ယေဟောဝါ၏ ချစ်ခင်ကြင်နာမှုနှင့် ဂရုစိုက်မှုကို ခံစားရခြင်း
ဘဝအတ္ထုပ္ပတ္တိ
ယေဟောဝါ၏ ချစ်ခင်ကြင်နာမှုနှင့် ဂရုစိုက်မှုကို ခံစားရခြင်း
ဖေးကင်း ပြောပြသည်
ကျွန်မရဲ့မိဘတွေဟာ ကြင်နာတတ်ပေမဲ့ တခြားလူတွေလိုပဲ ခရစ်ယာန်ဘာသာရေးကို လုံးဝစိတ်မဝင်စားကြဘူး။ ကျွန်မရဲ့အမေဟာ “ဘုရားသခင်တစ်ပါး ရှိကိုရှိရမယ်၊ နို့မဟုတ်ရင် ပန်းတွေ၊ သစ်ပင်တွေကို ဘယ်သူလုပ်ထားမှာလဲ” လို့ပြောလေ့ရှိတယ်။ ဒါပေမဲ့ အဲ့ဒီလောက်နဲ့ပဲ ပြီးသွားရော။
ကျွန်မအဖေဟာ ကျွန်မအသက် ၁၁ နှစ်အရွယ်၊ ၁၉၃၉ ခုနှစ်မှာ ဆုံးသွားတယ်၊ အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့ရဲ့တောင်ဘက် စတော့ခ်ပေါ့မြို့မှာ အမေနဲ့ကျွန်မ နေထိုင်ခဲ့တယ်။ ကျမ်းစာအကြောင်း ဘာမှမသိပေမဲ့ ကျမ်းစာကို ကျွန်မလေးမြတ်တန်ဖိုးထားတယ်၊ ဖန်ဆင်းရှင်အကြောင်းလည်း အမြဲသိချင်ခဲ့တယ်။ ဒါကြောင့် ချာ့ခ်ျ အော့ဖ် အင်္ဂလန် ဘုရားရှိခိုးကျောင်းကိုတက်ရင် အကျိုးရှိမလားဆိုပြီးသွားတက်ဖို့ ဆုံးဖြတ်လိုက်တယ်။
ချာ့ခ်ျဝတ်ပြုဆုတောင်းမှုတွေက ကျွန်မအတွက် ဘာအဓိပ္ပာယ်မှမရှိပေမဲ့ ခရစ်ဝင်ကျမ်းတွေကို ဖတ်ပြကြတဲ့အခါ ယေရှုရဲ့စကားတွေကိုကြားပြီး သမ္မာကျမ်းစာဟာ စစ်မှန်ရမယ်လို့ ယုံကြည်စိတ်ချမိတယ်။ နောက်ကြောင်းကိုပြန်ကြည့်လိုက်ရင် ကျမ်းစာကို ကျွန်မကိုယ်တိုင် မဖတ်မိခဲ့တာ ထူးဆန်းနေတယ်။ နောက်ပိုင်းမှာ မိသားစုရဲ့မိတ်ဆွေတစ်ယောက်က ကျွန်မကို ခေတ်သစ်ဘာသာပြန် “ဓမ္မသစ်ကျမ်း” တစ်အုပ်ပေးခဲ့တာတောင် မဖတ်မိဘူး။
၁၉၅၀ ပြည့်နှစ်မှာ ကိုရီးယားစစ်ပွဲဖြစ်တော့ ကျွန်မ လေးလေးနက်နက် စစဉ်းစားလာတယ်။ အဲဒီစစ်ပွဲဟာ ဒုတိယကမ္ဘာစစ်တုန်းကလိုပဲ ပျံ့နှံ့သွားမှာလား။ အကယ်၍ ဒီလိုဖြစ်လာမယ်ဆိုရင် ကိုယ့်ရန်သူကိုချစ်ရမယ်ဆိုတဲ့ ယေရှုရဲ့အမိန့်ကို ကျွန်မ ဘယ်လိုလိုက်နာနိုင်မလဲ။ ဒါပေမဲ့ ကျွန်မနိုင်ငံကိုလာတိုက်တဲ့အခါ ဘာမှမလုပ်ဘဲ ရပ်ကြည့်နေရမှာလား။ အဲ့ဒီလိုသာလုပ်ရင် ကျွန်မတာဝန်ဘယ်ကျေမလဲ။ စိတ်ရှုပ်နေပေမဲ့ ကျွန်မရဲ့မေးခွန်းအားလုံးကို ကျမ်းစာဖြေပေးနိုင်မယ်လို့ ယုံကြည်တယ်၊ ဒါပေမဲ့ ဘယ်လိုရှာရမှန်းမသိခဲ့ဘူး။
