စာရှုသူများထံမှ မေးခွန်းလွှာ
စာရှုသူများထံမှ မေးခွန်းလွှာ
ယေဟောဝါသည် မိမိ၏ရှေးခေတ်ကျေးကျွန်၊ ဣသရေလလူမျိုးကို မယားအများယူခွင့်ပြုခဲ့သော်လည်း ယခုခေတ်၌ကား ခွင့်ပြုတော်မမူချေ။ ကိုယ်တော်၏စံနှုန်းသည် ပြောင်းလဲနိုင်သလော။
မယားအများယူစနစ်နှင့်ပတ်သက်၍ ယေဟောဝါ၏ရှုမြင်ပုံသည် ပြောင်းလဲခြင်းမရှိပေ။ (ဆာလံ ၁၉:၇; မာလခိ ၃:၆) ယင်းသည် လူတို့အတွက် အစကတည်းကပင် ဘုရားသခင်၏အစီအစဉ်မဟုတ်ပါ၊ ယနေ့လည်း မဟုတ်ချေ။ ဧဝကို အာဒံ၏ဇနီးအဖြစ် ယေဟောဝါဖန်ဆင်းပေးခဲ့ချိန်က ဘုရားသခင့်စံနှုန်းမှာ လင်ယောက်ျားတစ်ဦးအတွက် ဇနီးတစ်ဦးဖြစ်ကြောင်း ကိုယ်တော်ဖော်ပြခဲ့သည်။ “ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်။”—ကမ္ဘာဦး ၂:၂၄။
ယေရှုခရစ် ကမ္ဘာပေါ်ရှိစဉ်က ကွာရှင်းခြင်းနှင့် ပြန်လည်ထိမ်းမြားခြင်းအကြောင်း မေးမြန်းခဲ့သူတို့ကို အဖြေပေးရာတွင် ဤစံနှုန်းကို ကိုယ်တော်ပြန်လည်ဖော်ပြခဲ့သည်။ ကိုယ်တော်ဤသို့ဆို၏– “အစအဦး၌ ဖန်ဆင်းတော်မူသောသူသည် ယောက်ျားနှင့်မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။ ‘ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်’ ဟု ကျမ်းဆိုသည်ကို သင်တို့မဖတ်ဖူးသလော။” ယေရှုထပ်၍ ဤသို့မိန့်ဆိုခဲ့သည်– “မှားယွင်းခြင်းအကြောင်းမှတစ်ပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဖက်သောသူသည် မိမိမယား [“သူ့သားအိမ်ရာ၊” သမ] ကိုပြစ်မှား၏။” (မဿဲ ၁၉:၄-၆၊ ၉) ဤအချက်ကိုထောက်၍ ဇနီးတစ်ဦးထက်မက ပိုယူခြင်းသည် သူ့သားအိမ်ရာကို ပြစ်မှားခြင်းပင်ဖြစ်ကြောင်း ထင်ရှားသည်။
သို့ဆိုလျှင် ရှေးအချိန်က မယားအများယူစနစ်ကို အဘယ်ကြောင့် ခွင့်ပြုရသနည်း။ အဆိုပါအမူအကျင့်ကို ယေဟောဝါအစပြုခဲ့ခြင်းမဟုတ်ကြောင်းကို စိတ်စွဲမှတ်ထားပါ။ သမ္မာကျမ်းစာတွင် ကာဣနမှဆင်းသက်လာသူ လာမက်အား ဇနီးတစ်ဦးထက်မကယူသူအဖြစ် ဦးဆုံးဖော်ပြထားသည်။ (ကမ္ဘာဦး ၄:၁၉-၂၄) ယေဟောဝါသည် နောဧခေတ်၌ ရေလွှမ်းမိုးဘေးကျရောက်စေခဲ့စဉ်က နောဧနှင့် သူ၏သားသုံးယောက်တို့တွင် ဇနီးတစ်ဦးစီသာရှိခဲ့ကြသည်။ မယားပြိုင်ထားသူအားလုံးကို ရေလွှမ်းမိုးဘေးဖြင့် ဖျက်ဆီးပစ်ခဲ့၏။
ရာစုနှစ်ပေါင်းများစွာကြာပြီးနောက် ဣသရေလလူမျိုးကို မိမိလူမျိုးတော်အဖြစ် ယေဟောဝါရွေးချယ်ခဲ့ချိန်တွင် မယားအများယူသည့်စနစ် သူတို့တွင်ရှိထားနှင့်ပြီဖြစ်၏၊ သို့သော် ဇနီးတစ်ဦးတည်းယူကြသည်ကပိုများ၏။ ဇနီးတစ်ဦးထက်မကယူထားသည့်အတွက် ကွာရှင်းရန် ဘုရားသခင်မတောင်းဆိုခဲ့ဘဲ အဆိုပါအမူအကျင့်ကို တင်းကျပ်စွာ စည်းမျဉ်းသတ်မှတ်ပေးခဲ့သည်။—ထွက်မြောက်ရာ ၂၁:၁၀၊ ၁၁; တရားဟောရာ ၂၁:၁၅-၁၇။
မယားအများယူစနစ်ကို သည်းခံခွင့်ပြုရခြင်းသည် တစ်ခဏမျှသာဖြစ်ကြောင်း အိမ်ထောင်မင်္ဂလာအတွက် ယေဟောဝါ၏မူလစံနှုန်းကို ယေရှုကိုးကားဖော်ညွှန်းခဲ့ချိန်၌လည်းကောင်း၊ ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော် မှုတ်သွင်းမှုဖြင့် တမန်တော်ပေါလုရေးသားသောစာ၌လည်းကောင်း တွေ့မြင်နိုင်ပေသည်။ “ယောက်ျားတိုင်း မိမိမယားရှိစေလော့။ မိန်းမတိုင်း မိမိလင်ရှိစေလော့” ဟု ပေါလုဆို၏။ (၁ ကောရိန္သု ၇:၂) ထို့အပြင် ခရစ်ယာန်အသင်းတော်၌ ကြီးကြပ်မှူးတစ်ဦး သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးအဖြစ် ခန့်အပ်ခံရသူအမျိုးသားမှန်သမျှသည် “မယားတစ်ယောက်တည်းရှိသောသူ” ဖြစ်ရမည်ဟု ရေးသားရန် ပေါလုမှုတ်သွင်းခံခဲ့ရသည်။—၁ တိမောသေ ၃:၂၊ ၁၂; တိတု ၁:၆။
သို့နှင့် မယားအများယူစနစ်ကို ယေဟောဝါသည်းခံမှုသည် လွန်ခဲ့သော နှစ်ပေါင်း ၂,၀၀၀ ခန့်က ခရစ်ယာန်အသင်းတော်တည်ထောင်ဖွဲ့စည်းချိန်တွင် အဆုံးသတ်သွားလေသည်။ ထိုအချိန်တွင် အိမ်ထောင်မင်္ဂလာစံနှုန်းသည် တစ်လင်တစ်မယားအဖြစ် ယောက်ျားနှင့်မိန်းမကို ဘုရားသခင်စဖန်ဆင်းခဲ့ချိန်ကကဲ့သို့ အခြေပြန်ဆိုက်သွားခဲ့၏။ ယင်းသည် ယနေ့ ကမ္ဘာတစ်ဝန်းလုံးရှိ ဘုရားသခင့်လူမျိုးတော်၏ စံနှုန်းဖြစ်သည်။—မာကု ၁၀:၁၁၊ ၁၂; ၁ ကောရိန္သု ၆:၉၊ ၁၀။