ယေဟောဝါ၏နေ့အတွက် ကိုယ်တိုင်အသင့်ရှိနေလော့
ယေဟောဝါ၏နေ့အတွက် ကိုယ်တိုင်အသင့်ရှိနေလော့
“သင်တို့သည်လည်း အသင့်ရှိနေကြလော့။ အကြောင်းမူကား မထင်မမှတ်သောအချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။”—မဿဲ ၂၄:၄၄၊ သမ္မာ။
၁။ ယေဟောဝါ၏နေ့ကို ကျွန်ုပ်တို့ အဘယ်ကြောင့်စိတ်ဝင်စားသင့်သနည်း။
ယေဟောဝါ၏ကြောက်မက်ဖွယ်ရာနေ့သည် စစ်တိုက်၍ အမျက်ထွက်သောနေ့၊ ပူပန်သောကရောက်သောနေ့၊ မှောင်မိုက်၍ သုတ်သင်ပယ်ရှင်းဖျက်ဆီးရာနေ့ဖြစ်လိမ့်မည်။ နောဧလက်ထက်ရှိ ဆိုးသွမ်းသောလောကကို ရေလွှမ်းမိုးခဲ့သည့်နည်းတူ ဤအစီအစဉ်စနစ်ဆိုးအပေါ် ယေဟောဝါ၏ “ကြောက်မက်ဖွယ်ရာနေ့ကြီး” ဧကန်အမှန် ရောက်လာပါလိမ့်မည်။ ယင်းကို တိမ်းရှောင်၍မရပါ။ သို့သော် ‘ထာဝရဘုရားသခင်ကို ဆုတောင်းသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ရကြလတ္တံ့။’ (ယောလ ၂:၃၀-၃၂; အာမုတ် ၅:၁၈-၂၀) ဘုရားသခင်သည် ရန်သူများကို ချေမှုန်းဖျက်ဆီးပြီး မိမိ၏လူမျိုးတော်ကို ကာကွယ်ပါလိမ့်မည်။ အရေးတကြီးသဘောထားဖြင့် ပရောဖက်ဇေဖနိ ဤသို့ကြေညာသည်– ‘ထာဝရဘုရားသခင်၏နေ့ကြီးနီးပြီ။ နီးပြီ။ အလျင်အမြန်လာ၏။’ (ဇေဖနိ ၁:၁၄) သို့သော် ဘုရားသခင်၏ ဤတရားစီရင်ခြင်းသည် အဘယ်အချိန်၌ဖြစ်မည်နည်း။
၂၊ ၃။ ယေဟောဝါ၏နေ့အတွက် ကျွန်ုပ်တို့အသင့်ပြင်ဆင်ထားဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။
၂ “ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန်မသိ။ ငါ့ခမည်းတော်တစ်ပါးတည်းသာ သိတော်မူ၏” ဟုယေရှုပြောခဲ့သည်။ (မဿဲ ၂၄:၃၆) အချိန်အတိအကျကို ကျွန်ုပ်တို့မသိကြသောကြောင့် “စောင့်နေကြလော့။ . . . ကိုယ်တိုင် အသင့်ရှိနေကြလော့” ဟူသော ၂၀၀၄ နှစ်ချုပ်ကျမ်းချက်ပါစကားများကို နှလုံးသွင်းဖို့အရေးကြီး၏။—မဿဲ ၂၄:၄၂၊ ၄၄၊ သမ။
၃ အသင့်ရှိနေသူများ သိမ်းယူခံရစဉ် အခြားသူများ စွန့်ပစ်ခံရခြင်းသည် ရုတ်တရက်ဖြစ်မည့်အကြောင်းကိုဖော်ပြရန် ယေရှုဤသို့ဆိုသည်– “လယ်၌ရှိသောသူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့။ ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့။” (မဿဲ ၂၄:၄၀၊ ၄၁) အဆိုပါအထူးအရေးကြုံချိန်တွင် ကျွန်ုပ်တို့အခြေအနေ မည်သို့ရှိမည်နည်း။ ကျွန်ုပ်တို့အဆင်သင့်ရှိမည်လော၊ သို့မဟုတ် သတိလက်လွတ်ဖြစ်နေမည်လော။ ယခု ကျွန်ုပ်တို့လုပ်ဆောင်ရာအပေါ် များစွာမူတည်သည်။ ယေဟောဝါ၏နေ့အတွက် အသင့်ရှိကြောင်း သက်သေထူဖို့ ယနေ့ပျံ့နှံ့လျက်ရှိသော သဘောထားတစ်ခုကို ကျွန်ုပ်တို့ရှောင်ရန်လိုသည်၊ တစ်စုံတစ်ရာသော ဝိညာဉ်ရေးအခြေအနေသို့ မကျရောက်စေဖို့ ကြိုးစားတိုက်လှန်နေရန်နှင့် ဘဝပုံစံအချို့ကို ရှောင်ကြဉ်ရန်လိုသည်။
မိမိတို့ကိုယ်ကို အားရကျေနပ်နေသော သဘောထားကိုရှောင်
၄။ နောဧလက်ထက်ရှိလူတို့တွင် အဘယ်သဘောထားရှိခဲ့သနည်း။
