ခရစ်ယာန်သာသနာပြုစိတ်ဓာတ် ဆက်မွေးမြူထားသည့်အတွက် ကြွယ်ဝစွာကောင်းချီးခံစားရ
ဘဝအတ္ထုပ္ပတ္တိ
ခရစ်ယာန်သာသနာပြုစိတ်ဓာတ် ဆက်မွေးမြူထားသည့်အတွက် ကြွယ်ဝစွာကောင်းချီးခံစားရ
တောမ်ကွခ် ပြောပြသည်
အေးဆေးငြိမ်သက်နေတဲ့ နေ့လယ်ခင်းချိန်ဟာ သေနတ်သံတွေကြောင့် ရုတ်တရက်ဆူညံသွားတယ်။ ကျွန်တော်တို့ ဥယျာဉ်ပင်တွေကြား ကျည်ဆံတွေ ဖြတ်သွားတာ တွေ့လိုက်ရတယ်။ ဘာဖြစ်နေပါလိမ့်။ ယူဂန္ဓာနိုင်ငံရဲ့အာဏာကို ဗိုလ်ချုပ်ကြီးအီဒီအာမင် သိမ်းလိုက်ပြီဆိုတာ မကြာခင်မှာ သိလိုက်ရတယ်။ အဲ့ဒါ ၁၉၇၁ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တာ။
အေးချမ်းတဲ့ အင်္ဂလန်နိုင်ငံကနေ မငြိမ်မသက်ဖြစ်နေတဲ့ ဒီအာဖရိကဒေသကို ကျွန်တော့်ဇနီး အဲန်နဲ့အတူ ဘာဖြစ်လို့ ပြောင်းလာရတာလဲ။ ကျွန်တော့်မှာ စွန့်စားချင်တဲ့စိတ် ရှိတာတော့မှန်တယ်၊ ဒါပေမဲ့ အဓိကတော့ ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းမှာ ဇွဲနဲ့ပါဝင်ခဲ့တဲ့ မိဘတွေရဲ့ပုံသက်သေကြောင့် ခရစ်ယာန်သာသနာပြုစိတ်ဓာတ် ကျွန်တော့်မှာ ရှိလာတာပါ။
ယေဟောဝါသက်သေတွေနဲ့ ကျွန်တော့်မိဘတွေ ပထမအကြိမ်တွေ့ဆုံခဲ့တဲ့ ၁၉၄၆၊ ဩဂုတ်လရဲ့ ပူအိုက်တဲ့နေ့တစ်နေ့ကို ကျွန်တော် မှတ်မိသေးတယ်။ အိမ်ရှေ့တံခါးဝမှာ ဧည့်သည်နှစ်ယောက်နဲ့ အတော်ကြာကြာ သူတို့စကားပြောနေကြတယ်။ ဖရေဇာဘရက်ဒ်ဘဲရီနဲ့ မေမီရှရီဗ်ဆိုတဲ့အဲ့ဒီဧည့်သည်နှစ်ယောက် ကျွန်တော်တို့ဆီ ခဏခဏလာလည်ကြတယ်၊ အဲ့ဒီလတွေမှာ ကျွန်တော်တို့မိသားစုဘဝ ထူးထူးခြားခြား ပြောင်းလဲသွားတယ်။
မိဘတွေရဲ့ ရဲစွမ်းသတ္တိရှိပုံသက်သေ
ကျွန်တော့်မိဘတွေက ရပ်ကွက်ရေးရာတွေမှာ အတော်ပါဝင်ခဲ့ကြတာ။ ဥပမာပြောရရင်၊ သူတို့ကျမ်းစာ,စမလေ့လာခင်ကဆိုရင် ဝင်စတင် ချာချီလ်ရဲ့ ပိုစတာတွေ အိမ်ထဲမှာ အပြည့်ပဲ။ စစ်ပြီးခေတ် ပြည်သူ့ရွေးကောက်ပွဲလုပ်တုန်းကလည်း ဒေသခံကွန်ဆာဗေးတစ်ပါတီကော်မတီက ကျွန်တော်တို့အိမ်မှာ စုဝေးခဲ့တယ်။ အဲ့ဒီအပြင် ကျွန်တော်တို့မိသားစုဟာ ဘာသာရေးမှာကော၊ လူမှုရေးမှာပါ လူကြီးပိုင်းတွေနဲ့ အဆက်အသွယ်ရှိကြတယ်။ အဲ့ဒီတုန်းက ကျွန်တော် ကိုးနှစ်ပဲရှိသေးပေမဲ့ ကျွန်တော်တို့ ယေဟောဝါသက်သေတွေ ဖြစ်နေပြီလို့ ဆွေမျိုးတွေသိသွားတဲ့အခါ သူတို့ မယုံနိုင်လောက်အောင်ဖြစ်ခဲ့တာကို မှတ်မိသေးတယ်။
ကျွန်တော်တို့ပေါင်းသင်းတဲ့ သက်သေခံတွေရဲ့ စိုးလ်အကြွင်းမဲ့နဲ့ သတ္တိရှိရှိလုပ်ဆောင်ကြတဲ့ ပုံသက်သေက ကျွန်တော့်မိဘတွေကို ဟောပြောခြင်းလုပ်ငန်းမှာပါဝင်ဖို့ တွန်းအားပေးခဲ့တယ်။ မကြာခင်မှာပဲ အဖေက ကျွန်တော်တို့နေထိုင်တဲ့ စပွန်ဒါန်ရွာရဲ့ ဈေးကြီးလေဟာပြင်မှာ အသံချဲ့စက်နဲ့ ဟောပြောချက်တွေပေးပါလေရော၊ ကျွန်တော်တို့ကလေးတွေကျတော့ ကင်းမျှော်စင် နဲ့ နိုးလော့! ကိုင်ပြီး လူမြင်ကွင်းမှာ ရပ်နေခဲ့ကြရတယ်။ ကျောင်းသွားဖော်တွေနဲ့တွေ့တဲ့အခါ ထွက်ပြေးချင်စိတ်ပေါက်လာတာကို ကျွန်တော်ဝန်ခံရမယ်။
