မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မတိုင်မီနှင့် ပြီးနောက် ပြုပြင်ပြောင်းလဲပေးနိုင်သည့်အစွမ်းကို သူတွေ့ ရှိခဲ့

မတိုင်မီနှင့် ပြီးနောက် ပြုပြင်ပြောင်းလဲပေးနိုင်သည့်အစွမ်းကို သူတွေ့ ရှိခဲ့

“ဘုရားသခင်​၌ ချဉ်းကပ်​ကြလော့။ သို့ပြုလျှင် သင်တို့၌ ချဉ်းကပ်​တော်​မူ​လိမ့်​မည်။”

မတိုင်မီ​နှင့် ပြီး​နောက် ပြုပြင်​ပြောင်းလဲ​ပေး​နိုင်​သည့်​အစွမ်း​ကို သူ​တွေ့ ရှိခဲ့

မက္ကဆီကို​နိုင်ငံ​မှ စ​န္ဒြာ​ဟူသော​အမျိုးသမီး​က သူ့​မိသားစုတွင် သူသည် တစ်​မိ​ပေါက် တစ်ယောက်​ထွန်း​ဖြစ်သည်ဟု ဖော်ပြ​ခဲ့​သည်။ အပယ်ခံ​ရခြင်း​နှင့် အချစ်​မခံရ​ခြင်း​တို့​က သူ၏​ဆယ်ကျော်သက်​အရွယ်ကို အကျည်းတန်​စေ​ခဲ့​သည်။ “အမြဲတမ်း ဟာတာတာ​ကြီး​ခံစား​ရပြီး ကျွန်မ​အသက်ရှင်​နေရ​တဲ့​အကြောင်း​ရ​ယ် လူ့​ဘဝနဲ့​ပတ်သက်​လို့​ရ​ယ် သံသယတွေ​ဖြစ်​ရင်း​နဲ့​ပဲ မြီး​ကောင်​ပေါက်​အရွယ်ကို ကျွန်မ​ဖြတ်ကျော်​ခဲ့​ပါ​တယ်” ဟု​သူ​ဆို​သည်။

အထက်တန်း​ကျောင်းတက်​နေစဉ် စ​န္ဒြာ​သည် အိမ်​၌​ရှိသော ဖခင်​၏​ဝိုင်အရက်​ကို သောက်​တတ်​စ​ပြု​လာ​သည်။ အချိန်တန်သော် အရက်​ပုလင်း​များ​ကို ကိုယ်တိုင် စတင်​ဝယ်ယူ​ပြီး အရက်စွဲ​သူ​ဖြစ်လာ​ခဲ့​သည်။ “ကျွန်မ​မှာ ဆက်​အသက်ရှင်​ချင်စိတ် မရှိခဲ့ဘူး” ဟု​သူ​ဝန်ခံ​သည်။ ကြံရာမရ​ဖြစ်သည့်​အဆုံး စ​န္ဒြာ​သည် မူးယစ်​ဆေးဝါး​ကို​စ​သုံး​တော့​သည်။ “ကျွန်မ​ရဲ့​ပြဿနာ​တွေ​ကို မေ့​မေ့ပျောက်​ပျောက်​ဖြစ်စေ​တဲ့ တစ်ခု​တည်း​သော​အရာ​က​တော့ ကျွန်မ​ရဲ့​လက်ပွေ့အိတ်​ထဲမှာ ဆောင်ထား​တဲ့ အရက်​ပုလင်း​တစ်လုံး၊ ဆေးပြား​တချို့၊ ဒါမှ​မဟုတ် ဆေးခြောက်​နည်း​နည်းတို့ပါပဲ” ဟု​သူ​ပြောပြ​သည်။

စ​န္ဒြာ​သည် ဆေး​ကျောင်းတက်​ပြီး​သည့်​နောက် အရက်စွဲ​သည်ထက်​စွဲ​လာတော့​သည်။ သူ့ကိုယ်သူ​အဆုံးစီရင်​ရန် ကြိုးစား​ခဲ့​သော်လည်း သူ​မသေ​ခဲ့​ပါ။

စ​န္ဒြာ​သည် ဝိညာဉ်​ရေး​ကူညီ​မှု​နှင့် စိတ်ပိုင်း​ဆိုင်ရာ​ထောက်မမှု​တွေ့ ရှိဖို့ ဘာသာ​တရား​အမျိုးမျိုး​၌ ရှာဖွေခဲ့​သော်လည်း အချည်းနှီး​ဖြစ်​ခဲ့​သည်။ မျှော်လင့်ချက်​ကင်းမဲ့​ပြီး စိတ်ပျက်​အားလျော့​လာ​ရာ ဘုရားသခင် “ကိုယ်တော်​ဘယ်မှာ​လဲ။ ကျွန်မ​ကို ဘာလို့​မကူညီ​တာလဲ” ဟု​သူ​အကြိမ်ကြိမ်​ဟစ်အော်​ခဲ့​သည်။ မိမိကိုယ်ကို​တန်ဖိုး​ထား​သည့်​စိတ် မရှိ​ဆုံး​အချိန်​တစ်ချိန်​တွင် ယေဟောဝါသက်သေ​တစ်ဦး​နှင့် သူ​စကားပြော​ဖြစ်​ခဲ့​သည်။ ထို​မှ ကိုယ်တိုင်​ကိုယ်​ကျ ကျမ်းစာ​လေ့လာ​လေ​သည်။ “ထာဝရ​ဘုရား​သည် နှလုံး​ကြေကွဲ​သူတို့နှင့်​နီး​တော်​မူ” ကြောင်း စ​န္ဒြာ​သိရှိ​ရသောအခါ အကြီးအကျယ်​စိတ်​လှုပ်ရှား​ခဲ့​သည်။—ဆာလံ ၃၄:၁၈သမ္မာ။

ကျွန်ုပ်​တို့သည် အာဒံ​ထံ​မှ အမွေခံ​ခဲ့​ရသော အပြစ်​နှင့် မစုံလင်မှု​ကြောင့် အားနည်းချက်​ရှိ​သူများ​ဖြစ်သည်​ကို ယေဟောဝါ​ဘုရားသခင်​သိတော်မူ​ကြောင်း ကျမ်းစာ​သင်ပေး​သူက စ​န္ဒြာ​ကို​နားလည်စေ​ခဲ့​သည်။ ကျွန်ုပ်​တို့သည် ဖြောင့်မတ်​သော​စံနှုန်း​များ​ကို လုံးလုံး​မပြည့်မီ​နိုင်​သည်ကို ဘုရားသခင်​နားလည်​တော်​မူ​ကြောင်း စ​န္ဒြာ​သိရှိ​လာ​သည်။ (ဆာလံ ၅၁:၅; ရောမ ၃:၂၃; ၅:၁၂၊ ၁၈) ယေဟောဝါ​သည် ကျွန်ုပ်​တို့၏ အားနည်းချက်များ​ကို​သာ အာရုံစိုက်​မနေ​ကြောင်း​နှင့် ကျွန်ုပ်​တို့​တတ်နိုင်​သည်ထက် ပို​၍​မမျှော်လင့်​ကြောင်း သိရ​သဖြင့် သူ​ဝမ်းသာ​ပျော်ရွှင်​မိ​သည်။ ဆာလံဆရာ​က​ဤသို့​မေးခဲ့သည်– “အို​ဘုရားရှင်​ထာဝရ​ဘုရား ကိုယ်တော်​သည် ဒုစရိုက်​အပြစ်​များ​ကို​မှတ်တော်မူ​လျှင် အဘယ်သူ​ခံရပ်​နိုင်​ပါ​မည်​နည်း။”—ဆာလံ ၁၃၀:၃

စ​န္ဒြာ​၏​နှလုံးကို​နွေးထွေး​စေသော အရေးပါသည့် ကျမ်းစာ​အမှန်တရား​တစ်ခု​မှာ ယေရှု​ခရစ်​၏ ရွေးဖိုး​ပူဇော်ရာ​ယဇ်​ဖြစ်သည်။ ၎င်း​အားဖြင့် ယေဟောဝါ​သည် လူ​တို့​၌ မစုံလင်မှု​များ​ရှိသော်လည်း နာခံ​သော​လူသားများ​ကို ဖြောင့်မတ်​သော​အနေအထား ပေးသနား​တော်​မူ​၏။ (၁ ယောဟန် ၂:၂; ၄:၉၊ ၁၀) မှန်ပါသည်၊ ကျွန်ုပ်​တို့သည် ‘ကျူးလွန်​မှုများ​ပြေလွှတ်ခွင့်’ ရရှိနိုင်​ပြီး ထို​နည်း​အားဖြင့် တန်ဖိုး​မရှိ​ဟူသော မည်သည့်​ခံစားချက်​များ​ကို​မဆို အောင်မြင်​ကျော်လွှား​ရန် အကူအညီ​ရနိုင်​ကြသည်။—ဧဖက် ၁:၇

စ​န္ဒြာ​သည် တမန်​တော်​ပေါလု​၏​ပုံသက်သေ​မှ အဖိုးတန်​သင်ခန်းစာများ​ရရှိခဲ့သည်။ ဘုရားသခင်​သည် သဘောထားကြီး​စွာ​ဖြင့် သူ၏​ယခင်​အပြစ်​များ​ကို​ခွင့်လွှတ်​ပြီး ပြန်​ပေါ်လာ​သည့်​အားနည်းချက်များ​ကို အပြင်းအထန်​တွန်းလှန်​ကျော်လွှား​ရာ​တွင် ကူညီ​ထောက်မ​ပေး​သော ကိုယ်တော်​၏​ကြင်နာ​မှု​ကို သူ​အလွန် ကျေးဇူး​တင်​လေးမြတ်​ခဲ့​သည်။ (ရောမ ၇:၁၅-၂၅; ၁ ကောရိန္သု ၁၅:၉၊ ၁၀) ပေါလု​သည် သူ၏​ဘဝ​လမ်းစဉ်​ကို တည့်မတ်​ပြုပြင်​ပြီး ဘုရားသခင်​နှစ်သက်သော လမ်းစဉ်​ပေါ်​တွင်​ရှိနေဖို့ ‘သူ၏​ကိုယ်ကို​ထိုး​၍ ကျွန်​တစ်ယောက်​ကဲ့သို့ နှိပ်စက်​ခဲ့​သည်။’ (၁ ကောရိန္သု ၉:၂၇) အပြစ်ပြု​လို​သော​စိတ်သဘောထား​များ​က သူ့ကို ကျွန်​ပြု​စေရန် ပေါလု​ခွင့်​မပြု​ခဲ့​ပါ။

စ​န္ဒြာ​၏​အားနည်းချက်များ​က သူ့ကို​နှိပ်စက်​ဖိစီး​ခဲ့​သော်လည်း ၎င်းတို့ကို သူ​တိုက်လှန်​နေ​၏။ ၎င်းတို့ကို ကျော်လွှား​နိုင်​ဖို့ ကိုယ်တော်​၏​သက်ညှာမှု​ရရှိရန် ယေဟောဝါ​၏​အကူအညီကို စိတ်​ထက်သန်​စွာ​တောင်းဆို​ခဲ့​သည်။ (ဆာလံ ၅၅:၂၂; ယာကုပ် ၄:၈) စ​န္ဒြာ​သည် ဘုရားသခင်​၏​ပုဂ္ဂိုလ်ရေး​စိတ်ဝင်စားမှု​ကို ခံစား​သိရှိ​ခဲ့​ရာ သူ့​ဘဝ​ပုံစံ​ကို ပြုပြင်​ပြောင်းလဲ​နိုင်​ခဲ့​သည်။ “တခြား​သူတွေကို အချိန်ပြည့် ကျမ်းစာ​သင်ပေး​ရလို့ ကျွန်မ​ပျော်ရွှင်​မိတယ်” ဟု​သူ​ပြောပြ​သည်။ သူ၏​အစ်မ​နှင့် ညီမ​ဖြစ်သူကို ယေဟောဝါ​အား​သိရှိ​လာဖို့ ကူညီပေး​ရသော​အခွင့်ထူး​ကို သူ​ရရှိခဲ့သည်။ စ​န္ဒြာ​သည် ‘ကောင်းစွာ​သော​အမှုကိုပြု’ နေစဉ် ယေဟောဝါသက်သေ​များ​၏ စည်းဝေးပွဲ​များ​တွင် သူ၏​ဆေးပညာ​ပိုင်း​ကျွမ်းကျင်​မှု​ဖြင့်​လည်း စေတနာ့​ဝန်ထမ်း​ခွင့်​ရသည်။—ဂလာတိ ၆:၁၀