၄ နောဧခေတ်ကို ပြန်သုံးသပ်ကြည့်ပါ။ “နောဧသည် မမြင်သေးသောအမှုအရာတို့ကိုဖော်ပြသော [“ဘုရားသခင့်သတိပေးချက်၊” ကဘ] ကိုခံရပြီးမှ၊ ယုံကြည်ခြင်းအားဖြင့် ကြောက်ရွံ့သောစိတ်ရှိ၍ မိမိအိမ်သူအိမ်သားတို့ကိုကယ်တင်ခြင်းငှာ သင်္ဘောကိုတည်လေ၏” ဟုကျမ်းစာကဖော်ပြသည်။ (ဟေဗြဲ ၁၁:၇) နောဧ၏သင်္ဘောသည် တစ်မူထူးခြားပြီး အတော်အတန် သိသာထင်ရှားပေမည်။ ထို့ပြင် နောဧသည် “ဖြောင့်မတ်ခြင်းတရားကိုဟော” ခဲ့သူဖြစ်သည်။ (၂ ပေတရု ၂:၅) နောဧ၏ ဆောက်လုပ်ရေးစီမံကိန်းကဖြစ်စေ၊ သူ၏ဟောပြောခြင်းကဖြစ်စေ သူ့လက်ထက်ရှိလူများကို သဘောထားမပြောင်းလဲစေနိုင်ခဲ့ပါ။ အဘယ်ကြောင့်နည်း။ သူတို့သည် “စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်နေ” ခဲ့ကြသောကြောင့်ဖြစ်သည်။ နောဧဟောပြောခဲ့သူတို့သည် ကိုယ်ရေးကိုယ်တာကိစ္စများ၊ အပျော်အပါးတို့၌ လုံးပန်းနစ်မွန်းနေကြရာ “ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည့်တိုင်အောင် သတိမဲ့နေ” ခဲ့ကြသည်။—မဿဲ ၂၄:၃၈၊ ၃၉။
၅။ လောတခေတ်ရှိ သောဒုံမြို့သားများ၏သဘောထား မည်သို့ရှိသနည်း။
၅ လောတလက်ထက်တွင်လည်း ထိုနည်းတူပင်ဖြစ်ခဲ့သည်။ သမ္မာကျမ်းစာက ဤသို့ပြောပြသည်– “လူများတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက်နေသကဲ့သို့လည်းကောင်း၊ လောတသည် သောဒုံမြို့မှထွက်သောနေ့၌ ကောင်းကင်မှကန့်နှင့်ရောသောမီးမိုးရွာ၍ ထိုသူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်း” လေ၏။ (လုကာ ၁၇:၂၈၊ ၂၉) လောတသည် ရောက်အံ့ဆဲဖျက်ဆီးခြင်းဘေးနှင့်ပတ်သက်၍ ကောင်းကင်တမန်များ၏ သတိပေးခြင်းခံရပြီးနောက် သမက်များကို သူပြောပြခဲ့သည်။ သို့သော် သူတို့အမြင်တွင် “ကျီစားဟန်ရှိသည်ဟု . . . ထင်ကြ၏။”—ကမ္ဘာဦး ၁၉:၁၄။
၆။ အဘယ်သဘောထားကို ကျွန်ုပ်တို့ရှောင်ရမည်နည်း။
၆ ယေရှုက နောဧနှင့် လောတလက်ထက်မှာကဲ့သို့ “လူသားကြွလာသောအခါ” ဖြစ်လိမ့်မည်ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၂၄:၃၉; လုကာ ၁၇:၃၀) မိမိတို့ကိုယ်ကို အားရကျေနပ်သော စိတ်သဘောထားသည် ယနေ့ အမှန်ပင်ပျံ့နှံ့လျက်ရှိသည်။ ထိုသို့သောသဘောထားမျိုး လွှမ်းမိုးမခံရဖို့ ကျွန်ုပ်တို့သတိရှိရကြမည်။ စားကောင်းသောက်ဖွယ်များကို တော်သင့်ရုံစားသုံးခြင်းသည် ဘာမျှမမှားပါ။ အလားတူ အိမ်ထောင်ပြုခြင်းသည် ဘုရားသခင့်အစီအစဉ်ဖြစ်၏။ သို့သော် ထိုသို့သောကိစ္စများသည် ကျွန်ုပ်တို့၏ ဘဝတွင်အဓိကဖြစ်လာပြီး ဝိညာဉ်ရေးအကျိုးစီးပွားကို လျစ်လျူရှုထားမည်ဆိုလျှင် ယေဟောဝါ၏ကြောက်မက်ဖွယ်နေ့အတွက် ကိုယ်တိုင်အသင့်ရှိပြီဟု အကျွန်ုပ်တို့ဆိုနိုင်ပါမည်လော။
၇။ အလုပ်တစ်ခုကိုမပြုလုပ်မီ အဘယ်အရေးပါသောမေးခွန်းကို မေးသင့်သနည်း၊ အဘယ်ကြောင့်နည်း။