ကျွန်တော့်မိဘတွေရဲ့ပုံသက်သေကြောင့် အစ်မကြီး ဒယ်ဖနီက ရှေ့ဆောင်လုပ်ငန်းမှာ စပါဝင်လာတယ်။ ၁၉၅၅ ခုနှစ်မှာ ကင်းမျှော်စင် သမ္မာကျမ်းစာ ဂိလဒ်ကျောင်းကို အစ်မကြီး တက်ရောက်ခဲ့ပြီး ဂျပန်ပြည်မှာ ခရစ်ယာန်သာသနာပြုတာဝန်ရခဲ့တယ်။ * ဒါပေမဲ့ ကျွန်တော့်ညီမ ဇိုအီကျတော့ ယေဟောဝါကို မကိုးကွယ်တော့ဘူး။
အဲ့ဒီအချိန်မှာ ကျွန်တော်က ပုံဆွဲဒီဇိုင်းပညာသင်ကျောင်း တက်ပြီးသွားပြီ။ အဲ့ဒီတုန်းကဆိုရင် ကျောင်းသားတွေက စစ်မှုထမ်းဖို့ အရေးကိစ္စကို ရင်ဆိုင်နေရတယ်။ ကျွန်တော်ကတော့ စစ်မှုကိုငြင်းပယ်သူဖြစ်တယ်လို့ ပြောပြတဲ့အခါ ကျွန်တော် နောက်နေတာလို့ သူတို့ထင်ခဲ့ကြတယ်။ အဲ့ဒီကိစ္စကြောင့် ကျောင်းသားတချို့နဲ့ ကျမ်းစာဆွေးနွေးဖြစ်ခဲ့တယ်။ မကြာခင်မှာပဲ ကျွန်တော် စစ်မှုမထမ်းလို့ ၁၂ လထောင်ချခံရတယ်။ ကျမ်းစာသတင်းတရားကို စိတ်ဝင်စားခဲ့တဲ့ အနုပညာကောလိပ်ကျောင်းသူတစ်ယောက်က နောက်ပိုင်းမှာ ကျွန်တော့်ဇနီးဖြစ်လာတယ်။ ဒါပေမဲ့ အမှန်တရားကို အဲန် ဘယ်လိုသိရှိလာခဲ့တယ်ဆိုတာ သူ့ကို ပြောခွင့်ပြုပါ။
အမှန်တရားကို အဲန်စသိရှိလာခြင်း
“ကျွန်မမိသားစုက ဘာသာတရားကို စိတ်မဝင်စားတဲ့အတွက် ကျွန်မလည်း နှစ်ခြင်းမခံခဲ့ဖူးဘူး။ ဒါပေမဲ့ ဘာသာတရားကို ကျွန်မသိချင်လို့ သူငယ်ချင်းတွေနဲ့ ဘယ်ချာ့ခ်ျကိုမဆို လိုက်တက်ကြည့်တယ်။ ကောလိပ်ကျောင်းမှာ တောမ်နဲ့ နောက်သက်သေခံတစ်ယောက်က တခြားကျောင်းသားတွေနဲ့ အားရပါးရ ကျမ်းစာဆွေးနွေးနေတာကို ကျွန်မနားထောင်ရင်း သမ္မာကျမ်းစာကို စိတ်ဝင်စားလာတယ်။ တောမ်နဲ့ အဲ့ဒီသက်သေခံပါ စစ်မှုမထမ်းတဲ့အတွက် ထောင်ချခံရတဲ့အခါ ကျွန်မစိတ်အနှောင့်အယှက်ဖြစ်မိတယ်။
“တောမ်ထောင်ကျနေတုန်း သူ့နဲ့ စာအမြဲဆက်သွယ်ခဲ့လို့ သမ္မာကျမ်းစာကို ပိုပြီးစိတ်ဝင်စားလာတာ။ ပညာဆက်သင်ဖို့ လန်ဒန်မြို့ကို ပြောင်းသွားတဲ့အခါ မြူရီအယ်လ် အော်လ်ဘရက်ခ်နဲ့ ကျမ်းစာသင်ဖို့ ကျွန်မသဘောတူလိုက်တယ်။ မြူရီအယ်လ်က အက်စတိုးနီးယားမှာ ခရစ်ယာန်သာသနာပြုလုပ်ခဲ့ဖူးတယ်၊ သူနဲ့ သူ့အမေနှစ်ယောက်စလုံးက ကျွန်မကို အားပေးခဲ့တယ်။ အပတ်အနည်းငယ်မှာပဲ အစည်းအဝေးတွေစတက်နေပြီ၊ ဗစ်တိုးရီးယားဘူတာရုံအပြင်မှာ ရပ်ပြီး ကင်းမျှော်စင် နဲ့ နိုးလော့! မဂ္ဂဇင်းတွေဝေနေပြီ။
“လန်ဒန်တောင်ပိုင်းက ဆောက်သ်ဝါခ်အသင်းတော်မှာ ကျွန်မစည်းဝေးတက်ခဲ့တယ်။ အဲ့ဒီအသင်းတော်က ဝိညာဉ်ရေးညီအစ်ကို၊ ညီအစ်မတွေဟာ လူမျိုးမတူကြဘူး၊ အများစုက ဆင်းရဲကြတယ်။ ကျွန်မက သူစိမ်းတစ်ယောက်ဖြစ်ပေမဲ့ သူတို့ဆွေမျိုးလိုပဲ ကျွန်မကိုဆက်ဆံခဲ့ကြတယ်။ အဲ့ဒီအသင်းတော်ရဲ့ မေတ္တာကြောင့် ဒါဟာ အမှန်တရားပဲလို့ ကျွန်မယုံကြည်စိတ်ချလာတာ၊ ဒါနဲ့ ၁၉၆၀ ပြည့်နှစ်မှာ ကျွန်မနှစ်ခြင်းခံလိုက်တယ်။”
ပန်းတိုင်တူ—အခြေအနေမတူ
၁၉၆၀ ပြည့်နှစ်နှောင်းပိုင်းမှာ အဲန်နဲ့ကျွန်တော် လက်ထပ်လိုက်ပြီး ခရစ်ယာန်သာသနာပြုလုပ်ငန်းမှာ ပါဝင်ဖို့ ပန်းတိုင်ထားခဲ့ကြတယ်။ ဒါပေမဲ့ ကလေးရှိနေပြီလို့ သိလိုက်ရတော့ ကျွန်တော်တို့အခြေအနေ ပြောင်းလဲသွားတယ်။ သမီးဆေရာ မွေးပြီးနောက်မှာ အဲန်နဲ့ကျွန်တော်ဟာ ဘုရားသခင့်နိုင်ငံတော်ကြေညာသူတွေ တကယ်လိုအပ်တဲ့ နိုင်ငံမှာ အမှုဆောင်ချင်တဲ့စိတ် ရှိနေသေးတယ်။ နိုင်ငံအတော်များများမှာ အလုပ်လျှောက်ခဲ့တယ်၊ နောက်ဆုံး ၁၉၆၆၊ မေလမှာ ယူဂန္ဓာပညာရေးဝန်ကြီးဌာနမှာ အလုပ်ရမယ်ဆိုတဲ့ စာတစ်စောင်ရောက်လာတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မှာ အဲန်က ဒုတိယကလေး ကိုယ်ဝန်ရှိနေပြီ။ ပြောင်းရွှေ့ဖို့ စဉ်းစားတာကို ပညာမရှိဘူးလို့ တချို့ကထင်ကြတယ်။ ဆရာဝန်နဲ့ တိုင်ပင်ကြည့်တော့ “သွားမယ်ဆိုရင် ခင်ဗျားဇနီး ကိုယ်ဝန်ခုနစ်လမပြည့်ခင် သွားသင့်တယ်” လို့ပြောတာနဲ့ ယူဂန္ဓာနိုင်ငံကို ချက်ချင်းထွက်ခဲ့ကြတယ်။ ဒါကြောင့် ဒုတိယသမီးရေချယ်လ် နှစ်နှစ်အရွယ်ရောက်မှ ကျွန်တော်တို့ရဲ့မိဘတွေ သူ့ကိုတွေ့ဖူးကြတာ။ အခု ကျွန်တော်တို့ကိုယ်တိုင် ဘိုးဘွားဖြစ်တော့မှ ကျွန်တော်တို့ချစ်ရတဲ့မိဘတွေရဲ့ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို အပြည့်အဝသဘောပေါက်တယ်။
ယူဂန္ဓာကိုရောက်ခဲ့တဲ့ ၁၉၆၆ ခုနှစ်မှာ စိတ်လှုပ်ရှားခဲ့ရသလို စိတ်ပျက်အားလျော့စရာလည်းကောင်းခဲ့တယ်။ လေယာဉ်ပေါ်ကဆင်းတာနဲ့ အရောင်မျိုးစုံကို ချက်ချင်းသတိထားမိတယ်။ တော်တော်အရောင်တောက်တာပဲ။ ကျွန်တော်တို့ ပထမဦးဆုံးနေတဲ့အိမ်က နိုင်းလ်မြစ်ဝမှာရှိတဲ့ ဂျင်းဂျာမြို့ကနေ မိုင် ၃၀ ဝေးတဲ့ အီဂါင်ဂါးမြို့လေးနားမှာရှိတယ်။ ကျွန်တော်တို့နဲ့ အနီးဆုံးသက်သေခံတွေက ဂျင်းဂျာမြို့က သီးခြားအုပ်စုလေးပဲ။ အဲ့ဒီအုပ်စုကို ခရစ်ယာန်သာသနာပြု ဂီလ်ဘာ့တ်နဲ့ ဂျိုအဲန်းဝေါလ်တာစ်၊ စတီးဗင်နဲ့ ဘာဘရာဟာဒီတို့က ကြည့်ရှုကူညီပေးခဲ့ကြတယ်။ ဒီအုပ်စုကို ကျွန်တော်တို့လည်း ပိုပြီးကူညီပေးနိုင်ဖို့ ဂျင်းဂျာမြို့ကို အလုပ်ပြောင်းဖို့ လျှောက်လွှာတင်လိုက်တယ်။ ရေချယ်လ်မွေးပြီးမကြာခင်မှာ ကျွန်တော်တို့ ဂျင်းဂျာမြို့ကို ပြောင်းခဲ့တယ်။ အဲ့ဒီက သစ္စာရှိသက်သေခံ အုပ်စုငယ်နဲ့ပေါင်းပြီး ယူဂန္ဓာနိုင်ငံမှာ ဒုတိယအသင်းတော်တစ်ခုဖြစ်လာတဲ့အထိ အမှုဆောင်ရလို့ ကျွန်တော်တို့ ပျော်ရွှင်အားရခဲ့ကြတယ်။
တိုင်းတစ်ပါးလယ်ကွင်းမှာ မိသားစုလိုက် အမှုဆောင်ခြင်း
ကျွန်တော်တို့မိသားစုကို ပြုစုပျိုးထောင်ပေးဖို့ ဒီထက်ကောင်းတဲ့ဝန်းကျင် ရွေးစရာမရှိနိုင်ဘူးလို့ အဲန်နဲ့ကျွန်တော်ထင်တယ်။ နိုင်ငံအသီးသီးက ခရစ်ယာန်သာသနာပြုတွေနဲ့ တွဲအလုပ်လုပ်ခွင့်ရပြီး တည်ထောင်ခါစအသင်းတော်လေး တိုးတက်လာအောင် ကူညီပေးရလို့ အတော်ကို အားရကျေနပ်ခဲ့ကြတယ်။ အိမ်ကို မကြာခဏလာလည်တတ်ကြတဲ့ ယူဂန္ဓာညီအစ်ကို၊ ညီအစ်မတွေနဲ့ ပေါင်းသင်းရတာလည်း ပျော်စရာကောင်းတယ်။ အထူးသဖြင့် စတန်လီနဲ့ အာဆီနာလာမာခူမ်ဘာတို့က ကျွန်တော်တို့ကို အားပေးခဲ့ကြတာ။
ဒါပေမဲ့ ကျွန်တော်တို့ဝန်းကျင်မှာ တောရိုင်းတိရစ္ဆာန်အမျိုးမျိုးနေထိုင်တဲ့အတွက် ညီအစ်ကိုတွေပဲ အလည်အပတ်လာကြတာမဟုတ်ဘူး။ ညဆိုရင် နိုင်းလ်မြစ်ထဲကနေ ရေမြင်းတွေတက်လာပြီး အိမ်အနားကနေ ဖြတ်လျှောက်သွားတတ်ကြတယ်။ တစ်ခါတုန်းက ခြံထဲမှာ ၁၈ ပေရှိတဲ့ စပါးအုံးမြွေတစ်ကောင်ကို ကျွန်တော်တွေ့ခဲ့တာ ကောင်းကောင်းမှတ်မိသေးတယ်။ တစ်ခါတလေ ခြင်္သေ့တွေနဲ့ တခြားတောရိုင်းတိရစ္ဆာန်တွေ လွတ်လွတ်လပ်လပ်သွားလာတဲ့ ဘေးမဲ့တောတွေကို သွားလေ့လာကြည့်ကြတယ်။
ကျွန်တော်တို့အမှုဆောင်ထွက်တဲ့အခါ ကလေးလက်တွန်းလှည်းကို တစ်ခါမှမမြင်ဖူးတဲ့ ဒေသခံလူတွေအတွက် အထူးအဆန်းဖြစ်နေတယ်။ ကျွန်တော်တို့ တစ်အိမ်မှတစ်အိမ်သွားတဲ့အခါ ကလေးတွေလည်း ပါလာတတ်တယ်။ လူတွေက ကျွန်တော်တို့ကို တလေးတစားနဲ့ကြည့်ပြီး လူဖြူကလေးကို လာကိုင်ကြည့်ကြတယ်။ လူတွေက ဖော်ရွေပျူငှာကြတဲ့အတွက် အမှုဆောင်ထွက်ရတာ ပျော်စရာကောင်းတယ်။ ကျမ်းစာသင်အံမှုစရတာ အရမ်းလွယ်လို့ လူတိုင်း အမှန်တရားကို သိလာကြလိမ့်မယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ လူအတော်များများက ကျမ်းစာနဲ့မညီတဲ့ ဓလေ့ထုံးစံတွေကို မစွန့်နိုင်ကြဘူး။ ကျမ်းစာရဲ့မြင့်မားတဲ့ကျင့်ဝတ်စံနှုန်းတွေကို လိုက်နာကျင့်သုံးလာကြတဲ့သူတွေရှိလို့ အသင်းတော်အရေအတွက် တိုးတက်လာတယ်။ ၁၉၆၈ ခုနှစ်၊ ဂျင်းဂျာမြို့မှာကျင်းပတဲ့ ပထမဦးဆုံး တိုက်နယ်စည်းဝေးပွဲက သမိုင်းမှတ်တိုင်တစ်ခုပဲ။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့နဲ့ ကျမ်းစာသင်ခဲ့တဲ့သူအချို့ နိုင်းလ်မြစ်မှာ နှစ်ခြင်းခံခဲ့ကြတာ ကျွန်တော်တို့အတွက် အမှတ်တရဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့အေးဆေးငြိမ်သက်မှုဟာ မကြာခင်မှာ ဖြိုခွင်းခံလိုက်ရတယ်။
ပိတ်ပင်မှု—ယုံကြည်ခြင်းစမ်းသပ်မှုနှင့် ကြံဖန်လုပ်ဆောင်မှု
၁၉၇၁ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးအီဒီအာမင် အာဏာသိမ်းလိုက်တယ်။ အဲ့ဒါကြောင့် ဂျင်းဂျာမြို့မှာ မင်းမဲ့အခြေအနေဖြစ်ပေါ်ခဲ့တယ်၊ အစပိုင်းမှာဖော်ပြခဲ့တဲ့ အဖြစ်အပျက်က ကျွန်တော်တို့ ခြံထဲမှာ လက်ဖက်ရည်သောက်နေတုန်း ဖြစ်ပျက်ခဲ့တာ။ နောက်နှစ်နှစ်အတွင်းမှာအာရှတိုက်သားတွေကို မောင်းထုတ်လိုက်တယ်။ နိုင်ငံခြားသားအများစုက ထွက်ခွာသွားဖို့ ဆုံးဖြတ်ကြလို့ ကျောင်းတွေ၊ ဆေးရုံတွေမှာ အခက်အခဲတွေပေါ်လာတယ်။ အဲဒီနောက် ယေဟောဝါသက်သေတွေကို ပိတ်ပင်လိုက်ပြီလို့ ကြေညာတယ်။ ကျွန်တော်တို့ရဲ့လုံခြုံရေးကို စိုးရိမ်တဲ့ ပညာရေးဌာနက ကမ်ပါလာမြို့ကို ပြောင်းခိုင်းတယ်။ အဲ့ဒီကိုပြောင်းလိုက်တာ အကျိုးနှစ်ခုရှိတယ်။ ကမ်ပါလာမြို့မှာ ကျွန်တော်တို့ကို မသိကြတဲ့အတွက် ပိုပြီးလွတ်လွတ်လပ်လပ် အမှုဆောင်နိုင်ခဲ့ကြတယ်။ အသင်းတော်နဲ့ လယ်ကွင်းဓမ္မအမှုမှာပါ အလုပ်လုပ်စရာအများကြီးရှိတယ်။