ဩစတြေးလျနိုင်ငံတွင် အမှန်တရားရှာဖွေခဲ့
၁၉၅၄ ခုနှစ်မှာ ကျွန်မအစ်မကြီး ဂျီးန်နေထိုင်တဲ့ ဩစတြေးလျနိုင်ငံကို ပြောင်းရွှေ့နေထိုင်ဖို့ အမေရော ကျွန်မပါ ဆုံးဖြတ်လိုက်ကြတယ်။ နှစ်အနည်းငယ်ကြာတော့ ကျွန်မ အစ်မဂျီးန်က ကျွန်မကျမ်းစာစိတ်ဝင်စားပြီး ချာ့ခ်ျတက်နေတာကိုသိလို့ ယေဟောဝါသက်သေတွေ ကျွန်မဆီ လာလည်ပတ်ဖို့ ဖိတ်ခေါ်ထားတယ်လို့ပြောတယ်။ သူတို့တွေကို ကျွန်မဘယ်လိုယူဆသလဲဆိုတာ သူသိချင်တယ်တဲ့။ ဂျီးန်က “သူတို့ရဲ့ရှင်းပြချက်တွေ မှန်မမှန် ငါမသိဘူး၊ ဒါပေမဲ့ ချာ့ခ်ျတွေရှင်းပြပေးတာထက် သူတို့က ပိုရှင်းပြပေးနိုင်တယ်” လို့ပြောတယ်။
ကျွန်မဆီ လာလည်ပတ်တဲ့ ဘီလ်နဲ့ လင်ဒါ စနိုင်ဒါ ဆိုတဲ့ ဇနီးမောင်နှံဟာ တကယ်ချစ်စရာကောင်းတယ်။ အသက် ၆၀ ကျော်ရှိပြီး သက်သေခံဖြစ်တာလည်း နှစ်ပေါင်းမနည်းတော့ဘူး။ ယေဟောဝါသက်သေတွေရဲ့ အယ်ဒလိတ်မြို့က ရေဒီယိုအသံလွှင့်ရုံမှာ သူတို့အလုပ်,လုပ်ခဲ့ဖူးတယ်၊ ဒုတိယကမ္ဘာစစ်အတွင်း ဩစတြေးလျနိုင်ငံမှာ ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်လိုက်တော့ အချိန်ပြည့်ဧဝံဂေလိတရားဟောပြောသူတွေအဖြစ် သူတို့နာမည်စာရင်းသွင်းခဲ့တယ်။ ဘီလ်နဲ့လင်ဒါတို့ဟာ ကျွန်မကို အရမ်းကူညီပေးပေမဲ့ ကျွန်မက တခြားဘာသာကွဲတွေကို စူးစမ်းလေ့လာနေဆဲပဲ။
အလုပ်ဖော်တစ်ယောက်က ကျွန်မကို တရားဟောဆရာ ဘီလီ ဂရေဟမ်ရဲ့ စည်းဝေးပွဲတစ်ခုကို ခေါ်သွားခဲ့တယ်၊ စည်းဝေးပြီးနောက်မှာ မေးခွန်းတွေမေးချင်ရင် လာမေးပါလို့ပြောတဲ့ ဓမ္မဆရာတစ်ယောက်ဆီ ကျွန်မတို့အုပ်စုဖွဲ့ပြီး သွားမေးကြတယ်။ ကျွန်မစိတ်ကို အနှောင့်အယှက်ပေးနေသေးတဲ့ ဒီမေးခွန်းကို ကျွန်မမေးလိုက်တယ်၊ “ရန်သူတွေကို ချစ်ရမယ့် ခရစ်ယာန်တစ်ယောက်ဟာ ဘယ်လိုလုပ် စစ်တိုက်နိုင်မလဲ။” အုပ်စုတစ်စုလုံး ချက်ချင်း ဆူညံသွားတယ်၊ အဲဒီမေးခွန်းက သူတို့အားလုံးကိုလည်း စိတ်အနှောင့်အယှက်ဖြစ်နေစေခဲ့တာတဲ့။ တစ်အောင့်လောက်ကြာတော့ ဓမ္မဆရာက “ဒီမေးခွန်းရဲ့အဖြေကို ငါမသိဘူး။ ငါလည်း ဒီအကြောင်းစဉ်းစားနေတုန်းပဲ” တဲ့။