စ​န္ဒြာ​၏​စွဲ​နေ​မှုများ​ကော မည်သို့ နည်း။ ယုံကြည်​စိတ်ချ​စွာ​ဖြင့် သူ​ဤသို့​ဆို​သည်– “ကျွန်မ​စိတ်​ကြည်လင်​တယ်။ အရက်​တို့ ဆေးလိပ်​တို့ကို ကျွန်မ,မ​သောက်​တော့​ဘူး၊ မူးယစ်​ဆေးဝါး​လည်း မ​သုံး​တော့​ဘူး။ အဲဒါတွေကို ကျွန်မ​မလိုအပ်တော့ဘူး။ ကျွန်မ​ရှာဖွေ​နေတဲ့​အရာ​ကို တွေ့ခဲ့​ပြီ​လေ။”

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]

အကျိုး​သက်ရောက်​သော ကျမ်းစာ​မူများ

အောက်ပါ​ကျမ်းစာမူ​အချို့​က လူများစွာကို ညစ်ညမ်း​သော​စွဲ​နေ​မှုများ​မှ ပြတ်​သွား​စေ​ခဲ့​သည်–

“ကိုယ်ခန္ဓာ​၏​အညစ်အကြေး၊ စိတ်​ဝိညာဉ်​၏​အညစ်အကြေး​ရှိသမျှ​တို့​နှင့် ကိုယ်ကို​ကိုယ်​ကင်းစင်​စေ​လျက်၊ ဘုရားသခင်​ကို​ကြောက်ရွံ့​၍ သန့်ရှင်းခြင်း . . . နှင့်​ပြည့်စုံ​ကြ​ကုန်​အံ့။” (၂ ကောရိန္သု ၇:၁) ညစ်ညမ်း​သည့်​အရာများ​စွန့်လွှတ်​ပြီး မသန့်ရှင်း​သော​အမူအကျင့်များ ရှောင်ကြဉ်​သူများကို ဘုရားသခင်​ကောင်းချီး​ပေး​တော်​မူ​၏။

“ထာဝရ​ဘုရား​ကို​ကြောက်ရွံ့​သော​သဘော​ကား၊ [မကောင်းမှု]ကို​မုန်း​သော​သဘော​တည်း။” (သု. ၈:၁၃) ဘုရားသခင်​ကို ရိုသေ​ခန့်ညား​ကြောက်ရွံ့​ခြင်း​သည် မူးယစ်​ဆေး​အလွဲသုံးခြင်း​အပါအဝင် မကောင်းသော​အကျင့်​များ​ကို ပြတ်​စေ​သည်။ ပြုပြင်​ပြောင်းလဲ​လာ​သူသည် ယေဟောဝါ​၏​စိတ်တော်နှင့်​တွေ့​သည့်​အပြင် ကြောက်မက်​ဖွယ်​အနာ​ရောဂါ​များ​မှ အကာအကွယ်​ရ​ကြသည်။

‘မင်း​အရာရှိ၊ အာဏာပိုင်​သူတို့၏ အုပ်စိုးခြင်း​ကို​ဝန်ခံ​၍ နားထောင်​ကြလော့။’ (တိတု ၃:၁သမ္မာ) နေရာ​ဒေသ​များစွာ​တွင် အချို့​သော​မူးယစ်​ဆေး​များ​ကို လက်ဝယ်​ထား​ရှိ​ခြင်း၊ သို့​မဟုတ် အသုံးပြုခြင်း​တို့သည် ဥပဒေ​ကို​ချိုးဖောက်​ခြင်း​ဖြစ်သည်။ ခရစ်ယာန်စစ်​များသည် တရား​မဝင်​သော​မူးယစ်​ဆေး​များ​ကို လက်ဝယ်​မထား၊ မ​သုံးစွဲ​ကြ​ချေ။

[စာမျက်နှာ ၉ ပါ အကျဉ်း​ဖော်ပြချက်]

“ကျွန်မ​ရှာဖွေ​နေတဲ့​အရာ​ကို တွေ့ ခဲ့ပြီ”