မေးခွန်းများစွာ စိတ်ကျေနပ်ဖွယ်အဖြေ နည်းလှ
မေးခွန်းများစွာ စိတ်ကျေနပ်ဖွယ်အဖြေ နည်းလှ
၁၇၅၅၊ နိုဝင်ဘာ ၁ ရက်၊ သူတော်စင်များနေ့ နံနက်ပိုင်းတွင် မြို့သူမြို့သားအများစု ချာ့ခ်ျတက်နေချိန်၌ လစ္စဘန်မြို့တွင် အင်အားပြင်းထန်သော ငလျင်ဘေး ဆိုက်ရောက်ခဲ့သည်။ ထောင်နှင့်ချီသော အဆောက်အအုံများပြိုကျပြီး လူထောင်သောင်းချီ၍ သေဆုံးခဲ့သည်။
ထိုအဖြစ်ဆိုးဖြစ်ပြီး မကြာမီ ပိုးအဲမ် စူးလ ဒီဇာစတာ ဒလိဇ်ဘန် (လစ္စဘန်မြို့ကပ်ဆိုက်ခြင်းကဗျာ) တစ်ပုဒ်ကို ပြင်သစ်စာရေးဆရာ ဗော်လ်တဲယားက ရေးသားထုတ်ဝေခဲ့ပြီး ထိုတွင် သူက ၎င်းကပ်ဘေးသည် လူတို့၏အပြစ်ကို ဘုရားသခင်ဒဏ်ခတ်ခြင်းဖြစ်၏ ဟူသောအဆိုကို ငြင်းပယ်ခဲ့သည်။ အဆိုပါကပ်ဘေးများသည် လူ့ဉာဏ်မမီနိုင်သော သို့မဟုတ် မရှင်းပြနိုင်သောဖြစ်ရပ်များဖြစ်သည်ဟု ဗော်လ်တဲယားကဆို၍ ဤသို့ရေးသားခဲ့သည်–
သဘာဝက အသံမပြု၊ မေးမြန်း၍မရ;
လူတို့အား အသံပြုပြောဆိုမည့်ဘုရားသခင်တစ်ပါး ကျွန်ုပ်တို့လိုအပ်နေသည်။
မှန်ပါသည်၊ ဗော်လ်တဲယားသည် ဘုရားသခင်နှင့်ပတ်သက်၍ မေးခွန်းများမေးသူတို့တွင် ပထမဦးဆုံးမဟုတ်ပေ။ လူ့သမိုင်းတစ်လျှောက် ကြေကွဲဖွယ်ဖြစ်ရပ်များနှင့် ကပ်ဆိုက်မှုများကြောင့် လူတို့စိတ်တွင် မေးခွန်းများပေါ်ပေါက်ခဲ့ပြီ။ လွန်ခဲ့သောနှစ်ထောင်ချီအချိန်က သားသမီးအားလုံး ဆုံးပါးပြီးခါစတွင် အနာရောဂါဆိုးကို မချိမဆံ့ခံစားခဲ့ရသူ ဘိုးဘေးယောဘက ဤသို့မေးမြန်းခဲ့သည်– “[ဘုရားသခင်သည်] . . . ဆင်းရဲခံရသောသူအား အဘယ်ကြောင့်အလင်းကိုပေးသနည်း။ စိတ်နှလုံးခါးသောသူအား အဘယ်ကြောင့်အသက်ကိုပေးသနည်း။” (ယောဘ ၃:၂၀) ယနေ့၊ ဆင်းရဲခြင်းဝေဒနာနှင့် မတရားမှု ဤမျှများပြားနေသည်ကို ကောင်းမြတ်သည့် မေတ္တာရှင်ဘုရားသခင်သည် မည်သို့လျစ်လျူရှုနေနိုင်ကြောင်း သိလိုသူ များစွာရှိ၏။
