ယေဟောဝါကို မိမိဘုရားသခင်အဖြစ် ကိုးကွယ်သောသူသည် ရွှင်လန်းဝမ်းမြောက်၏
ဘဝအတ္ထုပ္ပတ္တိ
ယေဟောဝါကို မိမိဘုရားသခင်အဖြစ် ကိုးကွယ်သောသူသည် ရွှင်လန်းဝမ်းမြောက်၏
တောမ် ဒီဒါပြောပြသည်
မြို့တော်ခန်းမကို ငှားပြီးသွားပြီ။ ကနေဒါနိုင်ငံ၊ ဆက်စ်ခက်ချဝမ်ပြည်နယ်၊ ပေါ်ကယူပိုင်း ပလိန်းမြို့မှာကျင်းပမယ့် စည်းဝေးပွဲကို လူ ၃၀၀ လောက်လာကြမယ်လို့ မျှော်လင့်ထားတယ်။ ဗုဒ္ဓဟူးနေ့မှာ နှင်းစကျလာပြီး သောကြာနေ့လည်းရောက်ရော ပရေရီနှင်းမုန်တိုင်းကျလာလို့ ဘာမှမမြင်ရတော့ဘူး။ အပူချိန်ကလည်း အနုတ် ၄၀ ဒီဂရီ ဖာရင်ဟိုက်အထိ ကျဆင်းသွားတယ်။ ဒါကြောင့် ကလေးတချို့အပါအဝင် နှစ်ဆယ့်ရှစ်ယောက်ပဲ စည်းဝေးတက်ခဲ့တယ်။ အဲ့ဒါဟာ တိုက်နယ်ကြီးကြပ်မှူးအဖြစ် ကျွန်တော်ရဲ့ပထမဆုံးစည်းဝေးပွဲပဲ၊ ကျွန်တော်အရမ်းစိုးရိမ်ခဲ့တယ်။ အဲ့ဒီတုန်းက ကျွန်တော့်အသက် ၂၅ နှစ်ပဲရှိသေးတယ်။ ဒီအဖြစ်အပျက်ကို ဆက်မပြောခင် ဒီအခွင့်ထူးကို ကျွန်တော်ဘယ်လိုရလာခဲ့တဲ့အကြောင်း ပြောပြပါရစေ။
သားချည်းပဲရှစ်ယောက်ရှိတဲ့ထဲက ကျွန်တော်ဟာ ခုနစ်ယောက်မြောက်သားဖြစ်တယ်။ အကြီးဆုံးက ဘီလ်၊ သူ့နောက်မှာ မက်ထရို၊ ဂျော်န်၊ ဖရက်ဒ်၊ မိုက်နဲ့ အဲလက်စ်တို့ဖြစ်တယ်။ ကျွန်တော်က ၁၉၂၅ ခုနှစ်မှာ မွေးတယ်၊ ဝေါ်လီက သားအငယ်ဆုံးပေါ့။ မဲန်နီထိုဘာပြည်နယ်၊ ယူကရိန်းနားမြို့အနီးမှာ ကျွန်တော့်မိဘ၊ မိုက်ကယ်နဲ့ အဲန်နာဒီဒါတို့ရဲ့ ခြံလေးတစ်ခြံမှာ ကျွန်တော်တို့နေထိုင်ကြတယ်။ အဖေရဲ့အလုပ်က မီးရထားသံလမ်းပြုပြင်ထိန်းသိမ်းတဲ့အလုပ်ဖြစ်တယ်။ လူသူကင်းဝေးတဲ့ မီးရထားသံလမ်း အလုပ်သမားတန်းလျားမှာ မိသားစုကြီးနဲ့နေတာ မသင့်တော်လို့ ခြံထဲမှာနေကြတယ်။ အိမ်မှာအဖေမရှိတာများလို့ အမေပဲ ကျွန်တော်တို့ကို ပြုစုပျိုးထောင်ခဲ့တယ်။ တစ်ခါတလေ အမေက တစ်ပတ် ဒါမှမဟုတ် တစ်ပတ်ကျော် အဖေနဲ့သွားနေတတ်တယ်၊ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ကို ချက်ပြုတ်တတ်ဖို့၊ မုန့်ဖုတ်တတ်ဖို့နဲ့ အိမ်အလုပ်တွေလုပ်တတ်ဖို့ အမေသင်ထားပေးတယ်။ နောက်တော့ ကျွန်တော်တို့ဟာ ဂရိကက်သလစ်တွေဖြစ်လို့ အမေက ဆုတောင်းစာတွေ အလွတ်ကျက်ခိုင်းတယ်၊ တခြားဘာသာရေးထုံးတမ်းတွေကိုလည်း ငယ်ငယ်လေးထဲက သင်ထားပေးတယ်။
ကျမ်းစာအမှန်တရားနဲ့ ထိတွေ့လာ