၇ တမန်တော်ပေါလုက “ကာလအချိန်တိုလာပြီ။ ယခုမှစ၍ မယားရှိသောသူသည် မယားမရှိသကဲ့သို့ဖြစ်ရမည်” ဟုဆိုခဲ့သည်။ (၁ ကောရိန္သု ၇:၂၉-၃၁၊ သမ္မာ) ဘုရားသခင်ပေးထားသော ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းကို ပြီးစီးရန် ကျွန်ုပ်တို့၌ အချိန်အကန့်အသတ်သာ ကျန်တော့သည်။ (မဿဲ ၂၄:၁၄) အိမ်ထောင်သည်များပင်လျှင် မိမိတို့၏ဘဝတွင် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ဒုတိယနေရာတွင်ထားရသည့်အထိ မိမိတို့အိမ်ထောင်ဖက်ကို အရေးပေးလွန်းခြင်းမပြုဖို့ ပေါလုတိုက်တွန်းခဲ့သည်။ ပေါလုအကြံပြုခဲ့သော စိတ်နေသဘောထားသည် မိမိတို့ကိုယ်ကို အားရကျေနပ်နေခြင်းနှင့် ဆန့်ကျင်ကြောင်း ထင်ရှား၏။ ယေရှုက “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို [“ဆက်၍၊” ကဘ] ရှေ့ဦးစွာရှာကြလော့” ဟုမိန့်တော်မူခဲ့သည်။ (မဿဲ ၆:၃၃) ဆုံးဖြတ်ချက်တစ်ခုချသောအခါ သို့မဟုတ် အလုပ်တစ်ခုကိုမပြုလုပ်မီ ‘ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွား ဦးစားထားခြင်းကို ဒါက ဘယ်လိုအကျိုးသက်ရောက်မလဲ’ ဟုမိမိကိုယ်ကိုမေးဖို့ အရေးကြီးသည်။
၈။ နေ့စဉ်လုပ်ငန်းဆောင်တာများက ကျွန်ုပ်တို့ဘဝတွင် အဓိကဖြစ်လာခဲ့သော် အဘယ်အရာပြုသင့်သနည်း။
၈ ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို နေရာမပေးနိုင်သည့်အထိ နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် လုံးလည်လိုက်နေကြောင်း သိရှိလာလျှင်ကော အသို့နည်း။ ကျွန်ုပ်တို့၏ဘဝပုံစံသည် တိကျမှန်ကန်သော ကျမ်းစာအသိပညာမရှိ၊ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမဟုတ်သော အိမ်နီးချင်းများ၏ဘဝပုံစံနှင့် ထူးမခြားနားဖြစ်နေသလော။ ထိုသို့ဖြစ်နေပါက ယင်းကိစ္စအတွက် ဆုတောင်းဖို့လိုသည်။ ကျွန်ုပ်တို့တွင် စိတ်သဘောထားမှန်ရှိလာစေဖို့ ယေဟောဝါပြုလုပ်ပေးနိုင်ပါသည်။ (ရောမ ၁၅:၅; ဖိလိပ္ပိ ၃:၁၅) ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ဆက်၍ရှေ့ဦးရှာနေဖို့၊ မှန်ရာကိုပြုလုပ်ဖို့နှင့် ကိုယ်တော့်အပေါ် ကျွန်ုပ်တို့၏တာဝန်ကိုကျေပွန်ဖို့ ကိုယ်တော်ကူညီပေးနိုင်ပါသည်။—ရောမ ၁၂:၂; ၂ ကောရိန္သု ၁၃:၇။
ဝိညာဉ်ရေးငိုက်မျဉ်းခြင်းကို တိုက်လှန်
၉။ ဗျာ. ၁၆:၁၄-၁၆ အရ ဝိညာဉ်ရေးငိုက်မျဉ်းခြင်းကို တိုက်လှန်ဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။
၉ ရောက်အံ့ဆဲဖြစ်သည့် “[အတိုင်းအဆမဲ့] တန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး” အာမဂေဒုန်အကြောင်းဖော်ပြသော ပရောဖက်ပြုချက်ကပင် အချို့သူတို့ နိုးနိုးကြားကြားရှိလိမ့်မည်မဟုတ်ကြောင်း သတိပေးသည်။ သခင်ယေရှုခရစ်ဤသို့ဆို၏– “သူခိုးကဲ့သို့ငါလာ၏။ အဝတ်အချည်းစည်းနှင့်သွားလာ၍ သူတစ်ပါးရှေ့၌ ရှက်စရာအကြောင်းမရှိစေခြင်းငှာ နိုးလျက်နေ၍၊ ကိုယ်အဝတ် [“ဝတ်ရုံ၊” ကဘ] ကိုစောင့်သောသူသည် မင်္ဂလာရှိ၏။” (ဗျာ. ၁၆:၁၄-၁၆) ဤတွင်ဖော်ပြထားသောဝတ်ရုံသည် ယေဟောဝါခရစ်ယာန်သက်သေများအဖြစ် ကျွန်ုပ်တို့အား အမှတ်အသားပြုခွဲခြားရာကိုဆိုလိုသည်။ ထိုတွင် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများအဖြစ် ကျွန်ုပ်တို့၏လုပ်ငန်းနှင့် ကျွန်ုပ်တို့၏ခရစ်ယာန်အမူအကျင့်ပါဝင်သည်။ ကျွန်ုပ်တို့သည် အိပ်ချင်မူးတူး မလှုပ်မရှားအခြေအနေသို့ မသိမသာရောက်နေလျှင် ကျွန်ုပ်တို့၏ခရစ်ယာန်အမှတ်အသားကိုချွတ်၍ အဝတ်အချည်းစည်းဖြစ်နေနိုင်သည်။ ယင်းသည် ရှက်စရာဖြစ်ပြီး အန္တရာယ်ရှိ၏။ ဝိညာဉ်ရေးငိုက်မျဉ်းခြင်း သို့မဟုတ် ထိုင်းမှိုင်းလေးကန်သည့်အခြေအနေသို့ မကျရောက်စေဖို့ ကျွန်ုပ်တို့ တိုက်လှန်နေရကြမည်။ ယင်းသို့သောစိတ်တိမ်းညွတ်မှုကို မည်သို့တိုက်လှန်နိုင်သနည်း။
၁၀။ သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုခြင်းက ဝိညာဉ်ရေးတွင် အဘယ်ကြောင့် နိုးကြားနေစေမည်နည်း။
၁၀ နိုးနိုးကြားကြားနှင့် သတိရှိဖို့လိုကြောင်း သမ္မာကျမ်းစာက အထပ်ထပ်ဖော်ပြပါသည်။ သာဓကအနေနှင့် ခရစ်ဝင်ကျမ်းမှတ်တမ်းများက– “စောင့်နေကြလော့” (မဿဲ ၂၄:၄၂; ၂၅:၁၃; မာကု ၁၃:၃၅၊ ၃၇); “ကိုယ်တိုင်အသင့်ရှိနေကြလော့” (မဿဲ ၂၄:၄၄၊ သမ); “သတိပြုလျက်စောင့်နေကြလော့” (မာကု ၁၃:၃၃၊ သမ္မာ); “အသင့်ရှိနေကြလော့” (လုကာ ၁၂:၄၀) ဟုကျွန်ုပ်တို့ကိုသတိပေးသည်။ တမန်တော်ပေါလုက ယေဟောဝါ၏နေ့သည် ဤလောကအပေါ်သို့ အမှတ်မထင်ရောက်လာမည့်အကြောင်း ဖော်ပြပြီးနောက် ယုံကြည်သူချင်းများကို ဤသို့တိုက်တွန်းသည်– “အခြားသောသူတို့သည် အိပ်ပျော်သကဲ့သို့၊ ငါတို့သည် အိပ်မပျော်ဘဲ [ကောင်းသော] သတိရှိ၍ စောင့်ကြကုန်အံ့။” (၁ သက်သာလောနိတ် ၅:၆) သမ္မာကျမ်းစာ၏နောက်ဆုံးစာစောင်တွင် ဘုန်းပွင့်သောခရစ်တော်က “ငါသည် အလျင်အမြန်လာမည်” ဟုဆိုလျက် မိမိ၏ရုတ်တရက်ရောက်ရှိခြင်းကို အလေးပေးဖော်ပြ၏။ (ဗျာ. ၃:၁၁; ၂၂:၇၊ ၁၂၊ ၂၀) ဟေဗြဲပရောဖက်များစွာကလည်း ယေဟောဝါ၏တရားစီရင်ရာနေ့ကြီးအကြောင်း ဖော်ပြ၍ သတိပေးခဲ့ကြသည်။ (ဟေရှာယ ၂:၁၂၊ ၁၇; ယေရမိ ၃၀:၇; ယောလ ၂:၁၁; ဇေဖနိ ၃:၈) ဘုရားသခင့်နှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုပြီး ဖတ်ရှုခဲ့ရာကို ဆင်ခြင်သုံးသပ်ခြင်းက ဝိညာဉ်ရေးတွင် နိုးနိုးကြားကြားရှိနေဖို့ များစွာထောက်ကူပေး၏။
၁၁။ ဝိညာဉ်ရေးတွင်နိုးကြားနေဖို့ ကိုယ်ပိုင်လေ့လာမှုပြုလုပ်ခြင်းသည် အဘယ်ကြောင့်အရေးပါသနည်း။
၁၁ ‘သစ္စာနှင့်သတိပညာရှိကျေးကျွန်’ ထုတ်ဝေသော ကျမ်းစာအခြေပြုစာပေများကိုအသုံးပြုပြီး အပတ်တကုတ် ကိုယ်ပိုင်လေ့လာမှုပြုခြင်းသည် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးနိုးကြားမှုအတွက် တကယ့်အားဆေးတစ်ခွက်ပင်! (မဿဲ ၂၄:၄၅-၄၇) သို့သော် ကိုယ်ပိုင်လေ့လာမှုပြုလုပ်ခြင်းမှ အကျိုးကျေးဇူးများခံစားရဖို့ တိုးတက်မှုရှိပြီး မှန်မှန်ပြုလုပ်သော လေ့လာမှုမျိုးဖြစ်ရမည်။ (ဟေဗြဲ ၅:၁၄–၆:၃) ကြေခဲသောဝိညာဉ်အစာကို ကျွန်ုပ်တို့မှန်မှန်သုံးဆောင်ကြရမည်။ ဤခေတ်အခါတွင် ထိုသို့ပြုလုပ်ဖို့ အချိန်ရှာယူခြင်းသည် အလွန်ခဲယဉ်းပေမည်။ (ဧဖက် ၅:၁၅၊ ၁၆) သို့သော် အဆင်ပြေမှသာ သမ္မာကျမ်းစာနှင့် ကျမ်းစာစာပေများကို ကောက်ဖတ်ရုံနှင့် မလုံလောက်ချေ။ ကျွန်ုပ်တို့သည် ‘ယုံကြည်ခြင်း၌သန်စွမ်း’ ပြီး နိုးနိုးကြားကြားရှိနေဖို့ ကိုယ်ပိုင်လေ့လာမှုကို မှန်မှန်ပြုလုပ်ဖို့အရေးကြီးသည်။—တိတု ၁:၁၄။