ဘရိုင်ယန်နဲ့ မယ်ရိယန်ဝေါလ်လေးစ်နဲ့သူတို့ကလေးနှစ်ယောက်ရဲ့အဖြစ်ကလည်း ကျွန်တော်တို့နဲ့အတူတူပဲ၊ သူတို့လည်း ယူဂန္ဓာမှာဆက်နေဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလိုခက်ခဲတဲ့အချိန်အတွင်း ကမ်ပါလာအသင်းတော်မှာ သူတို့နဲ့အတူ ပူးပေါင်းအမှုဆောင်ရတာ ကျွန်တော်တို့ အရမ်းပျော်ခဲ့ကြတယ်။ တခြားနိုင်ငံတွေမှာ ပိတ်ပင်ထားတဲ့အချိန် အမှုဆောင်ခဲ့ကြတဲ့ ကျွန်တော်တို့ညီအစ်ကိုတွေရဲ့အကြောင်းတွေဟာ အခုအချိန်မှာ ကျွန်တော်တို့အတွက် အထူးအားပေးမှုဖြစ်ခဲ့တယ်။ အုပ်စုငယ်လေးတွေဖွဲ့ပြီး ကျွန်တော်တို့စည်းဝေးကြတယ်၊ တစ်လတစ်ခါ အင်တက်ဘီရုက္ခဗေဒဥယျာဉ်မှာ ပါတီပွဲလိုမျိုးလုပ်ပြီး လူအများနဲ့ စည်းဝေးခဲ့ကြတယ်။ ဒီလိုစည်းဝေးတာကို ကျွန်တော့်သမီးတွေက အရမ်းသဘောကျတယ်။
ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်တော်တို့ပါဝင်တဲ့နည်းကို အရမ်းသတိထားရတယ်။ ယူဂန္ဓာအိမ်တွေကို လူဖြူတွေ လည်ပတ်တာ အရမ်းထင်ပေါ်လွန်းတယ်။ ဒါ့ကြောင့် ဆိုင်ခန်းတွေ၊ တိုက်ခန်းတွေနဲ့ ပညာရေးတက္ကသိုလ်နယ်မြေအချို့က ကျွန်တော်တို့ရပ်ကွက် ဖြစ်လာတယ်။ ဆိုင်တွေမှာ ကျွန်တော်သုံးတဲ့ ဟောပြောနည်းတစ်ခုကတော့ မရနိုင်တော့တဲ့ သကြား၊ ဒါမှမဟုတ် ဆန်တို့လို ပစ္စည်းတစ်မျိုးမျိုးကို ကျွန်တော်တောင်းဝယ်တဲ့အခါ ဆိုင်ရှင်က နိုင်ငံရေးအခြေအနေအကြောင်းပြောလာရင် ဘုရားသခင့်နိုင်ငံတော်သတင်းတရားကို စဟောလိုက်တယ်။ ဒီလိုချဉ်းကပ်တာ အကျိုးရှိခဲ့တယ်။ မကြာခဏဆိုသလို ဆိုင်ကထွက်ရင် ပြန်လည်ပတ်မှုရခဲ့ရုံမကဘူး၊ ရှားပါးပစ္စည်းတစ်မျိုးမျိုး နည်းနည်းတောင် ရလိုက်သေးတယ်။
အဲ့ဒီအချိန်အတောအတွင်း နေရာတိုင်းမှာ အကြမ်းဖက်လုယက်နေကြတယ်။ ယူဂန္ဓာနဲ့ ဗြိတိန်နိုင်ငံတို့ရဲ့ ဆက်ဆံရေးက ပိုတင်းမာလာတဲ့အတွက် အာဏာပိုင်တွေက ကျွန်တော့်ကန်ထရိုက်ကို အသစ်မလဲပေးတော့ဘူး။ ဒါ့ကြောင့် ယူဂန္ဓာမှာ ရှစ်နှစ်နေပြီးနောက် ၁၉၇၄ ခုနှစ်မှာ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေကို ဝမ်းနည်းစွာနဲ့ နှုတ်ဆက်ခွဲခွာခဲ့ရတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ရဲ့ ခရစ်ယာန်သာသနာပြုစိတ်ဓာတ် မပျောက်သွားပါဘူး။
နယူးဂီနီသို့ ပြောင်းရွှေ့ခြင်း
၁၉၇၅၊ ဇန်နဝါရီလမှာ ပါပူဝါနယူးဂီနီမှာ ကျွန်တော်တို့ အလုပ်လုပ်ခွင့်ရခဲ့ကြတယ်။ ဒါနဲ့ပဲ ပစိဖိတ်ဒေသမှာ လုပ်ငန်းတော်ကို ရှစ်နှစ်အထိ တပျော်တပါးဆောင်ရွက်ခဲ့ကြတယ်။ ညီအစ်ကိုတွေနဲ့အတူ အမှုဆောင်ခဲ့ရလို့ အကျိုးကျေးဇူးအတော်များများရခဲ့တယ်။
