် ဝမ်းမြောက်စရာရှိကြ၏’ ဟုမိန့်တော်မူခဲ့သည်။ (မဿဲ ၅:၃၊ ကဘ) လူသည် အခြားသူတို့နှင့်သီးခြား ကြာရှည်နေ၍မရပါ။ ဖန်ဆင်းရှင်နှင့် ကျွန်ုပ်တို့ကိုယ်ကို သီးခြားဖြစ်စေခြင်းမူကား သာ၍ပင်စိုးရိမ်စရာရှိသည်။ (ဗျာ. ၄:၁၁) “ဘုရားသခင်ကိုသိသောဉာဏ်” ဆည်းပူးပြီး လက်တွေ့ကျင့်သုံးခြင်းသည် ကျွန်ုပ်တို့ဘဝတွင် အရေးအပါဆုံးဖြစ်သင့်သည်။ (သု. ၂:၁-၅) အမှန်ဆိုလျှင် ကျွန်ုပ်တို့၏ဝိညာဉ်ရေးလိုအပ်ချက်ကို ဇွဲရှိရှိဖြည့်ဆည်းပေးသင့်သည်၊ အကြောင်းမူကား ဘုရားသခင်ထံမှ ကျွန်ုပ်တို့သီးခြားခွဲ၍ မရပ်တည်နိုင်ပေ။ အမှန်ပျော်ရွှင်မှုရှိ၍ အကျိုးကျေးဇူးပြည့်ဝသော အသက်တာသည် “မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရား[သခင်]” ယေဟောဝါနှင့် ကောင်းသောဆက်ဆံရေးရှိခြင်းအပေါ် မူတည်ပါသည်။—ဆာလံ ၈၃:၁၈။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
“လူသည် တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ကောင်း၏။ . . . တစ်ယောက်လဲလျှင် တစ်ယောက်ထူလိမ့်မည်။”—ရှောလမုန်ဘုရင်
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
မီဂေးလ်– “ဘေးကျပ်နံကျပ်အချိန်တွေကို ကျွန်တော်ဖြတ်ကျော်ခဲ့ရတယ်၊ ဒါပေမဲ့ ယေဟောဝါရဲ့လူမျိုးတော်နဲ့ ကျွန်တော်စပေါင်းသင်းကတည်းက ကျွန်တော့်ဘဝပြောင်းလဲသွားတယ်”
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
အယ်လ်မာရုသ်– “ယေဟောဝါအကြောင်း ကျွန်မသိလာတဲ့အခါ ကိုယ်တော်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိနိုင်တာကို သိလာတယ်”
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
အယ်မီလီယာ– “အမှန်တရားကို မသိခင်က . . . စိတ်ထဲမှာ ဟာတာတာကြီးဖြစ်ခဲ့တယ်”
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
စစ်မှန်သောဝတ်ပြုသူများနှင့် ပေါင်းဖော်ခြင်းက ကျွန်ုပ်တို့၏ဝိညာဉ်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေး