ပညာရှိဆုံးဖြတ်ချက်များ သင်မည်သို့ချနိုင်သနည်း
ပညာရှိဆုံးဖြတ်ချက်များ သင်မည်သို့ချနိုင်သနည်း
“ပညာရှိသောသူသည် နားထောင်သဖြင့် ပညာအတတ်တိုးပွားရလိမ့်မည်” ဟုရှေးခေတ်ဣသရေလရှင်ဘုရင် ရှောလမုန်ဆို၏။ ကျွန်ုပ်တို့အများစုသည် အခြားသူတို့၏အကြံပေးချက်ကို နားမထောင်သောကြောင့်သာ တစ်ခါတစ်ရံ ပညာမဲ့စွာဆုံးဖြတ်ခဲ့ကြပြီ။—သု. ၁:၅။
ရှောလမုန်၏အဆိုပါစကားများကို သူစီကုံးခဲ့သော အခြား “နယပုံပြင်နည်းသုံးထောင်” နှင့်အတူ သမ္မာကျမ်းစာတွင် နောက်ပိုင်း၌ မှတ်တမ်းတင်ခဲ့သည်။ (၃ ဓမ္မရာဇဝင် ၄:၃၂၊ သမ) သူ၏ပညာရှိအဆိုအမိန့်များကို သိရှိပြီး လိုက်နာခြင်းမှ ကျွန်ုပ်တို့အကျိုးရရှိနိုင်သလော။ ရနိုင်ပါသည်။ ကျွန်ုပ်တို့သည် “ဉာဏ်ပညာနှင့် ဆုံးမသွန်သင်ခြင်းကိုသိ၍ ဉာဏ်နှင့်ယှဉ်သောစကားကို နားလည်မည်အကြောင်း၊ ပညာသတိရှိခြင်း၊ ရိုးသားဖြောင့်မတ်စွာကျင့်ခြင်း၊ ဖြောင့်မှန်စွာပြုမူခြင်းအရာ၌ ဆုံးမသွန်သင်ခြင်းခံရမည်အကြောင်း” ၎င်းတို့က ကူညီပေးသည်။ (သု. ၁:၁၊ ၂၊ သမ္မာ) ပညာရှိရှိဆုံးဖြတ်တတ်ရန် အထောက်အကူဖြစ်မည့် ကျမ်းစာအခြေပြုလမ်းညွှန်ချက်ငါးခုကို ဆွေးနွေးကြည့်ကြပါစို့။
ရေရှည်အကျိုးဆက်များကို စဉ်းစားသုံးသပ်ပါ
ဆုံးဖြတ်ချက်အချို့သည် သိသာထင်ရှားသော အကျိုးဆက်များရှိပေမည်။ ထို့ကြောင့် ၎င်းတို့ အဘယ်အရာများဖြစ်နိုင်မည်ကို ကြိုတင်သိထားဖို့ကြိုးစားပါ။ မလိုလားဖွယ် ရေရှည်အကျိုးဆက်များကို မမြင်စေသည့်အထိ ဆွဲဆောင်မှုရှိသော ရေတိုအကျိုးဆက်များကို သတိပြုဖို့လိုသည်။ “[ကောင်းသော] သတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဉာဏ်တိမ်သောသူမူကား အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏” ဟု နယပုံပြင် ၂၂:၃ ကသတိပေးသည်။
ဖြစ်ပေါ်လာနိုင်သော ရေတိုနှင့် ရေရှည်အကျိုးဆက်များကို စာရင်းဇယားပြုစုထားခြင်းသည် အထောက်အကူပြုနိုင်သည်။ အလုပ်အကိုင်တစ်ခု၏ ရေတိုအကျိုးဆက်မှာ လခကောင်းပြီး ပျော်ရွှင်စရာဖြစ်နိုင်သည်။ သို့သော် ရေရှည်အကျိုးဆက်မှာ တက်လမ်းမရှိသောအလုပ် ဖြစ်နေနိုင်သလော။ နောက်ဆုံးတွင် မိတ်ဆွေများ သို့မဟုတ် မိသားစုနှင့် အလှမ်းဝေးသော နေရာတစ်နေရာသို့ ပြောင်းရွှေ့ရမည့်အကြောင်း ရှိနေမည်လော။ အကျင့်ပျက်ပြားသောဝန်းကျင်တွင် အလုပ်လုပ်ကိုင်နေရမည်လော၊ သို့မဟုတ် သင့်ကို စိတ်ပျက်လက်ပျက်ဖြစ်စေသည့်အထိ အလွန်ငြီးငွေ့ဖွယ်ကောင်းသောအလုပ် ဖြစ်လိမ့်မည်လော။ ကောင်းကျိုး၊ ဆိုးကျိုးများကို လေ့လာချိန်ဆပြီးနောက် ဦးစားပေးသင့်ရာကို ဦးစားပေး ဆုံးဖြတ်ပြုလုပ်ပါ။
အချိန်အလုံအလောက်ယူပါ
အလျင်စလိုဆုံးဖြတ်ချက်ချခြင်းသည် ပညာအမြော်အမြင်မရှိသော ဆုံးဖြတ်ချက်များဖြစ်သွားတတ်သည်။ နယပုံပြင် ၂၁:၅ ကဤသို့သတိပေးသည်– “လုံ့လဝီရိယပြုသောသူ၏အကြံအစည်သည် ကြွယ်ဝခြင်းနှင့်လည်းကောင်း၊ [ကောင်းသော] သတိမရှိသော သူ၏အကြံအစည်သည် ဆင်းရဲခြင်းနှင့်လည်းကောင်း ဆိုင်ပေ၏။” ဥပမာ၊ အရူးအမူးစွဲလမ်းတတ်သော ဆယ်ကျော်သက်များသည် အိမ်ထောင်ပြုလိုက်ခြင်းဖြင့် အခြေချရန် မဆုံးဖြတ်မီ အချိန်ယူစဉ်းစားသင့်သည်။ သို့မဟုတ်ပါက၊ “အလောတကြီးအိမ်ထောင်ပြုလျှင် တစိမ့်စိမ့်နောင်တရလိမ့်မည်” ဟူသော ၁၈ ရာစုအစောပိုင်းမှ အင်္ဂလိပ်ပြဇာတ်ရေးဆရာ ဝီလျံ ခေါန်ဂရိဗ်၏စကား မှန်ကန်ကြောင်း တွေ့ရှိရပေလိမ့်မည်။
သို့သော် အချိန်အလုံအလောက်ယူ စဉ်းစားချင့်ချိန်ခြင်းနှင့် အချိန်ဆွဲခြင်းကို မရောထွေးရပါ။ အချို့ဆုံးဖြတ်ချက်များသည် အလွန်အရေးကြီးသဖြင့် စောနိုင်သ၍စောစော ဆုံးဖြတ်ချက်ချလျှင် ပညာရှိရာရောက်၏။ အချိန်ဆွဲထားခြင်းသည် ကျွန်ုပ်တို့ကိုရော အခြားသူများကိုပါ ဆုံးရှုံးနစ်နာစေနိုင်သည်။ အချိန်ဆွဲထားခြင်းကိုယ်နှိုက်က ဆုံးဖြတ်ချက်တစ်ခုဖြစ်နိုင်ပြီး ယင်းသည် ပညာမဲ့ရာရောက်နိုင်သည်။
အကြံဉာဏ်ကို လက်ခံရန် အသင့်ရှိပါ
အတိအကျတူညီသော အခြေအနေနှစ်ခုမရှိသောကြောင့် လူနှစ်ဦးသည် ဆင်တူပြဿနာများ ကြုံတွေ့ရသောအခါ အမြဲ ထပ်တူပင် ဆုံးဖြတ်ချက်ချလိမ့်မည်မဟုတ်ပါ။ သို့တိုင် ကျွန်ုပ်တို့နှင့် အခြေအနေချင်း ဆင်တူသောကိစ္စရပ်များကို အခြားသူများ မည်သို့ဆုံးဖြတ်ခဲ့ကြောင်း သိရှိရခြင်းသည် အထောက်အကူပြုပေမည်။ သူတို့၏ဆုံးဖြတ်ချက်ကို ယခု မည်သို့ယူမှတ်ကြောင်း မေးကြည့်ပါ။ ဥပမာ၊ ရောင်းဝယ်မှုလုပ်ငန်းတစ်ခု ရွေးချယ်ရာတွင် ထိုလုပ်ငန်းကိုလုပ်ကိုင်နေသူအား ယင်း၏အားသာချက်နှင့် အားနည်းချက်ကိုပါ ပြောပြစေပါ။ သူတို့၏ရွေးချယ်မှုကြောင့် ခံစားရသော အကျိုးကျေးဇူးများကား အဘယ်နည်း၊ ဆိုးကျိုးများ သို့မဟုတ် ကျရောက်နိုင်ဖွယ်အန္တရာယ်များက အဘယ်နည်းဟု မေးမြန်းပါ။
“တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏။ တိုင်ပင်သောသူများလျှင်မူကား အကြံတည်တတ်၏” ဟုကျွန်ုပ်တို့သတိပေးခံရကြသည်။ (သု. ၁၅:၂၂) မှန်ပါသည်၊ သူတစ်ပါးထံမှ အကြံဉာဏ်တောင်းဆိုပြီး သူတို့၏အတွေ့အကြုံမှ ပညာယူသောအခါ နောက်ဆုံး ဆုံးဖြတ်ချက်ချရမည့်သူကား ကိုယ်တိုင်ပင်ဖြစ်ကြောင်းနှင့် ယင်းအတွက် မိမိသာတာဝန်ခံရမည်ကို အသိအမှတ်ပြုသင့်သည်။—ဂလာတိ ၆:၄၊ ၅။
ကောင်းစွာလေ့ကျင့်ထားသောသိစိတ်ကို လိုက်နာပါ
မိမိတို့လိုက်လျှောက်ဖို့ ရွေးချယ်ထားသော ဘဝပုံစံ၏ အခြေခံမူများနှင့်အညီ ဆုံးဖြတ်ချက်များချနိုင်ရန် သိစိတ်က ထိန်းကျောင်းပေးသည်။ ခရစ်ယာန်တစ်ဦးအတွက်ဆိုလျှင် ဘုရားသခင့်အတွေးအခေါ်များနှင့်အညီ သူ၏သိစိတ်ကို ပုံသွင်းလေ့ကျင့်ပေးရန်လို၏။ (ရောမ ၂:၁၄၊ ၁၅) ဘုရားသခင့်နှုတ်မြွက်စကားတော်က ဤသို့ဆို၏– “သွားလေရာရာ၌ ထာဝရဘုရားကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။” (သု. ၃:၆) အချို့ကဏ္ဍများတွင်မူ ကောင်းစွာလေ့ကျင့်ထားသောသိစိတ် ကိုယ်စီရှိကြသည့် လူနှစ်ဦးသည် တစ်မျိုးစီဆင်ခြင်သုံးသပ်ကြ၍ မတူသောဆုံးဖြတ်ချက်များ ချကြပေမည်။
သို့သော် သမ္မာကျမ်းစာက တိုက်ရိုက်တားမြစ်ထားသော လုပ်ရပ်များနှင့်ပတ်သက်၍မူ ကောင်းစွာလေ့ကျင့်ထားသော သိစိတ်သည် ထိုသို့သောလွတ်လပ်မှုကို ခွင့်ပြုမည်မဟုတ်ပါ။ ဥပမာ၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် မိမိတို့ တွဲဖက်ညီမညီ စမ်းသပ်ကြည့်ရန် လက်မထပ်ဘဲအတူနေဖို့ ကျမ်းစာမူများဖြင့် လေ့ကျင့်မခံထားသောသိစိတ်က ခွင့်ပြုပေမည်။ ထိုသို့ပြုခြင်းဖြင့် ပညာမဲ့စွာ အိမ်ထောင်ပြုမိခြင်းမှ ကာကွယ်မှုရမည်ဟု သူတို့အထင်ရှိကြပေမည်။ သူတို့၏သိစိတ်က သူတို့ကိုအပြစ်တင်မည်မဟုတ်။ သို့တိုင် လိင်နှင့် အိမ်ထောင်ရေးအပေါ် ဘုရားသခင့်ရှုမြင်ပုံကို လက်ခံထားသူ မည်သူမဆိုသည် ယာယီဖြစ်၍ အကျင့်ယိုယွင်းသည့် ယင်းအစီအစဉ်ကို ပြုလုပ်ရန် ဆုံးဖြတ်လိမ့်မည်မဟုတ်။—၁ ကောရိန္သု ၆:၁၈; ၇:၁၊ ၂; ဟေဗြဲ ၁၃:၄။
သင့်ဆုံးဖြတ်ချက်များ အခြားသူတို့ကို အကျိုးသက်ရောက်နိုင်ပုံ
သင်၏ဆုံးဖြတ်ချက်များသည် အခြားသူများအပေါ် အကျိုးသက်ရောက်တတ်သည်။ ထို့ကြောင့် မိတ်ဆွေများနှင့် ဆွေမျိုးများ၊ ထို့ထက်ကား ဘုရားသခင်နှင့် ကျွန်ုပ်တို့၏အဖိုးတန်ဆက်ဆံရေးကို ထိခိုက်မည့် အကျိုးမပြုသည့်—မိုက်ပင်မိုက်မဲသော—ဆုံးဖြတ်ချက်ကို ဘယ်သောအခါမျှ တမင်တကာမချလိုက်ပါနှင့်။ နယပုံပြင် ၁၀:၁ ကဤသို့ဆိုသည်– “ပညာရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်း၊ မိုက်သောသားမူကား အမိဝမ်းနည်းခြင်းအကြောင်းကို ဖြစ်စေတတ်၏။”