လူငယ်ဘဝကစပြီး ကျွန်တော် ကျမ်းစာကို နားလည်ချင်စိတ်ပေါ်လာတယ်။ ယေဟောဝါသက်သေတစ်ယောက်ဖြစ်တဲ့ အိမ်နီးချင်းတစ်ယောက်က ကျွန်တော်တို့မိသားစုဆီ မှန်မှန်လာပြီး ဘုရားသခင့်နိုင်ငံတော်၊ အာမဂေဒုန်နဲ့ ကမ္ဘာသစ်မှာရမယ့်ကောင်းချီးတွေအကြောင်း ကျမ်းစာကနေဖတ်ပြတယ်။ သူပြောပြတာတွေကို အမေလုံးဝစိတ်မဝင်စားပေမဲ့ မိုက်နဲ့ အဲလက်စ်က သဘောကျတယ်။ ဘယ်အထိတောင်လဲဆိုရင် သူတို့ကြားသိထားတာတွေကြောင့် ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်မတိုက်လိုသူတွေအဖြစ် စစ်မှုထမ်းခြင်းကို ငြင်းဆိုခဲ့ကြတယ်။ ဒါကြောင့် မိုက်က ခဏတစ်ဖြုတ် အချုပ်ချခံခဲ့ရတယ်၊ အဲလက်စ်ကြတော့ အွန်တဲရီယိုပြည်နယ်က အလုပ်ကြမ်းစခန်းကို အပို့ခံခဲ့ရတယ်။ အချိန်တန်တော့ ဖရက်ဒ်နဲ့ ဝေါ်လီတို့လည်း အမှန်တရားကို လက်ခံကြတယ်။ ကျွန်တော့်အစ်ကိုကြီးသုံးယောက်ကတော့ လက်မခံခဲ့ကြဘူး။ အမေဟာ နှစ်အတော်ကြာ အမှန်တရားကို အတိုက်အခံလုပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ယေဟောဝါဘက်ရပ်တည်လာခဲ့တဲ့အတွက် ကျွန်တော်တို့အားလုံး အတော်အံ့သြခဲ့တယ်။ အသက် ၈၃ နှစ်မှာ သူနှစ်ခြင်းခံခဲ့တယ်။ အမေဆုံးတော့ အသက် ၉၆ နှစ်ရှိနေပြီ။ အဖေလည်းပဲ မဆုံးခင်မှာ အမှန်တရားကို ကြိုက်နှစ်သက်သွားတယ်။
အသက် ၁၇ နှစ်မှာ အလုပ်ရှာဖို့၊ ကျမ်းစာသင်ပေးနိုင်မယ့်သူတွေနဲ့ ပေါင်းသင်းဖို့ ဝင်နီပက်ခ်မြို့ကို ကျွန်တော်ထွက်လာခဲ့တယ်။ အဲဒီအချိန်တုန်းက ယေဟောဝါသက်သေတွေရဲ့အလုပ်ကို ပိတ်ပင်ထားပေမဲ့ အစည်းအဝေးတွေကို သူတို့ပုံမှန်ကျင်းပခဲ့ကြတယ်။ ကျွန်တော်တက်ခဲ့တဲ့ ပထမဆုံးစည်းဝေးက ကိုယ်ပိုင်အိမ်တစ်အိမ်မှာဖြစ်တယ်။ ဂရိကက်သလစ်တစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့တာဆိုတော့ ကျွန်တော်ဦးဆုံးကြားခဲ့တာတွေဟာ အထူးအဆန်းတွေဖြစ်တယ်။ ဒါပေမဲ့ ဓမ္မဆရာနဲ့အသင်းသားအစီအစဉ်ဟာ ကျမ်းစာနဲ့ ဘာကြောင့်မညီညွတ်တဲ့အကြောင်း၊ စစ်ကြိုးပမ်းမှုကို ဓမ္မဆရာတွေ ကောင်းချီးပေးတာကို ဘုရားသခင်လက်မခံတဲ့အကြောင်းတွေကို တဖြည်းဖြည်းသဘောပေါက်လာတယ်။ (ဟေရှာယ ၂:၄; မဿဲ ၂၃:၈-၁၀; ရောမ ၁၂:၁၇၊ ၁၈) မြေကြီးပရဒိသုမှာ အသက်ရှင်နေထိုင်တာက အဝေးကြီးတစ်နေရာကို ထာဝရသွားနေတာထက် ပိုလက်တွေ့ကျပြီး ပိုအကျိုးသင့်အကြောင်းသင့်ရှိပုံရတယ်။
ဒါဟာ အမှန်တရားပဲဆိုတာ ကျွန်တော်ယုံကြည်စိတ်ချခဲ့တဲ့အတွက် ယေဟောဝါကို ဆက်ကပ်အပ်နှံလိုက်ပြီး ၁၉၄၂ ခုနှစ်ကျတော့ ဝင်နီပက်ခ်မြို့မှာ နှစ်ခြင်းခံခဲ့တယ်။ ကနေဒါနိုင်ငံမှာ ယေဟောဝါသက်သေတွေရဲ့လုပ်ငန်း ပိတ်ပင်ထားတာကို ၁၉၄၃ ခုနှစ်မှာ ရုပ်သိမ်းလိုက်လို့ ဟောပြောခြင်းလုပ်ငန်း အရှိန်ရလာတယ်။ ကျမ်းစာအမှန်တရားလည်း ကျွန်တော့်နှလုံးထဲ ပိုစွဲမြဲလာတယ်။ အသင်းတော်အကြီးအကဲတစ်ယောက်အဖြစ် ကျွန်တော်အမှုထမ်းခွင့်ရတဲ့အပြင် လူထုဟောပြောချက်တွေပေးတဲ့ ကင်ပိန်းတွေမှာပါဝင်ခွင့်၊ မခန့်အပ်သေးတဲ့ ရပ်ကွက်တွေမှာ သွားအမှုဆောင်ခွင့်လည်း ရရှိခဲ့တယ်။ ယူနိုက်တက်စတိတ်မှာ စည်းဝေးကြီးတွေကို သွားတက်ရောက်ခဲ့လို့လည်း ကျွန်တော့်ဝိညာဉ်ရေး အရမ်းတိုးတက်လာတယ်။