၁၂။ ခရစ်ယာန်အစည်းအဝေးများ၊ စည်းဝေးပွဲများနှင့် စည်းဝေးကြီးများက ဝိညာဉ်ရေးငိုက်မျဉ်းခြင်းကို မည်သို့တိုက်လှန်စေသနည်း။
၁၂ ခရစ်ယာန်အစည်းအဝေးများ၊ စည်းဝေးပွဲများနှင့် စည်းဝေးကြီးများကလည်း ဝိညာဉ်ရေးငိုက်မျဉ်းခြင်းကို ခုခံတိုက်လှန်ရန် ထောက်ကူပေးသည်။ မည်သို့အားဖြင့်နည်း။ ကျွန်ုပ်တို့ရရှိသော သွန်သင်ချက်များအားဖြင့်တည်း။ ဤစုဝေးခြင်းများတွင် ယေဟောဝါ၏နေ့ ရောက်လုနီးကြောင်း ကျွန်ုပ်တို့ မှန်မှန်သတိပေးခံရသည်မဟုတ်ပေလော။ ခရစ်ယာန်ပတ်စဉ်အစည်းအဝေးများတွင်လည်း ‘မေတ္တာစိတ်ရှိစေရန်၊ ကောင်းသောအကျင့်ကိုကျင့်စေရန် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် တိုက်တွန်းနှိုးဆော်’ ခွင့်များရရှိစေသည်။ ဤသို့တိုက်တွန်းနှိုးဆော်ခြင်း၊ လှုံ့ဆော်ပေးခြင်းဖြင့် ဝိညာဉ်ရေးတွင် နိုးနိုးကြားကြားရှိစေပါသည်။ “ကာလအချိန်ရောက်လုနီးသည်ကို သိမြင်” သဖြင့် မှန်မှန်စုရုံးကြဖို့ မိန့်မှာခံရခြင်းသည် အံ့အားသင့်စရာမဟုတ်ပါ။—ဟေဗြဲ ၁၀:၂၄၊ ၂၅၊ သမ္မာ။
၁၃။ ခရစ်ယာန်ဓမ္မအမှုက ဝိညာဉ်ရေးတွင် နိုးကြားနေဖို့ မည်သို့ထောက်ကူပေးသနည်း။
၁၃ ခရစ်ယာန်ဓမ္မအမှုတွင် ကျွန်ုပ်တို့ စိတ်နှလုံးအကြွင်းမဲ့ပါဝင်သောအခါ၌လည်း နိုးနိုးကြားကြားရှိနေဖို့ အကူအညီရသည်။ ခေတ်ကာလ၏နိမိတ်များနှင့် ၎င်းတို့၏အဓိပ္ပာယ်များကို အခြားသူများအား ပြောပြခြင်းထက် သာ၍နိုးကြားနေစေသောနည်းလမ်း ရှိပါဦးမည်လော။ ကျွန်ုပ်တို့ကျမ်းစာသင်ပေးသူများသည် တိုးတက်လာပြီး သူတို့သိရှိလာရာများကို လက်တွေ့ကျင့်သုံးစပြုကြောင်း တွေ့ရှိရသောအခါ ကျွန်ုပ်တို့၏အရေးတကြီးသဘောထား ပြင်းပြလာသည်။ တမန်တော်ပေတရုက “သင်တို့စိတ်နှလုံးကိုခါးပန်းစည်း၍ . . . သတိရှိကြလော့” ဟုဆိုသည်။ (၁ ပေတရု ၁:၁၃) ဝိညာဉ်ရေးထိုင်းမှိုင်းမှုအတွက် ဆေးနည်းကောင်းတစ်လက်မှာ ‘သခင်ဘုရား၏အမှုတော်၌ လုပ်ကိုင်စရာများစွာရှိနေခြင်း’ ဖြစ်သည်။—၁ ကောရိန္သု ၁၅:၅၈။
ဝိညာဉ်ရေးထိခိုက်စေသော ဘဝပုံစံများကိုရှောင်
၁၄။ လုကာ ၂၁:၃၄-၃၆ တွင်ဖော်ပြသကဲ့သို့ အဘယ်ဘဝပုံစံများကို ရှောင်ကြဉ်ရန် ယေရှုသတိပေးခဲ့သနည်း။
၁၄ ယေရှုသည် မိမိရောက်ရှိခြင်းဆိုင်ရာ မဟာပရောဖက်ပြုချက်တွင် နောက်တစ်မျိုးသတိပေးသည်။ ကိုယ်တော်ဤသို့ဆို၏– “သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လော[က]စိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင်၊ ထိုနေ့ရက်သည် အမှတ်တမဲ့သင်တို့နှင့်တွေ့ကြုံလိမ့်မည်။ ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို့ မြေတစ်ပြင်လုံး၌နေသောလူအပေါင်းတို့ကို အုပ်မိလိမ့်မည်။ ထို့ကြောင့် သင်တို့သည် ဖြစ်လတ္တံ့သောအမှုအရာတို့နှင့်ကင်းလွတ်၍ လူသားထံသို့ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း၊ အစဉ်ဆုတောင်းလျက်စောင့်နေကြလော့။” (လုကာ ၂၁:၃၄-၃၆) စားကြူး၊ သောက်ကြူး၍ စိုးရိမ်မှုများစေသောအသက်ရှင်ပုံစသည့် လူအများလိုက်စားကြသော ဘဝပုံစံများကို ယေရှုအတိအကျဖော်ပြခဲ့သည်။