အခြားတစ်ဖက်တွင်မူ တစ်ခါတစ်ရံ မိတ်ဆွေရွေးဖို့လိုသည့်အခါများရှိကြောင်း သတိပြုပါ။ ဥပမာ၊ ကျမ်းစာနှင့်မညီကြောင်း ယခု သင်သိရှိလာသော ယခင်ကဘာသာရေးအစွဲများကို ငြင်းပယ်ဖို့ သင်ဆုံးဖြတ်ပေမည်။ သို့မဟုတ် သင်ယခုလက်ခံထားသော ဘုရားသခင့်လမ်းညွှန်မှုများအတိုင်း သင့်ဘဝကိုပုံသွင်းလိုသောကြောင့် အကြီးအကျယ်ပြောင်းလဲမှုများပြုရန် သင်ဆုံးဖြတ်ပေမည်။ မိတ်ဆွေ သို့မဟုတ် ဆွေမျိုးအချို့က သင်၏ဆုံးဖြတ်ချက်ကို နှစ်သက်ကြမည်မဟုတ်သော်လည်း ဘုရားသခင့်စိတ်တော်နှင့်တွေ့သော မည်သည့်ဆုံးဖြတ်ချက်မဆိုသည် ပညာရှိသောဆုံးဖြတ်ချက်ဖြစ်၏။
အကြီးမားဆုံး ဆုံးဖြတ်ချက်ကို ပညာရှိစွာချပါလေ
ယနေ့၊ လူအများမသိကြသော်လည်း လူတိုင်းသည် သေရေးရှင်ရေးကိစ္စကို ဆုံးဖြတ်ဖို့လိုနေကြသည်။ အလားတူအခြေအနေမျိုးကို ဘီ.စီ.အီး. ၁၄၇၃ ခုနှစ်တွင် ကတိထားရာပြည်နယ်စပ်၌ စခန်းချခဲ့ကြသော ရှေးခေတ်ဣသရေလလူမျိုးတို့ ကြုံတွေ့ခဲ့ရကြသည်။ ဘုရားသခင်၏ပြောရေးဆိုခွင့်ရှိသူအဖြစ် မောရှေက သူတို့ကို ဤသို့ပြောခဲ့သည်– “အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းချီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့၌ငါထားသည်ဟု သင့်တစ်ဖက်၌ ကောင်းကင်မြေကြီးကို ငါတိုင်တည်၏။ သို့ဖြစ်၍ သင်နှင့်သင့်အမျိုးအနွယ်သည် အသက်ရှင်မည်အကြောင်းနှင့်လည်းကောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကိုချစ်၍ စကားတော်ကိုနားထောင်သဖြင့် အသက်ရှင်ခြင်းအကျိုး၊ အသက်တာရှည်ခြင်းအကျိုးကိုပေးတော်မူသော ကိုယ်တော်ကို ဆည်းကပ်မှီဝဲမည်အကြောင်းနှင့်လည်းကောင်း၊ ထာဝရဘုရားသည် သင်၏ဘိုးဘေး အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသောပြည်၌ နေမည်အကြောင်းနှင့်ယှဉ်သောအသက်တရားကို ရွေးယူလော့။”—တရားဟောရာ ၃၀:၁၉၊ ၂၀။
ကျွန်ုပ်တို့သည် “ခဲယဉ်းသောကာလ” ၌အသက်ရှင်နေကြောင်းနှင့် ‘ဤလောက၏အဆင်းသဏ္ဌာန်သည် ပြောင်းလဲနေ’ ကြောင်း ကျမ်းစာပရောဖက်ပြုချက်နှင့် ခုနှစ်စဉ်သက္ကရာဇ်တို့ကဖော်ပြသည်။ (၂ တိမောသေ ၃:၁; ၁ ကောရိန္သု ၇:၃၁) ကြိုဟောထားသောအပြောင်းအလဲသည် လူ့အစီအစဉ်စနစ် ချွတ်ခြုံကျပျက်စီးချိန်၌ အထွတ်အထိပ်သို့ရောက်ပါလိမ့်မည်၊ ၎င်းနောက် ဘုရားသခင်၏ဖြောင့်မတ်သောကမ္ဘာသစ် အစားထိုးရောက်ရှိလာပါလိမ့်မည်။