ယေဟောဝါ၏အမှုတော်ကို တိုးချဲ့ထမ်းဆောင်ခြင်း
၁၉၅၀ ပြည့်နှစ်မှာ ရှေ့ဆောင်အဖြစ်အမှုဆောင်ဖို့ နာမည်စာရင်းပေးခဲ့ပြီး အဲဒီနှစ် ဒီဇင်ဘာလမှာပဲ ကျွန်တော့်ကို တိုက်နယ်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ အတွေ့အကြုံရှိပြီး တည်ကြည်တဲ့ညီအစ်ကို ချာလီ ဟက်ပ်ဝါ့သ်က တိုရွန်တိုမြို့အနီးမှာ ကျွန်တော့်ကို စနစ်တကျ လေ့ကျင့်ပေးခဲ့တယ်။ အဲ့ဒီအပြင် နောက်ဆုံးအပတ်မှာ ဝင်နီပက်ခ်မြို့မှာ တိုက်နယ်လှည့်နေတဲ့ ကျွန်တော့်အစ်ကို အဲလက်စ်ကဆက်လေ့ကျင့်ပေးလို့ ဝမ်းသာခဲ့ရတယ်။
အစကဖော်ပြခဲ့တဲ့ ကျွန်တော့်ရဲ့ ပထမဆုံးတိုက်နယ်စည်းဝေးပွဲကို မေ့လို့မရဘူး။ ဘယ်လိုဖြစ်လာမယ်ဆိုတာကို ကျွန်တော်တွေးပူနေမိတယ်။ ကျွန်တော်တို့ရဲ့ ခရိုင်ကြီးကြပ်မှူး၊ ညီအစ်ကို ဂျက်ခ် နေသန်က ကျွန်တော်တို့အားလုံးကို အလုပ်များများပေးပြီး ပျော်ရွှင်မှုရစေခဲ့တယ်။ ရှိတဲ့လူတွေနဲ့ စည်းဝေးပွဲအစီအစဉ်ကို အကျဉ်းချုံးဖော်ပြပေးခဲ့တယ်။ ကျွန်တော်တို့တွေဟာ အတွေ့အကြုံတွေကို ပြောပြကြ၊ တစ်အိမ်မှတစ်အိမ်တင်ဆက်ပုံတွေ လေ့ကျင့်ကြ၊ ပြန်လည်ပတ်မှုတွေလုပ်ပြကြပြီး အိမ်တွင်းကျမ်းစာသင်အံမှုတွေ ဘယ်လိုကျင်းပနိုင်တယ်ဆိုတာကိုလည်း သရုပ်ပြပေးကြတယ်။ ဘုရားသခင့်နိုင်ငံတော်သီချင်းတွေကိုလည်း ကျွန်တော်တို့ သီဆိုကြတယ်။ စားစရာတွေလည်း မနည်းဘူး။ နှစ်နာရီခြားစီ ကော်ဖီနဲ့ ကိတ်မုန့်စားသုံးခဲ့ရတယ်။ ခုံတန်းရှည်ပေါ်၊ စင်မြင့်ပေါ်၊ ကြမ်းပြင်ပေါ်တွေမှာ ကျွန်တော်တို့ အိပ်ခဲ့ကြတယ်။ တနင်္ဂနွေနေ့ကျတော့ နှင်းမုန်တိုင်းက အတော်လေးစဲသွားလို့ လူထုဟောပြောချက်ပေးတဲ့အချိန်မှာ ၉၆ ယောက်တက်ရောက်နိုင်ခဲ့တယ်။ ခက်ခဲတဲ့အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းတတ်ဖို့ အဲဒီအတွေ့အကြုံက သင်ပေးခဲ့တယ်။
ကျွန်တော်တိုက်နယ်လှည့်ဖို့ တာဝန်ကျတဲ့နောက် တစ်နေရာကတော့ အဲလ်ဘာတာပြည်နယ်မြောက်ပိုင်း၊ ဗြိတိသျှ ကိုလံဘီယာပြည်နယ်နဲ့ သန်းခေါင်နေထွန်းလင်းတဲ့ ယူကော်န်ဒေသမှာဖြစ်တယ်။ ဗြိတိသျှ ကိုလံဘီယာပြည်နယ် ဒေါ်စဲန် ခရစ်ခ်မြို့ကနေ ခက်ခဲကြမ်းတမ်းတဲ့ အလာစကာပြည်နယ် အဝေးပြေးလမ်းမကြီးအတိုင်း ယူကော်န်ဒေသ ဝှိုက်ဟော့စ်မြို့အထိ (၉၁၈ မိုင်ကွာဝေးတဲ့) ခရီးသွားရပြီး လမ်းတစ်လျှောက် သက်သေခံဖို့ ခံနိုင်ရည်နဲ့ သတိရှိရတယ်။ နှင်းလျှောလမ်းတွေ၊ ချောကျိနေတဲ့ တောင်စောင်းတွေနဲ့ ဆီးနှင်းတိုက်ခတ်နေလို့ ဘာကိုမှမမြင်ရတာဟာ တကယ့်စိန်ခေါ်ချက်တွေပဲ။