ပါပူဝါနယူးဂီနီမှာ ကျွန်တော်တို့မိသားစု နေထိုင်ခဲ့တဲ့အချိန်ဟာ ကျမ်းစာပြဇာတ်တွေနဲ့ အလုပ်များခဲ့ရတယ်။ နှစ်တိုင်း ခရိုင်စည်းဝေးကြီးပြဇာတ်တွေ တိုက်လိုက်ရတာ တကယ်ပျော်စရာပဲ! ဝိညာဉ်ရေးစိတ်ထားရှိတဲ့ မိသားစုအတော်များများနဲ့ ပေါင်းသင်းခဲ့ရတာ ကျွန်တော်တို့သမီးတွေအတွက် အကျိုးရှိခဲ့တယ်။ သမီးကြီးဆေရာက အထူးရှေ့ဆောင် ရေစမစ်သ်နဲ့ အိမ်ထောင်ပြုပြီး အီရီယန်ဂျာယာနယ်စပ်နားမှာ အထူးရှေ့ဆောင်အဖြစ် အမှုဆောင်ခဲ့ကြတယ်။ ရွာထဲမှာဆောက်ထားတဲ့ သက်ငယ်ပျစ်တဲတစ်လုံးက သူတို့အိမ်ပဲ၊ အဲ့ဒီမှာတာဝန်ကျတဲ့အချိန်မှာ လေ့ကျင့်မှုကောင်းကောင်းရခဲ့တယ်လို့ ဆေရာက ပြောပါတယ်။
ပြောင်းလဲသွားသောအခြေအနေနှင့်အညီ နေထိုင်ခြင်း
အဲ့ဒီနောက်ပိုင်းမှာ ကျွန်တော့်မိဘတွေကို ပြုစုစောင့်ရှောက်ပေးဖို့ လိုအပ်လာတယ်။ ကျွန်တော်တို့ အင်္ဂလန်ကိုမပြန်ဘဲ ကျွန်တော့်မိဘတွေက ကျွန်တော်တို့နဲ့အတူ လာနေဖို့ သဘောတူလိုက်ကြတယ်၊ ဒါနဲ့ ၁၉၈၃ ခုနှစ်မှာ ကျွန်တော်တို့အားလုံး ဩစတြေးလျကို ပြောင်းသွားကြတယ်။ ဂျပန်မှာရှိနေသေးတဲ့ အစ်မဒယ်ဖနီနဲ့လည်း အတော်ကြာကြာ မိဘတွေ သွားနေကြသေးတယ်။ ကျွန်တော့်မိဘတွေ ဆုံးသွားပြီးနောက်မှာ အဲန်နဲ့ကျွန်တော်ဟာ မှန်မှန်ရှေ့ဆောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်၊ အဲဒါနဲ့ ကျွန်တော်အတွက် ခက်ခဲတဲ့ အခွင့်ထူးတစ်ခုရခဲ့တယ်။
ကျွန်တော်တို့ ရှေ့ဆောင်စလုပ်ရုံပဲရှိသေးတယ်၊ တိုက်နယ်လုပ်ငန်းမှာပါဝင်ဖို့ ဖိတ်ခေါ်ခံရတယ်။ ကျွန်တော်ငယ်ငယ်ကတည်းက တိုက်နယ်ကြီးကြပ်မှူးလည်ပတ်ချိန်ကို အထူးအဖြစ်အပျက်လို့ ယူမှတ်ခဲ့တာ။ အခု ဒီတာဝန်ကို ကျွန်တော်ထမ်းဆောင်နေရတယ်။ ကျွန်တော်တို့ဘဝမှာ ဒီအချိန်အထိ လုပ်ဆောင်ခဲ့သမျှမှာ တိုက်နယ်လုပ်ငန်းက အခက်ဆုံးပဲ၊ ဒါပေမဲ့ တစ်ခါမှမကြုံဖူးတဲ့နည်းတွေနဲ့ ကျွန်တော်တို့ကို ယေဟောဝါ ခဏခဏကူညီပေးတယ်။
၁၉၉၀ ပြည့်နှစ်မှာ ဩစတြေးလျကို ဇုန်ကြီးကြပ်မှူးအဖြစ် ညီအစ်ကိုသီအိုဒေါရ်ဂျဲရက်စ် လည်ပတ်လာတုန်းက ပင်လယ်ရပ်ခြားမှာ အချိန်ပြည့်လုပ်ငန်း ကျွန်တော်တို့ပါဝင်နိုင်ဖို့ အသက်ကြီးလွန်းတယ်လို့ ထင်သလားလို့ သူ့ကို မေးလိုက်မိတယ်။ သူက “စော်လမွန်ကျွန်းကို ဘယ်လိုသဘောရသလဲ” တဲ့။ ဒါနဲ့ နောက်ဆုံးတော့ အဲန်နဲ့ကျွန်တော်ဟာ အသက် ၅၀ ကျော်တော့မှ ပထမဦးဆုံး တရားဝင်ခရစ်ယာန်သာသနာပြုတာဝန်ကို ထမ်းဆောင်ဖို့ ခရီးထွက်ခဲ့ကြတယ်။
“ပျော်ရွှင်ဖွယ်ကျွန်းများ” တွင်အမှုဆောင်ခြင်း