ထိုကမ္ဘာသစ်၏တံခါးဝ၌ ကျွန်ုပ်တို့ရောက်ရှိနေကြပါသည်။ သင်သည် ဘုရားသခင့်နိုင်ငံတော်အောက် မြေကြီးပေါ်တွင် ထာဝရအသက်ကို သင်မွေ့လျော်ခံစားမည်လော။ သို့မဟုတ် စာတန်၏အစီအစဉ်စနစ် ဖယ်ရှားခံရသောအခါ မြေကြီးပေါ်မှ သင်ဖယ်ရှင်းခံရမည်လော။ (ဆာလံ ၃၇:၉-၁၁; သု. ၂:၂၁၊ ၂၂) အဘယ်လမ်းစဉ်လိုက်မည်ကို ယခုပင် သင်ဆုံးဖြတ်ရမည်၊ ယင်းသည် သေရေးရှင်ရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်အမှန်ဖြစ်၏။ မှန်ကန်သော၊ ပညာရှိသောဆုံးဖြတ်ချက်ချနိုင်ဖို့ အကူအညီပေးလျှင် သင်လက်ခံမည်လော။
အသက်ရှင်ရေးကို သင်ရွေးချယ်လျှင် ဦးဆုံး ဘုရားသခင့်တောင်းဆိုချက်များကို သင်ယူရမည်။ ဒေသခံချာ့ခ်ျအများစုသည် ၎င်းတောင်းဆိုချက်များကို တိကျမှန်ကန်စွာ မသွန်သင်ပေးခဲ့ပါ။ ၎င်းတို့၏ခေါင်းဆောင်များသည် မုသာစကားများကို လူတို့အားယုံကြည်လက်ခံစေပြီး ဘုရားသခင်မနှစ်သက်ရာများကို ပြုလုပ်စေ၍ လမ်းလွဲသွားစေလေ့ရှိသည်။ ဘုရားသခင်ကို ‘ဝိညာဉ်နှင့် အမှန်တရားဖြင့်’ ကိုးကွယ်ရန် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချဖို့လိုကြောင်း ရှင်းမပြခဲ့ကြချေ။ (ယောဟန် ၄:၂၄) ထို့ကြောင့် လူအများစုက ထိုသို့မကိုးကွယ်ကြပါ။ သို့သော် ယေရှုက “ငါ့ဘက်၌မနေသောသူသည် ငါ့ရန်ဘက်ဖြစ်၏။ ငါနှင့်အတူမစုသိမ်းသောသူသည် ကြဲဖြန့်သောသူဖြစ်၏” ဟုမိန့်ဆိုခဲ့သည်ကို သတိပြုပါ။—မဿဲ ၁၂:၃၀။
ယေဟောဝါသက်သေများသည် သမ္မာကျမ်းစာကို ပိုမိုသိရှိနားလည်စေရန် ပျော်ရွှင်စွာကူညီပေးနေကြပါသည်။ လူတစ်ဦး၊ သို့မဟုတ် လူတစ်စုအတွက် အဆင်ပြေသည့်အချိန်၊ အဆင်ပြေသည့်နေရာတွင် ကျမ်းစာကို သူတို့ မှန်မှန်ဆွေးနွေးရှင်းပြပေးကြသည်။ ဤအစီအစဉ်မှ အကျိုးရယူလိုသူများသည် ဒေသခံသက်သေခံများနှင့် ဆက်သွယ်နိုင်သည်၊ သို့မဟုတ် ကင်းမျှော်စင်ထုတ်ဝေသူများထံ စာရေးအကြောင်းကြားနိုင်သည်။
အချို့သူတို့သည် ဘုရားသခင်တောင်းဆိုထားသော အခြေခံအကြောင်းများကို သိရှိထားနှင့်ပြီးသားဖြစ်ပေမည်။ သမ္မာကျမ်းစာသည် မှန်ကန်ကြောင်းနှင့် ယုံကြည်စိတ်ချရကြောင်းတို့ကို သူတို့လက်ခံယုံကြည်နှင့်ပြီးဖြစ်မည်။ သို့တိုင် သူတို့ထဲမှအတော်များများသည် ဘုရားသခင်ထံ မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံရန် ဆုံးဖြတ်ချက်ချဖို့ ရွှေ့ဆိုင်းနေကြ၏။ အဘယ်ကြောင့်နည်း။ အကြောင်းအမျိုးမျိုးရှိပေမည်။