ကမ္ဘာ့မြောက်ဘက်အစွန်းပိုင်းဒေသကို အမှန်တရားထိုးဖောက်ဝင်ရောက်နိုင်တာကိုတွေ့ပြီး ကျွန်တော်အံ့သြသွားခဲ့ရတယ်။ တစ်ခါက ယူကော်န်တယ်ရီတိုရီနယ်စပ်အနား အလာစကာအဝေးပြေးလမ်းမကြီးဘေး၊ ဗြိတိသျှ ကိုလံဘီယာပြည်နယ်၊ လိုဝါရ် ပို့စ်ရွာအနီးက ဆင်းရဲနွမ်းပါးတဲ့ သစ်လုံးအိမ်လေးတစ်အိမ်ကို ဝေါ်လ်တာ လျူးကိုဝဇ်နဲ့ကျွန်တော်တို့ ရောက်သွားတယ်။ မှိတ်တုတ်မှိတ်တုတ်အလင်းရောင်ကို ပြတင်းပေါက်ကနေမြင်ရလို့ အဲ့ဒီသစ်လုံးအိမ်လေးထဲမှာ တစ်ယောက်ယောက်နေမှန်း ကျွန်တော်တို့သိလိုက်တယ်။ ညကိုးနာရီလောက်ရှိမယ်၊ ကျွန်တော်တို့ တံခါးခေါက်လိုက်တော့ အမျိုးသားအသံတစ်သံက ဝင်ခဲ့လို့ အော်ပြောလိုက်တယ်၊ ဒါနဲ့ ကျွန်တော်တို့ အထဲဝင်တော့ အိပ်စင်ပေါ်မှာ ခြေဆန့်လက်ဆန့်လှဲပြီး ကင်းမျှော်စင်မဂ္ဂဇင်းဖတ်နေတဲ့ အဖိုးအိုတစ်ယောက်ကို တွေ့လိုက်ရလို့ အံ့ဩသွားတယ်! တကယ်ဆိုရင် ကျွန်တော်တို့ဝေနေတဲ့စာစောင်ထက် ပိုပြီးနောက်ဆုံးထုတ်ဖြစ်တဲ့ မဂ္ဂဇင်းကို သူဖတ်နေတာ။ သူ့ချောစာတွေအားလုံးကို လေယာဉ်နဲ့ရတဲ့အကြောင်း သူရှင်းပြတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့အသင်းတော်ကနေ ထွက်လာတာ ရှစ်ရက်ကျော်ရှိပြီဆိုတော့ ကျွန်တော်တို့မှာ နောက်ဆုံးထုတ်မဂ္ဂဇင်းတွေ မရှိသေးဘူး။ အဲ့ဒီအဖိုးအိုက သူ့ကိုယ်သူ ဖရက်ဒ် ဘာ့ဂ် ပါလို့ မိတ်ဆက်တယ်၊ သူနှစ်စဉ်ကြေးယူခဲ့တာ နှစ်တော်တော်ကြာရှိပေမဲ့ သူ့ဆီယေဟောဝါသက်သေတွေလာတာ ဒါဦးဆုံးအကြိမ်ပဲလို့ပြောပြတယ်။ ဖရက်ဒ်က ကျွန်တော်တို့ကို ညအိပ်ခိုင်းတယ်။ သူနဲ့ ကျမ်းစာအမှန်တရားတွေကို အတော်များများဆွေးနွေးနိုင်ခဲ့တဲ့အပြင် အဲ့ဒီဒေသကို မှန်မှန်ဖြတ်သန်းသွားလာကြတဲ့ တခြားသက်သေခံတွေ သူ့ဆီသွားလည်ပတ်ကြဖို့ စီစဉ်ပေးနိုင်ခဲ့တယ်။
တိုက်နယ်ငယ်သုံးခုမှာ နှစ်အတန်ကြာ ကျွန်တော်လည်ပတ်ခဲ့တယ်။ အဲ့ဒီတိုက်နယ်သုံးခုရဲ့အကွာအဝေးဟာ အရှေ့အရပ်မှာရှိတဲ့ အဲလ်ဘာတာပြည်နယ်၊ ဂရန် ပရေရီမြို့ကနေ အနောက်အရပ်မှာရှိတဲ့ အလာစကာပြည်နယ်၊ ကိုဒီအက်ခ်မြို့အထိ မိုင်ပေါင်း ၂,၂၀၀ ကျော်ကျယ်ပြန့်တယ်။
ဘယ်လောက်ပဲဝေးဝေး ယေဟောဝါရဲ့ မခံစားထိုက်တဲ့သနားကြင်နာမှုဟာ လူတိုင်းအတွက်ဖြစ်ပြီး ထာဝရအသက်ရလိုသူတွေရဲ့ စိတ်နှလုံးကို
