ရိုးသားသောသိစိတ်
ရိုးသားသောသိစိတ်
ကင်ညာနိုင်ငံရှိ တက္ကသိုလ်တစ်ခုတွင် အလုပ်လုပ်သော ချားလ်စ်သည် အလုပ်မှ အိမ်သို့ပြန်လာစဉ် သူ့ဆဲလ်လူလာဖုန်း ကျပျောက်သွားခဲ့၏။ ကင်ညာနိုင်ငံတွင် အဆိုပါပစ္စည်းမျိုးသည် တန်ဖိုးကြီးမားသော ဇိမ်ခံပစ္စည်းတစ်ခုဖြစ်နေဆဲပင်။
“ဘယ်သူမှ ပြန်ပေးမှာမဟုတ်ဘူးလို့ ကျွန်တော်တွက်ထားတာ” ဟု ချားလ်စ်ကဆို၏။ သို့ရာတွင်၊ ရက်အနည်းငယ်ကြာသော် ကင်ညာနိုင်ငံရှိ ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးက သူ့ကိုဖုန်းဆက်သည့်အတွက် အံ့သြသွားခဲ့ရသည်။ သူ၏ဆဲလ်ဖုန်းကို လာယူဖို့ ပြောသည့်စကားကို သူမယုံနိုင်လောက်အောင် ဖြစ်သွားသည်။ ဖြစ်ပုံက ချားလ်စ်နှင့် ကားတစ်စီးတည်းစီးခဲ့သည့် ယေဟောဝါသက်သေများ၏ အချိန်ပြည့်ဓမ္မအမှုဆောင်တစ်ဦးသည် သူ၏ဖုန်းကို ကောက်ရခဲ့သည်။ ပိုင်ရှင်ကို ရှာတွေ့ဖို့ ကြိုးစား၍မရသဖြင့် အဆိုပါဓမ္မအမှုဆောင်သည် ၎င်းဖုန်းကို ဌာနခွဲရုံးသို့ ပို့ထားရာ ထိုတွင်ရှိ စေတနာ့ဝန်ထမ်းများက ဖုန်းပေါ်မှ နံပါတ်ကို ခြေရာခံ၍ နောက်ဆုံး ချားလ်စ်နေထိုင်သည့်နေရာကို စုံစမ်းသိရှိသွားခဲ့ခြင်းဖြစ်သည်။
ဌာနခွဲရုံးသို့ ချားလ်စ်ရေးလိုက်သည့်စာတွင် သူက “အခက်အခဲကြား ကျွန်တော်နဲ့ဆက်သွယ်ဖို့ ကြိုးစားခဲ့တာတွေကို အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဆဲလ်ဖုန်းကို တွေ့လို့ ကျွန်တော့်လိပ်စာကိုရှာတွေ့အောင်ကြိုးစားပြီး ပြန်ပေးတဲ့ ခင်ဗျားတို့အဖွဲ့အစည်းက အဖွဲ့ဝင်ကို ကျွန်တော် တကယ်ပဲကျေးဇူးတင်ပါတယ်။ ကနေ့ ရိုးသားတဲ့လူ မရှိသလောက်ပဲ၊ ဒါပေမဲ့ ယေဟောဝါဘုရားသခင်ရဲ့ စစ်မှန်တဲ့သက်သေတွေဖြစ်မှန်း ထင်ရှားတဲ့သူ အနည်းငယ်ရှိနေသေးတာက အားရှိစရာပါပဲ” ဟု ဆိုထားသည်။
နေရာတကာရှိ ယေဟောဝါသက်သေများ၏ရိုးသားမှုကို လူသိများ၏။ “အရာရာကို ရိုးဖြောင့်စွာ ငါတို့ကျင့်ကြံပြုမူလိုသည့်အတွက် ရိုးဖြောင့်သောသိစိတ်ရှိသည်ဟု ငါတို့စိတ်ချပါ၏” ဟုပြောဆိုခဲ့သူ တမန်တော်ပေါလုကို သူတို့အတုယူကြသည်။ (ဟေဗြဲ ၁၃:၁၈၊ ကဘ; ၁ ကောရိန္သု ၁၁:၁) ဤသို့သောအမူအကျင့်က ယေရှုမိန့်ဆိုခဲ့သည့်အတိုင်း ယေဟောဝါဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေ၏၊ ကိုယ်တော်က “သူတစ်ပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ သူတစ်ပါးရှေ့၌ သင်တို့၏အလင်းကို လင်းစေကြလော့” ဟု မိန့်တော်မူခဲ့သည်။—မဿဲ ၅:၁၆။