ဆက်ကပ်အပ်နှံခြင်း၏အရေးပါမှုကို သူတို့မသိကြသောကြောင့်လော။ ယေရှုဤသို့အတိအလင်းဆို၏– “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကိုဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (မဿဲ ၇:၂၁) ကျမ်းစာအသိပညာရှိထားခြင်း တစ်ခုတည်းဖြင့် မလုံလောက်ချေ; လုပ်ဆောင်ဖို့လိုသည်။ အစောပိုင်းခရစ်ယာန်အသင်းတော်က ပုံနမူနာတင်ပြခဲ့သည်။ ပထမရာစုရှိ သူအချို့နှင့်ပတ်သက်၍ ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “ဖိလိပ္ပုသည် ဘုရားသခင်၏နိုင်ငံတော်နှင့်လည်းကောင်း၊ ယေရှုခရစ်၏နာမတော်နှင့်လည်းကောင်းစပ်ဆိုင်သော ဧဝံဂေလိတရားကိုဟောပြော၍ ထိုသူတို့သည်ယုံကြည်သောအခါ၊ ယောက်ျားမိန်းမတို့သည် ဗတ္တိဇံကိုခံကြ၏။” (တမန်တော် ၂:၄၁; ၈:၁၂) ထို့ကြောင့် လူတစ်ဦးသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လှိုက်လှိုက်လှဲလှဲခံယူထားပြီ၊ ကျမ်းစာကိုယုံကြည်၍ ဘုရားသခင့်စံနှုန်းများနှင့်အညီ အသက်ရှင်နေထိုင်နေပြီဆိုလျှင် ဆက်ကပ်အပ်နှံခြင်းအထိမ်းအမှတ်အဖြစ် နှစ်ခြင်းယူရန် အဘယ်အရာက သူ့ကိုတားဆီးပါမည်နည်း။ (တမန်တော် ၈:၃၄-၃၈) ဘုရားသခင်လက်ခံနိုင်ဖွယ်ဖြစ်ဖို့ သူသည် ဤခြေလှမ်းကို စိတ်ပါလက်ပါ ရွှင်လန်းအားရစွာ ပြုသင့်ပါသည်။—၂ ကောရိန္သု ၉:၇။
အချို့က ဘုရားသခင်ထံ မိမိတို့အသက်တာကို ဆက်ကပ်အပ်နှံရန် အသိပညာအလုံအလောက်မရှိသေးဟု ယူမှတ်ပေမည်။ သို့သော် ဘဝလမ်းစဉ်သစ်တစ်ခုကို အစပြုသူတိုင်း အသိပညာအနည်းအကျဉ်းသာရှိပါသည်။ အဘယ်အတတ်ပညာရှင်တစ်ဦးက ယနေ့ သူသိရှိထားရာများကို ထိုလုပ်ငန်းစလုပ်ကတည်းက သိထားနှင့်သည်ဟု ဆိုမည်နည်း။ ဘုရားသခင်ကိုဝတ်ပြုဖို့ ဆုံးဖြတ်ရာတွင် ကျမ်းစာအခြေခံသွန်သင်ချက်များနှင့် မူများကို သိကျွမ်းခြင်းအပြင် ယင်းတို့နှင့်အညီ အသက်ရှင်နေထိုင်လိုစိတ်ရှိဖို့ အမှန်တကယ်လိုအပ်သည်။