ဘုရားသခင်ရဲ့ဝိညာဉ်တော်က လှုံ့ဆော်ပေးနိုင်တယ်ဆိုတာ ကျွန်တော်ဝမ်းသာအားရတွေ့ခဲ့ရတယ်။ အဲ့ဒီလူတွေထဲကတစ်ယောက်ကတော့ ဒေါ်စဲန်လို့ အခုခေါ်တဲ့ ယူကော်န်ပြည်နယ်၊ ဒေါ်စဲန်မြို့က ဟင်နရီ လီပိုင်းဖြစ်တယ်။ ဟင်နရီက တကယ်ခေါင်တဲ့နေရာမှာနေတာ။ တကယ်တော့ ရွှေတွင်းတူးတဲ့ဒေသကနေ သူဘယ်မှမရောက်တာ အနှစ် ၆၀ ကျော်ပြီ။ ဒါတောင်မှ အသင်းတော်အစည်းအဝေးတစ်ခုမှ မတက်ဖူးခဲ့တဲ့သူကို တိုက်နယ်စည်းဝေးပွဲတက်ဖို့ မိုင် ၁,၀၀၀ ကျော်ဝေးတဲ့ အန်းခရစ်ခ်ျမြို့ကိုသွားဖို့ ဒီအသက် ၈၄ နှစ်ရှိတဲ့အဖိုးအိုကို ယေဟောဝါရဲ့ ဝိညာဉ်တော်က လှုံ့ဆော်ပေးခဲ့တယ်။ စည်းဝေးအစီအစဉ်ကို သူအရမ်းအားရပြီး ပေါင်းသင်းမှုကြောင့်လည်း သူအရမ်းပျော်ခဲ့တယ်။ ဒေါ်စဲန်မြို့ကိုသူပြန်သွားပြီး သေတဲ့အထိ ဟင်နရီသစ္စာတည်ကြည်ခဲ့တယ်။ ဟင်နရီကိုသိကျွမ်းတဲ့လူတွေက ဒီလောက်ဝေးတဲ့ခရီးကို ဒီအဖိုးအိုကြီး ဘာကြောင့်သွားရတာလဲဆိုတာ သိချင်ခဲ့ကြတယ်။ အဲ့လိုစပ်စုကြလို့ လူကြီးတချို့ အမှန်တရားလက်ခံလာခဲ့ကြတယ်။ ဒီလိုနဲ့ ဟင်နရီဟာ သွယ်ဝိုက်တဲ့နည်းနဲ့ ကောင်းကောင်း သက်သေခံနိုင်ခဲ့တယ်။ယေဟောဝါရဲ့ မခံစားထိုက်တဲ့ကြင်နာမှုကိုရရှိခဲ့
၁၉၅၅ ခုနှစ်မှာ ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်းရဲ့ ၂၆ ကြိမ်မြောက်သင်တန်းတက်ဖို့ ဖိတ်ခေါ်ခံရလို့ ကျွန်တော်ဝမ်းသာခဲ့ရတယ်။ ဒီသင်တန်းက ကျွန်တော့်ရဲ့ ယုံကြည်ခြင်းကို ပိုခိုင်ခံ့စေပြီး ယေဟောဝါဆီပိုချဉ်းကပ်စေခဲ့တယ်။ သင်တန်းဆင်းပြီးနောက် ကနေဒါနိုင်ငံမှာပဲ တိုက်နယ်လှည့်ဖို့ တာဝန်ရတယ်။
တစ်နှစ်လောက် အွန်တဲရီယိုပြည်နယ်မှာ နယ်လှည့်ခဲ့တယ်။ အဲဒီနောက် သာယာလှပတဲ့ အလာစကာပြည်နယ်မြောက်ဘက်မှာ ပြန်တာဝန်ကျတယ်။ တလက်လက်တောက်ပကြည်လင်တဲ့ ရေအိုင်တွေဘေးက ဖြတ်သန်းသွားတဲ့ လမ်းမကြီးတွေအတိုင်းသွားရင်း တွေ့ရတဲ့ရှုခင်းအလှတွေ၊ ဆီးနှင်းတွေဖုံးလွှမ်းနေတဲ့ တောင်တန်းတွေပေါ်တက်ခဲ့ရတာတွေကို အခုထိမြင်ယောင်နေတုန်းပဲ။ နွေရာသီမှာဆိုရင် တောင်ကြားတွေနဲ့ မြက်ခင်းပြင်တွေဟာ ရောင်စုံတောပန်းတွေနဲ့ အသက်ရှူမှားလောက်အောင် လှပတဲ့ကော်ဇောကြီးဖြစ်သွားတယ်။ လေက သန့်ရှင်းလတ်ဆတ်ပြီး ရေကလည်း ကြည်လင်နေတာပဲ။ ဝက်ဝံတွေ၊ ဝံပုလွေတွေ၊ ဆတ်ချိုပြား၊ ကယ်ရီဘူး သမင်ကြီးတွေနဲ့ တခြားတောရိုင်းတိရစ္ဆာန်တွေဟာ သူတို့ရဲ့ သဘာဝအလေ့အထအတိုင်း အေးဆေးငြိမ်သက်စွာ လှည့်လည်သွားလာနေကြတယ်။
အလာစကာပြည်နယ်မှာ ရာသီဥတုအပြောင်းအလဲသာမက ခရီးဝေးလွန်းတဲ့အတွက် စိန်ခေါ်ချက်တွေတော့ ရင်ဆိုင်ရတယ်။ ကျွန်တော့်ရဲ့ တိုက်နယ်က အရှေ့ဘက်ကနေ အနောက်ဘက်အထိ မိုင်ပေါင်း ၂,၀၀၀ ကွာဝေးတာ။ အဲဒီတုန်းက တိုက်နယ်ကြီးကြပ်မှူးအတွက် ကားပေးသုံးတဲ့အစီအစဉ်မရှိခဲ့ဘူး။ ဒေသခံညီအစ်ကိုတွေကပဲ အသင်းတော်တစ်ခုကနေ နောက်တစ်ခုကို ကားနဲ့ပို့ပေးခဲ့ကြတာ။ ဒါပေမဲ့ တစ်ခါတလေ ကုန်တင်ယာဉ်တွေ၊ ဒါမှမဟုတ် နယ်လှည့်ခရီးသည်တွေနဲ့ ကားကြုံတောင်စီးခဲ့ရတယ်။