စော်လမွန်ကျွန်းတွေကို ပျော်ရွှင်ဖွယ်ကျွန်းတွေလို့ခေါ်ကြတယ်၊ လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်က ဒီကျွန်းတွေမှာ ကျွန်တော်တို့အမှုဆောင်ရတဲ့အချိန်ဟာ တကယ်ပျော်စရာကောင်းတယ်။ ခရိုင်ကြီးကြပ်မှူးအဖြစ် ကျွန်တော်အမှုဆောင်ရင်း စော်လမွန်ကျွန်းက ညီအစ်ကို၊ ညီအစ်မတွေရဲ့ ချစ်ခင်ကြင်နာမှုကို အဲန်နဲ့ကျွန်တော်တို့ သိလိုက်ရတယ်။ သူတို့ရဲ့ဧည့်ဝတ်ပျူငှာမှုက တကယ်စွဲမှတ်စရာပဲ၊ နားလည်နိုင်ကြလိမ့်မယ်လို့ ကျွန်တော်ထင်တဲ့ စော်လမွန်ကျွန်းပီဂျင်စကားနဲ့ ကြိုးစားရှင်းပြတာကို လူတိုင်းက စိတ်ရှည်ရှည်နဲ့ နားထောင်ပေးကြတယ်၊ အဲ့ဒီဘာသာစကားက ကမ္ဘာပေါ်မှာ စကားလုံးအနည်းဆုံးစကားဖြစ်တယ်။
စော်လမွန်ကျွန်းကို ကျွန်တော်တို့ရောက်ပြီး မကြာခင်မှာပဲ စည်းဝေးပွဲခန်းမအသုံးပြုတာကို အတိုက်အခံသမားတွေက ဝင်ဖျက်ဖို့ ကြိုးစားတယ်။ ဟိုနီးယာရာမှာရှိတဲ့ ကျွန်တော်တို့ စည်းဝေးပွဲခန်းမအသစ်ဟာ အင်္ဂလီကန်ချာ့ခ်ျပိုင် မြေကွက်ပေါ်မှာ ကျူးကျော်ဆောက်ထားတယ်လို့ ယေဟောဝါသက်သေတွေကို တရားစွဲခဲ့တယ်။ အစိုးရက သူတို့ရဲ့စွဲချက်ကို ထောက်ခံတဲ့အတွက် တရားရုံးချုပ်ကို ကျွန်တော်တို့ အယူခံဝင်ခဲ့တယ်။ အယူခံဝင်လိုက်လို့ ထိုင်ခုံ ၁,၂၀၀ ဆံ့တဲ့ ကျွန်တော်တို့ရဲ့ စည်းဝေးပွဲခန်းမအသစ်ကို ဖြိုရ၊ မဖြိုရ သိရမှာဖြစ်တယ်။
ဒီအမှုကို တရားရုံးမှာ တစ်ပတ်လုံးလုံး အမှုစစ်ကြတယ်။ အတိုက်အခံဘက်ရှေ့နေကယုံကြည်စိတ်ချမှုအပြည့်နဲ့ ကျွန်တော်တို့ကိုဆန့်ကျင်ပြီးအမှုကိုတင်ပြခဲ့တယ်။ အဲ့ဒီနောက် တစ်ယောက်တစ်လှည့်ပြောဆိုရင်း ကျွန်တော်တို့ရဲ့ရှေ့နေ နယူးဇီလန်က ညီအစ်ကိုဝေါရဲန်ကာသ်ကာတ်က အတိုက်အခံဘက်က အကြောင်းပြချက်တစ်ခုစီကို ဖော်ထုတ်ပယ်ဖျက်ခဲ့တယ်။ သောကြာနေ့ကျတော့ ဒီတရားရုံးသတင်းက ဟိုးလေးတကျော်ဖြစ်သွားလို့ ချာ့ခ်ျလူကြီးတွေ၊ အစိုးရအရာရှိတွေကအစ ကျွန်တော်တို့ခရစ်ယာန်ညီအစ်ကိုတွေပါ တရားရုံးထဲ စုပြုံရောက်နေကြတယ်။ တရားရုံးကြေညာချက်အမှားကို ကျွန်တော်မှတ်မိသေးတယ်။ ကြေညာချက်က “စော်လမွန်ကျွန်းအစိုးရနှင့် မက်လနီးရှားချာ့ခ်ျ တစ်ဖက် ယေဟောဝါ” တဲ့။ အဲ့ဒီအမှုကို ကျွန်တော်တို့ အနိုင်ရလိုက်တယ်။
ဒါပေမဲ့ ပျော်ရွှင်ဖွယ်ကျွန်းတွေရဲ့ ငြိမ်သက်မှုက တာရှည်မခံခဲ့ဘူး။ စစ်အာဏာသိမ်းပွဲရဲ့ ရုန့်ရင်းကြမ်းတမ်းမှုကို အဲန်နဲ့ကျွန်တော် တစ်ခါပြန်ကြုံခဲ့ရတယ်။ လူမျိုးရေးပြိုင်ဆိုင်မှုကြောင့် ပြည်တွင်းစစ်ဖြစ်လာပါလေရော။ ၁၉၉၉၊ ဇွန် ၂ ရက်နေ့မှာ အစိုးရကို ဖြုတ်ချပြီး လက်နက်ကိုင်စစ်သွေးကြွသူတွေက မြို့တော်ကို သိမ်းလိုက်တယ်။ အပတ်အနည်းငယ်မှာ ကျွန်တော်တို့ရဲ့ စည်းဝေးခန်းမကြီးဟာ အိုးအိမ်မဲ့သူတွေ စုဝေးရာနေရာဖြစ်ခဲ့တယ်။ တိုက်ခိုက်နေကြတဲ့ လူမျိုးရေးအုပ်စုတွေက ကျွန်တော်တို့ခရစ်ယာန်ညီအစ်ကိုတွေ စည်းဝေးခန်းမကြီးမှာ အေးဆေးငြိမ်သက်တဲ့မိသားစုသဖွယ် နေထိုင်နေကြတာကို အာဏာပိုင်တွေက အံ့ဩကြတယ်။ ဒါက တကယ်ကောင်းတဲ့ သက်သေခံချက်ပဲ!
