မည်သူ၏ကတိများကို သင်ယုံကြည်စိတ်ချနိုင်သနည်း
မည်သူ၏ကတိများကို သင်ယုံကြည်စိတ်ချနိုင်သနည်း
“သူ၏ကတိများသည် ထိုစဉ်က သူ့ကဲ့သို့ပင် တန်ခိုးကြီးမားခဲ့၏; သို့သော် သူ၏လုပ်ဆောင်မှုသည် ယခု သူ့ကဲ့သို့ပင် ဘာမျှမဟုတ်ချေ။”—ဝီလျမ်ရှိတ်စပီးယား၏ အဋ္ဌမမြောက်ဘုရင်ဟယ်နရီ။
ရှိတ်စပီးယားရည်ညွှန်းခဲ့သော တန်ခိုးကြီးမားသည့်ကတိများမှာ ၁၆ ရာစုအတွင်း အင်္ဂလန်နိုင်ငံတွင် နိုင်ငံရေးတန်ခိုးအာဏာ အကြီးအကျယ်လွှမ်းမိုးခဲ့သူ အင်္ဂလိပ်ဗရင်ဂျီဂိုဏ်းချုပ် သော့မတ်စ်ဝူလ်စီ၏ ကတိများဖြစ်၏။ ရှိတ်စပီးယား၏ရေးသားချက်သည် ယနေ့ ကြားရသော ကတိအများစုနှင့်လည်း သက်ဆိုင်သည်ဟု အချို့က ဆိုကြပေမည်။ ကြိမ်ဖန်များစွာ ကတိများပေးကြသော်လည်း ကတိအတိုင်း မဆောင်ရွက်ကြပေ။ ထို့ကြောင့် မည်သည့်ကတိကိုမဆို အယုံအကြည်မရှိကြခြင်းကို နားလည်ဖို့မခက်ချေ။
စိတ်ပျက်စရာများစွာရှိ
ဥပမာ၊ ၁၉၉၀ ပြည့်လွန်နှစ်များက ဘော်လ်ကန်ဒေသ၌ ကြောက်မက်ဖွယ်တိုက်ပွဲအတွင်း ယူအဲန်လုံခြုံရေးကောင်စီသည် ဘော့စနီးယားရှိ စရဗ်ရီနီကာမြို့ကို “လုံခြုံရာဒေသ” အဖြစ် ကြေညာခဲ့သည်။ ၎င်းသည် နိုင်ငံတကာလူ့အဖွဲ့အစည်း၏ ယုံကြည်စိတ်ချနိုင်လောက်သော အာမခံချက်ဖြစ်ပုံရသည်။ စရဗ်ရီနီကာမြို့မှ ထောင်နှင့်ချီသောမွတ်စလင်ခိုလှုံသူများက ထိုသို့ယူမှတ်ခဲ့၏။ သို့သော် အဆုံး၌ လုံခြုံရာအရပ်ဖြစ်မည်ဟူသောကတိသည် လုံးဝအချည်းနှီးဖြစ်ခဲ့သည်။ (ဆာလံ ၁၄၆:၃) ၁၉၉၅၊ ဇူလိုင်လတွင် တိုက်ခိုက်ရေးတပ်များသည် ယူအဲန်တပ်များကို တိုက်ထုတ်၍ မြို့ကို သိမ်းပိုက်လိုက်သည်။ ထိုအချိန်တွင် မွတ်စလင် ၆,၀၀၀ ကျော်ပျောက်သွားပြီး အနည်းဆုံး မွတ်စလင်အရပ်သား ၁,၂၀၀ အသတ်ခံခဲ့ရ၏။
ဘဝကဏ္ဍတိုင်းတွင်ပင် ကတိဖျက်မှုများ ဒုနှင့်ဒေးရှိသည်။ ယနေ့ လူတို့သည် တရစပ်ကြေညာနေသည့် “မရေမတွက်နိုင်သော မဟုတ်မမှန်ကြော်ငြာများ” ကြောင့်လှည့်စားခံနေကြရ၏။ သူတို့သည် “ထောင်ပေါင်းများစွာသော နိုင်ငံရေးဆိုင်ရာများ၏ ကတိဖောက်ဖျက်မှု” ကြောင့်စိတ်ပျက်လျက်ရှိကြသည်။ (ဗြိတဲန်နီကာစွယ်စုံကျမ်းသစ်၊ အတွဲ ၁၅၊ စာမျက်နှာ ၃၇) မိမိတို့သိုးအုပ်များကို ကြည့်ရှုစောင့်ရှောက်ပါမည်ဟု ကတိပြုကြသော ယုံကြည်စိတ်ချခံရသူ ဝတ်ပြုရေးခေါင်းဆောင်များသည် သိုးစုတို့ကို မနှစ်မြို့ဖွယ်နည်းဖြင့် မတရားပြုကျင့်ကြသည်။ တခြားသူများကို သနားကြင်နာပြီး ဂရုစိုက်သည်ဟုဆိုကြသော ပညာရေးနှင့် ဆေးဘက်ဆိုင်ရာ အတတ်ပညာရှင်များပင် ယုံကြည်ကိုးစားမှုကို ဖောက်ဖျက်ကြပြီး သူတို့စောင့်ရှောက်မှုအောက်ရှိသူများကို မတရားခေါင်းပုံဖြတ်၍ လုပ်ကြံခဲ့ကြပြီ။ ယင်းကြောင့် ပြောသမျှကိုမယုံဖို့ သမ္မာကျမ်းစာက သတိပေးထားသည်မှာ အံ့ဩစရာမဟုတ်ပေ!—သု. ၁၄:၁၅။
ပြည့်စုံလာမည့်ကတိတော်များ
ကတိအတိုင်း အမှန်တကယ် ပြုလုပ်ကြသူများစွာသည် တစ်ခါတစ်ရံ သူတို့ကိုယ်တိုင် အနစ်နာခံ၍ပင် လုပ်ဆောင်ကြသည်။ (ဆာလံ ၁၅:၄) ဤသူတို့သည် ကတိတည်သူများဖြစ်ကြပြီး ကတိအတိုင်း ပြုလုပ်ကြသည်။ အခြားသူများလည်း စိတ်စေတနာအပြည့်ဖြင့် အမှန်ပင်ကတိတည်လိုကြသည်။ ဤသူတို့သည် ကတိအတိုင်းပြုလုပ်ရန် စိတ်ဆန္ဒအပြည့်ရှိကြသော်လည်း ကတိတည်ရန် လုံးဝမတတ်နိုင်ကြချေ။ အကောင်းဆုံးအစီအစဉ်များပင် အခြေအနေများကြောင့် ကတိမတည်နိုင်ဘဲဖြစ်သွားပေမည်။—ဒေ. ၉:၁၁။
မည်သည့်အကြောင်းကြောင့်ဖြစ်ပါစေ၊ မည်သူ၏ကတိကိုမျှ ယုံကြည်စိတ်ချ၍မရကြောင်း လူအများ အမှန်တွေ့ရှိခဲ့ကြရပြီ။ ထို့ကြောင့် ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သော ကတိတစ်စုံတစ်ရာရှိနိုင်ပါသလောဟူ၍ မေးစရာပေါ်ပေါက်လာ၏။ ရှိပါသည်။ ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာတွင်ပါသော ကတိတော်များကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်၏။ ဤအကြောင်းနှင့်ပတ်သက်၍ နောက်ဆောင်းပါးက မည်သို့ဆိုထားကြောင်း ဆန်းစစ်ကြည့်ပါလေ။ ဘုရားသခင်၏ကတိတော်များကို အမှန်ပင် ယုံကြည်စိတ်ချနိုင်ကြောင်း သန်းနှင့်ချီသူတို့ ကောက်ချက်ချခဲ့သကဲ့သို့ အသင်လည်း ကောက်ချက်ချပေမည်။
[Picture Credit Line on page 3]
AP Photo/Amel Emric