တစ်ခါက အလာစကာအဝေးပြေးလမ်းမကြီးပေါ်မှာရှိတဲ့ အလာစကာပြည်နယ်၊ တွတ်ခ်လမ်းဆုံနဲ့ မိုင်တိုင် ၁၂၀၂၊ ဒါမှမဟုတ် စကော့တီခရစ်နယ်မြေကြားမှာ ဒီလိုဖြစ်ပျက်ခဲ့တယ်။ အဲ့ဒီနှစ်နေရာမှာရှိတဲ့ အကောက်ခွန်ရုံးနှစ်ရုံးက မိုင် ၁၀၀ လောက်ဝေးတယ်။ တွတ်ခ်လမ်းဆုံက ယူနိုက်တက်စတိတ်အကောက်ခွန်ရုံးကနေ မိုင် ၃၀ လောက်ပဲကားကြုံစီးခဲ့ရတယ်။ အဲဒီနောက် ကားတစ်စီးမှမလာလို့ ၁၀ နာရီကြာလောက် လမ်းလျှောက်လာခဲ့တာ ၂၅ မိုင်ကျော်ကျော်ပဲ လျှောက်နိုင်တယ်။ နောက်ပိုင်းမှ ကျွန်တော်သတင်းရတာက အကောက်ခွန်ရုံးကနေ ကျွန်တော်ထွက်လာပြီး မကြာခင်မှာ အကောက်ခွန်ရုံးလမ်းကူးနဲ့ မနီးမဝေးမှာ ဆီးနှင်းပြိုလို့ လမ်းကြောတစ်လျှောက် ယာဉ်သွားယာဉ်လာအားလုံး ခဏရပ်ဆိုင်းထားရတယ်လို့ သိလိုက်ရတယ်။ ညသန်းခေါင်ကျတော့ အပူချိန်ဟာ အနုတ် ၁၀ ဒီဂရီ ဖာရင်ဟိုက်လောက်ကျသွားတယ်၊ အဲ့ဒီအချိန်မှာ အနီးဆုံးနားခိုမယ့်နေရာရောက်ဖို့ မိုင် ၅၀ ဆက်သွားဖို့လိုနေသေးတယ်။ ကျွန်တော်အနားယူနိုင်မယ့် နေရာတစ်နေရာရောက်ဖို့ အရေးတကြီးလိုအပ်နေတယ်။
ထော့နဲ့ထော့နဲ့နဲ့ ကျွန်တော်ဆက်လျှောက်လာရင်း လမ်းဘေးမှာ နှင်းဖုံးနေတဲ့ စွန့်ပစ်ထားတဲ့ကားတစ်စီးကို တွေ့လိုက်တယ်။ ကားထဲဝင်ပြီး ကူရှင်ပေါ်မှာသာ အိပ်လိုက်ရရင် တစ်ညတော့ အချမ်း
သက်သာမယ်လို့တွေးမိတယ်။ ဆီးနှင်းတွေကိုကြိုးစားဖယ်ပြီး ကားတံခါးကိုဖွင့်လိုက်တဲ့အခါ အတွင်းကူရှင်တွေ ဖယ်ရှားထားတဲ့ သတ္တုကားအလွတ်ကြီးဖြစ်နေတယ်။ ခဏဆက်လျှောက်သွားတော့ လူမနေတဲ့ သစ်လုံးအိမ်တစ်လုံး တွေ့လိုက်လို့ ဝမ်းသာလိုက်တာ။ အိမ်ထဲကို ခက်ခက်ခဲခဲဝင်၊ မီးမွှေးလိုက်ပြီးနောက် ခဏလောက် အနားယူနိုင်ခဲ့တယ်။ မနက်ကျတော့ နောက်တည်းခိုစခန်းတစ်ခုအထိ ကားကြုံစီးနိုင်လို့ အဲဒီမှာ အစာနည်းနည်းစားပြီး စုတ်ပြတ်ပေါက်ပြဲနေတဲ့ လက်ချောင်းတွေကို ဆေးထည့်ပတ်တီးစီးနိုင်ခဲ့တယ်။မြောက်ပိုင်းတွင် ယေဟောဝါတိုးတက်စေခဲ့
ဖဲဘန့်ခ်စ်မြို့ကို ကျွန်တော်ပထမဆုံး ရောက်ခဲ့တဲ့အချိန်ဟာ တကယ်အားရစရာပဲ။ ခရစ်ယာန်ဓမ္မအမှုမှာ အတော်အောင်မြင်ခဲ့ပြီး အဲ့ဒီတနင်္ဂနွေနေ့ လူထုဟောပြောချက်ကို လူ ၅၀ လောက် လာနားထောင်တယ်။ ဗာနာနဲ့ လော်ရဲန် ဒေးဗစ်တို့နေတဲ့ ခရစ်ယာန်သာသနာပြုအိမ်လေးမှာ ကျွန်တော်တို့ အစည်းအဝေးကျင်းပခဲ့ကြတယ်။ ဟောပြောချက်ကိုကြားနိုင်ဖို့ လူတွေဟာ မီးဖိုဆောင်၊ အိပ်ခန်းနဲ့ စင်္ကြံလမ်းတွေကနေ ခေါင်းပြူပြီး နားထောင်ခဲ့ကြရတယ်။ တုံ့ပြန်မှုဒီလောက်ကောင်းတဲ့အတွက် ဖဲဘန့်ခ်စ်မြို့မှာ ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခုရှိရင် ဟောပြောခြင်းလုပ်ငန်းကို အတည်တကျလုပ်နိုင်မှာပဲဆိုတာ ကျွန်တော်တို့သိသွားတယ်။ ဒါကြောင့် ယေဟောဝါရဲ့အကူအညီနဲ့ ကပွဲရုံဟောင်းတစ်ခုဖြစ်တဲ့ အဆောက်အအုံကြီးတစ်ခုကိုဝယ်လိုက်ပြီး သင့်တော်တဲ့မြေကွက်တစ်ကွက်ကို ရွှေ့ဆောက်ခဲ့တယ်။ ရေတုံကင်တစ်ခု တူးထားပြီး အိမ်သာခန်းတွေနဲ့ အပူပေးစနစ်တွေကိုလည်း တပ်ဆင်လိုက်တယ်။ တစ်နှစ်အတွင်းမှာပဲ ဖဲဘန့်ခ်စ်မြို့မှာ ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခုအဖြစ် အသုံးပြုနိုင်တဲ့ နေရာတစ်နေရာရှိလာတယ်။ မီးဖိုဆောင်တစ်ဆောင် ထပ်ဆောက်ပြီးတဲ့နောက် အဲဒီခန်းမကို ၁၉၅၈ ခုနှစ်မှာ ခရိုင်စည်းဝေးကြီးအတွက် အသုံးပြုခဲ့တယ်၊ တက်ရောက်သူပေါင်း ၃၃၀ ရှိခဲ့တယ်။
၁၉၆၀ ပြည့်နှစ် နွေရာသီမှာ၊ ယူနိုက်တက်စတိတ်နဲ့ ကနေဒါနိုင်ငံမှာရှိတဲ့ နယ်လှည့်ကြီးကြပ်မှူးအားလုံးအတွက် မွမ်းမံသင်တန်းတစ်ခုကိုတက်ဖို့ နယူးယောက်မြို့၊ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်ကို ကျွန်တော်ကားနဲ့ ခရီးထွက်လာခဲ့တယ်။ ဌာနချုပ်မှာရှိနေတုန်း အလာစကာပြည်နယ်မှာ ဌာနခွဲရုံး ဖွင့်နိုင်ခြေနဲ့ပတ်သက်ပြီး ညီအစ်ကို နေသန် နောရ်နဲ့ တခြားတာဝန်ရှိညီအစ်ကိုတွေက ကျွန်တော့်ကို တွေ့ဆုံမေးမြန်းခဲ့ကြတယ်။ လအနည်းငယ်ကြာတော့ ၁၉၆၁ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့ကစပြီး အလာစကာပြည်နယ်မှာ ဌာနခွဲရုံးဖွင့်တော့မယ်ဆိုတဲ့ သတင်းကြားလို့ ဝမ်းသာခဲ့ကြတယ်။ ဌာနခွဲလုပ်ငန်းတာဝန်တွေကို ညီအစ်ကို အင်ဒရူး ကေ. ဝဂ္ဂနာ ထမ်းဆောင်မယ်လို့သိရတယ်။ သူနဲ့ သူ့ဇနီး ဗီရာတို့ဟာ ဘရွတ်ကလင်မှာ အနှစ် ၂၀ အမှုထမ်းခဲ့တဲ့အပြင် နယ်လှည့်လုပ်ငန်းမှာလည်း အတွေ့အကြုံရှိတယ်။ အလာစကာဌာနခွဲရုံး ဖွင့်လိုက်တာ ကျေးဇူးတင်စရာပဲ၊ အဲ့ဒီအတွက် တိုက်နယ်ကြီးကြပ်မှူးရဲ့ ခရီးစဉ်လျော့သွားပြီး အသင်းတော်တွေနဲ့ သီးခြားရပ်ကွက်တွေရဲ့ အထူးလိုအပ်ချက်တွေကို ပိုအာရုံစိုက်နိုင်ခဲ့တယ်။
၁၉၆၂ ခုနှစ် နွေရာသီဟာ မြောက်ပိုင်းအတွက် ပျော်ရွှင်စရာအချိန်ပဲ။ အဲ့ဒီအချိန်မှာ အလာစကာဌာနခွဲကို အပ်နှံခဲ့တယ်၊ နောက်တော့ အလာစကာပြည်နယ်၊ ဂျူနိုဆိပ်ကမ်းမြို့မှာ ခရိုင်စည်းဝေးကြီး ကျင်းပခဲ့ကြတယ်။ ဂျူနို၊ ဝှိုက်ဟောစ်၊ ယူကော်န်တို့မှာ ဘုရားသခင့်နိုင်ငံတော်ခန်းမအသစ်တွေ ဆောက်လုပ်ခဲ့ပြီး သီးခြားအုပ်စုအသစ် အတော်များများကိုလည်း ဖွဲ့စည်းပေးနိုင်ခဲ့တယ်။