၁၅။ စားကြူး၊ သောက်ကြူးခြင်းကို ကျွန်ုပ်တို့ အဘယ်ကြောင့်ရှောင်သင့်သနည်း။
၁၅ စားကြူး၊ သောက်ကြူးခြင်းတို့သည် ကျမ်းစာမူများနှင့် မညီ၊ ရှောင်ရမည့်အရာများဖြစ်သည်။ သမ္မာကျမ်းစာက “စပျစ်ရည်သောက်ကြူးသောသူ၊ အမဲသားစားကြူးသောသူတို့ကို အပေါင်းအဖော်မလုပ်နှင့်” ဟုဖော်ပြသည်။ (သု. ၂၃:၂၀) သို့သော် စားကြူး၊ သောက်ကြူးသည့်အဆင့်ရောက်မှ အန္တရာယ်ရှိသည်မဟုတ်ပါ။ ထိုအဆင့်မရောက်မီ အလွန်အကျွံစားသောက်ခြင်းသည် လူတစ်ဦးကို ငိုက်မျဉ်း၊ ပျင်းရိစေနိုင်သည်။ ကျမ်းစာပါ ပညာရှိစကားတစ်ခွန်းက “ပျင်းရိသောသူသည် အဘယ်အရာကိုမျှ တောင့်တ၍မရတတ်” ဟုဆို၏။ (သု. ၁၃:၄) ထိုသို့သောသူတစ်ဦးသည် ဘုရားသခင့်အလိုတော်ကို ဆောင်ရွက်လိုသော်လည်း ပေါ့ဆမှုကြောင့် သူ့ဆန္ဒမပြည့်နိုင်ဘဲရှိပေမည်။
၁၆။ ကျွန်ုပ်တို့မိသားစုအရေး စိုးရိမ်ပူပန်မှုများဖြင့် ဝန်လေးနေခြင်းကို မည်သို့ရှောင်နိုင်သနည်း။
၁၆ ယေရှုသတိပေးခဲ့သော ဘဝစိုးရိမ်ပူပန်မှုများကား အဘယ်နည်း။ ၎င်းတို့တွင် ကိုယ်ရေးကိုယ်တာ စိုးရိမ်စရာကိစ္စများ၊ မိသားစုကိုကျွေးမွေးပြုစုခြင်း အစရှိသည်တို့ပါဝင်သည်။ ၎င်းတို့နှင့် ဝန်လေးနေခြင်းသည် ပညာမဲ့လိုက်လေခြင်း! “အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တစ်တောင်ခန့်မျှ တိုးပွားစေနိုင်သနည်း” ဟုယေရှုမေးခဲ့သည်။ နားဆင်သူတို့ကို ကိုယ်တော်ဤသို့တိုက်တွန်းခဲ့သည်– “‘အဘယ်သို့စားသောက်ရအံ့နည်း၊ အဘယ်သို့ဝတ်ရအံ့နည်း’ ဟူ၍ မစိုးရိမ်ကြနှင့်။ ထိုအရာများကို လူတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။” ဘဝတွင် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ဦးစားထားပြီး ကျွန်ုပ်တို့လိုအပ်ရာကို ယေဟောဝါဖြည့်စွက်ပေးမည်ဟု ယုံကြည်စိတ်ချနေခြင်းသည် စိုးရိမ်ပူပန်မှုများကို ဟန့်တားထားပြီး နိုးနိုးကြားကြားရှိစေပါလိမ့်မည်။—မဿဲ ၆:၂၅-၃၄။
၁၇။ ရုပ်ပစ္စည်းလိုက်စားခြင်းက စိုးရိမ်ပူပန်မှု မည်သို့များစေနိုင်သနည်း။
၁၇ ရုပ်ပစ္စည်းလိုက်စားခြင်းဖြင့်လည်း စိုးရိမ်ပူပန်မှုဖြစ်ပေါ်နိုင်ပါသည်။ ဥပမာ၊ အချို့သူတို့သည် အသုံးအစွဲကြီးလွန်းခြင်းကြောင့် ဘဝကိုရှုပ်ထွေးစေကြသည်။ အခြားသူတို့မူ ဖြတ်လမ်းနည်းဖြင့်ချမ်းသာရန် ကြံဖန်ပြုလုပ်ခြင်းနှင့် အရဲစွန့်၍ ငွေရင်းနှီးမြှုပ်နှံခြင်းတို့ဖြင့် သွေးဆောင်ခံခဲ့ရပြီ။ အခြားသူတို့အတွက်မူ ငွေကြေးချမ်းသာရန် လောကပညာရေးသည် ထောင်ချောက်ဖြစ်လေပြီ။ အလုပ်အကိုင်ရရှိဖို့ အတိုင်းအတာတစ်ခုအထိ ကျောင်းပညာလိုအပ်သည်မှာ မှန်ပါ၏။ သို့သော် အချိန်စားသော အဆင့်မြင့်လောကပညာရေးကို လိုက်စားခြင်းဖြင့် အချို့တို့သည် မိမိတို့ဝိညာဉ်ရေးကို ထိခိုက်စေခဲ့ကြပြီ။ ယေဟောဝါ၏နေ့ ရောက်လုနီးပြီဖြစ်ရာ ထိုအခြေအနေမျိုး၌ရှိနေခြင်းသည် အန္တရာယ်များသည်တကား! သမ္မာကျမ်းစာက ဤသို့သတိပေးသည်– “ငွေရတတ်ခြင်းငှာအလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သောတပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့အားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌နစ်မွန်းတတ်ကြ၏။”—၁ တိမောသေ ၆:၉။
၁၈။ စည်းစိမ်ဥစ္စာအဓိကထားသော ဘဝပုံစံထဲမကျရောက်စေဖို့ အဘယ်စွမ်းရည်ကို ကျွန်ုပ်တို့ ပြုစုပျိုးထောင်ရမည်နည်း။
၁၈ ရုပ်ပစ္စည်းလိုက်စားသောဘဝပုံစံထဲ မကျရောက်မိစေဖို့ ဆုံးဖြတ်ချက်များချသောအခါ အမှားနှင့်အမှန် ခွဲခြားသိမြင်နိုင်စွမ်းကို ပြုစုပျိုးထောင်ခြင်း အရေးပါသည်။ ‘အရွယ်ရောက်သူတို့အဖို့ဖြစ်သော ကြေခဲသောအစာအာဟာရ’ ကို မှန်မှန်သုံးဆောင်၍ ‘ကိုယ့်အာရုံများကို အသုံးပြုပြီး ပိုင်းခြားသိမြင်’ တတ်ခြင်းတို့ဖြင့် အဆိုပါစွမ်းရည်ကို ဖွံ့ဖြိုးရင့်သန်စေနိုင်သည်။ (ဟေဗြဲ ၅:၁၃၊ ၁၄) ဦးစားပေးစရာများကို ရွေးစီစဉ်ရာတွင် ‘သာ၍အရေးကြီးသောအရာများကို’ အသေအချာသိထားခြင်းက ဆုံးဖြတ်ချက်မမှားဖို့ ကာကွယ်ပေးမည်။—ဖိလိပ္ပိ ၁:၁၀၊ ၁၁။
၁၉။ ဝိညာဉ်ရေးရာများအတွက် အချိန်နည်းနေကြောင်း သတိပြုမိလျှင် ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်သင့်သနည်း။
၁၉ စည်းစိမ်ဥစ္စာအဓိကထားသည့်ဘဝပုံစံသည် အဖြစ်မှန်ကိုမမြင်နိုင်ဘဲ ဝိညာဉ်ရေးရာများအတွက် အချိန်မရှိသလောက်ဖြစ်စေနိုင်သည်။ ဤသို့သောဘဝပုံစံတွင် ကျော့မိခြင်းကို ရှောင်နိုင်ရန် ကိုယ့်ကိုယ်ကို မည်သို့ဆန်းစစ်ကြည့်နိုင်သနည်း။ ကျွန်ုပ်တို့၏ဘဝကို မည်သို့နှင့် မည်သည့်အတိုင်းအတာအထိ ရိုးရှင်းစေနိုင်ကြောင်းကို ဆုတောင်းသုံးသပ်ဖို့လိုသည်။ ရှေးခေတ်ဣသရေလဘုရင် ရှောလမုန်က ဤသို့ဆိုခဲ့သည်– “အလုပ်လုပ်သောသူသည် များစွာစားသည်ဖြစ်စေ၊ အနည်းငယ်စားသည်ဖြစ်စေ အအိပ်မြိန်တတ်၏။ ရတတ်သောသူ၏စည်းစိမ်မူကား စည်းစိမ်ရှင်ကို အအိပ်ပျက်စေတတ်၏။” (ဒေ. ၅:၁၂) မလိုအပ်သောပစ္စည်းဥစ္စာများကို ကြည့်ရှုပြုစုနေရခြင်းသည် ကျွန်ုပ်တို့အချိန်နှင့် ခွန်အားများကို ကုန်ခန်းစေသလော။ ကျွန်ုပ်တို့ပစ္စည်းများများပိုင်ဆိုင်လေ ပြုပြင်ရ၊ အာမခံထားရပြီး ထိန်းသိမ်းရသည့်ပစ္စည်းများလေဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ပိုင်ဆိုင်သောအရာအချို့ကို ဖယ်ရှားပစ်ခြင်းဖြင့် မိမိတို့ဘဝကို ရိုးရှင်းစေနိုင်မည်လော။
သို့ဖြစ်၍ ကိုယ်တိုင်အသင့်ရှိနေလော့
၂၀၊ ၂၁။ (က) တမန်တော်ပေတရုသည် ယေဟောဝါ၏နေ့နှင့်စပ်လျဉ်း၍ အဘယ်အာမခံချက်ပေးထားသနည်း။ (ခ) ယေဟောဝါ၏နေ့အတွက် ကျွန်ုပ်တို့အသင့်ရှိကြောင်းသက်သေထူစဉ် အဘယ်လုပ်ဆောင်မှုများကို ကျွန်ုပ်တို့ ဆက်လုပ်ဆောင်ရမည်နည်း။