မိမိ၏ဆုံးဖြတ်ချက်နှင့်အညီ အသက်ရှင်နေထိုင်ရန် ပျက်ကွက်မည်စိုး၍ အချို့ရွှေ့ဆိုင်းထားကြခြင်းလော။ လူ့ကတိကဝတ်ပြုခြင်းကိစ္စ အတော်များများတွင် တာဝန်မကျေမည်ကို စိုးရိမ်ပူပန်စိတ်ရှိတတ်သည်။ အိမ်ထောင်ပြုပြီး မိသားစုကို ကျွေးမွေးပြုစုဖို့ ဆုံးဖြတ်သောအမျိုးသားတစ်ဦးသည် တာဝန်မကျေမည်ကို စိုးရိမ်ပေမည်၊ သို့သော် ကတိကဝတ်ပြုထားခြင်းက သူ့ကို အတတ်နိုင်ဆုံး အကောင်းဆုံးပြုလုပ်ရန် လှုံ့ဆော်ပေးပါမည်။ အလားတူ ယာဉ်မောင်းလိုင်စင်အသစ် ရရှိထားသောလူရွယ်တစ်ဦးသည် ယာဉ်တိုက်မှုဖြစ်မည်ကို စိုးရိမ်ပေမည်၊ အထူးသဖြင့် လူငယ်ယာဉ်မောင်းများသည် သက်ကြီးယာဉ်မောင်းများထက် မတော်တဆယာဉ်တိုက်မှု ပိုဖြစ်တတ်ကြောင်း စာရင်းဇယားက ဖော်ပြ၍ဖြစ်မည်။ သို့သော် ထိုသို့သိရှိထားခြင်းက သူ့ကို သတိကြီးစွာဖြင့်မောင်းနှင်စေရာ အကျိုးရှိနိုင်သည်။ လိုင်စင်မလုပ်ထားခြင်းသည် ဖြေရှင်းနည်း အလျှင်းမဟုတ်ပါ!
အသက်ရှင်ရေးအတွက် ဆုံးဖြတ်ပါ!
လက်ရှိကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးစနစ်များနှင့် ၎င်းတို့ကိုထောက်ခံသူများသည် မြေကြီးပေါ်မှ မကြာမီ ကွယ်ပျောက်တော့မည်ဟု သမ္မာကျမ်းစာကဆိုသည်။ အသက်ရှင်ရေးကို ပညာရှိရှိရွေးချယ်ပြီး ထိုဆုံးဖြတ်ချက်နှင့်အညီ အသက်ရှင်နေထိုင်သူများမှာမူ အသက်ရှင်ကျန်ရစ်ပါလိမ့်မည်။ လူ့ဘောင်သစ်အဖွဲ့အစည်း၏ အခြေခံအုတ်မြစ်အဖြစ် သူတို့သည် ဘုရားသခင်၏မူလရည်ရွယ်ချက်အတိုင်း မြေကြီးကို ပရဒိသုဖြစ်စေရာတွင် ပါဝင်ကြပါလိမ့်မည်။ ဘုရားသခင့်လမ်းညွှန်မှုအောက် ဤပျော်ရွှင်ဖွယ်လုပ်ငန်းတွင် သင်ပါဝင်လိုသလော။
ပါဝင်လိုပါက ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လေ့လာရန် ဆုံးဖြတ်ပါ။ ဘုရားသခင့်စိတ်တော်နှင့်တွေ့ဖို့ ကိုယ်တော်၏တောင်းဆိုချက်များကို သင်ယူရန် ဆုံးဖြတ်ပါ။ ထိုတောင်းဆိုချက်များအတိုင်း အသက်ရှင်နေထိုင်ရန် ဆုံးဖြတ်ပါ။ ထို့ထက်ကား သင်၏ဆုံးဖြတ်ချက် ပြီးမြောက်သည်အထိ ဆောင်ရွက်သွားရန် ဆုံးဖြတ်ပါ။ အတိုချုပ်ပြောရလျှင် အသက်ရှင်ရေးအတွက် ဆုံးဖြတ်ပါ!
စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ကြီးလေးသောဆုံးဖြတ်ချက်များချရန် အချိန် အလုံအလောက်ယူပါ
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
အလုပ်အကိုင်တစ်ခုရွေးချယ်ရာတွင် အကြံဉာဏ်ယူဖို့အသင့်ရှိပါ
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ယခု ဘုရားသခင်ကိုဝတ်ပြုဖို့ ဆုံးဖြတ်သူများသည် မြေကြီးကို ပရဒိသုဖြစ်စေရာ၌ ပါဝင် ကြပါလိမ့်မည်