ကနေဒါနိုင်ငံကိုပြန်သွားခဲ့
ကနေဒါနိုင်ငံက မာဂရီတာ ပက်ထရက်စ်နဲ့ ကျွန်တော် စာအဆက်အသွယ်ရှိတာ နှစ်အတော်ကြာခဲ့ပြီ။ ရီတာလို့ အများခေါ်ကြတဲ့ သူဟာ ၁၉၄၇ ခုနှစ်မှာ ရှေ့ဆောင်စလုပ်ခဲ့ပြီး ၁၉၅၅ ခုနှစ်မှာ ဂိလဒ်ကျောင်းဆင်းခဲ့တယ်၊ အဲဒီနောက် ကနေဒါအရှေ့ပိုင်းမှာ ရှေ့ဆောင်နေတာ။ သူ့ကို ကျွန်တော်လက်ထပ်ခွင့်တောင်းတဲ့အခါ သူ လက်ခံခဲ့တယ်။ ၁၉၆၃၊ ဖေဖော်ဝါရီလမှာ ဝှိုက်ဟောက်စ်မြို့မှာ ကျွန်တော်တို့လက်ထပ်ခဲ့ကြတယ်။ အဲဒီနှစ် ဆောင်းဦးပိုင်းမှာ ကျွန်တော် ကနေဒါအနောက်ဘက်ပိုင်းမှာ တိုက်နယ်လှည့်ဖို့ တာဝန်ရတယ်၊ အဲဒီမှာ နောက်ထပ် ၂၅ နှစ် ပျော်ပျော်ရွှင်ရွှင် အမှုဆောင်နိုင်ခဲ့ကြတယ်။
ကျန်းမာရေးချူချာလာတဲ့အတွက် ၁၉၈၈ ခုနှစ်မှာ မဲန်နီတိုဘာပြည်နယ်၊ ဝင်နီပက်ဂ်မြို့မှာ အထူးရှေ့ဆောင်တာဝန်ရခဲ့တယ်။ အဲ့ဒီတာဝန်မှာ စည်းဝေးပွဲခန်းမတစ်ခုကို ငါးနှစ်လောက် ကြည့်ရှုစောင့်ရှောက်ရတဲ့ တာဝန်လည်းပါဝင်တယ်။ ပျော်စရာကောင်းတဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ကျွန်တော်တို့ အတတ်နိုင်ဆုံး ပါဝင်နေကြတုန်းပဲ။ တိုက်နယ်လှည့်တုန်းက တခြားသူတွေအတွက် ကျမ်းစာသင်အံမှု အတော်များများ စပေးခွင့်သာရခဲ့တယ်။ အခုဆိုရင်၊ ယေဟောဝါရဲ့မခံစားထိုက်တဲ့ ကြင်နာမှုကြောင့် သင်အံမှုကိုစကြပြီး ဆက်ကပ်အပ်နှံနှစ်ခြင်းခံတဲ့အထိ တိုးတက်လာတာကို မြင်ရလို့ ပျော်ရွှင်မှုထပ်ရတယ်။
ယေဟောဝါရဲ့အမှုတော်ထမ်းဆောင်ခြင်းဟာ အကောင်းဆုံးဘဝလမ်းစဉ်ပဲဆိုတာ ကျွန်တော်ယုံကြည်စိတ်ချတယ်။ တကယ်အဓိပ္ပာယ်ရှိပြီး စိတ်ကျေနပ်မှုလည်းပေးတယ်၊ ပြီးတော့ ယေဟောဝါကို တစ်နေ့ထက်တစ်နေ့ ပိုပိုချစ်လာစေတယ်။ အဲ့ဒါက စစ်မှန်တဲ့ပျော်ရွှင်မှုပဲ။ ဘယ်သီအိုကရက်တစ်တာဝန်ပဲရရ၊ ဘယ်နေရာမှာပဲ နေရနေရ၊ “ယေဟောဝါကို မိမိဘုရားသခင်အဖြစ်ကိုးကွယ်သောလူမျိုးသည် ပျော်ရွှင်၏” လို့ပြောခဲ့တဲ့ ဆာလံဆရာနဲ့ ကျွန်တော်တို့သဘောချင်းတူနိုင်ကြပါတယ်။—ဆာလံ ၁၄၄:၁၅။
[စာမျက်နှာ ၂၄၊ ၂၅ ပါ ရုပ်ပုံ]
တိုက်နယ်လုပ်ငန်းတွင်
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ဒေါ်စဲန်စီးတီးတွင်နေထိုင်သည့် ဟင်နရီ လီပိုင်းထံ သွားလည်ပတ်ခြင်း။ ဝဲဘက်မှာ ကျွန်တော်
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
အန်းကရစ်ခ်ျဆိပ်ကမ်းမြို့ရှိ ပထမဦးဆုံး ဘုရားသခင့်နိုင်ငံတော်ခန်းမ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
၁၉၉၈ ခုနှစ်က ရီတာနှင့် ကျွန်တော်