ဒီအတောအတွင်း ဘီလ်၊ လင်ဒါတို့နဲ့ ကျွန်မကျမ်းစာအတော်လေးလေ့လာခဲ့ပြီး ၁၉၅၈ ခုနှစ် စက်တင်ဘာလမှာ ကျွန်မနှစ်ခြင်းခံလိုက်တယ်။ ကျွန်မကိုကျမ်းစာသင်ပေးသူတွေရဲ့ ပုံသက်သေအတိုင်း လိုက်လျှောက်ဖို့ ဆုံးဖြတ်ပြီး နောက်တစ်နှစ် ဩဂုတ်လမှာ အချိန်ပြည့် ဧဝံဂေလိတရားဟောပြောသူ၊ မှန်မှန်ရှေ့ဆောင်အဖြစ် နာမည်စာရင်းသွင်းလိုက်တယ်။ ရှစ်လကြာတော့ ကျွန်မကို အထူးရှေ့ဆောင်အဖြစ်ခန့်လိုက်တယ်။ ကျွန်မအစ်မ ဂျီးန်လည်း ကျမ်းစာလေ့လာနေတာ တိုးတက်လာပြီး နှစ်ခြင်းခံလိုက်ပြီလို့ ကြားသိလိုက်ရတာ အရမ်းဝမ်းသာတာပဲ။
အခွင့်အရေးတံခါး ပွင့်သွား
ဆစ်ဒနီအသင်းတော်တစ်ခုမှာ ကျွန်မအမှုဆောင်နေပြီး အိမ်တွင်းကျမ်းစာသင်အံမှု အတော်များများ ကျင်းပနေတာ။ တစ်ရက်မှာ ချာ့ခ်ျ အော့ဖ် အင်္ဂလန် အငြိမ်းစားခရစ်ယာန်ဘုန်းကြီးတစ်ပါးနဲ့ ကျွန်မတွေ့ဆုံလို့ ကမ္ဘာရဲ့အဆုံးနဲ့ပတ်သက်ပြီး သူ့ချာ့ခ်ျက ဘာပြောသလဲလို့ မေးလိုက်တယ်။ သူဟာ ချာ့ခ်ျအယူဝါဒကို အနှစ် ၅၀ သင်ပေးခဲ့သူဖြစ်ပေမဲ့ “သမ္မာကျမ်းစာကို ယေဟောဝါသက်သေတွေလောက် ငါမသိဘူး၊ ဒါကြောင့် အဲ့ဒီအကြောင်းကို အချိန်ယူလေ့လာရဦးမယ်” လို့သူဖြေလိုက်တာကို ကျွန်မဖြင့် အံ့သြလိုက်တာ။
အဲ့ဒီနောက် မကြာခင်ဘဲ ပါကစ္စတန်နိုင်ငံမှာ အမှုဆောင်ဖို့ စေတနာ့ဝန်ထမ်းတွေလိုတယ်လို့ သတင်းထွက်လာတယ်။ လူပျိုလူလွတ်တွေနဲ့ ဇနီးမောင်နှံတွေကိုပဲ စေလွှတ်မှာ၊ အပျိုတွေကို မလွှတ်ဘူးဆိုတာကို ကျွန်မ,မသိဘဲ လျှောက်လွှာတင်လိုက်တယ်။ ကျွန်မရဲ့လျှောက်လွှာဟာ ဘရွတ်ကလင်ဌာနချုပ်ကို ရောက်သွားပုံရတယ်၊ ဘာကြောင့်လဲဆိုတော့ ဘုံဘေ (ယခု မွန်ဘိုင်းလို့ခေါ်) မြို့မှာ လူလိုနေတယ်၊ ကျွန်မလက်ခံမယ်ဆိုရင်သွားနိုင်တယ် ဆိုတဲ့စာကို မကြာခင်မှာဘဲ ကျွန်မရခဲ့တယ်။ အဲ့ဒီအချိန်က ၁၉၆၂ ခုနှစ်ဖြစ်တယ်။ ကျွန်မဘုံဘေမြို့ကိုသွားဖို့ လက်ခံလိုက်ပြီး အဲ့ဒီမှာ ၁၈ လလောက်နေထိုင်ခဲ့တယ်၊ အဲ့ဒီနောက် အလာဟာဘတ်မြို့ကို ပြောင်းရွှေ့ခဲ့ရတယ်။