စစ်သွေးကြွသူတွေတောင် ယေဟောဝါသက်သေတွေရဲ့ ကြားနေမှုကို လေးစားခဲ့ကြတယ်။ အဲ့ဒါကြောင့်လည်း အတိုက်အခံတပ် နယ်နိမိတ်မှာ အဆက်အသွယ်ပြတ်နေကြတဲ့ ကျွန်တော်တို့ညီအစ်ကိုအုပ်စုငယ်တစ်ခုဆီ စာပေစာတမ်းတွေနဲ့ တခြားလိုအပ်ရာတွေပို့ပေးဖို့ စစ်ဗိုလ်တစ်ယောက်ဆီကနေ ထရပ်ကားတောင်းလို့ရခဲ့တယ်။ ကျွန်တော်တို့နဲ့ လအနည်းငယ် ကွဲကွာနေတဲ့ မိသားစုတွေကို ပြန်ရှာတွေ့တဲ့အခါ ကျွန်တော်တို့တစ်ယောက်မှ မျက်ရည်မဆယ်နိုင်ခဲ့ကြပါဘူး။
ကျေးဇူးတင်စရာများစွာရှိ
ယေဟောဝါလုပ်ငန်းတော်မှာ ကျွန်တော်တို့ဘဝကို ပြန်စဉ်းစားကြည့်လိုက်ရင် ကျေးဇူးတင်စရာတွေ အများကြီးပဲ။ ကျွန်တော်တို့သမီးနှစ်ယောက်နဲ့ သူတို့ခင်ပွန်း ရေနဲ့ဂျွန်တို့လည်း ယေဟောဝါရဲ့အမှုတော်ကို သစ္စာရှိရှိဆောင်ရွက်နေကြလို့ မိဘတွေအနေနဲ့ ကျွန်တော်တို့အတွက် ကောင်းချီးတစ်ခုပဲ။ ခရစ်ယာန်သာသနာပြုတာဝန်ကို ကျွန်တော်တို့ ထမ်းဆောင်နိုင်ဖို့ သူတို့ အားပေးခဲ့ကြတယ်။
လွန်ခဲ့တဲ့ ၁၂ နှစ်အထိ အဲန်နဲ့ကျွန်တော်ဟာ စော်လမွန်ကျွန်းဌာနခွဲရုံးမှာ အမှုဆောင်ခွင့်ရခဲ့တယ်၊ အဲ့ဒီအတောအတွင်း စော်လမွန်ကျွန်းမှာဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူ ၁,၈၀၀ ကျော်အထိ နှစ်ဆတိုးတက်လာတာကို တွေ့မြင်ခဲ့ရတယ်။ မကြာခင်က နယူးယောက်၊ ပက်တာစင်မှာ ဌာနခွဲကော်မတီဝင်တွေအတွက် ဖွင့်ထားတဲ့ကျောင်းကိုတက်ရတဲ့ ထပ်ဆင့်အခွင့်အရေးရခဲ့တယ်။ ခရစ်ယာန်သာသနာပြုစိတ်ဓာတ်ကို ကျွန်တော်တို့ ဆက်မွေးမြူထားလို့ အားရကျေနပ်စရာအသက်တာနဲ့ ကောင်းချီးတွေအများကြီး ခံစားခဲ့ရပါပြီ။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 10 ၁၉၇၇၊ ဇန်နဝါရီ ၁၅ ရက်ထုတ် ကင်းမျှော်စင် [လိပ်] မှ “ကျွန်ုပ်တို့သည် မဖင့်နွှဲခဲ့” ဆောင်းပါးကိုရှု။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
၁၉၆၀ ပြည့်နှစ်က ကျွန်တော်တို့ လက်ထပ်သည့်နေ့
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ယူဂန္ဓာနိုင်ငံတွင် စတန်လီနဲ့ အာဆီနာလာမာခူမ်ဘာတို့က ကျွန်တော်တို့မိသားစုအတွက် တကယ်အားပေးမှုဖြစ်ခဲ့
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
အိမ်နီးချင်းတစ်ဦး၏တဲထဲ ဝင်သွားသော ဆေရာ
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
စော်လမွန်ကျွန်းသူကျွန်းသားများကို ပုံဆွဲ၍သင်ပေးနိုင်ခဲ့
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
စော်လမွန်ကျွန်းများမှ သီးခြားအသင်းတော်တစ်ခုနှင့် တွေ့ဆုံစည်းဝေးခြင်း
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ယနေ့ ကျွန်တော်တို့မိသားစု