အစာခေါင်းပါးခြင်း၊ စစ်၊ ဖျားနာမှုနှင့် သေခြင်းတို့ကို ကိုယ်တွေ့ကြုံရသောအခါ လူကို ဂရုစိုက်သောဖန်ဆင်းရှင်တစ်ပါးရှိသည် ဟူသောအယူအဆကို လုံးလုံးငြင်းပယ်သူ များ၏။ ဘုရားသခင်မဲ့ဝါဒီအတွေးအခေါ်ပညာရှင်တစ်ဦးက ဤသို့ဆိုခဲ့သည်– “ကလေးတစ်ဦးကို ဝေဒနာခံစားစေသည့်အတွက် ဘုရားသခင်ကို ခွင့်လွှတ်နိုင်စရာအကြောင်းမရှိ၊ . . . ဘုရားသခင်မရှိ၍သာ ထိုသို့ဖြစ်ရမည်။” ဒုတိယကမ္ဘာစစ်အတွင်း မီးလောင်တိုက်သွင်းခြင်းကဲ့သို့သော ဝမ်းနည်းဖွယ်ဖြစ်ရပ်ဆိုးကြီးများကလည်း အလားတူကောက်ချက်ချစေသည်။ သတင်းလွှာတစ်ခု၌ပါသော ဂျူးစာရေးဆရာတစ်ဦး၏ ဤသုံးသပ်ချက်ကိုဂရုပြုပါ– “အောက်ရှဝိဇ်ချွေးတပ်စခန်းကို အရိုးရှင်းဆုံး ရှင်းလင်းဖော်ပြရလျှင် လူ့ကိစ္စရပ်များတွင် ကြားဝင်ဆောင်ရွက်ပေးမည့် ဘုရားသခင်မရှိ၍သာဖြစ်သည်။” ၁၉၉၇ ခုနှစ်တွင် ချာ့ခ်ျစိုးမိုးသော ပြင်သစ်နိုင်ငံ၌ပြုလုပ်ခဲ့သည့် ဆန်းစစ်လေ့လာချက်တစ်ခုအရ၊ ၁၉၉၄ ခုနှစ်၌ ရဝမ်ဒါနိုင်ငံတွင်ကဲ့သို့ အမျိုးဖြုတ်သတ်ဖြတ်မှုများ ဖြစ်ပျက်ခဲ့ခြင်းကြောင့် ဘုရားသခင်တည်ရှိခြင်းကို သံသယဝင်သူ ၄၀ ရာခိုင်နှုန်းခန့်ရှိ၏။
ယုံကြည်ရန် အတားအဆီးတစ်ခုလော
ဘုရားသခင်သည် ဆိုးဝါးသောဖြစ်ရပ်များ မဖြစ်ရလေအောင် အဘယ်ကြောင့် ကြားဝင်ဆောင်ရွက်ခြင်းမပြုသနည်း။ ဤမေးခွန်းသည် လူများစွာအတွက် “ယုံကြည်ရန် တကယ့်အတားအဆီးတစ်ခု” ဖြစ်သည်ဟု ကက်သလစ်ရာဇဝင်ရေးသားသူတစ်ဦးကဆို၏။ သူက
“အပြစ်မဲ့သူ သန်းပေါင်းများစွာ သေဆုံး၍ ကမ္ဘာ့လူထု သိမ်းရုံးသတ်ဖြတ်ခံရစဉ် လက်ပိုက်ကြည့်နေပြီး တားဆီးခြင်းမပြုသည့် ဘုရားသခင်ကို အမှန်ယုံကြည်နိုင်ပါမည်လော” ဟုမေးခွန်းထုတ်သည်။ကက်သလစ်သတင်းစာ လာခဝါး၏ အယ်ဒီတာအာဘော်ကလည်း အလားတူကောက်ချက်ချသည်– “အတိတ်မှ ဝမ်းနည်းဖွယ်ဖြစ်ရပ်များဖြစ်စေ၊ နည်းပညာဆိုင်ရာတိုးတက်မှုကြောင့် ဖြစ်ပေါ်လာသောဖြစ်ရပ်များဖြစ်စေ၊ သဘာဝဘေးဒဏ်များဖြစ်စေ၊ ရာဇဝတ်ဂိုဏ်းများဖြစ်စေ၊ ချစ်ရသူတစ်ဦးသေဆုံးခြင်းပင်ဖြစ်စေ၊ ဤဖြစ်ရပ်တစ်ခုစီတွင် ထိတ်လန့်သောမျက်လုံးများက ကောင်းကင်ကိုမော့ကြည့်ကြသည်။ ဘုရားသခင် အဘယ်မှာရှိသနည်း။ သူတို့ အဖြေလိုချင်နေကြသည်။ ကိုယ်တော်သည် လျစ်လျူရှုတတ်သော၊ ဂရုမစိုက်တတ်သော ပုဂ္ဂိုလ်ကြီး မဟုတ်ပေလော။”