ဟင်ဒီဘာသာစကားကို ကျွန်မချက်ချင်းသင်ယူတယ်။ ဒီအိန္ဒိယဘာသာစကားရဲ့ စာလုံးပေါင်းသတ်ပုံနဲ့ အသံထွက်ဟာ တစ်သမတ်တည်းဖြစ်လို့ တတ်ဖို့မခက်ဘူးပေါ့။ ဒါပေမဲ့၊ အိမ်ရှင်တွေက သူတို့ရဲ့ဘာသာစကားကို ကြိုးစားပြောမဲ့အစား အင်္ဂလိပ်စကားပဲပြောပါလို့ ကျွန်မကို ပြောကြတာက တကယ်စိတ်အနှောင့်အယှက်ဖြစ်စရာပဲ! ဒါပေမဲ့ ဒီနိုင်ငံအသစ်ဟာ တကယ်စိတ်ဝင်စားစရာကောင်းတဲ့အပြင် အားတက်စေတဲ့ စိန်ခေါ်ချက်တွေကိုလည်း ကြုံရတယ်၊ ဩစတြေးလျနိုင်ငံက သက်သေခံချင်းတွေနဲ့လည်း ကျွန်မပေါင်းသင်းရတာ ပျော်ပါတယ်။
ကျွန်မခပ်ငယ်ငယ်ကတော့ အိမ်ထောင်ပြုဖို့စဉ်းစားခဲ့ဖူးပါတယ်၊ ဒါပေမဲ့ နှစ်ခြင်းခံပြီးတဲ့အချိန်မှာ ယေဟောဝါရဲ့အမှုတော်ကိုထမ်းဆောင်ဖို့ပဲ ကျွန်မစိတ်များနေတယ်။ အခုကျတော့ ဘဝအဖော်ရှိရင်ကောင်းမှာပဲလို့ ပြန်စဉ်းစားမိတယ်။ တိုင်းတစ်ပါးမှာ အမှုဆောင်ရတဲ့တာဝန်ကိုလည်း မစွန့်လွှတ်ချင်ဘူး၊ ဒါကြောင့် ဒီကိစ္စကို ယေဟောဝါဆီ ဆုတောင်းတင်ပြပြီး မေ့ထားလိုက်တယ်။
မမျှော်လင့်ဘဲရတဲ့ကောင်းချီး
အဲဒီအချိန်တုန်းက အိန္ဒိယဌာနခွဲရဲ့လုပ်ငန်းကို အက်ဒဝင် စကင်နာ ဦးစီးကြီးကြပ်နေပါတယ်။ ၁၉၄၆ ခုနှစ်မှာ သူဟာ ကင်းမျှော်စင် ဂိလဒ်ကျောင်းရဲ့ ရှစ်ကြိမ်မြောက်သင်တန်းကိုတက်ခဲ့ပြီး သူနဲ့အတူ တခြားတည်ကြည်တဲ့ ညီအစ်ကိုတွေ၊ တရုတ်ပြည်မှာ တာဝန်ကျခဲ့တဲ့ ဟယ်ရယ်လ်ကင်းနဲ့ စတဲန်လေ ဂျုန်းတို့လည်းပါတယ်။ * ၁၉၅၈ ခုနှစ်မှာ ဟယ်ရယ်လ်နဲ့ စတဲန်လေတို့ဟာ ရှန်ဟိုင်းမြို့မှာ ဟောပြောကြလို့ ထောင်ကျတိုက်ပိတ်ခံခဲ့ကြရတယ်။ ၁၉၆၃ ခုနှစ်မှာ ဟယ်ရယ်လ်လွတ်လာတော့ အက်ဒဝင်က သူ့ဆီစာရေးတယ်။ ဟယ်ရယ်လ်က ယူနိုက်တက်စတိတ်နဲ့ ဗြိတိန်တို့မှာ ခရီးလှည့်လည်ပြီး ဟောင်ကောင်ကို ပြန်ရောက်တဲ့အခါ ပြန်စာရေးပြီး အိမ်ထောင်ပြုချင်တဲ့အကြောင်း ထည့်ပြောတယ်။ သူထောင်ကျတုန်းမှာ ဒီကိစ္စကို ဆုတောင်းတွေးတောခဲ့တဲ့အကြောင်း၊ သင့်တော်တဲ့ဇနီးဖြစ်နိုင်မယ့် သက်သေခံညီမတစ်ယောက်ကို အက်ဒဝင် သိများသိမလားလို့ စာရေးမေးတယ်ဆိုပါလား။