၂၀ နောဧလက်ထက်ရှိ လောကအတွက် အချိန်ကုန်ဆုံးခဲ့သည်၊ လက်ရှိအစီအစဉ်စနစ်အတွက်လည်း အချိန်ကုန်ဆုံးပါတော့မည်။ တမန်တော်ပေတရုက ကျွန်ုပ်တို့ကို ဤသို့အသေအချာသတိပေးသည်– “သူခိုးသည် ညဉ့်အခါလာသကဲ့သို့၊ ထာဝရဘုရား၏နေ့ရက်သည်လာလိမ့်မည်။ ထိုနေ့၌ မိုးကောင်းကင်သည် ကြီးစွာသောအသံနှင့်တကွ ပျောက်သွားလိမ့်မည်။ လောကဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီးကိုယ်မှစ၍၊ မြေကြီးပေါ်မှာ ပြုလုပ်သမျှသောအရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။” ပုံဆောင်ကောင်းကင်ဖြစ်သည့် ဆိုးသွမ်းသောအုပ်ချုပ်ရေးများဖြစ်စေ၊ ပုံဆောင်မြေကြီးဖြစ်သည့် ဘုရားသခင်နှင့်ကင်းကွာနေသော လူသားထုဖြစ်စေ ဘုရားသခင့်ဒေါသအမျက်မီးကို လွတ်မြောက်လိမ့်မည်မဟုတ်ပါ။ အဆိုပါနေ့ရက်အတွက် ကျွန်ုပ်တို့အသင့်ရှိနေကြောင်း မည်သို့သက်သေထူနိုင်သည်ကို ပေတရု ဤသို့ဖော်ပြသည်– “သို့ဖြစ်၍၊ ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သောကြောင့်၊ မိုးကောင်းကင်သည် မီးနှင့်ပျက်၍ လောကဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကိုခံရသောနေ့တည်းဟူသော ဘုရားသခင်၏နေ့ရောက်လိမ့်မည်ဟု သင်တို့သည် မျှော်လင့်တောင့်တလျက်၊ သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရား[သခင်]ဝတ်၌မွေ့လျော်ခြင်းအားဖြင့်၊ အဘယ်သို့သောသူဖြစ်အပ်ကြသနည်း။”—၂ ပေတရု ၃:၁၀-၁၂။
၂၁ အဆိုပါဘုရားသခင်ဝတ်၌မွေ့လျော်ခြင်း အကျင့်နှင့် အပြုအမူများတွင် ခရစ်ယာန်အစည်းအဝေးများ မှန်မှန်တက်ခြင်းနှင့် သတင်းကောင်းဟောပြောခြင်းတို့ ပါဝင်သည်။ ယေဟောဝါ၏နေ့ကြီးကို စိတ်ရှည်စွာစောင့်မျှော်နေစဉ် ဘုရားသခင်ကိုဆည်းကပ်ဝတ်ပြုမှုဖြင့် အဆိုပါလုပ်ရပ်များကို စိတ်ရောကိုယ်ပါ လုပ်ဆောင်ကြပါစို့။ “[ဘုရားသခင့်] မျက်မှောက်တော်၌ အစွန်းအကွက်ကင်းစင်၍ အပြစ်တင်ခွင့်မရှိဘဲ ငြိမ်သက်စွာရှိနေနိုင်ကြမည်အကြောင်း [“အစွမ်းကုန်၊” သတင်းကောင်း] ကြိုးစားအားထုတ်ကြ” ပါစို့။—၂ ပေတရု ၃:၁၄၊ သမ္မာ။
သင်မှတ်မိသလော
• ကျွန်ုပ်တို့သည် ယေဟောဝါ၏နေ့အတွက် အသင့်ရှိနေကြောင်း အဘယ်ကြောင့် သက်သေထူသင့်သနည်း။
• သာမန်ကိစ္စရပ်များသည် ကျွန်ုပ်တို့ဘဝတွင် အဓိကဖြစ်လာပါက မည်သို့ပြုသင့်သနည်း။
• ဝိညာဉ်ရေးငိုက်မျဉ်းခြင်းကို တိုက်လှန်ရန် အဘယ်အရာက ကျွန်ုပ်တို့ကို ထောက်ကူပေးမည်နည်း။
• အန္တရာယ်ရှိသော အဘယ်ဘဝပုံစံများကို ကျွန်ုပ်တို့ရှောင်ရမည်နည်း၊ မည်သို့အားဖြင့်နည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၀၊ ၂၁ ပါ ရုပ်ပုံ]
နောဧခေတ်ရှိလူတို့သည် ရောက်အံ့ဆဲ တရားစီရင်ခြင်းကို အလေးမထားခဲ့ကြချေ —အသင်ကော
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ဝိညာဉ်ရေးရာများကို အချိန်ပိုပေးရန် သင့်ဘဝကိုရိုးရှင်းစေနိုင်သလော