၁၉၈၄ ခုနှစ်က ပုပ်ရဟန်းမင်း၏စဲလ်ဗီဗစ်ကီ ဒိုလရီးစ်ဟူသော စာတွင် ပုပ်ဂျွန်ပေါလ် ၂ က ထိုကိစ္စကိုဖြေရှင်းခဲ့သည်။ သူဤသို့ရေးခဲ့သည်– “ဤလောကတည်ရှိခြင်းက ဘုရားသခင့်တည်ရှိမှု၊ ကိုယ်တော်၏ဉာဏ်ပညာ၊ တန်ခိုးတော်နှင့် မြင့်မြတ်မှုတို့ကို ပုံဆောင်သဘောအရ လူတို့အား သိမြင်စေသော်လည်း ဆိုးသွမ်းမှုနှင့် ဆင်းရဲခြင်းဝေဒနာများက အဆိုပါဂုဏ်ရည်တော်များကို ဖုံးကွယ်မှေးမှိန်သွားစေပုံရသည်၊ လွန်စွာပင် မှေးမှိန်စေသောအခါများလည်းရှိသည်၊ အထူးသဖြင့် နေ့စဉ်ဖြစ်ပျက်နေသော မဆီမဆိုင်ခံရသည့်အဖြစ်များစွာနှင့် ထိုက်သင့်သောပြစ်ဒဏ်မခံရသည့် ကျူးလွန်မှုများစွာကို မြင်တွေ့ရ၍ဖြစ်သည်။”
သမ္မာကျမ်းစာတွင်ဖော်ပြထားသော မေတ္တာတော်ရှင် တန်ခိုးအကြီးမားဆုံးဘုရားသခင် တည်ရှိခြင်းသည် လူ့ဆင်းရဲဝေဒနာပျံ့နှံ့နေခြင်းနှင့် ဆီလျော်အပ်စပ်ပါ၏လော။ ဘုရားသခင်သည် တစ်ဦးချင်းစီ၊ သို့မဟုတ်စုပေါင်းခံရသောအဖြစ်ဆိုးများ မဖြစ်စေရန် ကြားဝင်တားဆီးပေးပါသလော။ ယနေ့ ကျွန်ုပ်တို့အတွက် ကိုယ်တော်တစ်စုံတစ်ရာ လုပ်ဆောင်ပေးပါသလော။ ဤမေးခွန်းများကိုဖြေဆိုပေးရန် ဗော်လ်တဲယား၏စကားအရ “လူတို့အား အသံပြုပြောဆိုမည့်ဘုရားသခင်တစ်ပါး” ရှိပါသလော။ အဖြေရရှိရန် ကျေးဇူးပြု၍ နောက်ဆောင်းပါးကိုဖတ်ကြည့်ပါ။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
၁၇၅၅ ခုနှစ်တွင် လစ္စဘန်မြို့ပျက်စီးခြင်းက အဆိုပါဖြစ်ရပ်များသည် လူ့ဉာဏ်မမီနိုင်ရာများ ဖြစ်သည်ဟုပြောဆိုရန် ဗော်လ်တဲယားကို လှုံ့ဆော်ပေးခဲ့
[Credit Lines]
Voltaire: From the book Great Men and Famous Women; Lisbon: J.P. Le Bas, Praça da Patriarcal depois do terramoto de 1755. Foto: Museu da Cidade/Lisboa
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ရဝမ်ဒါနိုင်ငံတွင်ကဲ့သို့ အမျိုးဖြုတ်သတ်ဖြတ်မှု၏ ဝမ်းနည်းဖွယ်အဖြစ်ဆိုးများကြောင့် ဘုရားသခင် တည်ရှိခြင်းကို သံသယဝင်သူ များစွာရှိ
[Credit Line]
AFP PHOTO
[Picture Credit Line on page 2]
COVER, children: USHMM, courtesy of Main Commission for the Prosecution of the Crimes against the Polish Nation