အိန္ဒိယနိုင်ငံမှာ အိမ်ထောင်ပြုဖို့ စီစဉ်ပေးကြတဲ့အကျင့်ရှိတယ်၊ အဲလိုစီစဉ်ပေးဖို့ အက်ဒဝင် ခဏခဏတောင်းဆိုခံခဲ့ရတယ်၊ ဒါပေမဲ့ သူ အမြဲငြင်းခဲ့တယ်။ ဒါကြောင့် ဟယ်ရယ်လ်ရဲ့စာကို နယ်လှည့်ကြီးကြပ်မှူး ဟိုမားရဲ့ဇနီး ရုသ် မက္ကေးကို လွှဲပေးလိုက်တယ်။ နောက်ဆုံး ရုသ်က ကျွန်မဆီစာရေးပြီး နှစ်အတော်ကြာ အမှန်တရားမှာရှိတဲ့ ခရစ်ယာန်သာသနာပြုတစ်ယောက်ဟာ အိမ်ထောင်ပြုချင်လို့ အဖော်အဖက်ရှာနေတဲ့အကြောင်း ပြောပြတယ်၊ သူ့ဆီစာရေးချင်သလားလို့လည်းမေးတယ်။ အဲဒီညီအစ်ကိုက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာလည်း မပြောပြဘူး။
ကျွန်မ အဖော်အဖက်ရချင်တဲ့အကြောင်း ဆုတောင်းထားတာကို ယေဟောဝါကလွဲလို့ ဘယ်သူမှမသိဘူး၊ အစပိုင်းမှာ အဲဒီအကြံပေးချက်ကို ကျွန်မငြင်းလိုက်ဖို့ပဲ။ ဒါပေမဲ့လည်း အဲဒီအကြောင်းကို ကျွန်မစဉ်းစားလေ၊ ယေဟောဝါဟာ ကျွန်မတို့ရဲ့ဆုတောင်းချက်တွေကို ကျွန်မတို့ထင်သလို ဖြေကြားပေးတာရှားတယ်လို့ စဉ်းစားမိလေပဲ။ ဒါကြောင့် ကျွန်မချက်ချင်းကတိပေးစရာမလိုဘူးဆိုရင် အဲဒီညီအစ်ကို,ကို စာထပ်ရေးခိုင်းနိုင်တယ်လို့ ရုသ်ဆီ စာပြန်လိုက်တယ်။ ဟယ်ရယ်လ်ကင်းဆီကလာတဲ့ ဒုတိယမြောက်စာဟာ ကျွန်မဆီကိုဖြစ်နေပါတယ်။
တရုတ်ပြည် အကျဉ်းထောင်ကနေ လွတ်လာပြီးနောက်ပိုင်း သတင်းစာနဲ့ မဂ္ဂဇင်းတွေထဲမှာ ဟယ်ရယ်လ်ရဲ့ဓာတ်ပုံတွေနဲ့ သူ့အကြောင်းပါလာတယ်။ ဒါကြောင့် တစ်ကမ္ဘာလုံးက သူ့ကို သိသွားကြတယ်၊ ဒါပေမဲ့ သီအိုကရက်တစ်အမှုဆောင်လုပ်ငန်းမှာ သူ့ရဲ့တည်ကြည်မှုကို ကျွန်မသဘောကျမိတယ်။ ဒါနဲ့ပဲ ငါးလလောက် ကျွန်မတို့ စာအဆက်အသွယ်လုပ်ပြီး ဟောင်ကောင်ကို ကျွန်မလိုက်သွားတယ်။ ၁၉၆၅၊ အောက်တိုဘာ ၅ ရက်နေ့မှာ ကျွန်မတို့ လက်ထပ်ခဲ့ကြတယ်။
ကျွန်မတို့နှစ်ယောက်စလုံးဟာ အိမ်ထောင်ပြုပြီး အချိန်ပြည့်အမှုဆောင်ချင်ကြတယ်၊ ပြီးတော့ ကျွန်မတို့ အသက်ကြီးလာလို့ရှိရင် အဖော်အဖက်လိုတယ်လို့ စဉ်းစားခဲ့ကြတယ်။ တဖြည်းဖြည်း ဟယ်ရယ်လ်ကို ကျွန်မကြင်နာလာတယ်၊ လူတွေနဲ့ဆက်ဆံတဲ့အခါ၊ အမှုဆောင်လုပ်ငန်းမှာ ပြဿနာတွေပေါ်လာတဲ့အခါ ကြင်ကြင်နာနာနဲ့ ကိုယ်ချင်းစာနာမှုရှိရှိ သူဖြေရှင်းတာကိုတွေ့ရလေ ဟယ်ရယ်လ်ကို ကျွန်မပိုပြီးချစ်လာလေပဲ၊ သူ့ကို ကျွန်မ ပိုပြီးရိုသေလေးစားတတ်လာတယ်။ ၂၇ နှစ်ကြာပေါင်းခဲ့ရတဲ့ ကျွန်မတို့ရဲ့အိမ်ထောင်ရေးဟာ အတော်သာယာတယ်၊ ယေဟောဝါဆီက ကောင်းချီးတွေလည်း အများကြီးခံစားရတယ်။
တရုတ်လူမျိုးတွေဟာ တော်တော်အလုပ်ကြိုးစားတဲ့သူတွေဖြစ်တယ်၊ သူတို့ကို ကျွန်မအရမ်းသဘောကျတာပဲ။ ဟောင်ကောင်မှာ အများသုံးဘာသာစကားက ကန်တုံဘာသာစကားဖြစ်တယ်၊ ဒီတရုတ်ဒေသန္တရဘာသာစကားဟာ မန်ဒရင်းဘာသာစကားထက် အသံအနိမ့်အမြင့် ပိုများတာကြောင့် သင်ယူတတ်မြောက်ဖို့ အတော်ကြိုးစားယူရတယ်။ ဟယ်ရယ်လ်နဲ့ကျွန်မတို့ဟာ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးမှာရှိတဲ့ ခရစ်ယာန်သာသနာပြုအိမ်မှာ ဘဝစခဲ့ကြတာ၊ အဲဒီနောက် ဟောင်ကောင်က ရပ်ကွက်အတော်များများမှာ ကျွန်မတို့ တာဝန်ထမ်းဆောင်ခဲ့ကြတယ်။ ကျွန်မတို့နှစ်ယောက် အရမ်းပျော်တာပဲ၊ ဒါပေမဲ့ ၁၉၇၆ ခုနှစ်မှာ ကျွန်မရဲ့ကျန်းမာရေး အရမ်းဆိုးသွားတယ်။
ကျန်းမာရေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်း
ကျွန်မ သွေးမတိတ်ရောဂါခံစားခဲ့တာ လအတော်ကြာသွားလို့ ကျွန်မရဲ့သွေးဥအရေအတွက်က သိသိသာသာကျသွားတယ်။ ခွဲစိတ်ကုသဖို့လိုတယ်၊ ဒါပေမဲ့ သွေးမပါဘဲခွဲစိတ်မယ်ဆိုရင် ကျွန်မသွေးလန့်ပြီး သေသွားနိုင်တဲ့အတွက် မကုပေးနိုင်ဘူးလို့ ဆေးရုံက ဆရာဝန်တွေက ပြောတယ်။ ကျွန်မကိစ္စကို ဆရာဝန်တွေ ဆွေးနွေးပြောဆိုနေတဲ့ နေ့တစ်နေ့မှာ သူနာပြုဆရာမတွေက ကျွန်မရဲ့အသက်ကို အရှုံးခံစရာမလိုပါဘူး၊ စိတ်ပြောင်းလဲလိုက်ပါလို့ လာပြောကြတယ်။ အဲဒီနေ့မှာ လူ ၁၂ ယောက်ကို ခွဲစိတ်ကုသရမှာ၊ ၁၀ ယောက်က ကိုယ်ဝန်ပျက်ကျခဲ့ကြတာ၊ ဒါပေမဲ့ အဲ့ဒီကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ကလေးဖျက်ချခဲ့တဲ့အတွက် ဘယ်သူကမှ အပြစ်မဆိုတာကို ကျွန်မသတိပြုမိတယ်။
နောက်ဆုံးမှာ ဟယ်ရယ်လ်က ကျွန်မသေသွားမယ်ဆိုရင် ဆေးရုံတာဝန်မဟုတ်ဘူးလို့ စာရေးလက်မှတ်ထိုးပေးတဲ့အခါကျမှ ဆရာဝန်တွေက လိုအပ်သလို ခွဲစိတ်ကုသပေးဖို့ သဘောတူကြတော့တယ်။ ကျွန်မကို ခွဲစိတ်ခန်းထဲခေါ်သွားပြီး မေ့ဆေးပေးဖို့ အသင့်ပြင်ဆင်နေတုန်း မေ့ဆေးဆရာဝန်က သဘောမတူလို့ ကျွန်မကို ဆေးရုံကဆင်းခွင့်ပေးလိုက်တယ်။
ဒါနဲ့ ပုဂ္ဂလိက မီးယပ်ရောဂါပါရဂူတစ်ယောက်နဲ့ ကျွန်မတို့သွားတိုင်ပင်တယ်။ ကျွန်မရဲ့စိုးရိမ်စရာအခြေအနေကို သူသိသွားတဲ့အခါ အခနည်းနည်းနဲ့ သူခွဲစိတ်ကုသပေးမယ်၊ ဒါပေမဲ့ သူဘယ်လောက်ယူတယ်ဆိုတာကို တခြားသူတွေကို မပြောရဘူးလို့မှာတယ်။ အဲဒီပါရဂူက သွေးလုံးဝမသွင်းဘဲ ခွဲစိတ်ကုသပေးနိုင်ခဲ့တယ်။ အဲ့လိုအရေးအကြောင်းပေါ်ခဲ့တဲ့အချိန်မှာ ယေဟောဝါဟာ ဟယ်ရယ်လ်နဲ့ကျွန်မတို့ကို တကယ်ဂရုစိုက်ပြီး ချစ်ခင်ကြင်နာမှုပြတာ သိပ်သိသာတာပဲ။
၁၉၉၂ ခုနှစ်မှာ ဟယ်ရယ်လ်ရဲ့ရောဂါဟာ နောက်ဆုံးအဆင့်ကိုရောက်လာခဲ့တယ်။ ဒါနဲ့ ဌာနခွဲရုံးကို ကျွန်မတို့ပြောင်းရွှေ့နေခဲ့ကြပြီး အဲဒီမှာ နှစ်ယောက်စလုံးကို မေတ္တာနဲ့ကြည့်ရှုစောင့်ရှောက်ကြတယ်။ ကျွန်မချစ်ရတဲ့ခင်ပွန်းဟာ အသက် ၈၁ နှစ်အရွယ် ၁၉၉၃ ခုနှစ်မှာ သူ့ရဲ့မြေကြီးအသက်တာ ကုန်ဆုံးသွားခဲ့ပါတယ်။
အင်္ဂလန်ကိုပြန်ရောက်
ဟောင်ကောင်ဗေသလမိသားစုဝင်ဖြစ်ရတာကို ကျွန်မပျော်တယ်၊ ဒါပေမဲ့ အပူဒဏ်နဲ့ စိုထိုင်းမှုဒဏ်ကို ကျွန်မ မခံနိုင်တော့ဘူး။ မကြာပါဘူး ကျွန်မရဲ့ကျန်းမာရေးကြောင့် ဆေးပစ္စည်းကိရိယာပိုစုံတဲ့ ဌာနခွဲတစ်ခုခုကို ပြောင်းရွှေ့ဖို့ ကျွန်မစဉ်းစားနိုင်သလားလို့ မေးမြန်းတဲ့စာတစ်စောင် ဘရွတ်ကလင်ဌာနချုပ်ကနေ ရောက်လာတော့ အံ့ဩသွားတယ်။ ဒါနဲ့ပဲ ၂၀၀၀ ပြည့်နှစ်မှာ အင်္ဂလန်နိုင်ငံကို ပြောင်းရွှေ့သွားပြီး လန်ဒန်ဗေသလမိသားစုနဲ့အတူ နေထိုင်နေပါတယ်။ တကယ့်ကို မေတ္တာပါတဲ့ အစီအစဉ်ဖြစ်တယ်! ကျွန်မကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။ ကျွန်မထမ်းဆောင်ရတဲ့ တာဝန်တွေကိုလည်း အရမ်းကြိုက်တယ်၊ အဲဒီတာဝန်တွေထဲမှာ စာအုပ်ပေါင်း ၂,၀၀၀ ရှိတဲ့ ဗေသလမိသားစုစာကြည့်တိုက်ကို ကြည့်ရှုထိန်းသိမ်းပေးရတာလည်းပါတယ်။
လန်ဒန်က တရုတ်အသင်းတော်နဲ့လည်း ပူးပေါင်းရတယ်၊ ဒါပေမဲ့ အခြေအနေမတူတော့ဘူး။ အခု ဟောင်ကောင်က ရောက်လာတဲ့လူ နည်းတယ်၊ တရုတ်ပြည်မကြီးက များတယ်။ သူတို့က မန်ဒရင်းဘာသာစကားကို ပြောကြတော့ ဟောပြောခြင်းလုပ်ငန်းမှာ စိန်ခေါ်ချက်အသစ်တစ်ခု ကြုံနေရတယ်။ တရုတ်ပြည်မက ဘွဲ့လွန်ကျောင်းသားတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ကျမ်းစာသင်အံမှုတွေ ကျင်းပနေကြတဲ့သတင်း နိုင်ငံတစ်ဝန်းလုံးကနေ ရောက်လာတယ်။ သူတို့ဟာ အလုပ်ကြိုးစားသူတွေဖြစ်ပြီး သူတို့သင်ယူနေကြတဲ့ ကျမ်းစာအမှန်တရားကိုလည်း မြတ်နိုးတယ်။ အဲလိုလူတွေကို ကူညီပေးရတာ ဝမ်းသာစရာကောင်းတယ်။
ကျွန်မရဲ့စံရိပ်ငြိမ်အသစ်မှာ ကျွန်မရဲ့ ပျော်ရွှင်စရာကောင်းတဲ့ဘဝကို မကြာခဏပြန်စဉ်းစားပြီး ယေဟောဝါရဲ့ချစ်ခင်ကြင်နာမှုကို အံ့သြနေရတုန်းပါ။ ကိုယ်တော်ရဲ့ချစ်ခင်ကြင်နာမှုကို ရည်ရွယ်တော်မူချက်နဲ့ဆိုင်တဲ့ အရာအားလုံးမှာတွေ့နေရတယ်၊ ကိုယ်တော်ဟာ သူ့ရဲ့ကျေးကျွန်တွေ တစ်ယောက်ချင်းစီကို ဂရုစိုက်နေမှန်း မျက်ဝါးထင်ထင်ပဲ။ ကျွန်မကို မေတ္တာပါပါနဲ့ ဂရုစိုက်နေတဲ့အတွက် ကိုယ်တော်ကို ကျေးဇူးတင်စရာ အများကြီးရှိတယ်။—၁ ပေတရု ၅:၆၊ ၇။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 19 အဆိုပါခရစ်ယာန်သာသနာပြုနှစ်ဦး၏ဘဝအတ္ထုပ္ပတ္တိကို ကင်းမျှော်စင်၊ ဇူလိုင် ၁၅၊ ၁၉၆၃ ခုနှစ်၊ စာမျက်နှာ ၄၃၇-၄၂ [လိပ်] နှင့် ဒီဇင်ဘာ ၁၅၊ ၁၉၆၅ ခုနှစ်၊ စာမျက်နှာ ၇၅၆-၆၇ [လိပ်] တွင် ဖော်ပြထားပါသည်။
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
အိန္ဒိယတွင် အမှုဆောင်စဉ်
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
၁၉၆၃ ခုနှစ်က ဟယ်ရယ်လ်ကင်းနှင့် ၁၉၅၀ ပြည့်လွန်နှစ်များက တရုတ်ပြည်တွင် အမှုဆောင်စဉ်
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
၁၉၆၅၊ အောက်တိုဘာ ၅ ရက်၊ ဟောင်ကောင်၌ ကျွန်မတို့လက်ထပ်သည့်နေ့
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ဟောင်ကောင်ဗေသလအိမ်သားများဖြစ်သော လင်းဇနီးမောင်နှံ (အလယ်) နှင့် ဂန်းနဝေးဇနီးမောင်နှံ (ယာ) တို့နှင့်အတူ